Health Knowledge By Dr.Maung

Health Knowledge By Dr.Maung Health Knowledge Sharing..... မှန်ကန်သော ကျန်းမာရေးအသိပညာများ ဝေမျှခြင်း.......

သန္ဓေတားဆေး သောက်ဆေး====================ဒီတစ်ပတ်မှာတော့ သန္ဓေတားသောက်ဆေးတွေအကြောင်း ဝေမျှပေးသွားပါမယ်။သန္ဓေတားဆေးသောက်ဆေ...
16/03/2026

သန္ဓေတားဆေး သောက်ဆေး
====================
ဒီတစ်ပတ်မှာတော့ သန္ဓေတားသောက်ဆေးတွေအကြောင်း ဝေမျှပေးသွားပါမယ်။

သန္ဓေတားဆေးသောက်ဆေး အမျိုးအစား နှစ်မျိုးရှိပါတယ်။
အီစတိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်း (၂) မျိုးပါ ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်း တစ်မျိုးတည်းပါ သန္ဓေတားဆေး တို့ဖြစ်ပါတယ်။
သားဥကြွေခြင်းကို တားဆီးပေးတာ၊ အမျိုးသားသုတ်ပိုးနဲ့ မမျိုးဥ တွေ့ဆုံခြင်းကို တားဆီးပေးတာ၊ သားအိမ်နံရံမှာ သန္ဓေသားကပ်စွဲလို့မရအောင်/ကြီးထွားလို့ မရအောင် တားဆီးပေးတာ စတဲ့နည်းတွေနဲ့ ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးပါတယ်။

ဆေးကို နည်းစနစ် မှန်မှန်ကန်ကန်နဲ့ တိတိကျကျ သုံးပါက ၉၇% ကျော် ထိရောက်ပါတယ်။
ဈေးကွက်ထဲမှာ တားဆေး အမျိုးမျိုးရှိပြီး အများစုက (၂၈) လုံးပါ ဆေးကတ်နဲ့ (၂၁) လုံးပါ ဆေးကတ်တို့ ဖြစ်ကြပါတယ်။

(၂၈) လုံးပါ ဆေးကတ်များ (တနေ့တလုံးဆေး)
----------------
စသောက်ဖို့ အမှတ်အသားလုပ်ပေးထားတဲ့နေရာ ကနေ တနေ့တလုံး (၂၈) ရက်ကြာ မှန်မှန် သောက်ပေးရပါမယ်။ ဆေးကတ်ရဲ့ အောက်ဆုံးတန်း ရောက်တဲ့အချိန်မှာ ရာသီလိုသွေးဆင်းတတ်ပါတယ်။ တစ်ကတ်ကုန်တာနဲ့ နောက်တစ်ကတ် ဆက်သောက်ပေးရပါမယ်။

ဆေးလုံးတွေကို ဆေးကဒ်ထဲကအတိုင်း အစဉ်လိုက်သောက်ဖို့လိုအပ်ပြီး နေ့စဉ် အချိန် မှန်မှန်သောက်ဖို့လဲ လိုပါတယ်။ မေ့လို့မရပါဘူး။

(၂၁) လုံးပါ ဆေးကတ်
----------
ဟော်မုန်းပါ ဆေး (၂၁) လုံး ပါဝင်ပြီး ဆေးလုံးတစ်လုံးစီမှာ ဟော်မုန်းပမာ တူညီစွာပါရှိပါတယ်။ (၂၁) ဆေးကတ်ကို နေ့စဉ် တစ်ရက်တစ်လုံး (၂၁) ရက် ကြာ ဆေးကတ်ကုန်တဲ့အထိ သောက်ရပါမယ်။

ဆေးကတ်တစ်ကတ်ကုန်ပါက နောက်ထပ်တစ်ကတ်ကို ချက်ချင်းသောက်ဖို့မလိုဘဲ (၇) ရက်တိတိ စောင့်ရပါမယ်။ ဆေးသောက်ဖို့ မလိုတဲ့ ဒီ (၇) ရက်အတွင်း ရာသီးသွေး ဆင်းတတ်ပါတယ်။ (၇) တိတိ ဆေးမသောက်ဘဲ နားအပြီး (၈) ရက်မြောက်နေ့မှာ ဆေးကတ်အသစ် ပြန်စသောက်ပေးရပါမယ်။ (၂၁) လုံးပါဆေးကတ် တစ်ကတ်ကုန်တိုင်း (၇) ရက်တိတိ နောက်ထပ် ဆေးကတ်အသစ်မသောက်ဘဲ ရက်ခြားပေးရပါမယ်။ (၂၁) ရက်ကြာ ဆေးသောက်ရမည့် အချိန်တွေမှာ နေ့စဉ်အချိန်မှန်မှန် သောက်ဖို့ အရေးကြီးပါတယ်။

