03/03/2026
“ #ဒတ်ချ်တို့ #မြင်တွေ့ခဲ့သော #မြောက်ဦးခေတ် #ရခိုင်ပြည်”
ပြင်သစ်သုတေသီ Catherine Raymond က "An Arakanese Perspective from the Dutch Sources" ခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို (၂၀၀၂)ခုနှစ်က ရေးသားခဲ့ပါတယ်။
ဒီဆောင်းပါးက (၁၇)ရာစုတုန်းက ရခိုင်ပြည် (မြောက်ဦးနိုင်ငံတော်) အကြောင်းကို အဲဒီခေတ်က လာရောက်ခဲ့တဲ့ ဒတ်ချ်(Dutch)လူမျိုးတွေရဲ့ မှတ်တမ်းတွေ၊ ပန်းချီကားတွေနဲ့ ပြန်ပြီး အသက်သွင်းထားတာပါ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။ မြောက်ဦးဆိုတာ အဲဒီခေတ်က ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး
Catherine က ဘာကို အသားပေးပြောထားလဲဆိုတော့ (၁၇)ရာစုမှာ မြောက်ဦးဟာ အရမ်းကို စည်ကားဝပြောခဲ့တယ်ဆိုတာပါပဲ။ အဲဒီခေတ်က ဥရောပသား ခရီးသည်တွေက မြောက်ဦးကိုကြည့်ပြီး "ငါတို့ဆီက လစ္စဘွန်း(Lisbon)နဲ့ အမ်စတာဒမ်(Amsterdam) မြို့တွေထက်တောင် ပိုလှပြီး လူဦးရေပိုများတယ်" လို့ အံ့သြတကြီး မှတ်တမ်းတင်ခဲ့ကြတာပါ။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
၂။ ဒတ်ချ်တွေ ဘာကြောင့် ရခိုင်ကို လာကြတာလဲ?
ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ(VOC) ဟာ မြောက်ဦးမှာ ကုန်သွယ်ရေးစခန်း လာဖွင့်ခဲ့တယ်။ သူတို့ အဓိက လိုချင်တာ(၂)မျိုး ရှိပါတယ်။
- ဆန် . . . သူတို့ရဲ့ အင်ဒိုနီးရှားက အခြေချစခန်းတွေအတွက် ရခိုင်ပြည်က ဆန်ကို အားကိုးခဲ့ရတယ်။
- ကျွန် . . . အဲ့ဒီခေတ်က လုပ်အားခအတွက် ကျွန်အရောင်းအဝယ်ဟာ အရေးပါခဲ့တယ်။
- တစ်ဖက်မှာလည်း ရခိုင်ဘုရင်တွေက အိန္ဒိယက မဂို(Mughal) အင်ပါယာရဲ့ ရန်ကို ကာကွယ် တုန့်ပြန်ဖို့ အတွက် ဒတ်ချ်တွေဆီကနေ အမြောက်တွေ၊ လက်နက်တွေနဲ့ စစ်ကူတွေကို ပြန်ပြီး လိုချင်ခဲ့ကြပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၃။ ဝေါလ်တာ ရှောက်တင်(Wouter Schouten) ရဲ့ မျက်မြင်မှတ်တမ်း
ဒီဆောင်းပါးမှာ အရေးအပါဆုံးကတော့ ၁၆၆၀ ဝန်းကျင်မှာ မြောက်ဦးကို ရောက်ခဲ့တဲ့ ဒတ်ချ်ဆရာဝန် ရှောက်တင် ရဲ့ မှတ်တမ်းတွေပါ။ သူက စာတင်ရေးတာမဟုတ်ဘဲ ပန်းချီကားတွေနဲ့ပါ မှတ်တမ်းတင်ခဲ့တယ်
- နန်းတွင်းအခမ်းအနား
