Lucky Charm Free Library Mandalay

Lucky Charm Free Library Mandalay စာအုပ်ကောင်းတွေ အခမဲ့ဖတ်နိုင်ဖို့ ?

"တရားစပြီး အားထုတ်တော့မယ့် လူငယ်တွေအတွက် " - အခုမှ တရား စအားထုတ်မယ့် လူငယ်တွေအတွက် သိစေချင်တာ နဲ့ သိသင့်တာ တချို့ကို ပေါ...
24/01/2020

"တရားစပြီး အားထုတ်တော့မယ့် လူငယ်တွေအတွက် "
- အခုမှ တရား စအားထုတ်မယ့် လူငယ်တွေအတွက် သိစေချင်တာ နဲ့ သိသင့်တာ တချို့ကို ပေါ့ပေါ့ပါးပါး ပြောပြပါမယ်။ ယူတတ်ရင်တော့ အသိဉာဏ် ရနိုင်ပါလိမ့်မယ်။

ခန္ဓာ ရဲ့ အဓိပ္ပာယ်က အစု ဖြစ်ပါတယ်။
ရုပ် = ရူပံ = ဖောက်ပြန်မှု
ရူပက္ခန္ဓာ ဆိုတာ ဖောက်ပြန်မှုအစု ကို ခေါ်တာဖြစ်တယ်။ သေချာမှတ်ထားရမယ့် သိပ်အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ် ။

- တရားအလုပ်ဆိုတာ ခန္ဓာရဲ့ သဘောအမှန်ကို သတိနဲ့ ရှုနေရတာပါ။ သူ့သဘောက ဘာလဲ။ ဖောက်ပြန် ဖြစ်ပျက်နေတာ နေတာလို့ အရင်မှတ်ထားကြပါ။ တရားရှုရမဲ့ ခန္ဓာငါးမျိုး ရှိပါတယ်။
ပထမဦးဆုံး ရူပက္ခန္ဓာ( ဖောက်ပြန်မှုအစု) အကြောင်း သိထားရမယ်။

- ရုပ်ဆိုတာဟာ လောကီအနေနဲ့ လူကြီးတွေ ပြောပြလို့ သိခဲ့ရတဲ့၊ စာသင်ရင်း သိခဲ့ရတဲ့ လူ့ခန္ဓာကိုယ်ကြီးကို ပြောနေတာ မဟုတ်ပါဘူး။ မိုးကုတ်ဆရာတော်ကြီး ဟောကြားထားတာ ရှိပါတယ်။ အလွန် ရှင်းလင်းလှတာမို့ သေသေချာချာ မှတ်ထားသင့်ပါတယ်။

"တရားရှုရမဲ့ ခန္ဓာဆိုတာ ခွေးဟောင်တဲ့ ခန္ဓာကိုယ်ကို ပြောတာ မဟုတ်ဘူး။ မျက်စိနဲ့ မြင်ရတဲ့၊ ကိုင်လို့ရတဲ့ ချိန်တွယ်လို့ရတဲ့ ခန္ဓာကိုယ်ကို ပြောနေတာမဟုတ်ဘူး "
ဒါလောက်ဆိုရင် ရိပ်မိလောက်မယ် ထင်ပါတယ်။

- ယောဂီအများစုက တရားစပြီး အားထုတ်တာနဲ့ ကိုယ်သိထားတာကို တရားလုပ်လိုက်ကြတယ်။ ခန္ဓာကို ရှုရမယ်ဆိုတာနဲ့ ခန္ဓာကို ငါသိတယ်ဆိုပြီး မြင်နေရတဲ့၊ ကိုင်တွယ်လို့ရတဲ့ ကိုယ်ကောင်ကြီးကို ရှုနေတော့တာပေါ့။ ရုပ်ရှုရမယ် ဆိုပြန်တော့လည်း ဒီအတိုင်းပါပဲ။ မှန်ကြည့်ပြီးတော့ ငါ့ရုပ်ငါရှုနေတာလို့ ပြောတဲ့လူလည်း ရှိခဲ့ဖူးတယ်။ ကိုယ်အတွေးနဲ့ကိုယ် မှန်တယ်လို့ ထင်နေကြတယ် ၊ ယုံနေကြတယ်။

- တရားအားထုတ်ရာမှာ မှန်မှန်ကန်ကန် သိရမယ့် ရုပ်ရဲ့ အဓိပ္ပါယ်က ဖောက်ပြန်ပြောင်းလဲတာကို ခေါ်တာပါ။ သေသေချာချာ မှတ်သားထားပါ။ မသေမချင်း မှတ်ထားပါ။ ဖောက်ပြန်တယ် ဆိုတာကရော ဘာကို ပြောချင်တာလဲ။ ဒါလည်း သိနေကြတာပဲ။

- ပထဝီ ၊ တေဇာ ၊ အာပေါ ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးကို ခေါ်တာပါ။ ပထဝီဆိုတာ မြေဓာတ်၊ တေဇောဆိုတာ မီးဓာတ်၊ ဝါယောဆိုတာ လေဓာတ်၊ အာပေါဆိုတာ ရေဓာတ်ဆိုပြီးဖြေကြပါတယ်။ အဲဒီမှာလည်း ခန္ဓာနဲ့ ရုပ်တုန်းကလို အမှားသိတွေ ဖြစ်ကုန်ကြတော့တာပါပဲ။

- ပထဝီဆိုတာ မာတဲ့သဘော ပျော့တဲ့သဘောလေးကိုပဲ ခေါ်တာပါ။
တေဇာဆိုတာလည်း ပူတဲ့သဘော အေးတဲ့သဘောလေး။
အာပေါဆိုတာ ဖွဲ့စည်းတဲ့သဘော ယိုစီးတဲ့သဘောလေး။
ဝါယောဆိုတာ လှုပ်ရှားတဲ့သဘော ငြိမ်သက်တဲ့သဘောလေး ။
ရူပက္ခန္ဓာ ဆိုတဲ့ ရုပ်ကိုရှုတယ် ဆိုရာမှာ ဒီဓာတ်ကြီးလေးမျိုး ဖောက်ပြန်ပြောင်းလဲ ဖြစ်ပျက်နေတာကို သတိထားပြီး ဉာဏ်နဲ့ သိနေရပါမယ်။ မြင်နိုင်တဲ့ ကိုယ်ပေါ်မှာ မှီပြီးဖြစ်ရတဲ့ တလစပ် ဖြစ်ပေါ်ပျောက်ပျက်နေတဲ့ ၊ ဉာဏ်နဲ့ သိနိုင်တဲ့ ဓာတ်ကြီးလေးပါး ကိုရှုရပါမယ်။ ဒါကိုဘယ်လို သိနိုင်မလဲ။ ဝင်လေထက်လေ ရှုတာလေး နဲ့ ပြောပြမယ်။

- လေအဝင်အထွက်မှာ လေတိုးပြီး ထိသွားတဲ့ နေရာလေးမှာ သတိနဲ့ စူးစိုက်ထားကြည့်ပါ။
အေးတဲ့သဘော ပူနွေးတဲ့သဘော သိနိုင်ပါတယ်။ ဝင်လေနဲ့ ထွက်လေနှိုင်းယှဥ်ရင် ဝင်လေက ပိုအေးပါတယ်။ ကိုယ်ခန္ဓာ အထဲရောက်ပြီးပြန်ထွက်လာတဲ့ လေက ပိုပူနေပါတယ်။
အခုပဲ ဝင်လေထွက်လေ ရှုကြည့်လိုက်ပါ။ လှုပ်ရှားတဲ့ သဘော နဲ့ ငြိမ်နေတဲ့ သဘောလဲ တွေ့နိုင်ပါလိမ့်မယ်။ တရားထိုင်ရာမှာ မာတဲ့သဘော ၊ တောင့်တင်းတဲ့သဘော ၊ ပူအေးတဲ့သဘော ၊ လှုပ်ရှားတဲ့ သဘောတွေ တွေ့တယ်ဆိုရင် တရားဖြစ်နေပါပြီ။ ဝင်လေ ထွက်လေလို့ စိတ်ထဲကနေအမြဲတမ်း တွေးပြီး လိုက်မှတ်နေရမှာ မဟုတ်ပါဘူး။ မှတ်တယ်ဆိုတာ သညာပါ။

- ကိုယ့်ပါးကို ကိုင်ကြည့်လိုက်ပါ။ အေးတဲ့သဘော နွေးတဲ့သဘော တွေ့နိုင်ပါတယ်။ မာတဲ့သဘော ပျော့ပျောင်းတဲ့သဘောလဲ တွေ့နိုင်ပါတယ်။ တရားအားထုတ်ရာမှ ထင်ရှားတာကို ရှုပါ။
ပူတဲ့သဘောက ထင်ရှားရင် ပူတာ၊ မာတဲ့သဘောက ထင်ရှားရင်မာတာ၊ တောင့်တင်းတဲ့သဘောက ထင်ရှားရင် တောင့်တင်း၊ ထင်ရှားတာကိုပဲ ရှုပါ။ ခန္ဓာကိုယ် တခုလုံးမှာ ဆံပင် ၊အမွှေး ၊ ခြေသည်းလက်သည်းက လွဲပြီး ရှုနိုင်ပါတယ်။

- စကားကပ်ပြီး ပြောကြလို့ ဆံပင်အဆွဲခံရရင် လက်သည်း ခြေသည်း အနာတရ တခုခုဖြစ်ရင် ခံစားသိနိုင်လို့ တရားရှုလို့ ရပါတယ်။ ဘုရားရှင်ကလဲ အချိန်မရွေး နေရာမရွေး အနေအထားမရွေး (အိပ်၊ ထိုင် ၊ ရပ် ၊သွား) အားထုတ်နိုင်တယ်လို့ ဟောထားခဲ့တါပါ။ အခုလောက်ဆိုရင် ရုပ်ကိုရှုတဲ့ ရူပက္ခန္ဓာအကြောင်း သိသင့်သလောက် သိပြီလို့ ယူဆမိပါတယ်။

