01/08/2026
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ နွယ်နီကံ၀င်း ကလေးပုံပြင်များထဲက "မိမိကိုယ်ကိုယ် ယုံကြည်ပါ" ဆိုတဲ့ပုံပြင်လေးကို ပြောပြပေးချင်ပါတယ်ရှင့်
ကလေးတို့စီမှာ တစ်ခုခုလုပ်ချင်တဲ့အခါ ကိုယ့်ကိုယ်ကို မယုံကြည်သလို မလုပ်နိုင်ဘူးလို့ ခံစားနေရရင် ဒီပုံပြင်လေးကို ဖတ်ကြည့်ကြပါနော်
တစ်ခါတုန်းက သာယာလှပတဲ့တောအုပ်လေးမှာ တိရစ္ဆာန်လေးတွေဟာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြသတဲ့။ အဲ့ထဲကမှ ငှက်ကလေးတွေဖြစ်တဲ့ ငှက်ညိုလေးနဲ့ ငှက်ဝါလေးက တောထဲလျှောက်သွားနေရင်း မုဆိုးကြီးတစ်ယောက်ထောင်ထားတဲ့ ပိုက်ကွန်ထဲမှာ မိသွားသတဲ့။
ငှက်ကလေးနှစ်ကောင်ဟာ အော်ဟစ်အကူအညီတောင်းကြပေမဲ့ ကူညီမဲ့သူမရှိဘူးတဲ့ကွယ်။ငှက်ညိုလေးကတော့ သူသေတော့မှာဘဲ လို့တွေးရင်း ငိုကြွေးနေသတဲ့။ငှက်ဝါလေးကတော့ ဟိုဟိုဒီဒီကြည့်ရင်းကနေ ပိုက်ကွန်ဘေးမှာအပေါက်လေး တွေ့ပြီး အဲ့အပေါက်လေးကနေ ထွက်နိုင်ရင် လွတ်ပြီ လို့ ယုံကြည်နေတော့တာပေါ့ကွယ်။
ငှက်ဝါလေးဟာ ပိုက်ကွန်အပေါက်လေးကို သူ့ရဲ့ နှုတ်သီးလေးနဲ့ ထိုးဆိတ်လိုက်၊ခေါင်းလေးနဲ့ထိုးကြည့်လိုက် လုပ်ရင်းနဲ့ လွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားနေတာပေါ့ကွယ်။အပေါက်သေးသေးလေးထဲကနေ ထိုးထွက်ဖို့လုပ်တာမို့ ငှက်ဝါလေးရဲ့ အတောင်ပံတွေကျွတ်ကုန်သတဲ့။
အဲ့လိုကြိုးစားနေရင်းကနေ ညနေစောင်းလာတော့ မုဆိုးကြီးပြန်လာတဲ့အချိန် ငှက်ဝါလေးဟာအပေါက်လေးကနေ အားကုန်သုံးပြီးအတင်းတိုးထွက်ရင်းက မုဆိုးကြီး ပိုက်ကွန်နားရောက်လာတဲ့အချိန်လွတ်မြောက်သွားသတဲ့။ကြောက်လန့်ပြီးငိုကြွေးနေတဲ့ ငှက်ညိုလေးကတော့ အဖမ်းခံလိုက်ရတာပေါ့ကွယ်။
ကလေးလေးတို့ရေ ဘယ်လို အခက်အခဲမျိုးမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကြိုးစားရင် အောင်မြင်တယ်ဆိုတာ ငှက်ဝါလေးက သက်သေဘဲနော်။
Future Stars Library
No(23379),Chindwin Street,Mingaladipa Quarter,PobbaThiri
Pho: 09426665256,09426740097