စန္ဒသုဓမ္မရာဇာမင်းကြီး (၅)နှစ်တစ်ကြိမ် မြို့လှည့်တဲ့အခါ ဆင်ဖြူတော်ကြီးကို စီးပြီး ထောင်ပေါင်းများစွာသော စစ်သည်တော်တွေ၊ တူရိယာတီးမှုတ်သူတွေနဲ့ ခမ်းနားပုံကို သူက အသေအချာ ပုံဖော်ခဲ့တယ်။ ဒါဟာ ရခိုင်ဘုရင်ရဲ့ အာဏာနဲ့ ဘုန်းတန်ခိုး ဘယ်လောက်ကြီးမားလဲဆိုတာ ပြနေတာပါ။
- မဟာမုနိဘုရား
သူက ဗုဒ္ဓဘာသာဝင် မဟုတ်ပေမဲ့ မဟာမုနိရုပ်ပွားတော်မြတ်ကြီးကို ရခိုင်လူမျိုးတွေ ဘယ်လောက် သဒ္ဓါတရားထက်သန်စွာ ကိုးကွယ်ကြလဲဆိုတာကိုလည်း ပန်းချီဆွဲပြီး ဖော်ပြခဲ့ပါတယ်။
- မြောက်ဦးမြို့တော် ရှုခင်း အသေးစိတ်
မြောက်ဦးမြို့ ရှုခင်းရဲ့ အသေးစိတ် မှတ်တမ်းတင်ပန်းချီကား ကတော့ ရခိုင်သမိုင်းအတွက်တင်မက အရှေ့တောင်အာရှ သမိုင်းအတွက်ပါ အရမ်းတန်ဖိုးရှိပါတယ်။
"အရှေ့တိုင်းက ဗင်းနစ်မြို့တော်"(Venice of the East)
ပန်းချီကားထဲမှာ မြောက်ဦးမြို့ဟာ ရေလမ်းကြောင်းတွေ၊ တူးမြောင်းတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ အဲဒီခေတ်က မြောက်ဦးဟာ အီတလီက ဗင်းနစ်မြို့လိုပဲ သွားလာရေးအတွက် ရေလမ်းကို အဓိက သုံးခဲ့တာပါ။ ပန်းချီကားထဲမှာ မြစ်ကြောင်းတစ်လျှောက် ကုန်သွယ်ရေး သင်္ဘောတွေ၊ လှေငယ်လေးတွေ အများကြီး ရှိနေတာက မြို့ရဲ့ စီးပွားရေး ဘယ်လောက်စည်ကားလဲဆိုတာ ပြနေပါတယ်။
“သဘာဝနဲ့ လူလုပ်ခံတပ်တွေ ပေါင်းစပ်ထားပုံ”
ပန်းချီကားကို သေချာကြည့်ရင် မြောက်ဦးမြို့ဟာ တောင်ကုန်းလေးတွေကြားမှာ တည်ထားတာကို တွေ့ရပါလိမ့်မယ်။ ရခိုင်ဘုရင်တွေဟာ သဘာဝတောင်ကုန်းတွေကို အခိုင်အမာ ခံတပ်တွေအဖြစ် ပြောင်းလဲပြီး မြို့ရိုးတွေ သွယ်တန်းထားတာပါ။ ဒါကြောင့်လည်း ရန်သူတွေ လွယ်လွယ်နဲ့ မတိုက်ခိုက်နိုင်တဲ့ ကျောက်ခံတပ်မြို့တော်ကြီး ဖြစ်ခဲ့တာပေါ့။
“ကောင်းကင်ယံက စေတီပုထိုးများ”
ရှောက်တင်ရဲ့ ပန်းချီကားမှာ အထင်ရှားဆုံးကတော့ တောင်ကုန်းအသီးသီးပေါ်မှာ ရှိနေတဲ့ စေတီပုထိုးတွေ ပါပဲ။ မြို့ရဲ့ ဘယ်နေရာက ကြည့်ကြည့် ဘုရားစေတီတွေကို ဖူးမြော်နိုင်အောင် တည်ထားတာက ရခိုင်လူမျိုးတွေရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုကို ပေါ်လွင်စေပါတယ်။
“နန်းတော်နဲ့ သင်္ဘောဆိပ်(Bandel)”