- တချို့က ဝေဒနာ(ခံစားမှု) ထင်ရှားပါတယ်။ ဒုက္ခဝေဒနာ ထင်ရှားကြတာ များပါတယ်။ ခါးနာတာ် ၊ ဖင်နာတယ် ၊ ခေါင်းကိုက်တယ် ၊ ခြင်ကိုက်တယ် ယားတယ် ပေါ့။ တရားသဘော မသိခင်တော့ အဲဒီ ဒုက္ခဝေဒနာ ပေါ်လာတာကို ကြောက်တတ်ကြပါတယ်။ ဂိမ်းဆော့တာ ၊ဇာတ်ပွဲ ၊ ဗီဒီယို တီဗီ ကြည့်တဲ့အခါမျိုး ကြတော့ခြင်ကိုက်တာလဲ ခံနိုင်တယ်။ ခါးတောင့်တာလဲ ခံနိုင်တယ်။ ဇက်ညောင်းတာလဲ ခံနိုင်ကြတယ်။ အဆာတောင် အငတ်ခံနိုင်ကြသေးတယ်။ ပေတေတေ နေနိုင်ကြတယ်။ ဒါတွေက ခံစားမှုတွေ ဆိုတော့ ဝေဒနက္ခန္ဓာနဲ့ ဆိုင်သွားပါပြီ ။ ဒါကို နောက်မှ ပြောပြပါတော့မယ်။

- တရားကို မှန်မှန်ကန်ကန် လက်တွေ့ အားထုတ်ရင် မုဆိုးစိုင်သင် ဆိုတာလို တရားအသိဉာဏ် တိုးတက်လာမှာ သေချာပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာဖို့နဲ့ မညာဖို့တော့ အထူးပဲ လိုအပ်ပါတယ်။

အသိဉာဏ် တိုးတက်ကြပါစေ။
လပ်ကီးချမ်း အခမဲ့ စာကြည့်တိုက် မန္တလေး
Friday , 24 January 2020. Mandalay

"ဒိန်းမတ်ရောက် မြန်မာတယောက် ပြောစကား "********************************************** - ဒိန်းမတ်မှာ ကလေးတွေ (၉)လသားလောက် ...
18/01/2020

"ဒိန်းမတ်ရောက် မြန်မာတယောက် ပြောစကား "
**********************************************
- ဒိန်းမတ်မှာ ကလေးတွေ (၉)လသားလောက် အရွယ်ရောက်ရင် နေ့ကလေးထိန်း မူကြိုကျောင်းကို ပို့ကြပါတယ်။ မနက် 6:30 AM ဆို ကျောင်းစဖွင့်ပြီ ၊ 5:00 PM ဆို ကျောင်းဆင်းပါပြီ။ ကလေးတွေဟာ တနေကုန် မိဘတွေနဲ့ ဝေးပြီး ကျောက်းမှာပဲ နေကြရပါတယ်။

- ကလေးတွေ တဖြည်းဖြည်း သိတတ်လာတာနဲ့ အမျှ ကိုယ့်အားကိုယ်ကိုး တတ်ဖို့၊ အများနဲ့ နေတတ်ဖို့၊ တကိုယ်ကောင်း မဆန်ဖို့၊ စည်းကမ်းရှိဖို့ နေ့စဉ် ပြုစုပျိုးထောင်ပေးပါတယ်။

- ဆရာတွေက ကလေးတွေကို လုံးဝ ရိုက်လို့ မရပါဘူး၊ ဆွဲလိမ်တာမျိုး ခေါင်းခေါက်တာမျိုးလည်း မလုပ်ရပါဘူး၊ Stop လို့ အော်လိုက်ရင် ငြိမ်သွားအောင် သင်ပေးရပါတယ်၊ ကလေးတွေအားလုံး ဆရာတွေကို မကြောက်ဘဲနဲ့ အမိန့်နဲ့ စည်းကမ်းတွေကို လိုက်နာတတ်ဖို့ သင်ကြားပေးပါတယ်။

- အင်မတန်ဆိုးတဲ့ ကလေးကိုတောင် ဆိုးတယ်လို့ မပြောဘဲ၊ အချိန်ပိုပေးပြီး ထိန်းကျောင်းပေးကြရပါတယ်၊ လုံးဝ မရရင်တော့ မိဘဆီကို ပြန်အပ်နှံလိုက်ပါတယ်။
( ဒီနိုင်ငံမှာဆိုရင် ဒဏ်ကြေဆေးတွေ လိမ်းပေးနေရလောက်ပါပြီ )
----- -----

- (၃)နှစ်အောက် ကလေးတွေတောင် ကိုယ့်ဘာသာ စားသောက်ရပါတယ်။
- (၃)နှစ်ကျော်လာရင် ကိုယ့်အဝတ်အစား ကိုယ့်ဘာသာကိုယ် ဝတ်ရပါတယ်။ ကိုယ့်ဖိနပ်ကိုယ် စီးရပါတယ်။ ဇစ်ဆွဲရ ခက်တာမျိုးလောက်ကိုသာ ဆရာက ကူညီပေးပါတယ်။

- သူတို့ ကလေးတွေ ထမင်းစားပွဲပေါ်မှာ အမှိုက်ထည့်ဖို့ ခွက်နှစ်လုံး တင်ပေးထားပါတယ်။ အမှိုက်အစို ထည့်ဖို့ နဲ့ ပြန်အသုံးချလို့ရတဲ့ အမှိုက်ထည့်ဖို့ ဖြစ်တယ်။ ကလေးတွေကလည်း အမှိုက်ကို မှားပြီးမထည့်ကြပါဘူး။

- စည်းကမ်းဆိုတာ အများကောင်းဖို့ အတွက် မဖြစ်မနေ လိုက်နာရမယ်လို့ ကလေးတွေရဲ့ စိတ်ထဲမှာ စွဲနေစေတယ်။ အိမ်တိုင်းရဲ့ အရှေ့မှလည်း အမှိုက်ပုံးနှစ်ခု ချပေးထားပါတယ်။
----- -----

- မူကြိုကျောင်းမှာနေရင်း ၆ နှစ်ပြည့်ရင် မူလတန်းကျောင်းကို တက်ခွင့်ရဖို့ အောင်လက်မှတ်ပေးပါတယ်။ အောင်လက်မှတ်ထဲမှာ...
…အခင်ဆုံး - သူငယ်ချင်း
…အကြိုက်ဆုံး - အစားအစာ/အဝတ်အစား/သီချင်း/အားကစား၊
ကြီးလာရင် သူတို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို သေသေချာချာမေးပြီး ဖြည့်ပေးပါတယ်။
( ဒီ့နိုင်ငံမှာတော့ ကလေးတွေက ဆရာဝန် /အင်ဂျင်နီယာ/ကျောင်းဆရာ /စစ်ဗိုလ်/ မော်ဒယ် ဒါတွေပဲ ဖြေကြပါတယ်...)

ဒိန်းမတ်မှာတော့ ကလေးတွေရဲ့အဖြေတွေ မတူကြပါဘူး၊ ဒီမိုကရေစီကို တွေ့ရတဲ့အပြင်
ပညာရေးမှာ မိဘက လွှမ်းမိုးထားတာ မတွေ့ရပါဘူး။

အလှကြိုက်သူက - ဆံပင်ညှပ်တဲ့သူ
တချို့ ကလေးက - အမှိုက်သိမ်းသမား
တချို့ ကလေးက- ဟမ်ဘာဂါ ရောင်းမယ်
အားကစားကြိုက်သူက - ဘောလုံးကန်မယ်
တချို့ ကလေးက - လက်သမားလုပ်မယ်
အပင်ချစ်သူက -စိုက်ပျိုးရေးသမား လုပ်ချင်တယ်..
( ဒီက မိဘတွေများ ကြားကြရင် ရင်ကျိုးရလိမ့်မယ်...)
ကလေး တယောက်က ဆရာဝန်လုပ်မယ် ဆိုလို့ အထူးအဆန်းဖြစ်ပြီး သူ့ကို ဝိုင်းကြည့်ကြပါသေးတယ်။

- ဒိန်းမတ် နိုင်ငံရဲ့ ပညာရေးက...ကိုးတန်း(အထက်တန်း) အထိ ( ကလေးတိုင်း ) မသင်မနေရ ပညာရေးပါ။

- ကိုးတန်းပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ အသက်မွေးမှု ပညာရပ် တခုခုကို ရွေးပြီး ကျောင်းဆက်တက်ရပါတယ်။ အသက် (၂၃) နှစ်လောက်မှာ ဘွဲ့ရပါတယ်။

- ကျောင်းသားတွေ ဟာ အသက်(၁၂) နှစ်လောက် ကတည်းက အချိန်ပိုင်း အလုပ်တွေကို ( ဘွဲ့ရတဲ့ အထိ ) လုပ်ရင်း ကျောင်းတက်ကြရတာပါ။ အလုပ်တခု ရသွားပြီ ဆိုရင်လည်း လူတန်းစေ့အောင် နေနိုင်ကြပါပြီ။
----- -----

- ကားမောင်းသူတွေကလည်း လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ရပ်ထားတာမျိုး မရှိကြပါဘူး။
ဒိန်းမတ်နိုင်ငံမှာ ရှက်စရာ အကောင်းဆုံး တခုက စည်းကမ်းဖောက်ဖျက်ခြင်း ပါပဲ။ စည်းကမ်း မဲ့တာကို လူမှုရေး အရရော၊ ဥပဒေအရပါ ခွင့်မပြုကြပါဘူး။

( ဒီမှာတော့... "ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်" လို့ သတိပေး ထားတဲ့ ဆိုင်းဘုတ် အနားမှာတောင် ကားကို လမ်းဘေးချပြီး မရပ်ကြလို့ အဖြစ်ဆိုးတွေ ခဏခဏကြားသိရတတ်ပါတယ်။မည်သည့်ယာဉ်မှ လုံးဝမရပ်ရဆိုတဲ့ သတိပေးတဲ့ ဆိုင်းဘုတ်အောက်မှာတောင် သက်ဆိုင်ရာက ယာဉ်တွေ ရပ်ထားကြပါသေးတယ် )
----- -----

