01/02/2026
နွေဦးတော်လှန်ရေး ၅-နှစ်ပြည့် "အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်" ချီတက်ဆန္ဒပြပွဲကို ၂၀၂၆ ဖေဖော်ဝါရီလ ၁ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁၂း၀၀ မှ ၃း၀၀ နာရီအထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဘိုရှင်းဂတ်ရင်ပြင် (보신각공원)တွင် ပြုလုပ်သည်။
ယနေ့ဆန္ဒပြပွဲကို ကိုရီးယားရှိ NUGကိုယ်စားလှယ်ရုံးအပါအဝင် တော်လှန်ရေးအဖွဲ့ပေါင်း ၄၀ ပါဝင်သည့် စစ်အုပ်စုရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက တာဝန်ခံ ကျင်းပခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို လက်နက်ဖြင့် သိမ်းယူသည့် ငါးနှစ်ပြည့်မြောက်သည့် နေ့တွင် နွေဦးတော်လှန်ရေး ၅-နှစ်ပြည့် အဖြစ်၊ အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ဆန့်ကျင်ရေး လူထု ဆန္ဒပြချီတက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း နှင့် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ တာဝန်ခံများ၊ ဧည့်သည်တော် မော်ဒယ် မေမြတ်နိုး၊ ကိုရီးယားအဖွဲ့အစည်းများမှ တာဝန်ခံများ၊ တော်လှန်ပြည်သူများ၊ အင်အား ၃၀၀ ခန့်ပါဝင်၍ တခဲနက်ဆန္ဒပြကြသည်။
အဖွဲ့အစည်း အသီးသီးမှ တာဝန်ခံများက တော်လှန်ရေးကို အင်တိုက်အားတိုက် ဆက်လက်ပါဝင်ကြရန် တိုက်တွန်းပြောကြားကြပြီး၊ ကိုရီးယားအဖွဲ့အစည်းများကလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက် အားပေးထောက်ကူနေမည်ဖြစ်ကြောင်း ပြောကြားကြသည်။
ယနေ့ ဆန္ဒပြပွဲတွင် ကိုရီးယားနိုင်ငံနေ မြန်မာတော်လှန်ပြည်သူများ၏ “စစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲအား ငြင်းပယ်ခြင်း၊ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများအား ရှုတ်ချခြင်း နှင့် အသွင်ပြောင်းရန် ပြင်ဆင်နေသည့် စစ်အာဏာရှင်စနစ်သစ်ကို ဆန့်ကျင်ခြင်း” ကြေညာချက်ကို ထုတ်ပြန်သည်။
ကြေညာချက်တွင် ကျင်းပပြီးခဲ့သည် အတုအယောင်ရွေးကောက်ပွဲကို ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများက လုံးဝလက်မခံ ဆန့်ကျင်ကြောင်း၊ ငါးနှစ်လုံးလုံး ပြည်သူအပေါ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်ထားသည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အာဏာသိမ်းစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို ဖောက်ဖျက်ကျူးလွန်ထားသည့် နိုင်ငံတကာတရားရုံး (ICJ) နိုင်ငံတကာပြစ်မှုတရားရုံး (ICC) တို့တွင် တရားစွဲဆိုခံထားရသည့် ရာဇဝတ်သားတယောက်၏ မည်သည့် နိုင်ငံရေးဆောင် ရွက်ချက်ကိုမဆို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ တိုင်းတပါးကို အားကိုးအောက်ကျို့လျက် တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားကာ နိုင်ငံတော်ပုန်ကန်မှု နိုင်ငံတော်သစ္စာဖောက်မှုများကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံသည် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲရွေ့လျားသွားမည် မဟုတ်ဘဲ စစ်အာဏာ ရှင်စနစ်ထဲသို့သာ နက်ရှိုင်းစွာ ထိုးဝင်ကျရောက်သွားမည်ဖြစ်၍ အရပ်သားအစိုးရအဖြစ် လိမ်လည်ဟန်ပြထားသော “စစ်အာဏာရှင်စနစ်သစ်”ကို လုံးဝလက်မခံ ဆန့်ကျင်ကြောင်း၊ တိုင်းရင်းသားအားလုံး ညီမျှသော အခွင့်အလမ်းများဖြင့် တည်ဆောက်မည့် “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ”သည် မြန်မာပြည်သူတို့၏ ခိုင်မာသော နိုင်ငံရေးရည်မှန်း ချက်ဖြစ်၍ ထိုရည်မှန်းချက် ပြည့်ဝစွာ တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် မမှိတ်မသုန် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတကာ အသိုက်အဝန်းသို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်များကို လူသိရှင်ကြား ငြင်းပယ်ရန်၊ စစ်အုပ်စုအား မည်သည့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုမျိုးကိုမဆို ငြင်းပယ်ရန်၊ စစ်ကောင်စီ၏ စစ်စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် ဒီမိုကရေစီ အင်အားစုအဖြစ် အသိအမှတ်ပြုရန်၊ ICC, ICJ နှင့် IIMM အပါအဝင် ကုလသမဂ္ဂ၏ တာဝန်ခံမှု ယန္တရားများကို ပံ့ပိုးရန်၊ IDP များနှင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ တိုးချဲ့ရန် တောင်းဆိုထားသည်။
အထူးသဖြင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရ အနေဖြင့် စစ်ကောင်စီအပေါ် တင်းမာသော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် လက်နက်အရောင်းအဝယ်၊ စောင့်ကြည့်ရေး နည်းပညာနှင့် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကွန်ရက်များကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု များကို တိုးချဲ့ရန်၊ အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည့် ကိုယ်ပိုင်သမိုင်းကြောင်းရှိသော ဒီမိုကရေစီနိုင်ငံတခုအနေဖြင့် ကိုရီးယားနိုင်ငံအနေဖြင့် NUG နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီ မဟုတ်သော လမ်းကြောင်းများမှတဆင့် ထိခိုက်ခံစားရသူများထံ ရောက်ရှိစေရန်လည်း တိုက်တွန်းထားသည်။
ယနေ့ ဆန္ဒပြပွဲသို့ ကိုရီးယား KBS သတင်းဌာနက ရုပ်သံမှတ်တမ်း လာရောက်ရိုက်ကူးပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှတ်တမ်းအဖြစ် ထုတ်လွှင့်မည် ဖြစ်သည်။
ယနေ့တွင် ကိုရီးယားနိုင်ငံ ဂင်မဲမြို့နှင့် ဘူဆန်မြို့များတွင်လည်း စစ်အာဏာစနစ် ဆန့်ကျင်ဆန္ဒပြပွဲများ အသီးသီး ကျင်းပကြသည်။
#စစ်အုပ်စုရွေးကောက်ပွဲ_ဆန့်ကျင်ရေး_ပူးပေါင်းလှုပ်ရှားမှု_ကော်မတီ