Reader Myanmar

Reader Myanmar စာဖတ်သော လူမျိုးတိုင်း တိုးတက်၍
တို

အလိမ္မာစာမှာ ရှိ ဆိုတဲ့အတိုင်း စာကောင်းလေးတွေ ဖတ်ရအောင် စုစည်းတာပါ
မူရင်းရေးသားသူ စာရေးသူများကို အားပေးကြပါခင်ဗျာ၊ သူတို့ရေးလို့ အားလုံးဖတ်ရတာပါ

Thanks :)

မြန်မာ့သမိုင်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်၌ နိုင်ငံ့ခေါင်းဆောင်များ ကျဆုံးခဲ့သည်။လွတ...
18/07/2017

မြန်မာ့သမိုင်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်၌ နိုင်ငံ့ခေါင်းဆောင်များ ကျဆုံးခဲ့သည်။
လွတ်လပ်ရေးကို အသက်ပေါင်းများစွာဖြင့် လဲခဲ့ရသည်။
ု့အားလုံးဟာ သူရဲကောင်းတွေရဲ့ မျိုးဆက်ဖြစ်သည်။
နိုင်ငံ့သားကောင်းများ နိုင်ငံကြီးသားပီသသူများ ဖြစ်ကြပါစေ။

18/07/2017

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။

လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

11/07/2017

" အသုံးမကျတဲ့လူ မဖြစ်စေနဲ့ "
===================

- အသက်(၃၅) နှစ် ပြည့်တဲ့ အချိန်ထိ

- ခင်ဗျားဟာ တီဗီလေး ရေခဲသေတ္တာလေးတစ်လုံးတောင်

- မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို

- သနားနေလိမ့်မယ် မထင်နဲ့။

- ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့်

- ခင်ဗျား ကျရှုံး ခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ

- ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ လျှော်ပေးလိမ့်မယ် မထင်နဲ့။

- ကလေးကွက် နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

- ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့ အခါရော။

- ဘယ်သူကမှ ခင်ဗျားကို စာနာလို့ ဆိုပြီးတော့

- ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

- မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။

- ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့

- ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

- မိသားစု ဆင်းရဲလို့ ချမ်းသာ မလာတာပေါ့။ ဟုတ်သလား။

- အသိပညာ မဆင်းရဲ စမ်းပါနဲ့။

- ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက်

- ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့

- ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

- ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

- ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

- စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

- ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။

- ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို

- ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ ကို

- ဆာလောင် မွတ်သိပ် လာတယ်။

- အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။

- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ

- ကျရှုံးခဲ့ရင်တောင် အဲဒီ ကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး

- ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့

- ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

- ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။

- ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။

- ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။

- ငွေပုံ ရှိရာ လမ်းရယ်၊ အိမ် အပြန် လမ်းရယ်။

- နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။

- ရပ် မနေနဲ့နော်။

- ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

*Alibaba ရဲ့ Founder Jack Ma ၏ရဲရဲတောက်စကားများ

Credit မြန်မာအင်တာနက်စာကြည့်တိုက် ။

10/07/2017

"အပိန်နှင့် အပဲ့တို့၏ သမိုင်း" (မစန္ဒာ)