- ဒိန်းမတ်မှာ ကာယလုပ်သားနဲ့ ဉာဏလုပ်သား တွေရဲ့ လစာ ဝင်ငွေခြင်း သိပ်မကွာလှပါဘူး။
အလုပ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အရာရှိတို့ရဲ့ လစာတွေဟာ အများကြီး မကွာကြပါဘူး။
တဦးချင်းဝင်ငွေ သိပ်မကွာခြားအောင် ထိန်းပေးထားပါတယ်။

- လူကြီးတွေ ဂုဏ်တုဂုဏ်ပြိုင် လုပ်ကြတာမျိုးလည်း မရှိကြပါဘူး။ စိန်တွေ ရွှေတွေလည်း မဝတ်ဆင်ကြပါဘူး။ ကလေးတွေကိုလည်း လိုအပ်တာကလွဲပြီး အပိုမဆင်ကြပါဘူး။ မရောင်ရာ ဆီမလူးတဲ့ တကယ့် နိုင်ငံပါပဲ...
( ဒီက မင်္ဂလာဆောင်ပွဲ နဲ့ အလှူပွဲတွေကို မြင်ယောင်ကြည့်လိုက်ပါ )
----- -----

- အုပ်ချုပ်သူတွေ ကလည်း သာမာန်ပြည်သူထဲက တက်လာကြတာပါ။ ကိုယ့်ဒေသ တိုးတက်အောင် ပြည်သူတွေ အဆင်ပြေသထက် ပြေအောင် ဘာတွေပြုပြင်ရင် ကောင်းမလဲ ၊ဘာတွေ လုပ်ပေးရင် ကောင်းမလဲ ဆိုတာတွေပဲ လွှတ်တော်ထဲမှာ အမြဲ ဆွေးနွေးကြပါတယ်။
----- -----

- ဒိန်းမတ်ဟာ မြန်မာနိုင်ငံလောက် သယံဇာတတွေ မထွက်ပါဘူး။ ရာသီဥတုကလည်း အင်မတန်မှ ဆိုးဝါးလွန်းလှပါတယ်။
----- -----

- ဒိန်းမတ်မှာ အသက် ၆၅ နှစ် ပြည့်ပြီးသူတိုင်း အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ အလုပ်မလုပ်ခဲ့သည် ဖြစ်စေ နိုင်ငံတော်က လုံလောက်တဲ့ သက်ပြည့်ပင်စင်နဲ့ ထောက်ပံ့ပေးတယ်။ ကျန်းမာရေးကြောင့် ပင်စင်စောပြီးယူရတဲ့ သူတွေလည်း ရှိပါတယ်။

- ဘာလုပ်ငန်းပဲ လုပ်လုပ် ဝင်ငွေခွန် ၃၈% နဲ့ သိပ်မများလှတဲ့ ပင်စင်ကြေးကို ဖြတ်ယူထားပါတယ်။ ဒိန်းမတ်မှာ အလုပ်လုပ်ချိန်က တပတ်ကို ၃၇ နာရီပါ။
( တပတ်မှာ ၅- ရက်လုပ်ရရင် ၊တရက် ၇- နာရီလောက်ဖြစ်ပါတယ်)
သာမန်အလုပ်သမားနဲ့ ဆရာဝန် အင်ဂျင်နီယာ အရာရှိတို့ရဲ့လစာတွေဟာ အများကြီး မကွာခြားပါဘူး။ ဘယ်သူမှလည်း လစာကလွဲပြီး အပိုဝင်ငွေ မရှိကြပါဘူး။ အကြံအဖန်နဲ့ ရတာ မရှိပါဘူး။

- လာဘ်ပေးလာဘ်ယူ ကင်းရှင်းတဲ့ အခွန်ဌာနနဲ့ အပေါ်ထပ် အဆောက်အအုံ ရှိတာမို့ နိုင်ငံတော်က ရတဲ့ အကျိုးအမြတ်နဲ့ ဘဏ္ဍာခွန်တွေဟာ ပြည်သူတွေ ဆီကိုပဲ ပြန်ပြီး စီးဆင်းစေပါတယ်။

- လုပ်ငန်းရှင်ကြီးတွေကလည်း ဝင်ငွေခွန်ကို တိတိကျကျ ထမ်းဆောင်ကြတာမို့ သူတို့ကြီးပွားသလို ပြည်သူအများလည်း အကျိုးကျေးဇူး များကြပါတယ။
----- -----

- သက်ကြီးရွယ်အိုတွေ မသန်မစွမ်းသူတွေ လိုအပ်နေတဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပြီး တပ်ဆင်ပေးပါတယ်။
- ပစ္စည်းချို့ယွင်း ပျက်စီးသွားရင်လည်း ဘာမှ လျော်ကြေး ပေးစရာ မလိုပါဘူး။
( ဒီမှာဆိုရင်တော့...အင်း...ဘယ်လိုပြောရမလဲ )
----- -----

" ဒိန်းမတ်က စာကြည့်တိုက် "
- စာကြည့်တိုက် လုပ်ငန်းကို အထူး အလေးပေး ဆောင်ရွက်ထားတယ်။ ပြည်သူတိုင်း စာကြည့်တိုက်နဲ့ မစိမ်းကြပါဘူး။ ကိုပင်ဟေဂင်မြို့က ရွိုင်ရယ်စာကြည့်တိုက်ဟာ စကင်ဒီနေးဗီးယန်း
နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံတခုလုံးရဲ့ အသိပညာ ဖွံ့ဖြိုးမှုမှာ စာကြည့်တိုက် လုပ်ငန်းက အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။

- ဒိန်းမတ်မှာ မူလတန်းကျောင်းသား အရွယ်ကစပြီး သက်ကြီးရွယ်အို အထိ စာကြည့်တိုက်ကို သွားကြပါတယ်။ စာကြည့်တိုက်ကို သွားဖြစ်အောင်လည်း စာသင်ကျောင်းတွေက စာအုပ်တွေကို ညွှန်းပေးကြပါတယ်။

- ကျောင်းစတက်လို့ စာစဖတ်နိုင်တာနဲ့ ဖတ်ရလွယ်တဲ့ စာအုပ်လေးတွေကို စာကြည့်တိုက်မှာ ငှားရမ်း ဖတ်ရှုကြရတယ်။ ကျောင်းသားတွေကိုလည်း နှစ်စဉ် စာကြည့်တိုက် လေ့လာရေး ခရီးတွေ ပို့ပေးလေ့ ရှိကြပါတယ်။

- ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေ ရှိပါတယ်။ မြို့လေးတိုင်းမှာလည်း ပြည်သူ့စာကြည့်တိုက်တွေ ရှိတယ်။ ဘယ်သူမဆို ဝင်ဖတ်လို့ရတယ်။ ဘယ်သူမဆို ငှားလို့ရတယ်။ စာကြည့်တိုက်တွေကို အချက်အခြာကျတဲ့ နေရာတွေနဲ့ အသွားအလာ လွယ်ကူတဲ့ နေရာတွေမှာ ဖွင့်ပေးထားတယ်။

- လူလေးသောင်း လောက်ရှိတဲ့ မြို့နယ်တခုမှာတောင် ပြည်သူ့ စာကြည့်တိုက် ၆ - ခု ရှိပါတယ်။ စာကြည့်တိုက်ကို မြို့နယ်အာဏာပိုင် အဖွဲ့အစည်းအောက်မှာ ထားပြီး နိုင်ငံတော်ကလည်း နှစ်စဉ် အသုံးစားရိတ် ချပေးပါတယ်။ စာကြည့်တိုက်မှာ လည်ပတ်နေတဲ့ ငွေတွေဟာလည်း ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေပဲ ဖြစ်ပါတယ်။

- စာကြည့်တိုက် ဝန်ထမ်းတွေဟာလည်း စာအုပ်လာငှားတဲ့ လူတိုင်းကို စေတနာပါပါနဲ့ ကူညီနေကြတဲ့သူတွေဖြစ်ပါတယ်။ စာကြည့်တိုက်ပညာ ဒီပလိုမာ ရရှိထားသူတွေချည်းပဲ ဖြစ်ကြပါတယ်။

- လုံလောက်ပိုလျှံတဲ့ လစာဝင်ငွေ ရကြတာမို့ ဒိန်းမတ် ပြည်သူတွေဟာလည်း စာအုပ်တွေကို ဝယ်ဖတ်နိုင်ကြတယ်။ ငွေမကုန်ဘဲ စာဖတ်လို့ ရအောင် စာကြည့်တိုက်မှာ စာအုပ်အစုံအလင် ထားပေးထားပါတယ်။ ဒိန်းမတ်မှာ စာအုပ်အငှားဆိုင် မရှိပါဘူး။

- စာကြည့်တိုက်တိုင်းမှာလည်း စာအုပ် အဟောင်းတွေကို စျေးနှုန်းချိုချိုနဲ့ ရောင်းပေးတတ်ပါတယ်။ မြန်မာနိုင်ငံမှာလို ကိုယ့်ပိုင်စာကြည့်တိုက် ထောင်စရာမလိုအောင်ကို ပြည်သူ့စာကြည့်တိုက်တွေက လုံလောက်မှု ရှိနေပါတယ်။ တနိုင်ငံလုံးက ဘယ်စာကြည့်တိုက်မှာ မဆို မှတ်ပုံတင်ပြီး အခမဲ့ ငှားရမ်းနိုင်ပါတယ်။ မသန်မစွမ်းသူတွေ အတွက်လည်း ကိုယ်တိုင် ဝင်နိုင်တက်နိုင်အောင် စက်ခုံတွေ ထားပေးတယ်။

