18/01/2023
မနူဟာဘုရား
************
မနူဟာဘုရားသည် ပုဂံညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင်တည်ရှိပြီး ခရစ်နှစ် {၁၀၅၉} ခုနှစ်တွင် မနူဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သောဘုရားကြီးဖြစ်သည်။ ဘုရားတည်စဥ်က မနူဟာမင်းကြီးသည် မိမိ၏ မနောမယ လက်စွပ်ကို မြင်းကပါသူဌေးထံရောင်း၍ ဘုရားကြီးအားတည်ထားခဲ့သည်ဟုဆိုသည်။ အဆိုပါဂူဘုရားကြီးသည် ကုလားကျောင်းခံဖြစ်၍ ပစ္စယံများပေါ်တွင် ဗောဓိပက္ခိတရား ၃၇ပါးနှင့် စေတီငယ် ၃၇ဆူ ကိုတည်ထားခဲ့သည်။ ဘုရားအတွင်းတွင် ထိုင်တော်မူ ဘူမိဖဿမုဒြာဆင်းတုတော်ကြီးတစ်ဆူနှင့် ဘေးနှစ်ဘက်တွင် အရံဆင်းတုတော် နှစ်ဆူတည်ရှိသည်။ ဘုရားကြီး၏အနောက်ဘက်လိုဏ်ဂူတော်အတွင်းတွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူ ရှင်ပင်သာလျောင်းဆင်းတုတော်ကြီးတစ်ဆူအားတည်ထားကိုးကွယ်ထားသည်။ဘုရားကြီး၏ရှေ့တန်ဆောင်းအတွင်း မြသပိတ်ကြီးနှင့် အရှေ့တောင်ဘက်တန်ဆောင်းတွင်နတ်နန်းရှိပြီး
တောင်ဘက်တန်ဆောင်အတွင်း၌ သထုံဘုရင်မနူဟာမင်းနှင့်မိဖုရားကြီးနဂ်လာဒေဝီရုပ်ထုကိုလည်းတွေ့မြင်နိုင်ပါသည်။
မနူဟာဘုရားပွဲနှင့်နှစ်စဥ်ရိုးရာ ဓလေ့များ
**************************************
မြင်းကပါအရပ်ရှိသထုံမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မနူဟာဟာဘုရားပွဲကြီးကို နှစ်စဥ် တော်သလင်းလဆန်း ၁၄/၁၅ ရက်များတွင်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိသည်။
ရိုးရာဓလေ့ဖြင့် ဇာတ်ပွဲများကပြဖျော်ဖြေခြင်း ၊ အရုပ်သွန်းပွဲများ ၊ ရက်ကွက်အငြိမ့်များ ၊ ငါးချဥ်များထိုး၍နီးစပ်ရာဆွေမျိုးမိတ်ဆွေများအားဝေငှပေးကမ်းခြင်း၊ ဆွမ်းတော်ကြီးလင်ဗန်းခင်းခြင်း ၊ အာရုံလှည့်လှည်ခြင်း ၊ သပိတ်ကြီးအားဆွမ်းလောင်းခြင်း ၊ သက်ကြီးရွယ်အိုများအားကောင်းမှုကုသိုလ်ပြုခြင်း၊ ငွေသွန်းတီးဝိုင်းများဖြင့်ဖျော်ဖြေခြင်း စသည်ဖြင့်စည်ကားသိုက်မြိုက်လှသည်။
ဘုရားပွဲမရောက်မှီ ၁၀ရက်ခန့်တွင်အရုပ်များချိုးလုပ်ကြသည်။ တော်သလင်းလဆန်း ၉/၁၀ရက်မှစ၍ ဘုရားပွဲတွင်းအထိ ရိုးရာငါချဥ်များထိုးများ ဝေငှပေးကမ်းကြသည်။ တော်သလင်းလဆန်း ၁၃ရက်နေ့ညတွင် မနူဟာဘုရားကြီးရက်ကွက်ဆိုင် ၃ ရက်ကွက်မှ ရက်ကွက်အလိုက်အငြိမ့်များဖြင့်စည်ကားစွာ ကပြဖျော်ဖြေပေးကြသည်။ တော်သလင်းလဆန်း ၁၄ရက်နေ့မနက်တွင် အာရုံလှည့်လည်ခြင်းနှင့် ဆွမ်းတော်ကြီးလင်ဗန်းများတွင် အသီးနှံစားသောက်ကုန်ဝတ္တုငွေများအား ရက်ကွက်အလိုက် တန်ဆောင်းများတွင် ကပ်လှူပူဇော်ကြသည်။
၁၄ရက်နေ့ နေ့ခင်းပိုင်းတွင် အရုပ်သွန်းပွဲများနှင့် အရမ်းစည်ကားလျက်ရှိပြီး နီးစပ်ရာဒေသများမှလာရောက်ကြည့်ရှုကြသည်။ ပုဂံဒေသတွင် အစည်ကားဆုံးနှင့်အကြီးမားဆုံးအရုပ်သွန်းပွဲကျင်းပရာဘုရားပွဲကြီးဖြစ်သည်။
တော်သလင်းလဆန်း ၁၄/၁၅/၁ ရက်နေ့ထိညပိုင်းများတွင်ဇာတ်ပွဲများဖြင့်သုံးရက်တိုင်တိုင်ကပြလျှက်ရှိသည်။
တော်သလင်းလဆန်း ၁၅ရက်တွင်လည်း မနက်ပိုင်းတွင် သပိတ်ကြီးဆွမ်းလောင်း၍ရွာထဲရွာအတွင်းရှိသက်ကြီးရွယ်အိုးများအားအလှူဒါနပြုကြသည်။ညနေပိုင်းတွင် ငွေသွန်းများ တူရိယာတီးဝိုင်းများဖြင့်လည်း ဖျော်ဖြေလျက်ရှိသည်။ညဘက်များတွင် ပွဲစျေးဆိုင်များဖြင့်ပြည့်လျှက် ညပွဲစျေးလျှောက်ရင်း ဇာတ်ပွဲများအားလည်းကြည့်ရှုနိုင်ပါသည်။