ဦးကြီး ဦးဘတူ မျက်မှောင်ကြီးကုတ်ထားတာကို လှမ်းတွေ့လိုက်တော့ တစ်စုံတစ်ခု အလိုမကျဖြစ်နေပြီဆိုသည်ကို မောင်ကိတ် ချက်ချင်းသိလိုက်သည်။ သူ့ဦးကြီးက အငြိမ်းစားယူထားပြီ ဖြစ်သော်လည်း တစ်သက်လုံး ကျောင်းဆရာလုပ်လာသူဆိုတော့ တွေ့သည့်လူတိုင်းကို သူ့တပည့်ဟု ထင်နေတတ်သူဖြစ်သည်။ ထို့ကြောင့် သူ စိတ်တိုင်းမကျလျှင် မကျသလို၊ အမြင်မတော်လျှင်လည်း မတော်သလို အချိန်အခါ နေရာမရွေး လူမရွေးဘဲ ဆူတတ်၊ ပူတတ်၊ အော်တတ်၊ ငေါက်တတ်သူဖြစ်သည်။ တစ်ခါတစ်ရံလည်း ဘာမှမဆိုင်သော ဘေးလူကိုပါ အဖျားခတ်တတ်သေးသည်
“နှုတ်ခမ်းလည်း မကွဲ သွားလည်း မကျဲ လျှာလည်းမပြဲဘဲနဲ့ မြန်မာစကားကို မြန်မာက ဘာလို့ ပီအောင် မပြောနိုင်ရတာလဲကွ… ဟေ… ”
ဦးကြီး၏အသံက ဟိန်းထွက်လာတော့ မောင်ကိတ် ခြေလှမ်းတုံ့သွားသည်။ အိမ်ထဲမ၀င်တော့ဘဲ အသာလေး လှည့်ပြန်ရရင် ကောင်းမလားဟု စဉ်းစားမိသည်။ သို့သော် သူ့အကြံက အတန်ငယ်နောက်ကျသွားတော့ မျက်စိလျင်လှသော ဦးကြီးက သူ့ကို လှမ်းမြင်ပြီးဖြစ်သွားသည်။
“သည်ခေတ်ကလေးတွေက ဘာဖြစ်နေကြတာလဲကွဟေ၊ စလုံးနဲ့ ဆလိမ်မကွဲတော့ဘူးလား”
“ဘာမကွဲလို့လဲ ဦးကြီး”
မောင်ကိတ် ဦးကြီးရှေ့က ကုလားထိုင်တွင် ခပ်ယို့ယို့ ၀င်ထိုင်သည်။ ဦးကြီးဘေးတွင် ထိုင်နေသော ဒေါ်ကြီးကတော့ ကွမ်းလေးတမြုံ့မြုံ့ ၀ါးရင်း မောင်ကိတ်ကို ပြုံးပြသည်။
“ဆလိမ်အသံထွက်တွေကို စလုံးအသံတွေ ထည့်ပြောနေတာလေ။ စွဲစောင့်တဲ့၊ စောင်ရွက်တဲ့၊ စုံးမတဲ့၊ စောက်လုပ်တဲ့၊ လုပ်စောင်တဲ့… ကဲ…”
ဒေါ်ကြီးက နားနည်းနည်းလေးတော့ တော်ရုံတန်ရုံအသံကို မကြားချေ။ သို့သော် ဦးကြီးပြောသမျှကိုတော့ မကြားမရှိ အကုန်ကြားသည်။ ဒေါ်ကြီးက နား ချက်ချင်းကောင်းသွားသောကြောင့်တော့ မဟုတ်၊ ဦးကြီး၏အသံက ကျယ်လွန်းသောကြောင့်ဖြစ်လေသည်။
“သူ့ဟာသူ ဆောက်လုပ်ချင်လုပ်၊ စောက်လုပ်ချင်လည်း လုပ်၊ နားလည်တာကတော့ နားလည်နေတာပဲ မဟုတ်လား ကိုတူကြီးရယ်…”
ဒေါ်ကြီးက ဦးကြီးဘတူကို ကိုတူကြီးဟု ခေါ်လေ့ရှိသည်။ ဦးဘတူဟူသောအမည်မှ နောက်ဆုံးအလုံးကို ဆွတ်ပြီး ခေါ်ခြင်းမဟုတ်။ ဟို့လူကိုထု သည်လူ့ကိုထုနှင့် ထုရန်နှက်ရန် ၀ါသနာပါလွန်းသောကြောင့် ကိုတူကြီးဟု ခေါ်ခြင်းဖြစ်လေသည်။
ဒေါ်ကြီးက နာမည်အပေးကောင်းသည်။ ငယ်စဉ်က ကိတ်မုန့် အလွန်ကြိုက်သော သူ့ကို “မောင်ကိတ်”ဟု အမည်ပေးခဲ့သည်မှာလည်း ဒေါ်ကြီးပင်ဖြစ်သည်။ ဒေါ်ကြီး၏ ကျေးဇူးကြောင့် ဆွေတော်အပေါင်း မျိုးတော်တစ်သောင်းသည် သူ၏ အမည်ရင်း “မျိုးမင်းနိုင်”ဟူသည်ကို မည်သူမျှမခေါ်။ အချို့ဆိုလျှင် သိပင်မသိ။ ကြီးသူတွေက မောင်ကိတ်၊ ငယ်သူတွေက အစ်ကိုကိတ်၊ ချာတိတ်တွေက လေးလေးကိတ်နှင့် တစ်ကိတ်တည်း ကိတ်နေကြလေသည်။
“ဟေ့… သည်မှာ မောင်ကိတ်”
“ဗျာ… ဦးကြီး”
“မြန်မာစကားနဲ့ မြန်မာစာကို ဘယ်သူတွေ ဖျက်ဆီးနေတာလဲ သိလား”
“နိုင်ငံခြားသားတွေ”
မောင်ကိတ်က ပစ်၍မလွဲနိုင်ဟုယူဆသောအဖြေကို လျှာသွက်အာသွက်နှင့် အလျင်စလို ဖြေလိုက်သည်။ ဦးကြီးခမျာ မျက်ခုံးမွေးဖြူဖြူကြီး နှစ်ဖက်ကုပ်ရုံသာမက မျက်နှာကြီးပါ ရှုံ့သွားသည်။
“မင်းအမေ နိုင်ငံခြားသားလားကွ။ မြန်မာစာမြန်မာစကားကို ဖျက်နေတာ မြန်မာတွေပဲ… ဟကောင်ရ”
ဦးကြီးက အားရပါးရ အော်လိုက်သည်မှာ နားလေးနေသော ဒေါ်ကြီးကပင် “တိုးတိုးပြောစမ်းပါတော်”ဟု ပြောယူရသည်။
“ပြောပြန်ရင်လည်း အသံမမှန်၊ ရေးပြန်တော့လည်း သဒ္ဒါမမှန်၊ တာတေကို လန်နေကြတာပဲ။ ခုနတုန်းက မင်းရဲ့ ဒေါ်ကြီးက ပြောတယ်။ နားလည်တာကတော့ နားလည်နေတာပဲ… တဲ့။ မင်းဘယ်လို သဘောရလဲ။ ဆောက်လုပ်ဆိုတာကို စောက်လုပ်လို့ ပြောနေတာကို ဘယ်လိုလုပ်ပြီး နားလည်ရမှာလဲ။ အဲဒီစကားနှစ်ခွန်းဟာ အများကြီးလွဲတယ်။ အများကြီးကွဲသွားတယ် အဓိပ္ပာယ် မတူဘူး။ အသံထွက်လည်း မတူဘူး”
“ဟုတ်တာပေါ့”
မောင်ကိတ်က ခေါင်းညိတ်သည်။ ဟုတ်ပါသည်။ မှန်ပါသည်။
“ပြောချင်သလို ပြောကြ… ပြင်မယ့်သူလည်း မရှိ”
“ရှိပါတယ်တော်… မြန်မာ့ရုပ်သံမှာ မြန်မာစာမြန်မာစကား၊ မြန်မာသဒ္ဒါတွေအကြောင်း ညနေပိုင်းလာတာတွေလေ။ မှားလေ့ရှိတာ မှားနေကြတာတွေကို ဇာတ်လမ်းလေးတွေဆင်ပြီး ပြနေတာ ဘယ်လောက်ကောင်းလဲ”
“အေး… ဟုတ်တယ်။ အဲဒီကဏ္ဍသိပ်ကောင်းတယ်”
ဦးကြီးက ချက်ချင်းထောက်ခံသည်။ ထို့နောက် မောင်ကိတ်ဘက်ကို လှည့်ပြီး…
“မင်း ကြည့်ဖြစ်ရဲ့လား မောင်ကိတ်။ သိပ်ကောင်းတယ်နော်”ဟု ပြောသည်။ မောင်ကိတ်က သွားလေးဖြီးကာ ငြိမ်နေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် သူမကြည့်ဖြစ်။
“အဲဒါတွေ ခက်တာပေါ့ကွ။ မင်းတို့ လူငယ်တွေဟာ ငှက်ပျောသီးကို အသားလွှင့်ပစ်ပြီး အခွံသာစားတတ်ကြတာမျိုးတွေ။ ကိုးရီးယားကားကျတော့မှ တီဗွီရှေ့ကို တ၀ုန်းဝုန်းပြေးလာတတ်ကြတဲ့ဟာတွေ”
ဦးကြီးက မကျေမနပ်ပြောသည်။ သည်လိုပုံစံနှင့်ဆိုလျှင် ဦးကြီးဆီက ဇိနတ္တပကာသနီစာအုပ်ငှားဖို့ပင် လွယ်ကူလိမ့်မည်မဟုတ်။ အမေက သူ၏ အစ်ကိုကြီးအကြောင်း အတွင်းသိမို့…