( မြန်မာ နိုင်ငံအတွင်းမှာ စာကြည့်တိုက်လုပ်ငန်း ကျယ်ပြန့်လာအောင် စေတနာနဲ့ ဆောင်ရွက်နေကြသူများနဲ့ အွန်လိုင်းကနေ စာဖတ်လို့ရအောင် အားထုတ်ခဲ့ကြသူများ အားလုံးကို ဂုဏ်ယူ ဝမ်းသာကြောင်း ပြောလိုက်ရပါတယ်)
----- -----

" လမ်းဘေးစာကြည့်တိုက် "
- ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့က လမ်းဘေးမှာ ၂၄- နာရီ အစောင့်မရှိ၊ ငွေတပြားမှ ပေးစရာ မလိုတဲ့ စာအုပ်စင်(ဘီရို) လေးတွေ ရှိပါတယ်၊ယဖတ်ချင်တာကို ယူသွားရုံ ၊ ဖတ်ပြီး ပြန်ထားလိုက်ရုံပါပဲ။
စာအုပ်တွေ လှူချင်ရင်လည်း လာထည့်ထားလိုက်ရုံပါပဲ။
- အသိပညာတွေ မှန်ကန်လာစေဖို့ စာပေနဲ့ ပညာရေးအဆင့်အတန်းတွေနဲ့ စစ်အပြီး နိုင်ငံကို တည်ဆောက်နေတာမို့ အခုအချိန်မှာ ဟစ်တလာလို အာဏာရှင် အစွန်းရောက် မျက်ကန်းမျိုးချစ်တွေ ပေါ်လာတော့မှာ မဟုတ်သလို၊ ပေါ်လာရင်လည်း အသိဉာဏ် အတိုင်းအတာ တခုမှာရှိနေကြတဲ့ ပြည်သူတွေကလည်း လက်ခံကြမှာ မဟုတ်ပါဘူး..

မင်းမော်လှမြင့်
----- -----

- ဝန်ထမ်းတွေ အားလုံး (အားလုံး) ရိုးသားကြမယ်၊ ကြိုးစားကြမယ်၊ စည်းကမ်းရှိကြမယ်၊ ညီညွတ်ကြမယ်၊ ကိုယ့်တာဝန်ကိုယ် ကျေကြမယ် ဆိုရင်…
- ဒါပေမဲ့.. ဝန်ထမ်းတွေ ရိုးသားကြဖို့ ကြိုးစားကြဖို့ အတွက် အဓိကကျတာက စားဝတ်နေရေး အတွက် စိတ်အေးရမယ့် ၊ လုံလောက်ပြီး ပိုလျှံတဲ့ စာအုပ်လည်း ဝယ်ဖတ်နိုင်တဲ့ ၊ ဝင်ငွေတွေ ရရှိနေဖို့ကတော့…။
----- -----

ကောက်နုတ် ဖြည့်စွက် ဖော်ပြထားပါတယ်။

လူတိုင်း အသိဉာဏ် တိုးတက်ကြပါစေ

လပ်ကီးချမ်း အခမဲ့ စာကြည့်တိုက် မန္တလေး
Saturday 18 January 2020, Mandalay
09.444112291 - & - 09.444112295

" မုန့်ဟင်းခါး နဲ့ စာဖတ်ခြင်း " - မုန့်ဟင်းခါး မစားဖူးရင် ၊ မုန့်ဟင်းခါး မကြိုက်ရင် ဒါမှမဟုတ် စာဖတ်ရတာ မကြိုက်ရင် ဒီစာကိ...
10/01/2020

" မုန့်ဟင်းခါး နဲ့ စာဖတ်ခြင်း "
- မုန့်ဟင်းခါး မစားဖူးရင် ၊ မုန့်ဟင်းခါး မကြိုက်ရင် ဒါမှမဟုတ် စာဖတ်ရတာ မကြိုက်ရင် ဒီစာကို ဖတ်ဖို့မလိုအပ်ဘူး။

- ဟိုအရင်က ငါတို့ မန္တလေးသား အများစုက မုန့်ဟင်းခါး ကြိုက်ကြပါတယ်။ မန္တလေးက လမ်းတွေတိုင်းမှာ မုန်းဟင်းခါးဆိုင် ရှိကြတယ်။ ငယ်ငယ်က မနက်စာဆို မုန့်ဟင်းခါးကိုပဲ အများဆုံး စားဖြစ်တယ်။ တခါတလေမှ လက်ဖက်ရည်နဲ့ ကိတ်မုန့်။ ဆီထမင်း အုန်းထမင်း။ ကောက်ညင်းပေါင်းနဲ့ အကြော်။ အရွယ်ရလာတော့ ညနေအစာပြေ အနေနဲ့ ၈၄-လမ်း ၃၁-လမ်းထောင့်က ဦးထွန်းကြည် မုန့်ဟင်းခါးဆိုင်မှာ သွားစားပါတယ်။ အခုတော့ ရှမ်းခေါက်ဆွဲ ဆိုင်တွေက နေရာတိုင်းမှာ ရှိနေကြပါပြီ။ မုန့်ဟင်းခါးကို ကြိုက်ပေမဲ့ တလတခါတောင် မစားဖြစ်တော့ပါဘူး။

- ငါဟာ မုန့်ဟင်းခါး မချက်တတ်ပေမဲ့ အရသာ ကောင်းမကောင်း ခွဲခြားနိုင်ပါတယ်။ ၀ါတွင်း သုံးလမှာ ဥပုသ်နေ့ မနက်တိုင်း ဆွမ်းကြီးခံ ထွက်ရင် အမြဲလိုက်ဖြစ်ပါတယ်။ ဓမ္မာရုံက ငါတို့ ရပ်ကွက် အပိုင်ထဲမှာ ရှိပါတယ်။ တို့ အရှေ့ဘက်က ရပ်ကွက်လည်း ဒီဓမ္မာရုံနဲ့ သက်ဆိုင်ပါတယ်။ ရပ်ကွက် နှစ်ခုကို ၈၄-လမ်းမကြီးက ပိုင်းခြားထားပါတယ်။

- ဆွမ်းကြီးခံ မထွက်ခင် အလှူရှင်ရှိလို့ စားသောက် ရတာကတော့ မုန့်ဟင်းခါးပဲ အများဆုံးဖြစ်ပါတယ်။ လှူတာ သောက်ရတာပေါ့။ တခါတလေ ကြာဆန်ဟင်းခါး ၊ ကြာဆန်ကြော် ဖြစ်တတ်တယ်။ ငါကတော့ ဝင်တိုင်းလည်း မစားနဲ့ ဆိုတဲ့ အဖေ့လမ်းညွှန်မှု အရ တပွဲပဲ စားဖြစ်ပါတယ်။ တခါတလေ ကိုယ့်ဝိုင်းက သူငယ်ချင်းတွေ အဆွယ်ကောင်းရင် လိုက်ပွဲပါ ဆွဲမိတတ်တာပေါ့။ အဖေသိတာမှတ်လို့။

- ဝမ်းနည်းစရာ ကောင်းတာ တခု ကြားဖြတ် ပြောပြချင်ပါတယ်။ မြန်မာတွေဟာ လူနှစ်ယောက်ရှိရင် အဖွဲ့သုံးဖွဲ့ကွဲတယ်တဲ့။ မတဲ့ကြဘူးတဲ့။ ရန်ဖြစ်ကြတယ်တဲ့။ ငါတို့ ဓမ္မာရုံမှာ နှစ်တိုင်းပဲ လူကြီးရွေးပါတယ်။ ဓမ္မာရုံ ဥက္ကဌ နေရာပေါ့။ ပိုက်ဆံတော့ တပြားမှ မရပါဘူး။ ပြန်ပြောရတာတောင် ရှက်ဖို့ကောင်းပါတယ်။ အရှေ့ဘက် ရပ်ကွက်က လူကြီးတယောက်ကိုပဲ ​ဥက္ကအဖြစ် ရွေးတာပါ။ အကြောင်းကတော့ ငါတို့ ရပ်ကွက်ထဲက လူကို ဥက္ကဌရွေးရင် အရှေ့ဘက် ရပ်ကွက်က ဘယ်သူမှ လုပ်အားပေး မလာကြတော့ပါဘူးတဲ့။ ဒီတော့ နှစ်စဥ်နှစ်တိုင်း အရှေ့ဘက် ရပ်ကွက်ကပဲ ဥက္ကဌနေရာကို မောင်ပိုင်စီးထား ပါတော့တယ်။ တို့ ရပ်ကွက်ကတော့ အတွင်းရေးမှူးနေရာပဲ ယူရတော့တာပေါ့။ ဒီဓမ္မာရုံ ဆောက်လှူတဲ့ အလှူရှင်ကလည်း တို့ ရပ်ကွက်က သူဌေးလင်မယား ပါ။ မရှိကြတော့တာ ကြာပါပြီ။ အခုလည်း ဓမ္မာရုံဟာ ဘယ်လို ဆက်ပြီး စခန်းသွားနေကြတယ် ဆိုတာ အနေဝေးလို့ မပြောတတ်တော့ပါဘူး။

