11/07/2025
ထားဝယ်လူငယ်များ၏တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီ
Dawei Youths’ Revolutionary Movement Strike Committee (DYRMSC)
သပိတ်ကော်မတီဖျက်သိမ်းကြောင်းကြေညာခြင်း
ကြေညာချက်အမှတ် (၀၁/၂၀၂၅)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်
----------------------
🔹ထားဝယ်လူငယ်များ၏တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီ (Dawei Youth Revolutionary Movement Strike Committee) သည် ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့တွင် လူငယ်ရဲဘော် (၁၃)ဦးတို့ဖြင့် စတင်ဖွဲ့စည်း ထူထောင်ခဲ့ပါသည်။ ထို့နောက် တပ်ပေါင်းစုသပိတ်ကော်မတီ-ထားဝယ် နှင့် ညီနောင်မဟာမိတ် ဆက်ဆံရေး ထူထောင်ခဲ့ပြီး ပင်မသပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာ+ပညာပူးပေါင်းသပိတ်စစ်ကြောင်း၊ ကျောင်းသား လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်စစ်ကြောင်း တို့နှင့်ပူးပေါင်း၍ လူထုလှုပ်ရှားမှုများကို အတူတကွ လက်တွဲ လုပ်ဆောင် ခဲ့ပါသည်။ ထို့အပြင် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (General Strike Coordination Body) ၏ လူထုတိုက်ပွဲကော်မတီဝင် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
🔹၂၀၂၂ နောက်ပိုင်းတွင် ကျွန်ုပ်တို့၏ သပိတ်ကော်မတီဝင် ရဲဘော်ရဲဘက်အချို့သည် အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီး နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် အချို့သော ကော်မတီဝင် ရဲဘော်များသည် ကော်မတီနှင့် ကင်းကွာ လာခဲ့ခြင်း တို့ကြောင့် ကော်မတီ၏လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်အစောပိုင်း အထိသာ လှုပ်ရှား ဆောင်ရွက် နိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ သပိတ်ကော်မတီသည် လက်ရှိအချိန်တွင် သပိတ်လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်သည်မှာ ၂ နှစ် ကျော် ကြာခဲ့ပြီဖြစ်သည်။
🔹ဤသို့ ကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့သည့် အခြေအနေဖြစ်လာပြီ ဖြစ်သည့်အတွက် သပိတ်ကိုယ်စားပြုမှုကိစ္စရပ်များကို ဆက်လက် ကိုင်စွဲထား ရန်မှာ လည်း မဖြစ်သင့်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ထို့ကြောင့် ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ကော်မတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း (၇/၁၂) အရ အပြီးအတိုင် ဖျက်သိမ်းလိုက်သည်။
ထားဝယ်လူငယ်များ၏တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီ
(DYRMSC)