သန္ဓေတားသောက်ဆေး အသုံးမပြုသင့်တဲ့သူတွေ
--------------
အသက် ၃၅ နှစ်နဲ့ အထက် ဆေးလိပ်သောက်သူတွေ၊ အဝလွန်သူတွေ၊ ရောဂါအခံရှိသူတွေ၊ ဆေးဝါးတွေကိုရေရှည်စွဲသောက်နေရသူတွေ ဒီသန္ဓေတားသောက်ဆေးကို အသုံးမပြုသင့်ပါဘူး။ သောက်သုံးရန်လိုအပ်ပါကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ရဲ့ လမ်းညွှန် အတည်ပြုချက်နဲ့သာ ဒီဆေးကို သောက်ပါ။

နောက်တစ်ပတ်မှာတော့ ဒီသန္ဓေတားသောက်ဆေးကို ဘယ်သူတွေက ဘယ်အချိန်မှာ စတင်သောက်သုံးရမလဲ၊ ကောင်းကျိုးဆိုး၊ ကျိုးတွေက ဘာရှိမလဲ စတာတွေကို ဆက်ပြီး ဝေမျှပေးသွားမှာမို့ ဆက်လက်စောင့်မျှော် ကြည့်ရှုပေးကြပါအုံး။

ကိုးကား - PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ

16/03/2026

😴 အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking) အကြောင်း သိကောင်းစရာ

အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဆိုတာ အိပ်ပျော်နေစဉ်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်ခြင်း (Parasomnia) ဖြစ်စဉ်တွေထဲက အမျိုးအစားတစ်ခုဖြစ်ပြီး ဆေးပညာအရ Somnambulism လို့ ခေါ်ပါတယ်။
လူတစ်ယောက်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ တစ်စိတ်တစ်ပိုင်း နိုးကြားလာပြီး အိပ်ရာထဲက ထထိုင်တာ၊ အိပ်ရာထဲကနေ ထွက်လာပြီး လမ်းလျှောက်တာအပြင် တခြားရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်မသိဘဲ လုပ်ဆောင်နေမိတာ ဖြစ်ပါတယ်။

အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဟာ အများအားဖြင့် အိပ်ပျော်ပြီး (၁) နာရီမှ (၂) နာရီအတွင်း (ညဦးပိုင်း) မှာ ဖြစ်လေ့ရှိပါတယ်။ ခဏတာ တရေးတမော အိပ်စက်ချိန် (Nap time) တွေမှာတော့ ဖြစ်ခဲပေမဲ့ တစ်ခါတစ်ရံ ဖြစ်နိုင်ခြေရှိပါတယ်။ အချိန်အားဖြင့် မိနစ်အနည်းငယ်ကနေ ပိုပြီးတော့လည်း ကြာသွားနိုင်ပါတယ်။

⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🔎 ဘယ်သူတွေမှာ အဖြစ်များလဲ?

အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အများစုကတော့ အပျိုဖော်၊ လူပျိုဖော်ဝင်စကနေ ဆယ်ကျော်သက်အရွယ်မှာ သက်သာသွားတတ်ပေမယ့် တစ်ခါတစ်ရံ အရွယ်ရောက်တဲ့အထိ ဆက်ရှိနေနိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🕒 ဘယ်အချိန်မှာ ဖြစ်တတ်လဲ?

ကလေးစတင်အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်း ဖြစ်လေ့ရှိပြီး စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ အနီးပတ်ဝန်းကျင်ကလူတွေအတွက် ထိတ်လန့်စရာဖြစ်နိုင်ပေမယ့် ယေဘုယျအားဖြင့် စိုးရိမ်စရာ အခြားပြဿနာမရှိပါဘူး။

⚠️ ဒါပေမဲ့...အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရတာ၊ မကြာခဏ ဆက်တိုက်ဖြစ်လာလို့ ကလေးမှာ နှစ်ခြိုက်စွာအိပ်စက်ချိန် လျော့နည်းလာတာ၊ နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်တာမျိုးတွေနဲ့ အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်လို့ ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🚩 အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းကို အောက်ပါရောဂါအခြေအနေတွေနဲ့လည်း တွဲပြီးတွေ့နိုင်ပါတယ်။

အိပ်စက်ချိန် လုံလောက်စွာ မရှိခြင်း၊ အိပ်စက်ချိန် အပြောင်းအလဲဖြစ်ခြင်း (ခရီးထွက်ခြင်း၊ အိပ်ရာပြောင်းခြင်း)၊ စိတ်ဖိစီးမှုများခြင်း၊ ဖျားခြင်း၊ အိပ်နေစဉ် အသက်ရှူခဏရပ်တတ်သော ရောဂါရှိခြင်း (OSA)၊ ကော်ဖီ၊ လက်ဖက်စတဲ့ ကဖိန်းဓာတ်ပါသော အစားအသောက်များ စားသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဦးနှောက်အာရုံကြောကို ထိခိုက်စေတဲ့ အချို့သောဆေးများ၊ စိတ်ကိုစွဲလမ်းစေသော ဆေးဝါးများ သုံးစွဲခြင်း၊ စိတ်ကျန်းမာရေးအခြေအနေများ (ဥပမာ - စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း) စတာတွေ ဖြစ်ပါတယ်။

“အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking)” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

#အိပ်ပျော်လျက်လမ်းထလျှောက်ခြင်း

နာကျင်မှုကိုထိန်းညှိခြင်း (Pain Management)ကျနော်တို့နေ့စဥ်လူနေမှုဘဝမှာကို စိတ်ဖိစီးမှု ကိုယ်ဖိစီးမှုကြုံတွေ့နေရပါတယ်။ ဆ...
05/12/2025

နာကျင်မှုကိုထိန်းညှိခြင်း (Pain Management)

ကျနော်တို့နေ့စဥ်လူနေမှုဘဝမှာကို စိတ်ဖိစီးမှု ကိုယ်ဖိစီးမှုကြုံတွေ့နေရပါတယ်။ ဆေးခန်းတွေမှာ အိမ်ပင့်လူနာတွေမှာကို ဘယ်ရောဂါလက္ခဏာဖြစ်ဖြစ် နာကျင်မှုကပ်ပါလာတာပဲလေ။

ခန္ဓာရှိရင် ဝေဒနာရှိတယ် ဆိုပေမယ့် အဲ့ဒီ ဝေဒနာတွေ သက်သာရအောင် ပျောက်ကင်းရအောင် ကူညီပေးရတာက ကျ​နော်တို့ဆရာဝန်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

👉 ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ ခွဲစိတ်မှုကြောင့်ခံစားရတဲ့ နာကျင်မှုသက်သာစေဖို့ဖြစ်စေ
👉 ကင်ဆာအစရှိတဲ့ ရောဂါလက္ခဏာကြောင့် နာကျင်မှုသက်သာစေဖို့ဖြစ်စေ
👉 ထိခိုက်မှုဖြစ်ပြီး ဒဏ်ရာကြောင့် နာကျင်မှုကို သက်သာစေဖို့ဖြစ်စေ
အနာသက်သာဆေး/အကိုက်ခဲပျောက်ဆေး ပေးကြရပါတယ်။
အနာသက်သာဆေး အနေနဲ့
💉 Paracetamol လို Drip နဲ့သွင်းရတဲ့ဆေးမျိုး
💉 NSAIDs လို ထိုးဆေး
💉 Tramadol လို ဘိန်းအမျိုးနွယ်ဝင်ဆေးမျိုး
💉 Fantanyl လို အကိုက်ခဲပျောက်ဆေးအပြင်းစား စသဖြင့်ရှိပါတယ်။

အနာသက်သာအောင် မပေးမဖြစ်ပေးကြရပေမယ့် ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် တစ်နေ့တာအတွက် သတ်မှတ်တဲ့ ပမာဏထက်ပိုပေးလို့မရပါဘူး
Paracetamol ဆို အသည်းထိတတ်တယ်
NSAIDs တွေက ကျောက်ကပ် အစာအိမ်ထိတတ်တယ်
Tramadol, Fantanyl ဆေးတွေက ဦးနှောက်အပေါ်သက်ရောက်မှုရှိလို့ အသက်ရှူတာကိုထိန်းချုပ်တဲ့အစိတ်အပိုင်းကို သက်ရောက်မှုများရင် အသက်ရှူရပ်တတ်တယ် စသဖြင့်ရှိပါတယ်။

အဲ့ဒါကြောင့် လူနာ နာကျင်မှုခံစားရတဲ့ အခါ ပေးလို့ရတဲ့ ပမာဏအထိပေးပြီးသွားရင် နောက်ထပ် ထပ်တိုးပေးဖို့ ဆေးပညာရှင်တွေ အနေနဲ့က ကြောက်တတ်ကြတာပါ။

ဒါပေမယ့် ဆေးရုံတက်နေပြီး နာကျင်နေရတာကလည်း အဓိပ္ပာယ်မရှိပါဘူး

နာတာသက်သာရအောင် ဆေးတမျိုးပြီးတမျိုး လှည့်ပေးနေလို့ ရနိုင်ပါတယ် နာကျင်မှုဘယ်လိုမှ မသက်သာရင် palliative care ကို ကျွမ်းကျင်တ​ဲ ဆရာဝန်ကြီးတွေကိုအကူညီတောင်းလို့ရပါတယ်။

“ဓားကြီး နဲ့ ခွဲထားတာပဲ ဒီလောက်တော့ နာမှာပေါ့” ဆိုတဲ့ အပြောလေးကတော့ ခန္ဓာကိုယ်နာကျင်ရသလို ရင်ပါနာရတာပေါ့

လူနာ နဲ့ လူနာရှင်တွေအတွက် ***အနာသက်သာဆေး ပေးထားတာများနေပြီ ဖြစ်လို့ ထပ်ပေးရင် အန္တရာယ်ဖြစ်မှာစိုးလို့ ထပ်မပေးတာဖြစ်ကြောင်း လေး သိစေချင်တဲ့ အတွက် ဒီဆောင်းပါးလေးရေးသားလိုက်ပါတယ်