“အမေလည်း မျက်မှန်အသစ်လုပ်ပြီးမှ စာဖတ်လို့ကောင်းနေတာ။ အစ်ကိုကြီးဆီက စာအုပ်ငှားရမှာလည်း ခပ်ကြောက်ကြောက်ရယ်။ သူက သူ့စာအုပ်ကို သိပ်နှမြောတာ။ ငါ့သား အခြေအနေကိုကြည့်။ မင်းဦးကြီး စိတ်ကြည်ကြည် လင်လင် ရှိမှပြော”ဟု မှာလိုက်ရှာသည်။ အမေမမှာလိုက်လျှင်လည်း မောင်ကိတ်ကတော့ ဦးကြီးဆိုလျှင် ကြောက်ပြီးသားဖြစ်သည်။ သူငယ်ငယ် ကျောင်းနေခါစ လက်ရေးဆိုးလွန်းတုန်းက လက်ဆစ်ကို ပေတံနှင့်ခေါက်ပြီး လက်ရေးလှသင်ခံသူမို့ ငယ်ကြောက်ဖြစ်သည်။ ဦးကြီးကိုဆိုလျှင် အသံကြားရုံနှင့်ပင် လက်ဆစ်ကလေးတွေက ယခုတိုင် နာချင်ချင်နှင့်ကျင်နေဆဲဖြစ်သည်။
“မနေ့တုန်းကပဲ လုံးချင်းစာအုပ်ကောက်ဖတ်မိပါတယ်။ စာရေးဆရာက အရေးအသားလေး မဆိုးပါဘူး။ ဦးတည်ချက်လည်း ရှိပါရဲ့။ ဒါပေမယ့် သဒ္ဒါတွေမှားလိုက်တာ သောက်သောက်ကို လဲလို့”
ဦးကြီးက သူ၏ ဘေးမှ ရေနွေးကြမ်းခွက်ကို ကောက်ယူ၍ တကွတ်ကွတ်နှင့် မော့ချသည်။ ဦးကြီး၏ ရေနွေးကြမ်းခွက်မှာ တစ်ငုံစာလောက်သာဆန့်သော သမားရိုးကျခွက် မဟုတ်ချေ။ ထိုခွက်မျိုး ငါးလုံးစာဆန့်သော ဟင်းသောက်ပန်းကန်လုံးဖြစ်သည်။ အနားတွင် ရွှေရေးသုံးရစ်ရှိသော ကြွေပန်းကန်ပါးပါးလည်း ဖြစ်သည်။ ထိုလှလှပပ ပန်းကန်လေးနှင့် မလိုက်ဖက်သည်က ဒန်ရေနွေးကြမ်းအိုးဖြစ်သည်။ ဦးကြီး၏ ရေနွေးကြမ်းအိုသည်ကား ဦးကြီး၏စိတ်ကြိုက်အတိုင်း ရေနွေးများများ ဆန့်သော်လည်း ဒန်အညှိတက်ကာ မလှပသည်ကား အမှန်ပင်။ ခွက်ကို ကြွေခွက်မှ ကြိုက်သော်လည်း အိုးကိုတော့ ဦးကြီးက ကြွေအိုးမကြိုက်ပြန်။
“အထဲမှာ ရေနွေးတွေနဲ့မို့ လေးရတဲ့အထဲ ကြွေအိုးဆိုပြန်တော့ ပိုလေးတာပေါ့။ ဒန်ကတော့ ပေါ့တယ်။ သည်အိုးကို ခဏ ခဏမပြီး ငှဲ့နေရတာ ပေါ့ပေါ့ပါးပါးပဲ ကောင်းတယ်”ဟု ပြောတတ်သည်။
“ဥပမာကွာ… ငါ ပြောပြမယ်။ “ ကိုကိုကြီးသည် ဒေါသတကြီးနှင့် သင်းသင်းကို လှမ်းကြည့်လိုက်သည်” တဲ့… “ကဲ… မှန်လား မှားလား”
မောင်ကိတ်က ခေါင်းကုတ်ရင်း “မှန်သားပဲဟာ” တွေးသည်။ ထို့နောက် “မှားတယ်ထင်တယ်”ဟု ချက်ချင်း ပြန်တွေးသည်။ သည်လို အရေးအသားမျိုးတွေက ခဏ ခဏတွေ့နေရတော့ မှန်လား မှားလားပင် ချက်ချင်း စဉ်းစား၍ မရချေ။
“မင်းတို့လည်း ငယ်ငယ်ကတည်းက သင်ခဲ့ရတာပဲ။ နာမ၀ိသေသနဆိုရင် နာမ်ရဲ့ရှေ့မှာ ကပ်နေရတယ်၊ ကြိယာဝိသေသနဆိုရင် ကြိယာရှေ့မှာ ကပ်နေရတယ်ဆိုတာလေ”
“ဟုတ်”
အဲဒီမှာ ဒေါသတကြီးက သင်းသင်းရဲ့ရှေ့မှာ ကပ်နေတော့ ဒေါသကြီးတာက သင်းသင်း ဖြစ်မနေဘူးလား”
မောင်ကိတ်ခေါင်းညိတ်သည်။ ဒေါ်ကြီးကတော့ မညိတ်။
“သည်နေရာမှာ သင်းသင်းက ဒေါသကြီးတာမဟုတ်ဘူးဆိုတာကို ရှင်လည်းနားလည် ကျုပ်လည်း နားလည် မောင်ကိတ်လည်း နားလည်တာပဲ ကိုတူကြီးရယ်”
“ဟ… နားလည်ပေမယ့် မှားနေတယ်ဟ”
“အမှန်က ကိုကိုကြီးသည် သင်းသင်းကို ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်သည်။ အဲဒီလိုရေးရမှာနော် ဦးကြီး”
“အေးပေါ့ကွာ… ရေးထုံးပျက်နေတာတွေကို ပြောတာပါ။ ‘မြမြသည် မျက်စောင်းလေးတ၀ဲဝဲနှင့် မောင်မောင့်ကို မခို့တရို့ကြည့်သည်။ ‘ရွှံ့တွေပေနေသော ကျားဘိုသည် ပါးစပ်ထဲတွင် အမဲရိုးကြီးနှင့် မောင်မောင့်ဆီသို့ ပြေးလာသည်’ ဆိုတာမျိုးလေးတွေလေ။ အမှန်က မောင်မောင့်ကို မျက်စောင်းလေးတ၀ဲဝဲနှင့် မခို့တရို့ကြည့်သည်။ မောင်မောင့်ဆီသို့ ပါးစပ်ထဲတွင် အမဲရိုးကြီးနှင့် ပြေးလာသည်လို့ ဖြစ်ရမှာပေါ့။ အခုတော့ ကြိယာကို အထူးပြုတဲ့ ကြိယာဝိသေသနကို နာမ်ရှေ့မှာ သွားကပ်ထားတတ်တာမျိုးတွေလေ။ မှားလို့တောင် မှားမှန်းမသိတော့ဘူး”
ဦးကြီး၏ လေရှည်ကြီးအဆုံးတွင် ဒေါ်ကြီးက တဟင်းဟင်းရယ်သည်။ ဒေါ်ကြီးရယ်သံက သိပ်မကျယ်သော်လည်း နားမလေးသော ဦးကြီးက ကောင်းစွာကြားလေသည်။ သည်ကမ္ဘာ သည်လောကတွင် ဦးကြီးမနိုင်သောသူဟူ၍လည်း ဒေါ်ကြီးတစ်ယောက်သာ ရှိလေသည်။
“မင်းက ဘာရယ်တာလဲ”
“သည်နေရာမှာ မောင်မောင်က မျက်စောင်းလည်း မ၀ဲဘူး။ အမဲရိုးကြီးကိုလည်း ကိုက်မထားဘူးဆိုတာ ရှင်းနေတာပဲဟာ… ဖတ်တဲ့သူက သိပါတယ် ကိုတူကြီးရဲ့”
“အေး… သိတာပေါ့။ သိတာက ဉာဏ်နဲ့ယှဉ်ပြီးသိရတာ။ သဒ္ဒါမှားတာကတော့ မှားနေတာပဲ”
“မှားရင်လည်း သက်ဆိုင်ရာလူတွေရှိတယ်။ ပြင်ကြလိမ့်မယ်။ ရှင်က အနေသာကြီးပါနော်”
“ငါလည်း မနေသာဘူး၊ မင်းလည်း မနေသာဘူး၊ ဒါဟာအားလုံးနဲ့ ဆိုင်တယ်”
မောင်ကိတ်က စိတ်ထဲမှနေပြီး “ဟုတ်တာပေါ့”ဟု ထောက်ခံလိုက်မိသည်။ တစ်ဖက်မှလည်း ငါ့အမေတော့ ဇိနတ္တပကာသနီနှင့် ဝေးပါပြီဟု တွေးလိုက်မိသေးသည်။ ဦးကြီးနှင့် ဒေါ်ကြီး နှစ်ဦးစလုံးက အငြင်းသန်ကြသည်။ ငြင်းမိပြီဆိုလျှင် ဘယ်သူမှမလျော့တတ်။ နှစ်ဦးစလုံးကလည်း ကော်တော်တော် ကပ်တပ်တပ်များ ဖြစ်ကြသည်မို့ သူတို့၏သမီး မဘူးသီးက ကြားထဲမှ မောင်ကိတ်ကို အားနာသလိုကြည့်နေရင်း…
“အစ်ကိုကိတ် ကော်ဖီသောက်ဦးလေ”ဟု ဧည့်ဝတ်ပြုရှာသည်။
“တစ်နေ့တုန်းက ဈေးထဲမှာ ဒန့်သလွန်နဲ့တောင် တွေ့ခဲ့သေးတယ်”ဟု ၀င်ပြီး စကားဖြတ်ရှာသည်။
ဘူးသီးနှင့် ဒန့်သလွန်တို့ကြောင့် ကြားရသူများ အာရုံရှုပ်၊ နားရှုပ်သွားလေ့ရှိသည်။ စင်စစ် သူတို့နှစ်ဦးမှာ လူသားစင်စစ်များ ဖြစ်ကြသည်။ အမည်ပေးကောင်းသူ ဒေါ်ကြီး၏လက်ချက်နှင့် အသီးအနှံဘ၀သို့ ပြောင်းသွားကြရရှာခြင်း ဖြစ်သည်။ ဒေါ်ကြီး၏သမီးအရင်း မောင်ကိတ်၏ညီမ၀မ်းကွဲဖြစ်သူ မဘူးသီးမှာ ခါးသေးပြီး ခန္ဓာကိုယ်အောက်ပိုင်း ကြီးလေသည်။ မောင်ကိတ်၏ ညီမအရင်းဖြစ်သူ ဒန့်သလွန်ကတော့ ကိုယ်ဟန်နွဲ့နွဲ့နှင့် ပိန်ပိန်ရှည်ရှည် ဖြစ်သည်။
သို့သော် မဘူးသီး ဘယ်လိုပင်ဖြတ်ဖြတ် ဦးကြီး၏ လေကြောက မပြတ်ရေးချ မပြတ်ထဲက ဖြစ်သည်။