- မန္တလေးရဲ့ လမ်းထိပ်ထောင့်တွေ မှာပဲ မုန့်ဟင်းခါးဆိုင် ဖွင့်ဖို့ ဘယ်သူကများ ပညတ်ထားခဲ့ပါလိမ့်။ မုန့်ဟင်းခါး စားချင်ရင် စက်ဘီးစီးပြီး လမ်းထောင့်တွေမှာ ရှာရင် တွေ့ပါတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း အတူတူပါပဲ။ လမ်းထောင့်တွေမှာ အများဆုံး ဖွင့်ကြပါတယ်။ အခုတော့ ကားတွေ ဆိုင်ကယ်တွေကြောင့် ပြောင်းလဲ ကုန်ပါပြီ။ ငါအကြိုက်ဆုံး မုန့်ဟင်းခါးက နှစ်ဆိုင်ထဲပဲ ရှိခဲ့တယ်။ တယောက်က မနက်ခင်းတိုင်း အထမ်းနဲ့ လာရောင်းတဲ့ ဦးမောင်ကို။ တပွဲတကျပ်ခေတ်။ နောက်တဆိုင်က ညနေခင်း ၃၄ လမ်းနဲ့ လမ်း၈၀ ထောင့်က မြစ်ဝကျွန်းပေါ် မုန့်ဟင်းခါးဆိုင်။ တပွဲ ၁၀ ခေတ်။ ကျက်သရေ အတုံးဆုံး မုန့်ဟင်းခါးက အမြန်လမ်း ၁၁၅ မိုင်မှာ ရှိပါတယ်။ ဘာမှမပါတဲ့ မုန့်ဟင်းခါး အလွတ်ကို ၁၂၀၀ ပေးလိုက်ရတယ်။ အရသာကလည်းမစွံဘူး။ ဒါတောင် လွန်ခဲ့တဲ့ ၅ နှစ်ကျော်က စားခဲ့တာနော်။ ခံဘူးတဲ့သူတွေ သိကြမှာပါ။ ဆိုင်နာမည် မပြောချင်တော့ပါဘူး။

- ဝတ္ထုစာအုပ်တွေကို ငါးတန်းတက်​တော့ စဖတ်ဖြစ်တာပါ။ ဟာသတွေ စွန့်စားခန်းတွေ များတယ်။မြစကြာရဲ့ သရဲတစ္ဆေ စာအုပ် နည်းနည်းပါတယ်။ ခုနစ်တန်းမှာ ဘာသာပြန် စာအုပ်တွေ စဖတ်ဖြစ်ပြီပေါ့။ ၈-၉-၁၀ သိုင်းလောကထဲ ဝင်ခဲ့တယ်။

- ဦးဦးပုံပြောမယ် ကာတွန်း စာအုပ်တွေ အကြိုက်ဆုံးထဲပါတယ်။ အခုထိ နှစ်သက်နေတဲ့ ကာတွန်းဆရာတွေ အများကြီး။ ဦးဘကြည်၊ မောင်စိန်၊ သန်းကြွယ်၊ အောင်ရှိန်၊ မောင်လွင်၊ အောင်အောင်၊ သိန်းအောင်၊ မင်းလွင်၊ မြင့်သိန်း၊ သိန်းလွင်၊ အောင်မျိုးလွင်၊ သက်စု၊ ဝင်းမောင်၊ သစ်ထွဏ်း၊ ရွှေမင်းသား၊ မောင်မောင်၊ သော်က၊ တင်အောင်နီ၊ ကြီးမြင့်စိန်ဂျွန်း၊ ကျော်ကျော် အများကြီးပါ။ အကုန် မမှတ်မိတော့လို့ တချို့အမည်တွေ ကျန်နေပါဦးမယ်။ နောက်ပေါ် တွတ်ပီကို မကြိုက်ပါဘူး။ ပါစပက်တစ် မကောင်းလို့ပါ။ အကြိုက်ဆုံးပဲ ပြောရရင် ဦးဘကြည်။ သူ့ကာတွန်းပုံ တချို့က တစိမ့်စိမ့်ကြည့်လေ ရင်ကိုလှုပ်ခတ်လေ ဖြစ်စေလို့ပါ။

- အခုထိ စွဲနေတဲ့ ဇာတ်ကောင်တွေ အများကြီး ရှိပါတယ်။ ရွှေဂေါင်းပြောင် ,ကျော်စွာ ,သူရ၊ မုဆိုးကျော်ဖိုးထော်, တက်ပု, လောရှည်, နီပု, နီသေး၊ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်, ဦးကပ်စီး, ဦးစိတ်တိုနဲ့ မျောက်ညို၊ စနေမ၊ ကောက်ရ၊ ငထက်ဖြား၊ သိင်္ဂီရွှေစင် နဲ့ စောကလျာ၊ ကြံ့ဗဟုံး၊ ဇော်ဗလ၊ မောင်တီထွင်၊ ဖိုးဝ ,အင်္ဂါဂြိုဟ်, ဘုတ်ဆုံမ၊ ကိုပြာလောင်၊ အရိုင်း၊ ချစ်ချစ်၊ ဘခက်၊ ကိုကိုမောင် , ဝင်းပြောင်, ဘ၊ စံရွှေမြင့်၊ အပါလွင်၊ တင်မောင်ဆွေ၊ ပေါ်ဆန်းမွှေး။

လပ်ကီးချမ်း မန္တလေး ၂၀၂၀

Library , 1Q74 - May  ၁။ အစိုးရရဲ့ ထောက်ပံ့မှု -- နိုင်ငံအများစုမှာ အစိုးရဟာ စာကြည့်တိုက်တွေရဲ့ အရေးပါပုံကို သဘောမပေါက်က...
04/01/2020

Library , 1Q74 - May
၁။ အစိုးရရဲ့ ထောက်ပံ့မှု
-- နိုင်ငံအများစုမှာ အစိုးရဟာ စာကြည့်တိုက်တွေရဲ့ အရေးပါပုံကို သဘောမပေါက်ကြပါဘူး။ စာကြည့်တိုက်တွေ တိုးတက်ဖို့ သီးသန့် တာဝန်ယူတဲ့ ဌာနလည်း မရှိကြဘူး။ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ စီမံကိန်း ကိစ္စတွေမှာလည်း အတွေ့အကြုံရှိတဲ့ စာကြည့်တိုက် ပညာရှင်တွေကို မေ့ထားကြတယ်။ စာကြည့်တိုက်တွေ အားလုံးကို ထောက်ပံ့ဖို့လည်း မေ့နေကြပါသေးတယ်။

၂။ စာကြည့်တိုက်တွေ မညီမျှမှု
-- စာကြည့်တိုက်တွေရဲ့ အဆင့်အတန်း နဲ့ အရည်အချင်း ကွာဟမှုကြီးမားကြပါတယ်။ ကျောင်းစာကြည့်တိုက်တွေက နောက်ဆုံး အဆင့်မှာ ရှိနေကြတယ်။ တချို့စာကြည့်တိုက်တွေက အမည်ခံပဲရှိတဲ့ စာကြည့်တိုက်တွေ ဖြစ်နေကြတယ်။ စာအုပ်ကောင်းတွေ လုံးဝ မရှိကြဘူး။ လူတွေ မဖတ်ချင်တဲ့ စိတ်မဝင်စားတဲ့ စာအုပ်တွေပဲ ရှိနေပါတယ်။

၃။ စာအုပ်ပြည့်စုံအောင် မရှိမှု
-- စာကြည့်တိုက် အများစုမှာ စာဟောင်းပေဟောင်း သိပ်မတွေ့ရပါဘူး။ လက်ရှိ ကမ္ဘာပေါ်မှာ အရေးပါနေတဲ့ စာအုပ်တွေလည်း မရှိကြပါဘူး။ ပညာရေးနဲ့ သုတေသန စာအုပ်တွေ သိပ်မရှိကြပါဘူး။ အာဂဒံပါကဒံ စာအုပ်ကလေးတွေနဲ့ ဖြစ်သလို ဖွင့်ထားကြတာ များပါတယ်။

၄။ စာကြည့်တိုက်မှူးကောင်း မရှိမှု
-- စာကြည့်တိုက် အများစုမှာ အရေအချင်း ပြည့်ဝတဲ့ စာကြည့်တိုက်မှူးတွေ မရှိကြပါဘူး။ စာကြည့်တိုက်မှူး တယောက် လစာဟာ နည်းပါးလို့ ဘယ်သူမှလည်း စိတ်မဝင်စားကြပါဘူး။

၅။ စာကြည့်တိုက်အတွက် ကူညီမယ့်သူ လိုအပ်မှု
-- စာကြည့်တိုက်မှူး တယောက်ဟာ စာကြည့်တိုက် အလုပ်တွေ အကုန်လုံး မလုပ်နိုင်ပါဘူး။ အကူအညီ ပေးမယ့် သူတွေလိုအပ်ပါတယ်။ စာကြည့်တိုက် လုပ်ငန်းတွေ သင်ကြားပေးမယ့် ဌာနတွေ အများကြီး လိုအပ်နေပါတယ်။

၆။ ခိုင်မာတဲ့ စာကြည့်တိုက် အသင်းအဖွဲ့ မရှိမှု
-- နိုင်ငံတိုင်းမှာ ခိုင်မာတောင့်တင်းတဲ့ စာကြည့်တိုက် အဖွဲ့တွေ မရှိကြပါဘူး။ ရှိပြန်တော့လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြပါဘူး။ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ မရှိတဲ့ ပြဿနာလည်း ရှိနေပြန်ပါတယ်။

၇။ စာကြည့်တိုက် အသုံးချမှု နည်းပါးခြင်း
-- စာလာဖတ်သူ နည်းပါးမှု၊ စာဖတ်ဝါသနာပါသူ နည်းပါးမှု၊ စာအုပ်မစုံလင်မှု၊ စာအုပ်စျေးကြီးမှု၊ ကျောင်းပညာရေးမှာ စာကြည့်တိုက်ကို အသုံးပြုရန် အားမပေးမှု ၊ လူတွေအများစုက စာကြည့်တိုက်တွေကို အထင်မကြီးမှု၊ စာကြည့်တိုက်ဘက်ကလည်း စာဖတ် ပရိသတ်တွေကို အလေးမထားမှု။

၈။ စာကြည့်တိုက် အချင်းချင်း မဆက်သွယ်မှု
-- စာကြည့်တိုက်တိုင်းဟာ ကိုယ့်ပြဿနာကိုပဲ ဂရုစိုက်ကြပါတယ်။ စာကြည့်တိုက် အချင်းချင်း ပူးပေါင်းဆွေးနွေးပြီး ပြဿနာ ဖြေရှင်းဖို့ ဆန္ဒ မရှိကြပါဘူး။ စာကြည့်တိုက်မှူး အချင်းချင်းလည်း ဆွေးနွေးမှု မရှိသလို စာအုပ်ချင်း ပူပေါင်းမျှဝေမှုလည်း မရှိကြပါဘူး။ စာကြည့်တိုက် ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်ဆံရမှာကိုလည်း လက်တွန့်နေကြပါတယ်။

