06/07/2026
ဝေဖန်ပိုင်းခြားစဥ်းစားသော စာသင်ခန်းများအတွက် သင်ကြားသည့်နည်းစနစ် (RWCT) အခြေခံသင်တန်း ကျင်းပ
—————————————————————
ယနေ့ခေတ်ပညာရေးတွင် ဆရာဗဟိုပြု သင်ကြားမှုမှ ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှုနှင့် သင်ယူသူကိုယ်တိုင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုရှိပြီး ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း (Critical Thinking) ကိုအားပေးသည့် သင်ကြားသင်ယူမှုစနစ်သို့ ကူးပြောင်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။
အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် Reading and Writing for Critical Thinking (RWCT) အခြေခံသင်တန်းကို ၂၀၂၆ ခုနှစ် မေလ (၄) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
သင်တန်းကို Online နှင့် On-ground ပေါင်းစပ်လေ့ကျင့်သင်ကြားမှုပုံစံ (Hybrid Training Model) ဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ထားဝယ်၊ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့မှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမဦးရေ (၁၂၄) ဦးပါဝင်တက်ရောက်ခဲ့ကြသည်။
ဤသင်တန်း၏ ရည်ရွယ်ချက်မှာ ရပ်ရွာအခြေပြု ကိုယ်ထူကိုယ်ထကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအား ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်းများ၊ အရေး၊ အဖတ်နှင့် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းတို့ကိုအခြေခံသည့် သင်ကြားရေးနည်းစနစ်များကို လက်တွေ့အသုံးချနိုင်ရေး အားဖြည့်ပေးရန်ဖြစ်ပါသည်။
ထို့အပြင် သင်ယူသူများ၏ တက်ကြွစွာပါဝင်နိုင်မှု၊ လွတ်လပ်စွာ တွေးခေါ်နိုင်မှုနှင့် ဆင်ခြင်သုံးသပ်နိုင်မှုတို့ကို မြှင့်တင်ပေးနိုင်သော အပြောင်းအလဲကိုဦးတည်သည့် ပညာရေးစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးကိုလည်း ရည်မှန်းထားပါသည်။
ယခုသင်တန်းကို ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) နှင့် Thinking Classroom Foundation တို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ပညာရေးကဏ္ဍတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိသော အရပ်ဖက်အဖွဲ့အစည်း (၂) ဖွဲ့မှလည်း ဘဏ္ဍာရေးနှင့် အခြားလိုအပ်သောအရင်းအမြစ်များကို ပံ့ပိုးကူညီပေးခဲ့ကြပါသည်။
ယခုသင်တန်းသည် ပထမအကြိမ် RWCT Foundation Training ဖြစ်ပြီး ထားဝယ်ဒေသ၏ ပညာရေးလိုအပ်ချက်များကိုအခြေခံကာ အရည်အသွေးမြင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် အလားတူသင်တန်းများနှင့် မျှဝေသင်ယူမှုအစီအစဉ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
ယင်းမှတစ်ဆင့် သင်ယူသူများ၏ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် မိမိဒေသအတွက် တာဝန်ယူတတ်သော လူငယ်မျိုးဆက်တစ်ရပ် ပေါ်ထွန်းလာစေရေးကိုလည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် မျှော်မှန်းထားပါသည်။
"ထားဝယ်တစ်မျိုးသားလုံး၏ အနာဂတ်ဉာဏအလင်းတိုင်ကို ကိုယ်တိုင်ထွန်းညှိကြ"
ထားဝယ်အမျိုးသားအဖွဲ့ချုပ်