“သည်နေ့မနက် လမ်းလျှောက်တုန်းကတောင် တွေ့ခဲ့ရတာလေ။ ဟို သွပ်ပြားကြီးတွေ ကာထားတဲ့ နေရာမှာပေါ့ ‘စည်းကမ်းမဲ့ အမှိုက်မစွန့်ရ’ တဲ့။ ကဲ… သည်တော့ ‘စည်းကမ်းရှိတဲ့ အမှိုက်ဆိုရင်တော့ စွန့်လို့ရတယ်ပေါ့’ ဟုတ်လား”
သူက တစ်သက်တာလုံး စာသင်လာသော ကျောင်းဆရာကြီး ဆိုတော့လည်း ဒါမျိုးတွေ အတွေ့များလာတော့ အူယားရှာပေလိမ့်မယ်ဟု မောင်ကိတ်တွေးမိသည်။
“သည်လိုဆိုရင် ‘စည်းကမ်းမဲ့စွာ အမှိုက်မစွန့်ရ’ လို့ ရေးရမှာလား ဦးကြီး။ ဒါမှမဟုတ်ရင်လည်း ‘အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ရ’လို့ ရေးရင်ရော”
သည်တစ်ခါတော့ ဦးကြီးက ဘာမှမပြောမီ ဒေါ်ကြီးက “အမှိုက်မစွန့်ရ ဆိုရင်ပြီးပြီဟေ့ လိုရင်းတိုရှင်းပဲ” ဟု ဦးအောင် ၀င်ပြောသည်။ ထို့နောက် “ဘယ်လိုပဲရေးထားထား အဲဒီနေရာမှာ အမှိုက်မပစ်ဖို့ တားမြစ်ထားတယ်ဆိုတာကိုတော့ လူတိုင်းနားလည်ပါတယ်”ဟု ခပ်တင်းတင်းပြောကာ ဆိုက်နေကျဘူတာကို ကမန်းကတန်း ၀င်ဆိုက်ပစ်လိုက်လေသည်။
“ရော့… အစ်ကိုကိတ်… အစ်ကိုကိတ်အကြိုက်ကိတ်မုန့်” ဘူးသီးက တင်းမာတော့မည့် အခြေအနေကို ကိတ်မုန့်နှင့် ၀င်ထိန်းသည်။ သပျစ်သီးခြောက်နှင့် သီဟိုစေ့လေးများ မြှုပ်ထားသော သစ်သီးကိတ်လေးက စားချင်စဖွယ်မို့ မောင်ကိတ် တစ်ခြမ်းလှမ်းယူလိုက်သည်။
“ကောင်းသားပဲနော်”
“ညီမ သူငယ်ချင်း မိုးကေသွယ်ဦး ပေးတာလေ”
“စကားမပီတဲ့ ကောင်မလေးလား”
ဦးကြီးက မျက်မှောင်ကြီးကုပ်လျက်ပင် မေးပြန်သည်။ ဘူးသီးက သက်ပြင်းလေး မသိမသာချရင်း မောင်ကိတ်အား လှမ်းကြည့်သည်။ သူ့အဖေရော၊ သူ့အမေရော သည်ဘူတာထဲက ထွက်ကြတော့မည်မထင်။
“အဲဒီကိတ်မုန့်ဘူးကို နင့်အမေကို လှမ်းပေးရင်း သည်မှာ အန်တီံအသွက် ကိတ်မုန့်… တဲ့”
သူ့အဖေစကားကြားတော့ ဘူးသီးခမျာ ရယ်လည်းရယ်ချင် စိတ်လည်းညစ်သွားသည်။ အမှန်စင်စစ် မိုးကေသွယ်ဦးမှာ စကားမပီသူမဟုတ်။ သို့ပါသော်လည်း အတွက်ဟူသောစကားကိုတော့ “အသွက်” “အသွက်”ဟု ခပ်ဆွဲဆွဲလေး မခို့တရို့ပြောတတ်သည်ကတော့ အမှန်ပင်။
“နောက်ပြီး သူက ပြောသွားသေးတယ်။ မြန်မာ့အသံမှာ အလုပ်လျှောက်မလို့တဲ့… သိလား… မောင်ကိတ်”
“သူက တော်တော်လှတယ် အစ်ကိုရဲ့”
“ဟ… သည်မှာဘူးသီး… ငါ့သမီးရဲ့ လူလှဖို့ထက် အသံလှဖို့ အရေးကြီးတာဟ… နင့်သူငယ်ချင်းက စလုံးနဲ့ ဆလိမ်ရောကွဲရဲ့လား”
“အဖေကလည်း ကွဲပါတယ်”
ကွဲပါတယ်ဟု ချက်ချင်းပြန်ဖြေလိုက်သော်လည်း ဘူးသီး၏ စိတ်ထဲတွင် သိပ်ပြီးတော့မသေချာချင်။ သူ၏ သူငယ်ချင်းအချို့က ဆောင်ရွက်နှင့် စောင်ရွက်တွင် စောင်ရွက်ကသာ အမှန်ဟု ထင်ပြီး တွင်တွင်အသုံးပြုကာ “သိပါဘူးဟယ် ကူညီစောင်မတယ်ဆိုတာရှိတော့ စောင်ရွက်တယ်ဆိုတာလည်း ရှိတယ် မှန်တယ်ထင်တာပေါ့” ဟု ပြောဖူးလေသည်။ အချို့က မှား၍ မှားမှန်းမသိသည်များက ရှိနေသည်။
“သည့်ပြင်လူမျိုးတွေတော့ မသိဘူး။ ငါတို့ မြန်မာလူမျိုးတွေကတော့ အသံကို အရောင်အမျိုးမျိုးနဲ့ သရုပ်ဖော်တတ်ကြတာအမှန်ပဲ၊ ကြည့်… အသံနက်ကြီးတဲ့၊ အသံဝါကြီးတဲ့၊ အသံပြာပြာတဲ့၊ နောက်ပြီး ရှိသေးတယ် အသံပြားကြီး၊ လျှာပြားကြီးနဲ့ ပြောတယ်ဆိုတာက တစ်မျိုး၊ အသံကိုက ပေါ့လျှပ်လျှပ်နဲ့လို့လဲ ပြောတတ်ကြသေးတယ်၊ တို့မြန်မာအချင်းချင်းတော့ အဆင်ကိုချောလို့၊ ဘယ်လိုအသံဟာ ဘယ်လိုဆိုတာ ချက်ချင်းသိပြီး ချက်ချင်းကြားယောင်လာတယ်”
သည်တစ်ခါတော့ ဒေါ်ကြီးခေါင်းညိတ်သည်။ “ကိုယ့်အသံကိုလည်း ကိုယ်ဘာသံလည်း သိအောင်လုပ်ဦး” ဟု ပြောသည်။ ဦးကြီးက မကြားချင်ဟန်ဆောင်နေသည်။ မောင်ကိတ်နှင့်ဘူးသီးတို့ခမျာမှာလည်း ပြုံးချင်ပါလျက် မပြုံးရဲချေ။
“သမီး သူငယ်ချင်းကိုလည်း အေးအေးဆေးဆေးပဲနေပါ။ မြန်မာ့အသံမှာတော့ အလုပ်မလျှောက်ပါနဲ့လို့ ပြောလိုက်စမ်းပါ”
“အဖေကလည်း သူက သတင်းကြေညာချင်တာ”
“သတင်းကြေညာတဲ့လူရဲ့အသံက ထူရမယ်၊ လုံရမယ်၊ ပီရမယ် သမီးရဲ့၊ အခုတော့ သူ့အသံက ပါးလျှပ်လျှပ်လေးနဲ့ “စောက်လုပ်ရေး လုပ်သားကြီးအသွက် စန်တစ်အိတ်၊ စီတစ်ပုံးပေးအပ်ခဲ့သည်” လို့ ကြေညာမလို့လား၊ ကျောင်းအုပ်စရာမကြီးက စုံးမစကားများ ပြောကြားခဲ့သည်။ နောက်ပြီး မြန်မာ့အတံမှ အတံလွှင့်နေပါသည် ဆိုတာမျိုးတွေ ကြေညာနေရင် အခက်”
သည်တစ်ခါတော့ မောင်ကိတ် မရယ်ဘဲမနေနိုင်၊ မောင်ကိတ် ရယ်တော့ ဘူးသီးနှင့် ဒေါ်ကြီးကပါ လိုက်ရယ်ကြသည်။ သူတို့ရယ်တော့ ဦးကြီး၏ မျက်မှောင်ကုပ်ကြီးလည်း အတန်ငယ်ပြေသွားသည်။
မောင်ကိတ်ကတော့ နာရီကြည့်သည်။ သူ၏ ကွန်ပျူတာ သင်တန်းက နေ့ခင်းနှစ်နာရီစမည်ဖြစ်၍ ပြန်ရန်သင့်ပြီဖြစ်သည်။ မပြန်မီ အမေမှာလိုက်သော ဇိနတ္တပကာသနီစာအုပ်ကို ငှားရကောင်းမလား မငှားဘဲနေရတော့ ရာသီဥတုကောင်းလာပြီမို့ ငှားလိုက်ရင် ကောင်းမလားဟု ချီတုံချတုံ ဖြစ်နေစဉ် လေပြင်းပြန်တိုက်သည်။
တရားခံကတော့ နှင်းဆီမွှေးသည် ဦးကြီးတို့အိမ်မှ အိမ်ဖော်ကောင်မလေးဖြစ်သည်။ သူက ဒေါ်ကြီး၏ နောက်နားတွင် ခပ်ရို့ရို့လေးရပ်ကား “အမေကြီး စီကုန်ခါနီးပြီ” ဟု ပြောသည်။
သူ၏ အသံကြားတော့ ဦးကြီး၏မျက်ခုံးမွေးကြီးနှစ်ဖက် ချက်ချင်းပြန်ကုပ်သွားသည်။
“ဆန်ရောရှိသေးလား”
ဒေါ်ကြီးက မေးခြင်းမဟုတ်။ ဦးကြီးက မေးခြင်းဖြစ်သည်။ နှင်းဆီမွှေးကလည်း တရိုတသေဖြေရှာပါသည်။