အရင်တခါတုန်းက ဒူးခေါင်းနားမှာရှိတဲ့ အရိုးတွေအရွတ်အကြောင်း ဗဟုသုတအနေနဲ့တင်ထားပေးပါတယ်။ အဲတော့ ဒီနေ့တော့ ကျွန်တော်တို့ မြိ...
03/11/2025

အရင်တခါတုန်းက ဒူးခေါင်းနားမှာရှိတဲ့ အရိုးတွေအရွတ်အကြောင်း ဗဟုသုတအနေနဲ့တင်ထားပေးပါတယ်။ အဲတော့ ဒီနေ့တော့ ကျွန်တော်တို့ မြို့ပြအထပ်မြင့်တွေမှာနေကြတဲ့သူတွေမှာ အဖြစ်များတဲ့ ဒူးဆစ်အရိုးကျီးပေါင်းအကြောင်းလေးဘနဲနဲဆက်ပြောပါ့မယ်။
ဒူးဆစ်ကျီးပေါင်းတက်ရောဂါသည် ဆေးဝါးဖြင့် ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများ သက်သာလျော့ပါးအောင် ကုသနည်းများစွာရှိသည်။ ဆိုးဝါးသည့် ဒူးဆစ်ကျီးပေါင်းတက်ရောဂါကို ခွဲစိတ်ကုသသည့် နည်းလမ်းဖြင့် ကုသနိုင်သည်။

ဒူးဆစ်ကျီးပေါင်းတက်ရောဂါ အပိုင်းတစ်

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဒူးဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis of knee) သည် အဖြစ်များသော ရောဂါအခြေအနေတစ်ခုဖြစ်သည်။ လူဦးရေ၏ (၄၆) ရာခိုင်နှုန်းသည် ၎င်းတို့ တစ်သက်တာ တစ်ချိန်ချိန်တွင် ဤရောဂါကို ခံစားခဲ့ဖူးသည်။ ဒူးဆစ်အတွင်း အရိုးနုများပါးလွှာရာမှ ပျက်စီးမှုဖြစ်လာမည်။ ထို့နောက် အရိုးမာများ ပွတ်တိုက်မှု ဖြစ်လာကာ အဆစ်ကိုအုပ်ထားသည့် အမြှေးများ၊ အရိုးမာများနှင့် ထိဆက်နေသည့် အရွတ်များ၊ ကြွက်သားများ ရောင်ရမ်းသဖြင့် နာကျင်မှုကို ဖြစ်ပေါ်စေမည်။

ဖြစ်ပွါးနိုင်ခြေများသူများ

အသက်အရွယ်ကြီးသူများ
အမျိုးသမီးများ
ကိုယ်အလေးချိန်များသူများ [Body mass index BMI (၃၀) အထက်ကျော်သူများသည် ပုံမှန်လူများထက် (၇) ဆ ပိုမိုဖြစ်ပွါးနိုင်သည်]
မျိုးဗီဇလိုက်ခြင်း
ဒူးဆစ်ကို ထိခိုက်ဒဏ်ရာရခြင်း
ဒူးအပေါ် အားသက်ရောက်စေသော အလုပ်အကိုင်၊ အားကစားနည်းများ
မွေးရာပါ အဆစ်ပုံမှန်မဟုတ်သူများ၊ အဆစ်တွင် အရိုးနုမပြည့်စုံသူများ
ဆီးချိုရောဂါ ဝေဒနာရှင်များ

ဒါကတော့ ဒူးအရွတ်အကြောင်း link ပါ။
https://www.facebook.com/share/p/15dHGBFD33/



ရာသီဥတုဖောက်ပြန်လို့နဲ့တူတယ်။ မိုးတွေရွာချနေပါပြီ။ အဲလိုရာသီဥတုမညီမျှတဲ့အခါမှာတော့ တုပ်ကွေးရောဂါတွေဟာ တကြော့ပြန်ခေါင်းထေ...
01/11/2025

ရာသီဥတုဖောက်ပြန်လို့နဲ့တူတယ်။ မိုးတွေရွာချနေပါပြီ။ အဲလိုရာသီဥတုမညီမျှတဲ့အခါမှာတော့ တုပ်ကွေးရောဂါတွေဟာ တကြော့ပြန်ခေါင်းထောင်လာပါတော့မယ်။ ဒါကြောင့် ဒီနေ့တော့ တုပ်ကွေးရောဂါအကြောင်းလေး နည်းနည်းပြောကြပါ့မယ်။ အားလုံးလဲသတိရှိအောင်ပါ။

ရာသီတုပ်ကွေး (SeasonalFlu)😷

✓မိုးအကုန် ဆောင်းအကူး အချိန်ကို ရောက်ပြီဆိုရင် ရာသီတုပ်ကွေးတွေ မင်းမူတဲ့အချိန်ကို ရောက်လာပါပြီ။ 🤒