ပန်းချီကားရဲ့ ရှေ့နားမှာတော့ ဘုရင့်နန်းတော်နဲ့ မလှမ်းမကမ်းက ဘောင်းဒွတ်(Bandel) လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ နေထိုင်ရာ ရပ်ကွက်နဲ့ သင်္ဘောဆိပ်ကို တွေ့ရမှာပါ။ အဲဒီနေရာဟာ ပေါ်တူဂီတွေ၊ ဒတ်ချ်တွေနဲ့ အခြားနိုင်ငံခြားသား ကုန်သည်တွေ စုဝေးရာ အချက်အချာနေရာ ဖြစ်ပါတယ်။
ခြုံငုံကြည့်လိုက်ရင် - ဒီပန်းချီကားက ဥရောပသားတွေရဲ့ မျက်လုံးနဲ့ မြင်တဲ့ ရခိုင် ကို မှတ်တမ်းတင်ထားတာပါ။ မြောက်ဦးနေပြည်တော်ဟာ သာမန်မြို့လေးတစ်မြို့ မဟုတ်ဘဲ၊ သဘာဝအလှအပနဲ့ စစ်ရေးဗျူဟာ၊ ဘာသာရေးနဲ့ စီးပွားရေးတို့ အချိုးကျကျ ပေါင်းစပ်နေတဲ့ "ခိုင်ခံ့တဲ့ အင်ပါယာမြို့တော်ကြီး" ဖြစ်ခဲ့တယ်ဆိုတာကို ကမ္ဘာကို သက်သေပြနေတာ ဖြစ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၄။ ဆက်ဆံရေး ပျက်ပြားသွားပုံ
ဒါပေမဲ့ ဒီလိုကောင်းမွန်တဲ့ ရခိုင်နဲ့ ဒတ်ချ် တို့ရဲ့ ဆက်ဆံရေးက ကြာရှည်မခံခဲ့ပါဘူး။ မဂိုမင်းသား ရှာရှုဂျာ ရခိုင်ကို ထွက်ပြေးလာတဲ့ကိစ္စကြောင့် နိုင်ငံရေး ရှုပ်ထွေးသွားတာရယ်၊ (၁၆၆၆)မှာ စစ်တကောင်းကို မဂိုတွေ ပြန်သိမ်းသွားတာရယ်ကြောင့် ရခိုင်ရဲ့ အင်အား အနည်းငယ် လျော့နည်းလာတယ်။ ဒတ်ချ်တွေကလည်း ဆန်ကို တခြားနေရာကနေ ပိုသက်သာအောင် ဝယ်လို့ရလာတာကြောင့် နောက်ပိုင်းမှာ ဆက်ဆံရေးတွေ အေးစက်သွားခဲ့ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
အချုပ်ပြောရရင် - Catherine Raymond က ဒီဆောင်းပါးမှာ ဒတ်ချ်မှတ်တမ်းတွေကို အသုံးပြုပြီး "၁၇-ရာစု ရခိုင်ပြည်ဟာ အာရှမှာတင်မက ကမ္ဘာမှာပါ ထင်ရှားတဲ့၊ ယဉ်ကျေးမှုမြင့်မားတဲ့ ပင်လယ်ကမ်းရိုးတန်း အင်ပါယာကြီး တစ်ခုဖြစ်ခဲ့တယ်" ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးပြထားတာ ဖြစ်ပါတယ်။
စံရွှေလှ (၂၈/၀၂/၂၀၂၆)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
➖
Catherine Raymond (2002) An Arakanese Perspective from the Dutch Sources: Images of the Kingdom of Arakan in the Seventeenth Century, in The Maritime Frontier of Burma: Exploring Political, Cultural and Commercial Interaction in the Indian Ocean Word, 1200-1800, edited by Jos Gommans and Jacques Leader, Amsterdam KITLV Press, Leden, 2002. 📝