18/10/2022
မြသန်းသင့် - လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
စာအုပ် Review ကို အစ်မ May ဆီမှ ကူးယူဖော်ပြထားပါတယ်ရှင်🙏
မူရင်းဖန်တီးသူ အမေရိကန်စာရေးဆရာ Erich Segal ကို
လေးစားမိတာက ဇာတ်ကောင် ၅ ယောက်ရဲ့
စရိုက်လက္ခဏာ ဘဝဖြတ်သန်းပုံအမျိုးမျိုးတွေကို
မတူညီအောင် ထောင့်စေ့နေအောင် ချပြတင်ဆက်သွားနိုင်တာပဲ
ဝတ္ထုနောက်ခံကာလက ၁၉၅၄-၁၉၅၈ ခုနှစ်
ဟားဗတ်တက္ကသိုလ်မှာ ဆုံတွေ့ကြရတဲ့ သူငယ်ချင်း ၅ ယောက်
ထို ၅ ယောက်ရဲ့ ငယ်ဘဝကစလို့ အသီးသီး ဘွဲ့တွေရရှိပြီး ,
နောင်၂၅ နှစ်အကြာ ကျင်းပမယ့် ငွေရတုသဘင်ပွဲ မတိုင်မှီထိ
တစ်ဦးချင်းစီရဲ့ မိသားစုအခြေအနေ ၊ စိတ်ခံယူချက်တွေ ၊
ကျောင်းတက်ဖို့ ပြင်ဆင်ကြပုံတွေ
ကျောင်းတက်နေစဉ် လှုပ်ရှားကြတဲ့ အခန်းကဏ္ဍကိုယ်စီ
ကျောင်းပြီးတဲ့နောက် ဘဝဖြတ်သန်းလျှောက်လှမ်းပုံတွေကို
ဇာတ်ကောင် အင်ဒရူးအဲလီယော့မှ နေ့စဉ်မှတ်တမ်းရေးဟန်ဖြင့်
အသေးစိတ် ရေးသားထားသော ဝတ္ထုပုံစံမျိုး ။
🔹 အင်ဒရူး အဲလီယော့
မပူမပင် မကြောင့်မကြ ကြီးပြင်းလာရသူ
ကြွယ်ဝချမ်းသာတဲ့ အသိုင်းအဝိုင်းက လာပေမယ့်
ကိုယ့်ထက် နိမ့်ကျနေသူဆိုလည်း အထင်မသေးတတ်ဘူး
ဖေးမတတ်တယ် ကူညီတတ်တယ် ကိုယ်ချင်းစာတတ်တယ်
တချိန်က နိမ့်ကျခဲ့သူတွေ ကြီးပွားအောင်မြင်လာတော့လည်း
မနာလိုစိတ် မရှိသလို မုဒိတာပွားပေးနိုင်တယ်
သူ့ကိုယ်သူတော့ ဘာကိုမှ စိတ်မဝင်စားတတ်သူ
မျှော်မှန်းချက် မကြီးတတ်သူလို့ ထင်နေပေမယ့်
သူ့သူငယ်ချင်းတွေ သူ့အပေါ် ဘယ်လောက် ယုံကြည်အားကိုးလဲ
သူနေ့စဉ်ရေးတဲ့ မှတ်တမ်းလေးတွေထဲကနေတဆင့် သိနိုင်တယ်
🔹 ဂျေဆန် ဂီးလ်ဗတ်
ဘဝအစက လိုလေးသေးမရှိ ပြည့်စုံတယ်
တင်းနစ်အားကစားမှာ ထူးချွန်တယ်
ကိုယ်တိုင်က ရေဝတီ (ဂျူး) လူမျိုး ဖြစ်ပေမယ့်
အမေရိကန်တစ်ယောက်လိုပဲ နေထိုင်ရှင်သန်ခဲ့တယ်
သူ့ချစ်သူဖြစ်လာမယ့် ဆရာဝန်မလေး ဖဲင်နီကြောင့်
ရေဝတီလူမျိုးအကြောင်း ပိုစိတ်ဝင်စားလာခဲ့တယ်
ဖဲင်နီ ဆုံးသွားတော့ အိမ်ထောင်ဖက်ဖြစ်လာမယ့် အီဗာနဲ့တွေ့ပြီး
သူ့ကိုယ်သူ ရေဝတီလူမျိုးအဖြစ် လုံးဝခံယူလိုက်ကာ
အစ္စရေးတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်အတွက်
ကာကွယ်စောင့်ရှောက်သွားပုံတွေဟာ ကြေကွဲရတယ်
"စစ်သားကောင်းလဲ ဖြစ်ချင်တယ် လူသားလဲ ဆန်ချင်တယ်" တဲ့
ဪ .. သူ့ရွေးချယ်မှု သူ့စိတ်ဓာတ် တကယ်လေးစားစရာ !