၉။ စာကြည့်တိုက် ရံပုံငွေ မရှိမှု
-- ဒါကတော့ နိုင်ငံတိုင်းမှာ တွေ့ရတဲ့ ပြဿနာပါ။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတောင် တွေ့ရတတ်ပါတယ်။ စာကြည့်တိုက် အတွက် ထောက်ပံ့ဖို့ စိတ်မဝင်စားဘဲ တခြားနေရာတွေမှာသာ ထောက်ပံ့နေကြတာပါ။ နွမ်းပါးတဲ့ နိုင်ငံတွေမှာတော့ တခြားအရေးကြီးတဲ့ လုပ်ငန်းတွေမှာ သုံးရတာမို့ စာကြည့်တိုက် အတွက် မသုံးဝံ့ကြပြန်ဘူး။

ပြောခဲ့တဲ့ စာကြည့်တိုက် ပြဿနာတွေ အားလုံး ကင်းတဲ့နိုင်ငံ မတွေ့မိသေးပါဘူး။
----- ----- -----

၁။ စာကြည့်တိုက်ကို လူမှုရေး တိုးတက်ပြောင်းလဲမှု အတွက် အသိအမှတ်ပြုရပါမယ်။
-- စာကြည့်တိုက်ဟာ လူတိုင်း အသိဉာဏ် ကြွယ်ဝဖို့ ဗဟုသုတအတွက် လိုအပ်တဲ့ နေရာတခုဖြစ်တယ်။ နေ့စဥ်ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေရဲ့ အဖြေကို ရှာနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

၂။ စာကြည့်တိုက်မှူး တယောက်ရဲ့ ကဏ္ဍကိုလည်း အသိအမှတ်ပြုရပါမယ်။
စာကြည့်တိုက် ဘယ်လောက်ပဲကြီးကြီး စာအုပ်တွေ ဘယ်လောက်ပဲစုံစုံ စာကြည့်တိုက်မှူးကောင်း (ခေါင်းဆောင်ကောင်း) မရှိရင် အောင်မြင်တဲ့ စာကြည့်တိုက် မဖြစ်နိုင်ပါဘူး။

၃။ စာဖတ်သူလက်ထဲ စာအုပ်တွေ ရောက်ဖို့ လုပ်ဆောင်ရပါမယ်။
( စာကြည့်တိုက် ဆိုတာ စာဖတ်ချင်သူတွေ အတွက် ဖြစ်ပါတယ် ) ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားရပါမယ်။ ဒီခံယူချက် မရှိတဲ့ စာကြည့်တိုက်မှူးတွေ လုပ်ကိုင်နေကြရင် စာကြည့်တိုက် မအောင်မြင်နိုင်ပါဘူး။ တချို့က စာအုပ်ကောင်းတွေကို ငှားပေးဖို့ထက် စာအုပ်မပျက်စီး မပျောက်ပျက်အောင် စောင့်ရှောက်ဖို့ပဲ အားသန်နေကြတယ်။

၄။ စာကြည့်တိုက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရပါမယ်။
ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့စကားလုံးဟာ လှပပေမဲ့ တကယ်ဆောင်ရွက်ဖို့ ကျတော့ ခက်ခဲနေတတ်ပါတယ်။ ဒါပေမဲ့ စာကြည့်တိုက်မှူးတွေ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှု ရကြမှာ ဖြစ်ပါတယ်။

၅။ ခေတ်မီ နည်းပညာတွေကို အသုံးချတတ်ရပါမယ်။
စာကြည့်တိုက် အများစုမှာ ကွန်ပြူတာ အသုံးပြုနေကြပါပြီ။ အင်တာနက်နဲ့ တခြားဖျော်ဖြေရေးတွေလည်း လုပ်ဆောင်နေကြပါပြီ။

credit အန်ဒရူးဂျေအီတန်

ကောက်နုတ် ဖြည့်စွက် ဖော်ပြထားပါတယ်။

လပ်ကီးချမ်း အခမဲ့စာကြည့်တိုက် မန္တလေး
2020 Myanmar Independence Day

မိန်းမလှ အမုန်း  ( မစ္စတာဖောင်လင် ) " ဒီလိုဗျ ကျွန်တော်ရောက်ခဲ့တဲ့ အိန္ဒိယက မိုက်ဆိုးနယ်ကိုပဲ ညွှန်းရမှာပေါ့လေ၊ ကုလားမလေ...
31/12/2019

မိန်းမလှ အမုန်း
( မစ္စတာဖောင်လင် )
" ဒီလိုဗျ ကျွန်တော်ရောက်ခဲ့တဲ့ အိန္ဒိယက မိုက်ဆိုးနယ်ကိုပဲ ညွှန်းရမှာပေါ့လေ၊ ကုလားမလေးတွေကတော့ လက်ကောက် မဝတ်ဘူးဗျ၊ ကုလားလေး တယောက်တော့ ဝတ်ထားတာတွေ့တယ်၊ ကုလားလေး ဆိုပေမဲ့ အင်မတန် ထွားကျိုင်းသဗျာ၊ တနေ့ ကျွန်တော်က ရွှေအိတ်လေးတွေ လုပ်တဲ့ ပန်းထိမ်ဖိုကို အသွားမှာ ပန်းထိမ်သည်နဲ့ အဲဒီကုလားလေး အချီအချ စကားများနေတာဗျ၊ ကျွန်တော်ကလည်း စပ်စုတတ်တော့ အကွယ်က နားထောင်နေရာမှာ ကုလားလေးက သူ့လက်ကောက်ပေါ်က စာတန်းကလေးကို ဖျက်ပေးဖို့ အတင်းအဓမ္မပြောတယ်၊ ပန်းထိမ်ကလည်း လက်မှာပတ်ထားရင် ဖျက်မပေးနိုင်ဘူး၊ ဖြုတ်ပေးပါလို့ တောင်းတယ်၊ လက်ကောက်ကလည်း အခုလိုပဲဗျ၊ ဝတ်ထားတာ ကြာတော့ ချွတ်လို့မရဘူး၊ လက်ကောက်ပေါ်က စာတွေကို ဘာဖြစ်လို့ ဒီလောက် ဖျက်ချင်ရသလဲ ဆိုရင် သူ့ရည်းစားနဲ့သူ သစ္စာဆိုထားတဲ့ စာတန်းတွေ ဖြစ်လို့တဲ့ဗျ၊ သူ့ရည်းစားက သစ္စာဖောက်သွားလို့ ဒေါသဖြစ်ပြီး ဖျက်ချင်တာတဲ့ဗျ၊ ပန်းထိမ်က ဝတ်လျက်နဲ့ ထွင်းထုထားတဲ့ စာတန်းတွေကို ဖျက်မပေးနိုင်ဘူးလို့ ခေါင်းမာနေတာများ သိပ်ရယ်ရတာပဲ "

ဦးသောင်းတင်က စကားတန်းလန်းနှင့် အဆုံးသတ်ပြီး မင်သေသေဖြင့် ထမင်းဆက်စားနေရာ မရယ်ရသဖြင့် မကျေမနပ် ဖြစ်နေသော ကိုတင်ဦးက …

" ဒီလိုတော့ လုပ်မထားနဲ့ဗျာ၊ ခင်ဗျားရယ်စရာကြီးက တန်းလန်းပဲ ရှိပါသေးတယ်၊ ဆက်ပြောဗျ၊

ဦးသောင်းတင်က ရယ်ကာ သူ့ပုံပြင်ကို ဆက်ပြောပြန်၏။

" ရယ်ရလို့ ရယ်ရတယ် ပြောတာပါဗျာ၊ ဟဲ…ဟဲ သည်းခံ နားထောင်မှပေါ့၊ ကုလားလေးက ချစ်သူအပေါ် အခဲမကျေ ဖြစ်နေသူ ဆိုတော့ တံစည်းနဲ့ တိုက်ပြီး ဖျက်ခိုင်းတော့တာပဲ၊ အသားနာချင် နာပေစေပေါ့၊ ပန်းထိမ်သည်ကလည်း အမြင်ကတ်ကတ်နဲ့ လုပ်ပေးလိုက်တာ ၊လက်ကောက်ဝတ်မှာ ရှပြုပြီး သွေးများကိုထွက်လို့ဗျ၊ ဒါတင်ပဲလား မဟုတ်သေးပေါင်ဗျာ၊ ကုလားလေးက သူ့ကို အသေအလဲ ပိုးနေတဲ့ ကုလားမလေး တယောက်ရဲ့ အမည်ကို ထိုးပေးဦးဆိုလို့ ထိုးပေးရသေးသဗျ၊
အဲ… ဗြုန်းဆို တော်တော်ကလေး လှတဲ့ ကုလားမလေး တယောက် ရောက်လာပါလေရော၊ ကုလားလေးကို မြင်ရော ငိုပြီး သူမှားတယ် ဆိုတဲ့ အကြောင်း၊ အထင်မှားမိလို့ အရွဲ့တိုက်မိတယ် ဆိုတဲ့အကြောင်း ပြောပြီးတောင်းပန်တယ်၊ လက်ကောက်ပေါ်မှာ ရေးထားတဲ့ သစ္စာစကား အတိုင်း ဆက်ပြီးမေတ္တာမျှကြမယ်တဲ့ ခင်ဗျ၊
ပြောရင်းဆိုရင်း လက်ကောက်ကို ယူကြည့်လိုက်တော့ လားလား တခြားစာနဲ့ တခြားအမည် ဖြစ်နေတော့ ကုလားကလေး ပါးကို ဖြန်းခနဲ ရိုက်ပြီး၊ နင်က ဒီလိုတောင် ဖြစ်နေသလား…သေချင်းဆိုးရဲ့၊ တော်ပြီတော်ပြီ၊ နင့်များတော့လား ရေထဲဆင်းသေမယ် ဆိုလို့ လိုက်လာမိတာ၊ ရေထဲမကလို့ မီးပုံထဲ ခုန်ချခုန်ချ ၊ မကြိုက်ရေးချ မကြိုက်တော့ဘူး လို့ ပြောပြီး ထွက်သွားတော့တာပါပဲဗျာ၊ ဟား …ဟား
ကုလားလေးမှာ အူကြောင်ကြောင် ဖြစ်ကျန်တုန်း ပန်းထိမ်သည်က လုပ်ခလေး မ,စဖို့ အတောင်းမှာ ဘာပြောကောင်းမလဲ၊ ကုလားလေးက စိတ်ဆိုးဆိုးနဲ့ ကိုင်ပေါက်လိုက်တာ မီးဖိုထဲကျသွားလို့ မစ္စတာဖောင်လင် မစ္စတာဖောင်လင် လို့ နာမည်ကို တွင်သွားတာပါပဲဗျာ "
----- ----- -----

