26/11/2018
ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
===========================
ရမည်းသင်း နိုဝင်ဘာ ၂၆
================
ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၈-၂ဝ၁၉ ခု ဘဏ္ဍာနှစ်အတွင်း အပူပိုင်းဇုံကျေးလက်ရေရရှိရေးစီမံကိန်း အပိုင်း-၂ ဖြင့် JICA နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နဘူးကျင်းကျေးရွာအုပ်စု ကံကြီးကျေးရွာ ( ၆' ø ) စက်ရေတွင်းတူးဖော်နေမှုအား ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်ကျော်မင်းနှင့်အဖွဲ့တို့မှ စက်ရေတွင်းတူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုတူးဖော်နေသော စက်ရေတွင်းအား တူးဖော်ပြီးစီးပါက ကံကြီးကျေးရွာရှိ အိမ်ခြေ (၃၂၀)၊ လူဦးရေ (၁၅၂၀) ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရေတွင်းမှာ အနက်ပေ ၁၂၀၀ (၆" ø) တွင်း၊ (၁၂'×၁၀'×၈') ရေစက်ရုံနှင့် ပေ ၃၀ အမြင့်(ဂါလံ ၂၄၀၀) ဆံ့ စင်မြင့်ရေစင်တို့အတွက် စုစုပေါင်းကုန်ကျငွေကျပ်(၂၄.၀၃၇)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။