✓တကယ်တမ်းတော့ တုပ်ကွေးတွေက တစ်နှစ်လုံးပတ်လည်မှာ အချိန်မရွေးဖြစ်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

✓ဒါပေမယ့် အဖြစ်အများဆုံးကတော့ ခုလိုဆောင်းဦးကာလပေါ့။

✓ဒီတုပ်ကွေးကိုဖြစ်စေတဲ့ တရားခံကတော့ Influenza virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ အသက်အရွယ်မရွေး ကျားမမရွေးကို ကူးစက်နိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုလူတွေ တုပ်ကွေးဖြစ်တတ်သလဲလို့မေးလာရင်တော့ လူတိုင်းဖြစ်တတ်တယ်လို့ ဖြေရမှာပါပဲ။

✓နောက်ပြီးတော့ ဒီ Influenza virus တွေဟာ သူတို့ကိုယ်သူတို့ မျိုးဗီဇ ပြောင်းလဲတတ်ပါတယ်။

✓မကြာခဏ မျိုးဗီဇတွေပြောင်းလဲပြီး အရင်နဲ့မတူတဲ့ ဗိုင်းရပ်စ်ပုံစံကွဲတွေ ခဏခဏ ပေါ်ပေါက်လာတာကြောင့် တုပ်ကွေးဆိုတဲ့ရောဂါဟာ ပျောက်ကွယ်သွားတယ်ရယ်လို့ မရှိဘဲ အခုအချိန်ထိ နှစ်တိုင်းနှစ်တိုင်း ကမ္ဘာအနှံ့မှာ လူများစွာကို ကူးစက်နေတာပဲ ဖြစ်ပါတယ်။

✓လူတစ်ယောက်ကနေ တစ်ယောက်ကို တုပ်ကွေးကူးစက်နိုင်တဲ့ နည်းလမ်းကတော့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှားတွေကတစ်ဆင့် ကူးစက်တာပါ။

✓တုပ်ကွေးဖြစ်နေတဲ့လူနဲ့ အနီးကပ်နေမိရာကနေ၊ သူကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို ကိုင်မိတာတွေကနေ ကူးစက်နိုင်ပါတယ်။

တုပ်ကွေးဖြစ်ပြီဆိုရင် ဒီလက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။

- ဖျားခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- နှာရည်ယို နှာခေါင်းပိတ်ခြင်း
- ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိအားမရှိခြင်း
- အန်ခြင်း၊ ဝမ်းလျှောခြင်း (ဒီနှစ်ခုကတော့ လူကြီးတွေထက် ကလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်)

✓အချို့သော တုပ်ကွေးလက္ခဏာတွေက သိပ်မပြင်းထန်ဘဲ ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ ရှိပါတယ်။

✓ဒါပေမယ့် အချို့သူတွေကတော့ ရောဂါဒဏ်ကို ပြင်းထန်စွာ ခံစားရတတ်ပြီး အဆုတ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းစတဲ့ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်
- အသက် ၅ နှစ်အောက် (အထူးသဖြင့် ၂ နှစ်အောက်) ကလေးငယ်များ
- ၆၅ နှစ်အထက် လူကြီးများ
- ကိုယ်ဝန်ဆောင်များ
- ပန်းနာရင်ကြပ်၊ ဆီးချို၊ နှလုံးရောဂါအခံ ရှိသူများကို တုပ်ကွေးမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့၊ ဖြစ်လာပြီဆိုလည်း စောစောစီးစီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

တုပ်ကွေးရောဂါ ကူးစက်ခြင်းမခံရအောင် လူတစ်ဦးနဲ့တစ်ဦး သုံးပေမှခြောက်ပေခန့် ခွာပြီးနေခြင်း၊
လူစုလူဝေး နေရာများသို့ မသွားခြင်း
နှာချေချောင်းဆိုးလျှင် အဝတ်နဲ့ဖုံးအုပ်ပြီး ဆိုးခြင်း
လက်မကြာခဏဆေးခြင်းတို့ကို သေချာလိုက်နာ ပြုလုပ်သင့်ပါတယ်။

✓ဒီနှစ်ရာသီတုပ်ကွေးရဲ့ နောက်ထပ်ပြဿနာ တစ်ခုကတော့ သူ့ရဲ့ ရောဂါလက္ခဏာတွေက ခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတဲ့ Covid 19 ရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူနေခြင်းပဲ ဖြစ်ပါတယ်။

ရောဂါဖြစ်ရင် စစ်ဆေးကုသနိုင်တဲ့ နည်းလမ်းတွေအပြင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိတာမို့ မဖြစ်ခင်တည်းက ကြိုးစားကာကွယ်ကြမယ်ဆိုရင်တော့ မိမိကိုယ်တိုင်အတွက်သာမက မိမိပတ်ဝန်းကျင်၊ မိသားစုအတွက်ပါ ပိုအကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။