“စန်ကတော့ ရှိပါသေးတယ် ဘဘကြီး”
“ဆား… ရော”
“စားလည်း ရှိပါတယ်”
“ဆေးရော ရှိသေးရဲ့လား”
“စေး… အဲ စေးတော့ ကျွန်မ မသိ”
“ကဲ… ဆပ်ပြာရော”
“စပ်ပြာ… အင်း… စပ်ပြာတော့ ကုန်ခါနီး”
သူတစ်ခါဖြေတိုင်း ဦးကြီး၏မျက်နှာက တစ်ခါရှုံ့သွားရာ ငါးခါလောက် ဖြေပြီးသွားပြီမို့ ဦးကြီး၏ မျက်နှာကြီးမှာ လေပေါက်သွားသော ကြက်ပေါင်ဘောလုံးလို ရှုံ့ရှုံ့တွတွကြီး ဖြစ်နေသည်။
“နင်… ဆန်လို့ မခေါ်တတ်ဘူးလား”
“ခေါ်တတ်ပါတယ်… ဘဘကြီး”
“ကဲ… ခေါ်ကြည့်စမ်း… ဆန်… ”
“စန်… အဲ… ဆန်… ”
“ဆီ”
“စီ… စီ… အဲ… ဆီ… ”
“ဆေး”
“စေး… အဲ… ဆေး… ဆေး… ”
နှင်းဆီမွှေးက အယောင်ယောင်အမှားမှား ဖြစ်နေသည်။ မောင်ကိတ်ကတော့ အံ့သြနေသည်။ နှင်းဆီမွှေးသည် ဆန်၊ ဆီ၊ စသည်များကို ပီပီသသ မခေါ်တတ်ခြင်းမဟုတ်။ မပြောတတ်ခြင်း မဟုတ်။ သတိထားပြောလျှင် ပီသပါလျက်နှင့် သတိမထားဘဲ မပီမသ ပြောနေခြင်းဖြစ်သည်ကိုတော့ သိလိုက်ရသည်။ နှင်းဆီမွှေးသာမဟုတ် အချို့သောလူငယ်များသည်လည်း စန်တွေ၊ စီတွေ၊ လုပ်စောင်တွေ ဖြစ်နေကြသည်ကို သူသတိထားမိသည်မှာ ကြာပြီ။
“ကဲ… ကဲ… သွားတော့၊ နောက်ကို ပီပီသသပြော… ဟုတ်လား”
ဦးကြီးက သွားခိုင်းတော့ နှင်းဆီမွှေး လှည့်ထွက်သွားလေသည်။ သည်တော့မှ ဒေါ်ကြီးက တစ်စခန်းထသည်။
“ကိုတူကြီးရယ်… ရှင့်မလဲ ပြဿနာမရှိ ပြဿနာကိုရှာ။ သူ့ဟာသူ စန်ပြောပြော၊ စီပြောပြော… သူပြောတာ နားလည်နေသားပဲဟာ”
“ဟ… ဒါ ပြဿနာမဟုတ်လို့ ဘာက ပြဿနာဖြစ်ဦးမှာလဲ။ သည်အတိုင်းကြည့်နေရင် ဆလိမ်သံတွေပျောက်ပြီး စလုံးသံတွေ အစားဝင်လာလိမ့်မယ်။ ဒါဟာ အရေးမကြီးဘူးလား”
“အရေးမကြီးပါဘူး။ အရေးကြီးရင်လည်း သက်ဆိုင်ရာလူတွေက ပြုပြင်ကြလိမ့်မယ်။ ရှင် အနေသာကြီး”
“မင်း အတော် တာဝန်မဲ့တဲ့ မိန်းမ”
“ကျုပ်မှာ ဘာတာဝန်ရှိလို့ ဘာတာဝန်မဲ့တာလဲ ပြောစမ်းပါဦး၊ မဟာပညာရှိ တာဝန်သိကြီးရဲ့”
မောင်ကိတ်က ခေါင်းကုတ်နေစဉ် ဘူးသီးက သက်ပြင်းကြီးချသည်။ အမေ့အတွက်ကတော့ ပဲပြုတ်တစ်ဆယ်သား တစ်ရာ့လေးဆယ်ဖြစ်သွားခြင်းသည် စလုံးဆလိမ်ပြဿနာထက် အရေးကြီးကြောင်း သူသိသည်။
“မင်း… အလကား မိန်းမ”
သည်စကားကိုကြားတော့ ဒေါ်ကြီး၏မျက်နှာသည်ဖြူသွားသည်။ ထို့နောက် တဖြည်းဖြည်းနီလာသည်။
“ဟုတ်တယ်… ကျုပ်က အလကား မိန်းမ။ အလကား မိန်းမဆိုတာ အလကားအလုပ်တွေကိုပဲ လုပ်တတ်တယ်၊ အလကားစကားတွေကိုပဲ ပြောတတ်တယ် သိရဲ့လား”
ပထမအသံမှန်မှန်နဲ့ ပြောနေရာမှ ဒေါ်ကြီးက “သိရဲ့လား” ဟု ဆောင့်အော်လိုက်သည်။ ထို့နောက် အိမ်နောက်ဖေးသို့ လှည့်ကာ “နှင်းစီမွှေး” ဟု လှမ်းအော်ခေါ်သည်။
“ရှန်… အမေကြီး”
နှင်းဆီမွှေးလည်း ချက်ချင်းရောက်လာသည်။
“လာ… နင်နဲ့ငါနဲ့ ဈေးသွားကြမယ်၊ စန်ရယ်၊ စီရယ်၊ စားရယ်၊ စေးရယ်၊ စပ်ပြာရယ် ၀ယ်ကြရအောင်။ နှေးတာကို ငါမကြိုက်ဘူးလို့ စုံးမထားတယ်မဟုတ်လား၊ ငါပြောတာကို အလျင်အမြန်စောင်ရွက်၊ သွား… ခြင်းတောင်း အမြန်ယူခဲ့”
ဒေါ်ကြီးက နေရာမှ ဆတ်ခနဲထကာ ခပ်မော့မော့ ခပ်ကျော့ကျော့နှင့် လှည့်ထွက်သွားသည်။ အခါတိုင်း ဒူးနာသည်ဟုဆိုကာ ခပ်ဖြည်းဖြည်း ခပ်ဆဆသာ ထောက်တတ်သော ခြေထောက်နှစ်ချောင်းမှာ ဟန်အပြည့် မာန်အပြည့်နှင့် သွက်နေသည်။
“ကဲ… အဲဒါ စန်လို့ခေါ်တယ်ဟ”
ဦးကြီးက သူ့ဘေးမှ ရေနွေးကြမ်းအိုးကြီးကို ကောက်ကာ စားပွဲပေါ်ထုချလိုက်သည်။ ရေနွေးကြမ်းတွေ ဗွမ်းခနဲစင်ထွက်လာသည်။
“အဲဒါကတော့ စီနဲ့စားဟ၊ အဲဒါက စေးဟ၊ အဲဒါက စပ်ပြာဟ၊ အဲဒါ အဲဒါက စောင်ရွက်ဟ၊ အဲဒါက စုံးမဟ…”
ရေနွေးက သိပ်မပူတော့၍သာ တော်တော့သည်။ ဦးကြီး၏ အင်္ကျီတွင် လက်ဖက်ခြောက်ဖတ်တွေစင်ကာ ရေတွေရွှဲကုန်သည်။ သူ့ဟာသူ ငြိမ်ငြိမ်ကလေးရပ်နေသော ရွှေနားရစ်ကြွေပန်းကန်လေး ခမျာလည်း ကလွမ်ခနဲအော်ကာ ကြမ်းပေါ်သို့ကျသွားသည်။ ထို့နောက် တလိမ့်တလိမ့်နှင့် လိမ့်သွားသည့်အတွက် မောင်ကိတ်က ကမန်းကတန်းလိုက်ကောက်ရင်း စားပွဲစွန်းနှင့် နဖူးဆောင့်မိသွားသည်။
“ဟာ… ပဲ့သွားပြီ”
နာသွားသော နဖူးကိုပင် မပွတ်အားပေ။ အနားပဲ့သွားသော ခွက်ကလေးကို ကြည့်၍ မောင်ကိတ် အတော် နှမြောသွားသည်။
“ဟင်… ပိန်သွားပြီ”
ဦးကြီးထုထားသော ဒန်ရေနွေးကရားလေးကို ကြည့်ရင်း ဘူးသီးကလည်း စိတ်ညစ်သွားရှာသည်။ ရေနွေးအိုးလေးခမျာ သနားစရာ၊ ပိန်ရုံပင်မက ချိုင့်ပင် ချိုင့်နေရှာသည်။
“ပိန်ပိန်… ပဲ့ပဲ့ဟာ… ဘာဖြစ်သေးလဲ”
ဦးကြီးကလည်း ဒေါသတကြီး အော်လေသည်။
နောက်တစ်လလောက်နေတော့မှ မောင်ကိတ်ခမျာ ဦးကြီးတို့အိမ်သို့ ရောက်ဖြစ်တော့သည်။ “အိမ်မှာတော့ မုန်တိုင်းစဲသွားပြီ အစ်ကို၊ သူတို့ အချင်းချင်းလည်း စလုံး ဆလိမ်အကြောင်း မပြောကြေးဆိုပြီး သဘောတူ ထားကြတယ်” ဟု ဘူးသီးက သတင်းပို့သည်။
သူရောက်သောအချိန်တွင် ဦးကြီးနှင့် ဒေါ်ကြီးက ထုံးစံအတိုင်း ယှဉ်တွဲပြီး ထိုင်နေကြသည်။ လက်ဖက်သုပ်ကိုလည်း အတူစားနေကြသည်။
ဦးကြီး၏ ဘေးက စားပွဲပေါ်တွင်တော့ ပိန်နေသောရေနွေးကရားနှင့် ပဲ့နေသောပန်းကန်လုံးတို့ ရှိနေကြသည်။ ဦးကြီးက ခပ်ပိန်ပိန်အိုးကို သတိနှင့် ကိုင်ပြီး ခွက်ပဲ့ပဲ့ထဲသို့ ဂရုတစိုက် လောင်းထည့်တတ်သည်။ နှုတ်ခမ်းပဲ့နေသောနေရာလေးကို ရှောင်ကာ ခပ်ဖြည်းဖြည်းမှုတ်၍ သောက်တတ်သည်။ ထို့နောက် ပင့်သက်ကို မသိမသာ ကျိတ်ပြီး ရှိုက်နေတတ်လေသည်။

