31/08/2026
"ကိုကြီး နောက်လအတွက် အိမ်ငှားခ ဘယ်လိုပေးမလဲ"
Zoom အစည်းအဝေးပွဲအတွင်း
ရဲဘော်တစ်ဦး၏ အမေးကို ကျွန်တော် ချက်ချင်းပြန်မဖြေဖြစ်။
အဖွဲ့အစည်း ရန်ပုံငွေ အနုတ်ပြနေသည်မှာ လွန်ခဲ့သည့် ရှစ်လခန့်ကပင်။ လက်ချိုးရေလို့ရသည့် အမာခံဝန်းရံသူတချို့နှင့် ဆရာသမားတို့၏ ကူညီမှုဖြင့် အိမ်ငှားခနှင့် ဝမ်းရေးကို ကျားကန်ထားရသည်။
မိမိနေထိုင်သော မြို့နယ်မှာ အခြေခံလူတန်းစားအများစု နေထိုင်သော မြို့နယ်ဖြစ်သည့်အတွက် အိမ်ငှားခမှာ တခြားမြို့နယ်များလောက် မကြီး။ ထမင်းဆိုင်၊ အသုပ်ဆိုင်ကလေးများ၏ ဈေးနှုန်းမှာလည်း အသင့်သင့်။ ဟင်းတစ်ပွဲ ၁၀၀၀/၁၅၀၀၊ ထမင်းတစ်ထုပ် ၅၀၀ မို့ အဆင်ပြေသည်။ သို့ရာတွင် မနက်စာနှင့် နေ့လည်စာ ပေါင်းစားရသည့်ရက်များက ပို၍ များနေသည်။
'ရေဘဝဲ' ဆိုပြီး အစပြုခဲ့စဉ်ကတည်းက စည်းကမ်းတွေကို စိတ်ထဲက ပြန်ရေတွက်နေမိသည်။
ငွေကြေး၊ မူးယစ်ဆေး၊ လူမှုရေး၊ ပွဲ... ပုံရိပ်ထိခိုက်မည့် အရှုပ်အရှင်းမှန်သမျှ ကင်းရှင်းရမည်။
ကျွန်တော်မှ -
"ငွေကြေးနဲ့ ပတ်သက်ရင် တို့အဖွဲ့ ဘယ်လို ရပ်တည်ခဲ့လဲ ရဲဘော်တို့ အသိဆုံးပါ။ ဒီလိုအချိန်မှာ ငါတို့ လက်ထဲမှာ ပိုလျှံနေတဲ့ ဘာဘတ်ဂျက်မှ မရှိဘူးဆိုတာလည်း..."
စကားကို ဆက်မပြောဘဲ ခဏရပ်လိုက်မိသည်။ သက်ပြင်းတစ်ချက်ကို အသံမထွက်အောင် မြိုချရင်း လေသံကို ပြန်ထိန်းလိုက်ရ၏။
လွန်ခဲ့သောနှစ်များက နာမည်ကြီး ထောက်ပို့တစ်ဦးနှင့် တေးသံရှင်တစ်ဦးမှ အဖွဲ့အစည်းထံ ထောက်ပို့ရန် ဆက်သွယ်ခဲ့ဖူးသည်။ ထိုစဉ်က မိမိတို့ ရန်ပုံငွေမှာ လုံလောက်နေသည်က တစ်ကြောင်း၊ နိုင်ငံရေးနှင့် မြေပြင်အခြေအနေအရ တွန်းလှန်စစ်နှင့် စစ်ဘေးရှောင်များမှာ မိမိတို့ လက်နက်မဲ့ မြေအောက် နိုင်ငံရေး သပိတ်အဖွဲ့အစည်းများထက် အရေးကြီးသည်က တစ်ကြောင်း၊ ထိုအကြောင်းတရားများကြောင့် ၎င်းတို့ ထောက်ပို့သော များပြားသည့် ငွေပမာဏကို လက်မခံခဲ့။
"ဟုတ်ကဲ့ပါ ကိုကြီး၊ အခုက ညီမတို့တင် မဟုတ်ဘဲ မြို့ပြအဖွဲ့တွေ အကုန်လုံးလိုလို ထောက်ပံ့မှုတွေ ရပ်နားခံထားရပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ကြားသိရပါတယ်ရှင်"
ရဲဘော်ပြောသည်မှာ မှန်၏။ ရန်ကုန်သပိတ်အဖွဲ့အစည်းများအတွင်း ရုံးတက်ရုံးဆင်း အလုပ်လုပ်၍ရသော ရဲဘော်များရှိသလို၊ အမည်ပေါက်ထား၍ အွန်လိုင်းကသာ အလုပ်လုပ်ကြရသော ရဲဘော်များလည်း ရှိသည်။ သို့ရာတွင် ထိုလစာများနှင့် ကျပ်တည်းလာသော အခြေအနေများကို ဖြေရှင်းရန် မလွယ်ကူပေ။
"ကိုကြီး ပြောချင်တာကတော့ ဒီလိုအခြေအနေမှာ ငါတို့ကို ထောက်ပံ့မှု အားနည်းသွားလို့ဆိုပြီး လူထုကို အပြစ်မမြင်စေချင်ဘူး။ အခု ကုန်ဈေးနှုန်းအခြေအနေတွေ၊ ပေါ်တာဆွဲနေတဲ့ အခြေအနေတွေနဲ့ ဘယ်လိုတွေ ရင်ဆိုင်နေကြရလဲ ကိုကြီးတို့ မျက်မြင်ပဲ မဟုတ်လား"
"စိတ်ချပါ ကိုကြီး၊ လူထုကိုတော့ စိတ်နဲ့တောင် မပြစ်မှားပါဘူး။ ညီမတို့စားစရာ၊ သုံးစရာမရှိလို့ စိတ်ဓာတ်ကျပေမဲ့ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်ကတော့ နည်းနည်းမှ မကျပါဘူး ကိုကြီး"
အစည်းအဝေးကို နောက်လုပ်မည့် လှုပ်ရှားမှုအတွက် စနစ်တကျ တိုင်ပင်ပြီး ရပ်နားလိုက်သည်။သို့သော် အစည်းအဝေးတွင် ရဲဘော်တစ်ဦး၏ -
"ကိုကြီး နောက်လအတွက် အိမ်ငှားခ ဘယ်လိုပေးမလဲ" ဆိုသည့် အမေးကို ပြန်မဖြေဖြစ်ခဲ့...
- ကိုရေဘဝဲ
ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL
ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR
#ရန်ကုန် #သပိတ်
#ရေဘဝဲ