27/01/2024
#ဌာနတစ်ခုက ရင်းနှီးသည့်အစ်မတစ်ဦးမှမေးမြန်းလာသည့် "အငြိမ်းစားမယူမီ ကြိုတင်ခံစားခွင့် ၄ လခံစားနေစဥ် နှစ်တိုးကာလစေ့ရောက်ပါက နှစ်တိုးခံစားခွင့်ရှိ မရှိ
နှင့်စပ်လျဥ်းသည့်မေးခွန်းအပေါ်ဖြေကြားချက် #
#မေးခွန်း #
အငြိမ်းစားမယူမီ ကြိုတင်ခံစားခွင့် ၄ လခံစားနေစဥ် နှစ်တိုးကာလစေ့ရောက်ပါက နှစ်တိုးခံစားခွင့်ရှိ မရှိ။
#ဖြေကြားချက် #
၁။ ဝန်ထမ်းတစ်ဦးသည် စတင်ခန့်ထားခြင်းခံရသည့်နေ့မှစ၍ ပင်စင်ခံစားခြင်းမပြုမီနေ့ရက်ထိ ဝန်ထမ်းဆိုင်ရာ လစာ၊ စရိတ်၊ ချီးမြှင့်ငွေနှင့် ခံစားခွင့်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဌာန်းချက်နှင့်အညီ ခံစားပိုင်ခွင့်ရှိပါသည်။
၂။ ဝန်ထမ်း၏ နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရေတွက်ရမည့်ကာလများကို နည်းဥပဒေ ၅၅(က)မှ (ည)အထိပြဌာန်းထားပါသည်။ နည်းဥပဒေ ၅၅(င)တွင် "ခွင့်လစာရရှိသည့်ခွင့်ကာလများ"ကို နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရမည်ဟူ၍ပြဌာန်းထားပါသည်။
၃။ ပင်စင်မခံစားမီ ကြိုတင်ပြင်ဆင်ခွင့် ၄ လကာလသည် လုပ်သက်ခွင့်အား ပျှမ်းမျှလစာဖြင့် ခံစားနေသည့် တရားဝင်ခွင့်ကာလဖြစ်ပြီး ယင်းကာလပြီးဆုံးမှသာ ဝန်ထမ်း၏ ပင်စင်ကာလသို့ရောက်ရှိမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
၄။ သို့ဖြစ်ရာ ပင်စင်မခံစားမီ ကြိုတင်ခံစားခွင့် ၄ လကာလအတွင်း နှစ်တိုးစေ့ရောက်ပါက အဆိုပါဝန်ထမ်းအား နှစ်တိုးခံစားခွင့်ပြုရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။