၅ ယောက်ထဲမှာတော့ ဂျေဆန်သည် လုံးဝ သူရဲကောင်း
( ကိုယ် အကြွေဆုံး ဇာတ်ကောင်ပဲ ☺️ )
🔹 ဒင်နီယယ် ရော့ဆီ
ငယ်ဘဝမှာ မိမိရဲ့ စန္ဒရားတီးဝါသနာအပေါ်
ဖခင်ဖြစ်သူဆီက အားပေးထောက်ခံမှု ဘယ်တော့မှမရခဲ့
ဖခင်ရဲ့ ချီးမွမ်းခြင်းကို အလွန်တောင့်တသူ
ဖခင် တက်စေချင်တဲ့ တက္ကသိုလ်ထက်
ဟားဗတ်တက္ကသိုလ်ကိုသာ ရွေးချယ်တက်ရောက်ခဲ့သူ
ဝါသနာအခြေခံပြီး သူယုံကြည်ရာလမ်းကို လျှောက်လှမ်းရင်း
ကမ္ဘာကျော် စန္ဒရားပညာရှင်တစ်ဦး ဖြစ်လာခဲ့သူ
အတုယူရလောက်တဲ့ ကြိုးစားအားထုတ်ခြင်းတွေနဲ့
အားကျစရာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပေမယ့်
နာကျင်စရာကောင်းတဲ့ ကျဆုံးချိန်ကိုလည်း လက်သင့်ခံနိုင်ခဲ့သူ
🔹 သီယိုဒို လင်းဗရိုစ်
တက္ကသိုလ်ပရိဝုဏ်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ ဂရိလူမျိုး ,
ဖခင်ဖြစ်သူရဲ့ ပျော်ပွဲစားရုံမှာ စားပွဲထိုးရင်း
ဟားဗတ်တက္ကသိုလ်ကို ပြင်ပကျောင်းသားအဖြစ် တက်ရသူ
မလျှော့တဲ့ဇွဲတွေနဲ့ ကြိုးစားလာခဲ့တာဟာ
တချိန်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ပါမောက္ခ ဖြစ်လာဖို့
အောင်မြင်လာတဲ့အခါ အောင်မြင်မှုဒဏ်ကိုမခံနိုင် လမ်းမှားခဲ့ပြီး
သူ့အမျိုးသမီး ဆာရာ ကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်
ဆာရာ ရှိခဲ့လို့ လင်းဗရိုစ်ဆိုတာ ရှိလာခဲ့သလို
ဆာရာ မရှိတော့လည်း သူ့ဘဝသူ ပြန်ရပ်တည်သွားနိုင်ခဲ့တယ်
🔹 ဂျော့ကဲလား
ဩစထရီးယားနယ်စပ်ကနေ ဟားဗတ်တက္ကသိုလ်ကို
ပြည်ပြေးကျောင်းသားအဖြစ် ဝင်ရောက်လာခဲ့သူ
ရောက်စက အင်္ဂလိပ်စာမတတ်လို့ တိုင်တွေပတ်
အင်ဒရူးနဲ့ တစ်ခန်းထဲနေပြီး နေ့နေ့ညည အင်္ဂလိပ်စာကျက်တာ
ရေချိုးခန်းထဲ စာအော်ကျက်တဲ့အခန်းဆို ရယ်နေရတယ် 🤣
ကြိုးစားမှုကြောင့် အချိန်တိုအတွင်း အင်္ဂလိပ်စာ ကျွမ်းကျင်ခဲ့ပြီး
နောက်ဆုံး အမေရိကန် အိမ်ဖြူတော်ထဲထိ ရောက်ရှိကာ
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဘဝသို့ တက်လှမ်းနိုင်ခဲ့သူ
ဒီလိုမျိုးဖြစ်လာဖို့ သူပေးဆပ်ရတာတွေက ကြီးမားလိုက်တာ
ချစ်ရသူတွေလည်း အနားမှာမရှိတော့ချိန်
သူ့အပေါ် ဘယ်သူမှ အကောင်းမမြင်ကြတော့ချိန်
ကွန်မြူနစ်တိုရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့လို့
အမေရိကန်ပြည်ထောင်စုအထိ ထွက်ပြေးလာခဲ့ရတဲ့ ဟန်ဂေရီယန် လူငယ်ကျောင်းသားလေးရဲ့ အဆုံးသတ် !
