21/08/2026
ရွှေဘိုခရိုင် တပ်ရင်း (၂၆) နှင့် အဖွဲ့အစည်းအသီးသီး၏ ပြည်သူ့အတွက် စည်းလုံးညီညွတ်သော ရေဘေးကူညီကယ်ဆယ်ရေး လှုပ်ရှားမှု
ရေဘေးအန္တရာယ် စတင်ကျရောက်ခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့မှအစပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် အရေးပေါ်တွေ့ဆုံကာ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် အဖွဲ့အစည်းအားလုံး၏ ဘုံသဘောတူညီချက်၊ တာဝန်ပေးအပ်ချက်တို့နှင့်အညီ မိမိတို့ ရွှေဘိုခရိုင် တပ်ရင်း (၂၆) တပ်ရင်းမှူး ကိုယ်တိုင်က တစ်မြို့နယ်လုံးနှင့် အဖွဲ့အစည်းတစ်ရပ်လုံးကို ကိုယ်စားပြုလျက် မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းခဲ့ပါသည်။ ရေပြန်လည်ကျဆင်းသွားသည့် အချိန်ကာလတိုင်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို တာဝန်ယူ ဦးဆောင်၍ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
စီမံခန့်ခွဲမှုနှင့် မြေပြင်ဟန်ချက်ညီ ဆောင်ရွက်မှုများ
• လှေသမားများ စုစည်းခြင်းနှင့် ပံ့ပိုးမှု: ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဓိကကျသော လှေသမားများကို အမြန်ဆုံး စုစည်းနိုင်ခဲ့ပါသည်။ လိုအပ်သည့် ကုန်ကျစရိတ်များနှင့် အထောက်အပံ့များကို ရွှေဘိုခရိုင်ကွပ်ကဲရေး (၂) ခရိုင်မှူးမှ တာဝန်ယူကာ လှေသမားများအတွက် နေ့စဉ်ဂုဏ်ပြုဆုငွေနှင့် ဓာတ်ဆီ (၁) ပေပါအပါအဝင် လိုအပ်သည်များကို စနစ်တကျ ပံ့ပိုးကူညီပေးခဲ့ပါသည်။
• အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှု: မြေပြင်လုပ်ငန်းများ အချိတ်အဆက်မိမိ လည်ပတ်နိုင်ရန်အတွက် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ/ကယ်/ပြန် အစရှိသည့် အဖွဲ့အစည်းများနှင့် စနစ်တကျ ညှိနှိုင်းတိုင်ပင်ခဲ့ပါသည်။ ဤလှုပ်ရှားမှုသည် တပ်ရင်း (၂၆) တစ်ခုတည်း၏ ကိုယ်စားပြုမှု မဟုတ်ဘဲ အဖွဲ့အစည်းအားလုံး၏ စည်းလုံးသော ကိုယ်စားပြုလုပ်ရပ်အဖြစ် ခံယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
• ကျစ်လစ်သော အင်အားဖြင့် ထိရောက်စွာ ကွပ်ကဲခြင်း: စက်လှေရှားပါးသည့် အခက်အခဲနှင့် ရေပြင်အန္တရာယ် အလွန်များပြားသည့် အခြေအနေများကြောင့် တပ်ရင်းမှူးကိုယ်တိုင် ရှေ့တန်းမှ ရေထဲဆင်း၍ ကွပ်ကဲခဲ့ပါသည်။ လူပိုများပါဝင်ခြင်းကြောင့် လုပ်ငန်းကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် တပ်ရင်းမှူး၊ ဒေသခံ Volunteer တစ်ဦး၊ ရဲဘော်တစ်ဦးနှင့် လှေသမားတို့မှအပ အခြားသူများကို မခေါ်ဆောင်ဘဲ လူအင်အားကို စနစ်တကျ ကန့်သတ်ဆောင်ရွက်ခဲ့ပါသည်။
လှေအုပ်စု (၂) စု ခွဲခြား၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်း
• ပထမလှေအုပ်စု: ရဲဘော်တစ်ဦး ဦးဆောင်၍ ရေဘေးသင့်ပြည်သူများအား ဘေးကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခဲ့ပါသည်။
• ဒုတိယလှေအုပ်စု: တပ်ရင်းမှူးကိုယ်တိုင်နှင့် ဒေသခံ Volunteer တစ်ဦးတို့မှ တာဝန်ယူကာ ကျေးရွာများအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ လှည့်လည်ဝင်ရောက်ခဲ့ပါသည်။ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေး နှိုးဆော်တိုက်တွန်းခြင်း၊ ကျေးရွာများ၏ လက်ရှိမြေပြင်အခြေအနေနှင့် အဓိကလိုအပ်ချက်များကို အနီးကပ်မေးမြန်း မှတ်တမ်းတင်ခြင်းတို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးအဖွဲ့များကိုလည်း လိုအပ်သည့်နေရာများသို့ အဆင်ပြေချောမွေ့စွာ ကူညီပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
နောက်တန်းပံ့ပိုးမှုနှင့် စီးပွားရေးဆိုင်ရာ မေတ္တာရပ်ခံမှုများ
ရေဘေးအကျပ်အတည်းကာလအတွင်း ကုန်ပစ္စည်းများကို အဆမတန် ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံ စည်းရုံးခဲ့ပါသည်။ ထို့ပြင် ကျန်ရှိနေသေးသော ရဲဘော်များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း အသီးသီးကလည်း လှေဆိပ်မှစတင်၍ ရေဘေးလွတ်ရာသို့ ရောက်ရှိလာသော ပြည်သူများအား စနစ်တကျ နေရာချထားပေးခြင်းအပါအဝင် လိုအပ်သည့် အစောင့်အရှောက်ပေးခြင်း လုပ်ငန်းများကို မနားတမ်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပါသည်။
"အခက်အခဲတိုင်းတွင် သူရဲကောင်းမရှိ၊ ဒုက္ခသည်မရှိ၊ ကယ်တင်ရှင်ဟူ၍မရှိဘဲ အားလုံးလက်တွဲညီညီ ချိတ်ဆက်ကာ စည်းလုံးခြင်းသည်သာလျှင် အဓိကအနှစ်သာရ ဖြစ်သည်"
ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများ စုပေါင်းလက်တွဲ ကြိုးစားကြမည်ဆိုပါက ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
အရေးတော်ပုံ အောင်ရမည်!
#ရွှေဘိုခရိုင်တပ်ရင်း၂၆
#ရွှေဘိုမြို့နယ်
#ရေဘေးကူညီကယ်ဆယ်ရေး
#စည်းလုံးခြင်းသည်အင်အား