#ကျန်းမာရေး

ဒိတခေါက်ကတော့ ဆေးတွေအကြောင်းပြောတာကနေ ဆေးတွေရဲ့ဆိုးကျိုးလေ နည်းနည်းပြောပြချင်ပါတယ်။ အထူးသဖြင့် ခုနောက်ပိုင်း လူတွေ ဖောချ...
31/10/2025

ဒိတခေါက်ကတော့ ဆေးတွေအကြောင်းပြောတာကနေ ဆေးတွေရဲ့ဆိုးကျိုးလေ နည်းနည်းပြောပြချင်ပါတယ်။ အထူးသဖြင့် ခုနောက်ပိုင်း လူတွေ ဖောချင်သောချင်ဝယ်သောက်နေကြတဲ့ Vitamin D ဗီတာမင် ဒီရဲ့ဆိုးကျိုးလေးတွေပါ။ ဆေးတိုင်းဟာ ဓာတုပစ္စည်းဖြစ်တာကြောင့် ကောင်းကျိုးရှိသလို ဆိုးကျိုးကလဲ ရှိစမြဲပါ။ ဆေးတိုင်းဟာ တန်ဆေးလွန်ဆေးပါပဲ။

Vitamin D Toxicity (ဗီတာမင် ဒီ အဆိပ်သင့်ခြင်း)

ဘာကြောင့်ဖြစ်တာလဲ

- ပြင်းအားများ Vitamin D ကို လပေါင်းများစွာ စွဲ သောက်မိရင်
- သာမန်လူတယောက်က Vitamin D ကို တရက် ကို 4000 IU (4000 အား) အထိသာ သောက်လို့ရပါတယ်။ အဲ့အထိ သာ အန္တရာယ်ကင်းပါတယ်။ အကယ်လို့ vitamin D အားနည်းနေတာ သွေးထဲ အဖြေ ပေါ်ရင် သက်ဆိုင်ရာ ဆရာဝန်တွေ ရဲ့ ညွှန်ကြားချက် guideline အတိုင်းသောက်ပါ။ (ကျွန်တော် ကတော့ NICE guideline နဲ့ တိုက်ပါတယ်)
- ပြင်းအား 10000 နှင့်အထက် ကို နေ့တိုင်း လပေါင်းများစွာ သောက်နေရင် Vitamin D Toxicity ဗီတာမင် ဒီ အဆိပ်သင့်ခြင်းဖြစ်လာနိုင်ပါတယ်။

ဘာကြောင့် အဆိပ်သင့် လက္ခဏာ ဘယ်လိုဖြစ်လာတာလဲ?

- Vitamin D များရင် ကယ်ဆီယမ်(ထုံးဓါတ်) စုပ်ယူမှု့ အားကောင်းပြီး သွေးထဲ ကယ်ဆီယမ်(ထုံးဓါတ်) များလာ ကာ လိုတာ ထက် ပိုသွားသည့် အတွက် ဝမ်းတွင်း ကလီစာ တွေ မှာ ကယ်ဆီယမ်(ထုံးဓါတ်) စုပုံလာခြင်းကြောင့်ပါ။

ဗီတာမင် ဒီ အဆိပ်သင့် မသင့် သွေးစစ်ကြည့်လို့ လိုတာထက် ပိုပြီး ဗီတာမင် ဒီ များနေပါက အောက်ပါ သွေး အဖြေ တွေ တွေ့ရတတ်ပါတယ်

1. High Serum Calcium (သွေးတွင်း ကယ်ဆီယမ်(ထုံးဓါတ်) များနေခြင်း)
2. High 25-hydroxyvitamin D [25(OH)D] level (>150 ng/mL or >375 nmol/L) (သွေးတွင်း ဗီတာမင်ဒီ များနေခြင်း)
3. Normal or low parathyroid hormone (PTH)

ဗီတာမင် ဒီ အဆိပ်သင့်ခြင်း လက္ခဏာများ

အစပိုင်းတွင်
1. အော့အန်၊ မူးဝေ
2. အစားအသောက်ပျက်
3. ဝမ်းချုပ်
4. အားနည်း
5. ဆီးခဏခဏ သွား
6. ရေ ခဏခဏ ဆာ

ရေရှည်တွင်၊ လက္ခဏာ ဆိုးလာရင်
1. ကြွက်သားတွေ နာခြင်း
2. ဆီးကျောက်တည်/ ကျောက်ကပ်ပျက်ဆီးခြင်း
3. နှလုံးခုန်နှုန်း မမှန်ခြင်း
4. ဝမ်းတွင်း ကလီစာတွေ မှာ ကယ်ဆီယမ် (ထုံးဓါတ်) တွေ စု ပြီး ကျောက်ဖြစ်တတ်ခြင်း(အဆုတ်/ နှလုံး)

ကုသခြင်း
- ပြင်းအားများ Vitamin D အားဆေးများ ချက်ချင်း ရပ်ခြင်း
- ရေဓါတ် အမြန် ဖြည့်တင်းပေးခြင်း
- ကျောင်ကပ်လုပ်ဆောင်ချက်ကို အမြဲ စောင့်ကြည့် စစ်ဆေးပေးခြင်း
- သွေးတွင်း ကယ်ဆီယမ်(ထုံးဓါတ်) အရမ်းများနေပါက လိုအပ်ရင် corticosteroid or bisphosphonates သုံးရခြင်း (ဆရာဝန် အဆုံအဖြတ် ဖြင့်သာ)