သူငယ်ချင်း ၅ ယောက် ။ ။
ကမ္ဘာကျော် စန္ဒရားပညာရှင် ၊ စစ်ဗိုလ်
ဘဏ်လုပ်ငန်းရှင် ၊ တက္ကသိုလ် ပါမောက္ခ ၊
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး
နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေ
အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတာတွေနဲ့
ဘယ်သူမှ မသိလိုက်ပဲ ကျရှုံးနေခဲ့ကြတာတွေ
ဟားဗတ်တက္ကသိုလ် ရောက်ခါစ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ
သူတို့ရဲ့ လန်းဆန်းတက်ကြွနေကြတဲ့ စိတ်အခြေအနေ
ငွေရတုသဘင်ပွဲမှာ ပြန်ဆုံကြတဲ့အခါ
သူတို့ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေ
တစ်ဦးချင်းစီရဲ့ အဆင်မပြေတော့တဲ့ အိမ်ထောင်ရေးတွေ
၂၅ နှစ် ငွေရတုသဘင်ပွဲမှာ ပြန်လည်ဆုံဆည်းကြသူများနှင့်
ဘယ်တော့မှ မဆုံဆည်းနိုင်ကြတော့မယ့်သူများ အကြောင်း
အကြိုက်ဆုံး ဒိုင်ယာလော့ခ်တစ်ခုဆို
" ဟားဗတ်မှာ ကိုယ် ဘာတော်တယ်ဆိုတာကို လာမရှာနဲ့
ကိုယ် ဘာညံ့သလဲဆိုတာကိုသာရှာ " တဲ့
လက်ကမချချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းပြီး
ရသမျိုးစုံပေးစွမ်းခဲ့တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ
စာရေးဆရာ Erich Segal ရဲ့ The Class ဝတ္ထုကို
ဆရာမြသန်းတင့်မှ "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ"
အမည်နှင့် ဘာသာပြန်ဆို ရေးသားထားခြင်း ဖြစ်ပါတယ် ။
ဘဝတက္ကသိုလ်စာပေမှ တတိယအကြိမ်အဖြစ်
၂၀၁၇ ဒီဇင်ဘာမှာ ထပ်မံထုတ်ဝေထားပြီး
စာမျက်နှာ ၆၂၆ မျက်နှာ ပါဝင်ထားပါတယ် ။
တန်ဖိုးကတော့ ၆,၀၀၀ ကျပ် ပါ ။
ဆရာမြသန်းတင့် ကျေးဇူးကြောင့်
ဟားဗတ်တက္ကသိုလ်ထဲ အလည်ရောက်သွားခဲ့ရတယ်
ကိုယ်တိုင် ဟားဗတ်တက္ကသိုလ် ကျောင်းသားလို ခံစားမိခဲ့ရတယ်
အမှာစာက ဆရာ့ရဲ့ ရည်ရွယ်ချက် စေတနာစကားလေးကိုလည်း
ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင် ။ ။
ဒီစာအုပ်လေးကို Join Me Here BookRoom Library မှာ လာရောက်ငှားယူလို့ရပါပြီရှင်🥰
#မြသန်းတင့်
#လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