မစန္ဒာ
နှစ်​​ ၆၀ ပြည့်​ မြန်​မာ့အသံမဂ္ဂဇင်း

01/02/2017

"ဘာစီးနေလဲ" (မင်းလူ)
=============



လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ နှုတ်ဆက်ပုံအမျိုးမျိုးရှိ၏။ ဒါကလည်း သူ့နေရာဒေသအလိုက် ကွဲပြားမှုရှိသည်။ သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့စရိုက်ကိုလိုက်ပြီး ခြားနားသွားခြင်းဖြစ်၏။ လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်အုပ်ချီခြင်း၊ လက်သီးပေါ်လက်ဝါးအုပ်၍ နှုတ်ဆက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ခြင်း၊ ပါးချင်းပွတ်ခြင်း၊ ပါးကိုနမ်းရှုံ့ခြင်း၊ ဆလံပေးခြင်း၊ ဦးခေါင်းကိုညွှတ်၍ အရိုအသေပေးခြင်း၊ လက်နှစ်ဖက်ကို ဆုပ်ကိုင်ခြင်း၊ လက်မောင်းကို ဆုပ်ကိုင်ခြင်း စသည်ဖြင့် ကိုယ်အမူအရာသာမက နှုတ်မှလည်း အသံထွက် နှုတ်ဆက်ကြသည်။ ဟဲလို...ဟိုင်း စသည်ဖြင့် ဖြစ်၏။ ဒါကသွားရင်းလာရင်း အချိန်မရတဲ့အခါ အသိအမှတ်ပြုရုံနှုတ်ဆက်ခြင်းဖြစ်၏။

အချိန်နည်းနည်းပိုရမယ်ဆိုလျှင်တော့ သင့်တော်ရာစကား တစ်ခွန်းနှစ်ခွန်းလောက် အပြန်အလှန်ပြောကြရသည်။ ဒါကိုပဋိသန္ဓာရစကားဟုခေါ်နိုင်သည်။ အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပနိုင်ငံများ)ရှိလူတွေက အချင်းချင်းတွေ့လျှင်-

"ဒီနေ့ ရာသီဥတုသာယာတယ်နော်"

"ဟုတ်တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကတော့ ဒီတစ်သက် နေရောင်ကိုမှ မြင်ခွင့်ရပါတော့မလားလို့တောင် ထင်မိတယ်ဗျာ"ဟု ပြောလေ့ရှိကြ၏။ ဒါကလည်း သူတို့နိုင်ငံတွေမှာ နေရောင်ကို သိပ်မမြင်ရဘဲ အုံ့မှိုင်းနေလေ့ရှိ၏။ ဒါကြောင့် ရာသီဥတုကို အမြဲယိုးမယ်ဖွဲ့နေကြရ၏။ ကျွန်တော်တို့ဆီမှာ "မိုးကလည်း ကောင်းလိုက်တာနော်" "ဒီနွေက တော်တော်ပူတာပဲဗျ "ဟု ပြောကြသလိုမျိုးပေါ့။

ကျွန်တော်တို့ဆီမှာ များသောအားဖြင့် နှုတ်ဆက်ကြတာကတော့-

"နေကောင်းလား"

ဒါကသူတို့ဆီမှာ ရာသီဥတု အမြဲဆိုးနေသလို ဒီကလူတွေလည်း အမြဲဖျားနာနေသောကြောင့် မဟုတ်ပါ။ ကျွန်တော်တို့က ကျန်းမာရေးသည် အရေးအကြီးဆုံးဟု ခံယူထားခြင်းကိုသာ ကိုယ်စားပြုတာဖြစ်ပါသည်။

လမ်းမှာတွေ့လျှင် "ဘယ်သွားမလို့လဲ"ဟု မေးတတ်သည်။ တစ်ခါတစ်လ"စားပြီးပြီလား" မေးသည်။ "ကျောင်းသွားမလို့လား"၊ " ဈေးကပြန်လာတာလား" စသဖြင့် အခြေအနေကို လိုက်ပြီးမေးတာမျိုးလည်းရှိသည်။

ခုနောက်ပိုင်းမှာတော့ နှုတ်ဆက်စကားပြောပုံအသစ်တွေထပ်ပေါ်လာသည်။

ပညာရှင် အချင်းချင်းတွေ့တဲ့အခါမှာတော့-

"ဘာတွေ့ထားသေးလဲ"

ဆိုသော စကားကိုသုံးသည်။ တစ်ဦးနှင့်တစ်ဦး အလွယ်တကူရင်းနှီးကျွမ်းဝင်ဖို့ အဆင်ပြေဆုံး နှုတ်ဆက်စကားလိုဖြစ်နေလေသည်။

ကားဝယ်စီးနိုင်သော အလယ်အလတ်အလွှာကလူတွေကျတော့ တစ်မျိုးဖြစ်၏။

ခုချိန်မှာ ကားဝယ်စီးခြင်းသည် သွားလာရေး အဆင်ပြေလိုအပ်ချက်ကြောင့်၊ ဒါမှမဟုတ် လူကုံထံအဖြစ် ဂုဏ်ရှိဖို့အတွက်ကြောင့်ချည်းပဲ မဟုတ်တော့။ စီးပွားရေး သဘောတွေလည်း ပါလာသည်။

ငွေပိုငွေလျှံလေးလည်းရှိလျှင် ကားလေးတစ်စီး ဝယ်ထားလိုက်တာက ဘဏ်တိုးထက် ပိုကိုက်သည်ဟု ယူဆကြသည်။ ကားဝယ်စီးလျှင် စီးလည်းစီးရသည်။ လူအထင်ကြီးလည်းခံရသည်။ လိုအပ်လျှင် ငွေဖော်ဖို့လိုသည်။ လုပ်တတ်ကိုင်တတ်လျှင် အမြတ်အစွန်းလည်းရှိသည်။ အမြတ်ခွန်ကို ပွတ်ကာသီကာ တိမ်းရှောင်နိုင်သည်။ အလွယ်ကူဆုံး စီးပွားရေးလုပ်ငန်းတစ်ခုလိုလည်း ဖြစ်နေ၏။ တခြားလုပ်ငန်းတွေလို ကရိကထမများလှ။ စာရင်းဇယားတွေ လုပ်စရာမလို။ ကိုယ်လက်ရှိလုပ်နေသော လုပ်ငန်းကိုလည်း အနှောင့်အယှက်မဖြစ်။ ထို့ကြောင့် ငွေကလေးရှိလျှင် ကားဝယ်တတ်တာ ခေတ်စားလာသည်။

ဟိုအရင်ကဆိုလျှင် ကားဝယ်စီးနိုင်သော လူတန်းစားကို အထက်တန်းလွှာဟုခေါ်သည်။ ခုတော့ လူလတ်တန်းစားတွေ ကားဝယ်စီးနေပြီ။ အရင်က ကားတစ်စီးဝယ်ပြီးလျှင် နှစ်ပေါင်းများစွာကြာအောင် စီးသည်။ ကိုယ့်ကားကို တစ်လက်ကိုင်အဖြစ် ဂုဏ်ယူကြသည်။ တစ်ယောက်ယောက်ကို ညွှန်းချင်လျှင်ပင်-

"ဖီးယက်ကားအနီလေးနဲ့ ကျောင်းလာတက်တဲ့ ကောင်မလေးလေ"

"မာစီးဒီးရှိတဲ့အိမ် ဘယ်နားမှာလဲ"