ကာကွယ်ရန်

- ဆရာဝန် ဆုံးဖြတ်ချက် မပါပဲ 4000 IU ထက်ပို ပြီး မသောက်သင့်ပါ။
- ပြင်းအားများ vitamin D ကို လ ပေါင်းများစွာသောက်မိပါက vitamin D level သွေးစစ်ပါ။

ရာသီဥတုက မိုးရာသီပြီးလို့ဆောင်းဝင်လာပြီးဆိုပေမဲ့ အအေးဓာတ်မရောက်ပဲ တဖြည်းဖြည်းပူလာပါတယ်။ အဲဒီခါကျတော့ ချွေးထွက်များတာနဲ့ ...
30/10/2025

ရာသီဥတုက မိုးရာသီပြီးလို့ဆောင်းဝင်လာပြီးဆိုပေမဲ့ အအေးဓာတ်မရောက်ပဲ တဖြည်းဖြည်းပူလာပါတယ်။ အဲဒီခါကျတော့ ချွေးထွက်များတာနဲ့ ကြွက်တက်ဆိုပြီး ကျနော်တို့ဆေးခန်းတွေဆီလာကြတော့တာပါပဲ။
ဒီနေ့တော့ အတွေ့များတဲ့ ကြွက်တက်ခြင်း muscle cramps အကြောင်းလေးပြောပြချင်ပါတယ်။

ကြွက်တက်ခြင်း (muscle cramps)


တနေ့လုံး မတ်တတ်ရပ်နေရတဲ့အတွက် ညဘက် အိပ်နေစဉ် အညောင်းဆန့်လိုက်တာ ခြေသလုံး ကြွက်တက်တာ ကြုံဖူးကြမှာပါ။ အားကစားသမားတွေ ပြေးရင်းလွှားရင်း ကြွက်တက်တယ်ဆိုပြီး လှဲချလိုက်ကြတာ မြင်ဖူးကြမှာပါ။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ (What are Muscle Cramps?)

ကြွက်တက်ခြင်းဆိုတာ သင့်ကြွက်သားတွေ ရုတ်တရက် အလိုအလျောက် ကျုံ့သွားပြီး နာကျင်မှုဖြစ်စေတဲ့ အခြေအနေကို ပြောတာပါ။ ဒါဟာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး ဘယ်ကြွက်သားမှာမဆို ဖြစ်နိုင်ပေမယ့် ခြေသလုံး၊ ပေါင်နဲ့ ခြေဖဝါးကြွက်သားတွေမှာ အဖြစ်များပါတယ်။ ညဘက်အိပ်နေရင်း ဖြစ်တတ်တာများပြီး "ညဘက်ကြွက်တက်ခြင်း" (Nocturnal leg cramps) လို့လည်း ခေါ်ကြပါတယ်။

ကြွက်တက်ခြင်း ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းများ (Main Causes of Muscle Cramps)

ကြွက်တက်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့်တော့-
- ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ ကြွက်သားတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ ကြွက်တက်နိုင်ပါတယ်။

- သတ္တုဆားဓါတ် electrolyte မညီမျှခြင်း (Electrolyte Imbalance)
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ် (sodium)၊ ပိုတက်ဆီယမ် (potassium)၊ ကယ်လ်စီယမ် (calcium) နဲ့ မက်ဂနီဆီယမ် (magnesium) စတဲ့ သတ္တုဓာတ်တွေ နည်းပါးသွားတဲ့အခါ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်မှုမှာ ပြဿနာရှိလာပြီး ကြွက်တက်နိုင်ပါတယ်။ ချွေးအများကြီးထွက်တဲ့အခါ ဒါမျိုးဖြစ်တတ်ပါတယ်။

- ကြွက်သား အလွန်အကျွံ အသုံးပြုခြင်း (Overuse of Muscles)
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အချိန်ကြာကြာ ရပ်နေတာ ဒါမှမဟုတ် လမ်းလျှောက်တာမျိုးတွေကြောင့် ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ပြီး ကြွက်တက်တတ်ပါတယ်။

- သွေးလည်ပတ်မှု မကောင်းခြင်း (Poor Circulation)
ကြွက်သားတွေမှာ သွေးစီးဆင်းမှု မကောင်းတဲ့အခါ ကြွက်တက်နိုင်ပါတယ်။

- အာရုံကြောဆိုင်ရာ ပြဿနာများ (Nerve Problems)
အာရုံကြောတွေ ထိခိုက်မှုရှိတဲ့အခါ ဒါမှမဟုတ် ကြာကြာဖိမိတဲ့အခါ ကြွက်တက်နိုင်ပါတယ်။