" ကိုယ်ဟာ မောင်းမကန်အလှ ဘယ်ကစ,သလဲဆိုတာ သိချင်လို့ တညလုံးထိုင်ပြီး ကြည့်နေရာမှာ အခုမှ သဘာဝအလှ ဆိုတာမျိုးဟာ အစမရှိ အဆုံးမရှိ ဖြစ်ပေတာပဲလို့ သဘောပေါက်မိတယ် ကြည်နူးမိတယ် "

" သူက မြန်မာပြည် ဓာတ်ပုံအသင်းဝင်ပါ၊ သူက ဓာတ်ပုံကလွဲလို့ ဘာမှ စိတ်ဝင်စားတာ မဟုတ်ဘူး၊ မိန်းကလေးတွေ သူ့ရှေ့မှာ အဝတ်လဲနေလည်း သူမဖြုံဘူး၊ ကြည့်ရုံပဲ ကြည့်တာပဲ "

" ဘဝရေစီးကြောင်းကို တွန်းကန်ဆန်တက် သွားလာနေတဲ့ လူတွေရှိသလို ၊ ဘာလာဦးမလဲ ဆိုပြီး အဆင်သင့် ဣန္ဒြေမပျက် စောင့်ကြည့်ပြီးမှ လုပ်သင့်တာတွေ ကောက်လုပ်တဲ့ လူတွေလည်း ရှိတာပဲ "

" အချစ်ဆိုတာဟာ အသက်အရွယ် ငယ်သူတို့အဖို့ ချိုမြတဲ့ အရက်တမျိုး ဖြစ်ပေမဲ့ အသက်ကြီးလာတဲ့ အခါကျတော့ ဆေးဝါးအဖြစ်တောင် လက်မခံနိုင်လောက်အောင် ပြင်းပြတဲ့ သေရည် ဖြစ်သွားတတ်တယ်၊ အချစ်ဆိုတာမျိုးဟာ အချိန်မရွေး ပျောက်ကွယ် ဆိတ်သုဉ်းသွားနိုင်သလို အချိန်မရွေး ပေါက်ဖွား ပွါးများအောင် ဖန်တီးယူနိုင်ပါတယ် "

" ကိုယ်တို့ဟာ ဘာစာရေးသလဲ၊ မြန်မာစာရေးတယ်၊ မြန်မာစာ ရေးတတ်ဖို့ဟာ မြန်မာစာ များများဖတ်ရမှာပေါ့၊ ဒါဟာ တစ်အချက် အရေးအကြီးဆုံးပဲ၊ တချို့ကျတော့ မြန်မာစာ ရေးဖို့အတွက် အင်္ဂလိပ်စာတွေ သိပ်ဖတ်ကြတာပဲ၊ ဒီတော့ မြန်မာစာ အရေးမှာ အင်္ဂလိပ် အတွေးတွေနဲ့ ခပ်ဖန့်ဖန့်ကလေး ဖြစ်နေတာ တွေ့ရတယ်၊ ရယ်စရာ ကောင်းသလို စိတ်ပျက်စရာလည်း ကောင်းတယ်၊ မြန်မာစာ ရေးရင် မြန်မာစာ တတ်ဖို့ အရေးကြီးတယ်၊ မြန်မာစာ တတ်ဖို့ဟာလည်း မြန်မာစာကို ဖတ်မှဖြစ်မယ် "

Credit Oo

လပ်ကီးချမ်း အခမဲ့ စာကြည့်တိုက် မန္တလေး
အင်္ဂါ , ၂၀၁၉ ခုနှစ်၏ နောက်ဆုံးရက်

" ဗိုက်ကြီးသည်များ အပြေးပြိုင်ပါ "~~~~~~~~~~~~~~~~~~~~~~~~ - ဘာသာပြန် စာရေးဆရာအချို့နှင့် စာပေတိုက် အချို့ကို ဗိုက်ကြီးသ...
22/12/2019

