06/09/2024
❝ ပန်းရောင်းသူများ ❞
ဆိုရိုးစကား တစ်ခုရှိတယ်
လက်သမားတစ်ယောက်ရဲ့
အိမ်တံခါးတွေဟာ
အပျက်တွေချည်းပဲတဲ့။
ပန်းရန်ဆရာတစ်ယောက်ရဲ့
၀န်ခံချက်ကတော့
ဟိုတယ်မှာ တစ်ခါမှ
မတည်းခိုဖူးတဲ့ အကြောင်း။
မိမိမှာ
စေ့စပ်လက်စွပ် မရှိပါ လို့
ပန်းထိမ်ဆရာတစ်ယောက်က
ထွက်ဆိုဖူးတယ်။
လယ်သမားကြီးတစ်ယောက်
ဒေါ်လာဆိုတာ
ဘယ်လိုဟာမျိုးလဲလို့
မေးနေရှာလေရဲ့။
ကိုယ့်ပုံတူကို
ကိုယ်ပြန်ဆွဲဖို့
တစ်သက်လုံး မေ့လျော့နေခဲ့တာ
ပန်းချီဆရာတစ်ယောက်ပေါ့။
ဘာပဲဖြစ်ဖြစ်
ဖဲ့ထုတ်ခံရတဲ့
သစ်သားစတွေ မပါဘဲနဲ့တော့
ပန်းပုရုပ် တစ်ရုပ်
ဖြစ်မလာနိုင်ဘူးလေ။ ။
▪️မင်းလူ