ဆိုတာမျိုးနှင့် လူနှင့်ကားကို ထပ်တူပြုကြသည်။ ခုနောက်ပိုင်းကျတော့ ကားတစ်စီးကို ကြာကြာမစီးကြတော့။ မြတ်လျှင် ပြန်ရောင်း၊ နောက်တစ်စီးဝယ်၊ ဈေးကိုက်လျှင် ပြန်ထုတ်၊ ကားထည်လဲစီးသလိုလည်းဖြစ် အမြတ်လည်းရ။

ထိုအခါလူတစ်ယောက်ကို သူစီးနေကျကားနှင့် တွဲပြီး မှတ်လို့မရတော့။ ဒီနေ့ပစ်ကပ်ကားစီးပေမယ့် နောက်လကျတော့ ဆလွန်းကားဖြစ်ချင်ဖြစ်နေသည်။ နောက်သုံးလေးလအကြာမှာ ဗင်ကားပေါ်မှာ တွေ့ချင်တွေ့ရသည်။ ဒီတော့ သူတို့လိုလူတွေအချင်းချင်း တွေ့ကြတဲ့အခါ နှုတ်ဆက်တဲ့စကားက-

"ဘာစီးနေလဲ"

ဟူ၍ဖြစ်လေ၏။ ထိုအခါ အမေးခံရသူက-

"ပတ်ဘလစ်ကာလေးတစ်စီး ဆွဲထားတယ်ဗျာ"

"ဒါဆို မြတ်နေပြီပေါ့၊ ဈေးမြောက်နေတာပဲ"

"သိပ်တော့ မကိုက်သေးပါဘူး၊ ကျွန်တော်ဝယ်တုန်းကလည်း ဈေးနည်းနည်းများသွားတယ်၊ ဒါနဲ့ခင်ဗျား ဖင်ထောင်လေးရော"

"စူပါဆလွန်းနဲ့ လဲလိုက်တယ်လေ၊ နည်းနည်းတော့ လိုက်ရတာပေါ့"

စသည်ဖြင့် လူထက်ကားကို ပို၍ ဂရုစိုက်ပြီးမေးကြ ဖြေကြသည်။

ဒီလိုလူစားတွေထဲမှာ ကျွန်တော်မပါရှိပါ။ ကျွန်တော်က ကားလည်းမဝယ်စီးနိုင်သေး။ သို့ရာတွင် ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ "ဝယ်စီး...ရောင်း" တွေရှိသည်။ အထူးသဖြင့် သင်္ဘောသားတွေဖြစ်၏။

ဒီကောင်တွေက တစ်ခေါက်ပြန်လာလျှင် ကားတစ်မျိုးလဲစီးတတ်သည်။ သင်္ဘောပြန်မတက်ခင်အတွင်းမှာလည်း ခရီးသွားဟန်လွဲ ဝယ်ရောင်းလုပ်တတ်သည်။ သူတို့ကားရောင်း ကားဝယ်ကားကြည့်လုပ်တဲ့အခါ ကျွန်တော့်ကို အဖော်ခေါ်တတ်သည်။ ကျွန်တော်ကလည်း စာရေးဆရာတစ်ယောက်အနေဖြင့် ဗဟုသုတရှိထားဖို့လိုသဖြင့် လေ့လာရေးကွင်းဆင်းသည့် သဘောထားပြီး လိုက်သွားလေ့ရှိသည်။

ဒီလိုနဲ့ ကားဝယ်ရောင်းတချို့၊ ကားပွဲစားတချို့နဲ့ခင်မင်သိကျွမ်းခွင့်ရသည်။ သူငယ်ချင်းတွေက ကားတစ်စီးကိုကြည့်ပြီးလျှင်-

"ဟေ့ကောင် ဘယ်လိုလဲ မင်းကြိုက်လား"

ဟု မေးတတ်သည်။ ထိုစကားမှာ ကျွန်တော့်ကို ဆရာတင်ခြင်းဟု ထင်စရာရှိသည်။ အမှန်မှာ သူတို့လူလည်ကျခြင်းသားဖြစ်၏။ ကျွန်တော်ကကြိုက်တယ်ပြောလည်း ဝယ်ချင်မှဝယ်တာ၊ ကျွန်တော်က အင်တင်တင်လုပ်ပေမယ့် ဝယ်ဖြစ်ချင်လည်း ဝယ်ဖြစ်သွားတာပါပဲ။ မတော်တဆ ရောင်းမှားဝယ်မှားဖြစ်လို့ သူတို့မိန်းမတွေက အပြစ်ပြောလာတဲ့အခါ-

"ဟာ ဟိုကောင်နဲ့သေသေချာချာ တိုင်ပင်ပြီး ဝယ်တာပဲ"

ဟု ကျွန်တော့်ကိုပါ တရားခံစားရင်းထဲ ဆွဲထည့်လို့ရအောင် အဖော်ညှိထားခြင်းသာဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကားပွဲစားတွေ၊ ဝယ်ရောင်းတွေကတော့ ကျွန်တော့်ကို အထင်ကြီးချင်ကြသည်။ သင်္ဘောသားတွေကတောင် တိုင်ပင်ပြီး အဆုံးအဖြတ် တောင်းခံရတယ်ဆိုတော့ ကားအကြောင်းတော်တော်ကျွမ်းတဲ့ ဆရာကြီးတစ်ဆူ ဖြစ်မှာပဲဟု တချို့ကထင်ကြသည်။ အမှန်တော့ ကျွန်တော်ကသာ သူတို့ဆီက ပညာတွေလေ့လာသင်ယူနေရခြင်းဖြစ်၏။ အစတုန်းကဆို "စူပါရုဖ်"ဆိုလို့ ဘာများထူးခြားလဲဆိုပြီး ကားအမိုးကိုလက်နှင့်ခေါက်ကြည့်ခဲ့ရတဲ့ ကောင်မျိုးလေ။

သူတို့ကတော့ ဒီပုဂ္ဂိုလ်ဟာ သင်္ဘောသားတွေရဲ့ ဆရာပဲဆိုပြီး တစ်ခါတစ်လေ ရောင်းမည့်ကား၏ အားသာချက်များအကြောင်း ရှင်းပြရာမှာ တကယ်ဝယ်မယ့်ကောင်တွေကို ကျော်ပြီး ကျွန်တော့်ကို အဓိကထားရှင်းပြနေတာမျိုးတောင်ကြုံရသည်။ ပြီးတော့ သူတို့စိတ်ထဲမှာ ဒီလောက်ကျွမ်းတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တိုင်လည်း ကားအမျိုးမျိုး ထည်လဲစီးနိုင်တဲ့သူမျိုးဖြစ်မှာပဲဟု ယူဆထားကြပုံရလေသည်။

ဒီလိုနဲ့တစ်ရက်မှာတော့ ကားဝယ်ရောင်း ပွဲစားတစ်ယောက်နှင့် မြို့ထဲမှာဆုံသည်။ သူက သူတို့လောကသားတို့ထုံးစံအတိုင်း-

"ဘာစီးနေလဲ"

ဟု အထင်ကြီးစွာမေးသည်။ ကျွန်တော်က-

"BM-20"

ဟု ဖြေလိုက်သည်။ သူ ဦးနှောက်စားသွားသည်။ ကားလောကမှာ မျောက်ခေါင်း၊ ဖင်ကောက်၊ ဘောင်ပျောက်စသည်ဖြင့်။ တချို့ကျတော့ ကား၏ မျိုးကွဲအမည်ကိုဖြစ်စေ၊ ဝိသေသကိုဖြစ်စေခေါ်ကြသည်။ လီမိတက်၊ ဂျီတိုးရင်း၊ အီးဒီ၊ အက်စ်အာတူး၊ မတ်တူး စသည်ဖြင့်။

ဒီတော့ ကျွန်တော်၏ BM-20 ကိုလည်း ဒီသဘောမျိုး သူစဉ်းစားမည်။ ကြားဖူးနေကျ အမျိုးအစားမဟုတ်သောကြောင့် ရှားပါးအဖိုးတန်ကားမျိုးဟု ထင်ချင်လည်းထင်မည်။ BM ဆိုတာ ဂျာမနီနိုင်ငံလုပ် ကမ္ဘာကျော် BMW ကားကို အတိုကောက် ခေါ်တာလား၊ 20 ဆိုတာရော အင်ဂျင်ပါဝါတူးပွိုင့်ဇီးရိုးကို ခေါ်တာလားဟု တွေးချင်တွေးမည်။ သူသည် ဝယ်ရောင်းလောကမှာ ဆရာတစ်ဆူဖြစ်သောကြောင့် BM-20 ကိုမသိပါဟုဆိုလျှင် သိက္ခာကျနိုင်သည်။ ထို့ကြောင့် သိသလိုလိုပုံစံဖြင့်-