" ဗိုက်ကြီးသည်များ အပြေးပြိုင်ပါ "
~~~~~~~~~~~~~~~~~~~~~~~~
- ဘာသာပြန် စာရေးဆရာအချို့နှင့် စာပေတိုက် အချို့ကို ဗိုက်ကြီးသည်များနှင့် နှိုင်းယှဥ်လိုပါ၏။
- ကျွန်ုပ်သည် ဆရာကြီး လှသမိန် နှင့် မောင်ခင်မင် (ဓနုဖြူ) တို့၏ မြန်မာစာ အရေးအသားနှင့် ပတ်သက်သော စာအုပ်များကို အနည်းငယ် ဖတ်ရှုလေ့လာမိပါသည်။ ထိုအခါ မြန်မာဘာသာပြန် ၀တ္ထုစာအုပ်များ၌ သတ်ပုံမှားသော၊ သဒ္ဒါမှားသော ၊ အဓိပ္ပါယ် ကောင်းစွာ နားမလည်နိုင်သော ဝါကျ မြောက်များစွာကို တွေ့ရှိလာရပါသည်။ ပို၍ အံ့သြ ရင်နာဖို့ ကောင်းသည့် အချက်မှာ ထိုသူများထဲတွင် ဘာဆုနှင့်ညာဆုများ ရရှိထားသူများပင် ပါဝင်နေလေ၏။ ကျွန်ုပ်သည် ဘာသာပြန် ဆုရထားသည့် စာအုပ်အချို့ကို မောင်ခင်မင်၏ မြန်မာစာ အရေးအသား လမ်းညွှန်မှုများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရာတွင်လည်း အမှားများကို ထပ်မံတွေ့ရှိလာရပြန်ပါသည်။ စာအုပ်တအုပ်သည် မည်သည့် အကြောင်းများကြောင့် ဆုရသင့်ပါသနည်း။
- ကျွန်ုပ်တို့ အများစုသည် အရည်အချင်းကို အဓိက မထားသော " အလုပ်အမြန်ပြီးဖို့က အဓိက " ဟု ခံယူထားသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ကြသည်။ ထို့ကြောင့် အရည်အချင်း မကောင်းသော အလုပ်အပေါ်တွင် မရှက်ကြ၊ တာဝန်မယူကြဘဲ ၊ သတ်မှတ်ချိန်ထက် ဆောလျင်စွာ ပြီးမြောက်မှု အပေါ်တွင်သာ ဂုဏ်ယူနေကြလေတော့သည်။ ထို့ကြောင့် အရည်အချင်း မပြည့်မီနိုင်သော လမ်းတံတားများ ၊ အဆောက်အအုံများ ၊ ဘာသာပြန် စာပေအရေးအသားများ ထွက်ပေါ်လာခဲ့ပါတော့၏။ ယခုအခါ အရည်အချင်း ကောင်းမွန်သည့် အခြေအနေ များကို တွေ့လာရပြီ ဖြစ်ပါ၏။ စမတ်စီးတီး များပင် ပေါ်ထွက်လာသည်မှာ ဂုဏ်ယူစရာ ဖြစ်ပါ၏။

- စာရေးဆရာ အချို့သည် စာအုပ်တအုပ်ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစလွယ် ဘာသာပြန်နိုင်ခြင်း အပေါ် ဂုဏ်ယူနေကြသည်မှာ အံ့အားသင့်စရာ ဖြစ်ပါသည်။ မြန်ခြင်း နှင့် ကောင်းခြင်း ယှဥ်တွဲနေသည်မှာ ဆရာမြသန်းတင့်ကဲ့သို့ မြန်မာစာလေ့လာမှု အားကောင်းသူအတွက် ဆိုဖွယ်ရာမရှိပါ။ ဆရာမြသန်းတင့်သည် ကမ္ဘာကျော် စာအုပ် ဖြစ်ရုံမျှနှင့် ဘာသာပြန်ခြင်း မပြုခဲ့သည်မှာ အံ့သြလေးစားစရာ အချက်ဖြစ်ပါ၏။ စာဖတ်သူများ သိသင့် ဖတ်သင့်သော စာအုပ်များကိုသာ ဘာသာပြန်ခဲ့ခြင်း ဖြစ်ပါသည်ဟု ပြောခဲ့လေ၏။
- ဘာသာပြန် စာအုပ်အကြောင်း ပြောရလျှင် စာရေးဆရာနှင့် ထုတ်ဝေသူ အချို့သည် မိမိတို့ ဘာသာပြန်စာအုပ် အမြန်ဆုံး ထွက်ရှိရောင်းချနိုင်ရေးကိုသာ အဓိက ထားနေကြလေသည်။ မူရင်း၀တ္ထုစာအုပ်များမှာ နဂိုကပင် လူကြိုက်များကာ ကျော်ကြားပြီးသား ဖြစ်ကြပါ၏။ ထို့ကြောင့် သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် အလျင်အမြန် ငါးပွက်ရာ ငါးစာချနေကြလေ၏။ ဘာသာပြန်သူများကိုညဆင်ဖြူတော်မီပြီး ကြံစုပ်သူများဟုလည်း ဆိုချင်မိပါသည်။ ဆင်ဖြုတော်ကို တန်ဖိုးထားသင့်သလို မိမိ၏ ဆင်ဖြူတော်ပေါ် စောင့်ရှောက်ရာတွင်လည်း သစ္စာရှိသင့်ပါ၏။ ဆင်ဖြူတော်ကြောင့် လာကြည့်ကြသော စာဖတ်သူများအပေါ် စေတနာ ထားသင့်ပါသည်။
- ကျွန်ုပ်နေထိုင်သည့် ကားကြီးဝင်း ပတ်ဝန်းကျင်၌ ကွမ်းယာဆိုင်ဖွင့်၍ အဆင်ပြေနေလျှင် ဘေးခြင်း ကပ်လျက်၌ပင် ဆိုင်များ ထပ်ဖွင့်ကြသည်။ စီးပွားပြိုင်ဖက် ဖြစ်လာကြသောအခါ တဦးနှင့်တဦး မခေါ်နိုင်မပြောနိုင် ဖြစ်လာကြတော့သည်။ ကျွန်ုပ်တို့လူမျိုးသည် ဒါနအရာတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး ဖြစ်ကြသလို ၊ မနာလို ဝန်တိုမှုများတွင်လည်း အားကောင်းနေကြသည်ကို တွေ့ရတတ်ပါသည်။ ကားကွင်းတောင်ဘက်ရှိ သာယာ၀တီမင်းကြီး လမ်းပေါ် ၇၄x၇၅ လမ်းကြားအတွင်း၌ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ အမည်ဖြင့် ထီဆိုင် လေးဆိုင်ရှိနေပါ၏။ ပိုင်ရှင်ခြင်းမတူကြပါ။ အပြိုင်အဆိုင် မဲဆွယ် ရောင်းချနေကြလေ၏။ အကြံတူလျင် ရန်သူဟု မသတ်မှတ်ဘဲ ဝါနုသူများကို လက်တွဲခေါ်ဆောင်သင့်ပါ၏။ သီချင်းတပုဒ်ကိုပင်လျှင် စတိုင်အမျိုးမျိုး ဆိုနေကြခြင်းကို လက်ခံနေကြပေသေးသည်။ ပရိသတ်ကလည်း မိမိနှစ်သက်ရာစာအုပ်ကို အားပေးကြပေလိမ့်မည်။
- နာမည်ကျော် စာရေးဆရာ၏ ကမ္ဘာကျော်စာအုပ် တအုပ်ကို အလုအယက် ဘာသာပြန်ကာ ထုတ်ဝေနေကြပါသည်။ ကျွန်ုပ်တို့ စာဖတ်သူများအတွက် စာရေးသူကို ရွေးချယ်နိုင်သဖြင့် သတင်းကောင်း ဖြစ်ပါ၏။ စေတနာဖြင့် ဘာသာပြန်မှုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်သူများကို လေးစားပါ၏။ ဦးညွတ်ပါ၏။ လူငယ်များကိုယ်စား ကျေးဇူးတင်ပါ၏။ ကျွန်ုပ်စာကြည့်တိုက် ဖွင့်ရသည့် ရည်ရွယ်ချက်များတွင် လူငယ်များ ကမ္ဘာကျော် ဘာသာပြန် စာအုပ်ကောင်းများ ဖတ်နိုင်ကြစေရန်နှင့် မြန်မာစာ အရေးအသား တိုးတက်စေရန်တို့ ပါဝင်သည်။ ကျွန်ုပ် ယခု ရေးသောစာမှာ စာဖတ်သူ လူငယ်များကိုသာ ရည်ရွယ်၍ ရေးသားခြင်း ဖြစ်ပါ၏။
- ကျွန်ုပ်တို့သည် မိမိအမှားကို ဝန်ခံရန် ခက်ခဲကြပါသည်။ ခေါင်းမာကြပါသည်။ ဆင်ခြေဆင်လက်များ နှင့် ဉာဏ်နီဉာဏ်နက်များသည်လည်း ခေါင်းထဲတွင် အပြည့် ရှိနေတတ်ကြပါ၏။ မူရင်းစာအုပ်တအုပ်ကို ဆရာနှစ်ယောက်က ဘာသာပြန်ပြီး ထုတ်ဝေကြရာတွင် တအုပ်မှာ ရောင်းကောင်းပြီး တအုပ်မှာ ရောင်းမစွံခဲ့ပါက အဖြေမှာ ရှင်းပါ၏။ ဘာသာပြန် အရေးအသား မစွံသောကြောင့် သို့မဟုတ် စာဖတ်သူတို့က မနှစ်သက်ကြသောကြောင့် ဖြစ်ပေလိမ့်မည်။

- ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်သည် မိမိမွေးဖွားမည့် ရင်သွေးတွင် အလုံးစုံ ပြည့်စုံချင်ကြပါသည်။ ဇနီးဖြစ်သူ ကိုယ်ဝန်ရှိစဥ်က ကျွန်ုပ်တို့ လင်မယား နေ့စဥ်ဆုတောင်းဖြစ်ကြသည်မှာ အပိုအလို မရှိသော ရင်သွေးလေး မွေးဖွားစေရန်သာ ဖြစ်ပါ၏။ ခြေငါးချောင်း လက်ငါးချောင်း အပိုအလို မရှိစေရန်။ အသိဉာဏ် အရေအသွေးများ အပိုအလို မရှိစေရန် ဖြစ်ပါ၏။ နေ့စေ့လစေ့ သဘာဝအတိုင်း မွေးဖွားရန်လည်း ပါပါသေး၏။

- ဘာသာပြန် စာရေးသူများသည် ကိုယ်၀န်ဆောင် အမျိုးသမီး ကဲ့သို့သော စိတ်ဓာတ်ကောင်းများ ရှိသင့်ပါ၏။ ဘာသာပြန်ထားသည့် စာအုပ်ကို ၀မ်းနှင့် လွယ်မွေးရသည့် ရင်သွေးများ သဖွယ် သဘောထား စေချင်ပါသည်။ သို့သော် စာရေးသားရာတွင် အပိုအလို မပါအောင် ဆုတောင်းနေစရာ မလိုဘဲ သတိထားပြုပြင်လို့ ရပါသည်။ မြန်မာစာ အထူးတတ်ကျွမ်းသည့် ဆရာများထံ ပြသ၍လည်း ပြုပြင်နိုင်ပါသေး၏။ ကိုယ်ဝန်သည်သည် နေ့လမစေ့ဘဲ ဗိုက်ခွဲမွေးဖွားခဲ့ပါက ပြည့်စုံသော ရင်သွေးငယ်ကို ရရှိနိုင်မည် မဟုတ်ပေ။ ထို့အတူ ဘာသာပြန် စာရေးသူများသည်လည်း မိမိရင်သွေး စာအုပ်ကို ပြည့်စုံသော စစ်ဆေးမှုများ ပြုလုပ်ပြီးမှ မွေးဖွား ထုတ်ဝေသင့်ပါ၏။ အလောတကြီး ဘာသာပြန်ကြကာ ငွေရရင်ပြီးရော သူများထက် စောထွက်လျင် ပြီးရောဆိုပြီး မထုတ်ဝေသင့်ပါဟု ပြောလို၏။ သို့မဟုတ်ပါက သတ်ပုံအမှား၊ သဒ္ဒါအလွဲ၊ ဝါကျတည်ဆောက်ပုံ အချိုးမကျသော ကျပ်မပြည့်သော စာအုပ်များသာ ထွက်ပေါ်လာပေလိမ့်မည်။

- ကျပ်မပြည့်သော စာအုပ်များ၏ အကျိုးပြုခြင်းလည်း ရှိပါ၏။ နေ့စဥ် ပြောဆိုရေးသား နေသမျှတို့သည် လောကီကိစ္စရပ်များသာ ဖြစ်ကြလေရာ အကောင်းဆုံး မရှိနိုင်သလို ၊ အဆိုးဆုံးလည်း မရှိနိုင်ကြပါ။ နေ့မစေ့ လမစေ့၊ ဗိုက်ခွဲ မွေးဖွားထားရသော ဘာသာပြန် စာအုပ်များကို လက်ညှိုးညွှန်ကာ ကောင်းကျိုးဆောင်နိုင်ပါ၏။ ဘာသာပြန် စာရေးဆရာ ဖြစ်ချင်သည့် စာရေးဆရာလောင်းများအား အောက်ပါအတိုင်း ပြောကြားနိုင်ပါ၏။

- " သင်တို့သည် ဤစာအုပ်ကဲ့သို့ အချိန်တိုအတွင်း ပြီးစလွယ် ဘာသာပြန်ထားခြင်း၊ ငွေရရင်ပြီးရော သဘောနှင့် ကမ္ဘာကျော် စာအုပ်များကို ဖျက်ဆီး ရေးသားခြင်းမျိုး မပြုလုပ်ကြပါနှင့် "

- ကောင်းမွန်သေသပ်ခြင်းကို ဂရုမစိုက်ကြဘဲ၊ ဂုဏ်မယူကြဘဲ လျင်မြန်ခြင်း တခုကိုသာ တန်ဖိုးထားချင်ကြသော ဘာသာပြန် ဆရာများနှင့် စာပေတိုက်များကို အကြံပြုလိုပါသည်။ အပြေးပြိုင်ပွဲ ဝင်ပြိုင်ခြင်းသည်သာ သင်တို့အတွက် အသင့်လျော်ဆုံး ဖြစ်ပါသည်ဟု ခနိုးခနဲ့ ပြောကြားလိုက်ချင်ပါသတည်း။

လပ်ကီးချမ်း မန္တလေး အခမဲ့ စာကြည့်တိုက်
Lucky Charm Free Library , Mandalay
Sunday , 22 December , 2019.

Address

Chanmyashwepyi Bus Station , PyiGyiDagon Township
Mandalay City

Telephone

+959444112291

Website

Alerts

Be the first to know and let us send you an email when Lucky Charm Free Library Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category