09/04/2021
တကယ်တော့ ခင်ဗျားတို့တွေက
စာသင်ခန်းတွေမှာကတည်းက စတင်မှားယွင်းခဲ့ကြတာ
"ခွဲခြားခြင်း"ကို မလုပ်သင့်တဲ့အရာလို့မမြင်ခဲ့ကြတာ...
အရမ်းဝနေတဲ့ကလေးတွေဆို "ဝက်မ"လို့နောက်ကြမယ်
အရမ်းပိန်နေရင် "ငါးဖောင်ရိုး"
အရပ်ပုနေရင် "ဂျပု"
နည်းနည်းနွဲ့နေရင် "အခြောက်" "ဂျီပုန်း"လို့ စကြမယ်
တတန်းလုံးပျော်ဖို့အတွက်
တစုံတယောက်ကအီလည်လည်နဲ့
အစအနောက်ခံပေးရတဲ့စနစ်မှာ
ခင်ဗျားတို့ကြီးပြင်းလာခဲ့တာ
မျက်လုံးတစ်ဖက်မရှိတဲ့သူကို "တဖက်လပ်"
ခြေထောက်မသန်သူကို "ထော့ကျိုး"
မျက်မှန်တပ်ထားနေရသူကို "အကန်း" "လေးလုံး" စသဖြင့်
အမျိုးမျိုးခွဲခြားခေါ်ဝေါ်လှောင်ပြောင်ရင်း
မသိလိုက်မသိဖာသာ ဖြတ်သန်းခဲ့ကြတာပေါ့...
ကျောင်းမတက်ခင် ဘုရားရှိခိုးခဲ့ရတယ်
၃၈ဖြာမဂ်လာကဗျာတွေအလွတ်ရခဲ့ကြတယ်
ဆရာဆိုတာ ဘုရားနဲ့တဂိုဏ်းထဲလို့သင်ယူခဲ့ရတယ်
ဒါပေမယ့် ကိုယ်ချင်းစာတရားကို
ထိရောက်အောင်မသင်ယူခဲ့ကြဘူး
"ခွဲခြားခြင်း"ဆိုတာ
စာမေးပွဲကျတာထက်ပိုကြောက်စရာကောင်းတယ်ဆိုတာ
မြင်လာအောင်မသင်ကြားပေးနိုင်ခဲ့ကြဘူး
အဆင့်၁ရဖို့သာအသည်းအသန်သင်ယူနေခဲ့ကြတဲ့စနစ်မှာ
"လူအားလုံးအတူတူပဲ"ဆိုတာကို မသင်ယူခဲ့ကြဘူး
သမိုင်းအလီမ်တွေကို အလွတ်ကျက်ရင်း
တိုင်းရင်းသားတွေတကယ်ရင်ဆိုင်ခဲ့ရတဲ့ သမိုင်းအစစ်တွေဟာ
အမှတ်ပေးစည်းမျဉ်းအောက်မှာ ပျောက်ကွယ်ကုန်တယ်
မြန်မာစကားတောင် သေချာနားမလည်တဲ့တိုင်းရင်းသားတွေဟာ
ဘာသာစုံ အဂ်လိပ်လိုသင်ရတဲ့စာတွေကို မြန်မာစာနဲ့ရှင်းပြတာကို
နားလည်လည်မလည်လည်ထိုင်ကျက်ခဲ့ရတယ်
ဒါ့ကြောင့်မြန်မာလိုသိပ်မပြောတတ်တဲ့တိုင်းရင်းသားတွေဟာ
အတန်းထဲမှာ ရယ်စရာဖြစ်လာတယ်
ကလေးတွေရဲ့ စာရိတ္တတွေကို သင်ကြားပေးချင်ပေမယ့်လည်း
ဆရာတစ်ယောက်ဟာကျောင်းသား၇၀လောက်ကို
ဘယ်လမှာဘယ်နှစ်ခန်းပြီးအောင်သင်ရမယ်ဆိုတဲ့
ဗဟိုဦးစီးစနစ်ရဲ့ချုပ်ကိုင်မှုအောက်မှာ လက်လျှော့လိုက်ရတယ်
မှားယွင်းတဲ့စနစ်အောက်မှာ ၁၁နှစ်တာဖြတ်သန်းရင်း
နောက်ဆုံး ၁၀တန်းမှာ အမှတ်ကောင်းအောင်ကြိုးစားရင်း
ဘာအသိမှမပါဘဲ တက္ကသိုလ်တွေရောက်လာကြတော့တာပဲ...
တကယ်တော့ အစအဆုံး အကုန်မှားယွင်းခဲ့ကြတာ....
ကမ္ဘာ့အနိမ့်ကျဆုံးပညာရေးစနစ်မှာ ဘွဲ့ရပညာမတတ်တွေဟာ
အားကစားလည်းမထူးချွန်ခဲ့ကြသလို
အနုပညာလည်း ဘောင်မဝင်ကြတော့ဘူး
အတွေးတွေးဖို့ခွင့်မပြုတဲ့ပညာရေးမှာ ကိုယ်ချင်းစာတရားတွေနည်းပါးလာကြသလို
စဉ်းစားနိုင်စွမ်းတွေ သိပ်မရှိကြတော့ဘူး
"အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက "တဲ့
"ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး
တည်ဆောက်အံ့" တဲ့
တချိန်ကကျောင်းတွေမှာတွေ့ခဲ့ရတဲ့စာသားလေးတွေ
အခုအချိန်ပြန်တွေးရင် ပြုံးမိတယ်
ကိုယ်ချင်းစာတတ်ဖို့ ငါတို့လိုအပ်ခဲ့ပါလား
လူအားလုံးအတူတူပဲလို့တွေးဖို့ မေ့လျော့ခဲ့ပါလား
တခြားတပါးသူရဲ့ယဉ်ကျေးမှုကို လက်ခံအားနည်းခဲ့ပါလား
စနစ်တကျပိပိရိရိလိမ်ညာခဲ့တဲ့မြန်မာ့သမိုင်းဆိုတာကြီးကို
အမှတ်ပြည့်ရဖို့အလွတ်ကျက်ရင်း mindsetတွေလွဲခဲ့ကြပါလားလို့
ဆင့်ကာဆင့်ကာတွေးရင်း သက်ပြင်းတွေချမိတယ်
တို့တွေရဲ့သားသမီးတူသားမောင်မယ်တွေရဲ့ခေတ်မှာ
ဒါမျိုးတွေပျောက်ကွယ်ပါစေလို့ဆုတောင်းရင်း ကြိုးစားကြဦးစို့......
Credit: Min Yel Kyaw Swar