"ဩော်....ဩော်..ဒါနဲ့ ဘယ်လောက်ပေးလိုက်ရသလဲ"

ဟု မေးသည်။ ကျွန်တော်က-

"သိပ်မပေးလိုက်ရပါဘူး၊ သုံးရာလောက်ပါပဲ"

ခပ်ပေါ့ပေါ့လေသံဖြင့် ဖြေလိုက်၏။ သူက-

"အင်း....ဈေးကတော့ သိပ်မသေးလှဘူးနော်"

ဟု ပခုံးတွန့်၍ပြောပြီး" နောက်ကြုံမှစီးကြည့်ဦးမယ်ဗျာ" ဟု ပြောပြီးထွက်သွားသည်။ သူသည် ပလက်ဖောင်းပေါ် ရပ်ထားသော ကားတွေထဲမှာ ပုံဆန်းဆန်းကားမျိုးများရှိမလားဟု မျက်လုံးကစားပြီး ဝေ့ကြည့်သွားသေးသည်။ ကျွန်တော် ပြုံးလိုက်မိ၏။ ကျွန်တော်ပြောသည့် BM-20 ဆိုသည်မှာ သူထင်သလို မော်တော်ကားမဟုတ်။ ကျပ်သုံးရာနှင့် ဝယ်ထားသော မိုးတွင်းစီးရော်ဘာဖိနပ်ပင်ဖြစ်လေ၏။

မင်းလူ

29/01/2017

ကြီးပွားအောင်မြင်ရေးအကျင့် (၁၉)

#အခက်အခဲကို_ကျော်လွှားပါ

အခက်အခဲဆိုတာ ဘဝမှာ ရှောင်လွှဲလို့ မရတဲ့ အရာပါ။ ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။ အခက်အခဲနဲ့ ရင်ဆိုင်ကြရင် သာမန်လူအများစုနဲ့ အောင်မြင်ကြီးပွားသူတွေရဲ့ တုံပြန်မှုတွေဟာ ကွာခြားပါတယ်။ အဲဒီအကြောင်းကို ရေးပြချင်တာပါ။

သာမန်လူများစုဟာ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရင် ဖြေရှင်းဖို့ မကြိုးစားဘဲ ရှေ့မတိုး ရပ်နေကြတယ်။ တချို့ကျတော့ ရင်မဆိုင်ရဲလို့ နောက်ကြောင်းပြန်လှည့်ပြေးကြတယ်။ တချို့က အခက်အခဲကို ရှောင်ကွင်းဖို့ ကြိုးစားကြတယ်။ သူတို့ ဘာကြောင့် အဲဒီလို ဖြစ်နေရတာလဲ။ အခက်အခဲနဲ့ ရင်ဆိုင်ရမှာကို ကြောက်လို့ပါ။ အမှန်က အခက်အခဲဆိုတာ ကြောက်စရာမဟုတ်ဘူးဆိုတာကို အောင်မြင်ကြီးပွားသူတွေရဲ့ ခံယူချက်သဘောထားကို အတုယူစေချင်ပါတယ်။

အောင်မြင်ကြီးပွားချင်သူတွေလည်း တကယ်တော့ အခက်အခဲနဲ့ မကြုံတွေ့ချင် ရင်မဆိုင်ချင်ပါဘူး။ တတ်နိုင်ရင် ရှောင်လွှဲချင်ပါတယ်။ ရှောင်လွှဲမရဘူးဆိုရင်တော့ သာမန်လူတွေလို နောက်ပြန်လှည့်ပြေးတာ၊ ဘာမှ မလုပ်ဘဲ ရပ်နေတာတွေ မလုပ်ကြဘူး။ အခက်အခဲကို ဖြတ်သန်းကျော်လွှားဖို့ အဖြေရှာတယ်။ အဖြေရရင် ကျော်ဖြတ်ဖို့ ကြိုးစားတယ်။ သူတို့ ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အဲဒီအခက်အခဲတွေဟာ အဟန့်အတားတွေ ဖြစ်နေကြတယ်။ အခက်အခဲတွေကို မဖြေရှင်း မကျော်လွှားဘဲ ဘယ်လိုမှ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ဘူးဆိုတာ ကောင်းကောင်း နားလည်သဘောပေါက်ထားကြလို့ပါ။

- တရုတ်စကားပုံတစ်ခုရှိတယ်။ “ဖြေးဖြေးပဲ သွားသွား၊ မြန်မြန်ပဲ သွားသွား၊ ဆက်သွားနေဖို့ လိုပါတယ်။ ရပ်မနေပါနဲ့” တဲ့။
- အင်္ဂလိပ် စကားပုံ တစ်ခုရှိတယ်။ “အောင်မြင်ချင်ရင် အခက်အခဲနဲ့ တွေ့တဲ့အခါမှာ မကြောက်ပါနဲ့။ အခက်အခဲကို မတွေ့ရင် မရအရ လိုက်ရှာပြီး ပိုက်ဆံနဲ့ ပေးဝယ်ပါ” တဲ့။

ဝန်ထမ်းတစ်ယောက်ဟာ သူ့လစာလေးနဲ့ မိသားစုစားဝတ်နေရေးအတွက် မဖူလုံဘူးဆိုတာ သိနေတယ်။ ဒါပေမဲ့ အဲဒီမလောက်မင လစာလေးနဲ့ပဲ အလုပ်ဆက်လုပ်နေတယ်။ ဘာဖြစ်လို့ မလုံလောက်တဲ့ လစာလေးပဲ ရတဲ့ အလုပ်ကထွက်ပြီး တခြားအလုပ်မရှာရတာလဲ။ အကြောင်းက သူဟာ သက်သက်သာသာ နေရတဲ့ ဘဝဖြစ်တဲ့ comfort zone ကနေ မထွက်ရဲလို့ပါ။ ဒီလိုပဲ အဲဒီ comfort zone ထဲမှာပဲ အောင်းနေရင်းနဲ့ အသက်ကြီးလာတော့ ပိုက်ဆံစုမိဆောင်းမိ မရှိလို့ ဝမ်းနည်းနောင်တရရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။ ဘဝတစ်ခု ပြန်စဖို့ကလည်း ဘဝကလည်း နိဂုံးချုပ်လုနီးနေပြီ။

ဒီလို အဖြစ်မျိုး မကြုံရလေအောင် comfort zone ထဲမှာ အောင်းမနေပါနဲ့။ အဲဒီထဲက ထွက်ပြီး ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကျော်လွှားလိုက်စမ်းပါ။ ဘယ်တော့ လုပ်ရမှာလဲ။ ဒီနေ့ စလုပ်ပါ။

“ကမ္ဘာပေါ်မှာ အရမ်းတော်၊ အရမ်းထူးချွန်၊ အရမ်းဉာဏ်ရည်မြင့်သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ အောင်မြင်ကြီးပွားသူတွေ ဖြစ်မလာကြပါဘူး။ ဘာကြောင့်လဲ။ သူတို့ဟာ အရမ်းစဉ်းစားပြီး အရမ်းလည်း သတိထားကြသူတွေ ဖြစ်ကြတယ်။ ဒီတော့ အပြောင်းအလဲ လုပ်ရမှာ၊ အခက်အခဲနဲ့ ကြုံမှာကို ကြောက်ပြီး ဘာမှ မလုပ်ကြလို့ပါ” - ဂျိမ်းစ်ကင်မရွန်

ဗန်းမော်သိန်းဖေ
၂၉-၀၁-၂၀၁၇
www.fb.com/thein.pe.3

26/01/2017

#နွားလိုမကျင့်နဲ့။_ကျွဲလိုကျင့်ပါ။

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ ကျောက်တောင်ကြီးတွေရှိတာကြောင့် ရှုခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ်ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာ ကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူ တွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုက်ရင် သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။

အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် တချို့နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။

ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။ မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်းတည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။ အဲဒီခဏလေးကို ကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။ စိတ်ပူတယ်။ သောကရောက်တယ်။ ကံကောင်းရင် ပြဿနာ အလိုလို ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။ မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။ မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်၊ ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးရှောင်နေမယ်ဆိုရင်လည်း ပြဿနာဟာ နောက်က လိုက်လာမှာပါ။ ပြဿနာက ဒုက္ခပေးနေမှာပါ။

ပြဿနာဆိုတာ ဖြစ်လာရင် အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါပြဿနာ မဟုတ်ဘူး။ ဒါကြောင့် ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့ မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလို ပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက် ဖြေရှင်းလိုက်ရင် စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကို ကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

ဗန်းမော်သိန်းဖေ
၂၅-၀၁-၂၀၁၇
www.thein.pe.3

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Reader Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Reader Myanmar:

Share

Category