- ကိုယ်ဝန်ဆောင်ခြင်း (Pregnancy)
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်သဘာဝ အပြောင်းအလဲတွေကြောင့် ကြွက်တက်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။

- ဆေးဝါးအချို့ (Certain Medications)
ဆီးဆေး (diuretics)၊ ပန်းနာရင်ကျပ်ဆေးအချို့ စတဲ့ ဆေးဝါးအချို့ကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေများ (Underlying Medical Conditions)
ဆီးချို (diabetes)၊ သိုင်းရွိုက် (thyroid) ပြဿနာ၊ ကျောက်ကပ်ရောဂါ (kidney disease) စတာတွေလို အခြား ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ကြွက်တက်ခြင်းကို ဘယ်လို သက်သာအောင် လုပ်မလဲ (How to Relieve Muscle Cramps?)

ကြွက်တက်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။
- ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ (Gently Stretch the Muscle)
ကြွက်တက်နေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။ ဥပမာ- ခြေသလုံးကြွက်တက်ရင် ခြေဖဝါးကို ကိုယ့်ဆီပြန်ကွေးတာမျိုး လုပ်ပေးပါ။

- နှိပ်နယ်ပေးပါ (Massage)
ကြွက်တက်နေတဲ့ နေရာကို ညင်သာစွာ နှိပ်နယ်ပေးတာ၊ အပူပေးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

- ရေဓာတ်ဖြည့်တင်းပါ (Rehydrate)
ရေ ဒါမှမဟုတ် ဓါတ်ဆား electrolyte ပါဝင်တဲ့ ဖျော်ရည်တွေ သောက်ပေးပါ။

ကြွက်တက်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ (How to Prevent Muscle Cramps?)

ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
- ရေဓာတ် ပြည့်ဝစွာ နေပါ (Stay Well-Hydrated)
တစ်နေ့တာလုံး ရေ၊ အရည် လုံလောက်စွာ သောက်ပေးပါ။

- ဆားဓါတ် electrolyte ပြည့်ဝပါစေ (Ensure Adequate Electrolytes)
ငှက်ပျောသီး၊ ထောပတ်သီး၊ အရွက်စိမ်း စတာတွေလို ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ် စတဲ့ ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးပါ။

- ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ (Regular Exercise)
ကြွက်သားတွေကို ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးတိုင်း ကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။

- ညအိပ်ရာမဝင်ခင် ကြွက်သားဆန့်ထုတ်ပါ (Stretch Before Bed)
ညဘက် ခြေသလုံးကြွက်တက်တတ်ရင် အိပ်ရာမဝင်ခင် ခြေထောက်ကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။

- သင့်တော်တဲ့ ဖိနပ်စီးပါ (Wear Appropriate Footwear)
သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုး ရွေးချယ်စီးပါ။

- အရက်နဲ့ ကဖိန်းဓာတ် လျှော့ချပါ (Limit Alcohol and Caffeine)
အရက်နဲ့ ကဖိန်းဓာတ်က ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်တာကြောင့် လျှော့သောက်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ (When to See a Doctor?)

အကယ်၍ ကြွက်တက်ခြင်းက မကြာခဏ ဖြစ်နေမယ်၊ ပြင်းထန်ပြီး နာကျင်မှုအရမ်းများမယ်၊ ကြွက်သားအားနည်းတာ ဒါမှမဟုတ် ခြေထောက်တွေ ဖောရောင်တာမျိုးလို တခြား လက္ခဏာတွေနဲ့ တွဲပြီး ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းအရင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။

28/10/2025

I got over 150 reactions on my posts last week! Thanks everyone for your support! 🎉

ဒီနေ့တော့ ကျ​နော်တို့ ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ ရောဂါအ​ကြောင်းပြောကြပါ့မယ်။ Ricket ရောဂါ (သို့) ကြွက်သားသွေးရောဂါ Ricket...
28/10/2025

ဒီနေ့တော့ ကျ​နော်တို့ ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ ရောဂါအ​ကြောင်းပြောကြပါ့မယ်။

Ricket ရောဂါ (သို့) ကြွက်သားသွေးရောဂါ

Ricket ရောဂါဟာ Vitamin D၊ Calcium သို့မဟုတ် Phosphate ချို့တဲ့မှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်တွေဟာ အရိုးတွေ သန်မာကြံ့ခိုင်စေဖို့ အရေးပါတဲ့အတွက် ချို့တဲ့ရင် အရိုးတွေ ပျော့ပြီး ပုံပျက်လာတတ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ် မရွေး ဖြစ်နိုင်ပေမယ့် ကလေးငယ်တွေမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။

Ricket ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများ

အဓိက အကြောင်းရင်းတွေကတော့ -

1. ဗီတာမင် ဒီ ချို့တဲ့ခြင်း
- ဗီတာမင် ဒီ ကို အရေပြားက နေရောင်ခြည်နဲ့ ထိတွေ့မှုကနေ အဓိက ရရှိပါတယ်။ နေရောင်နည်းတဲ့ နေရာဒေသမှာ နေထိုင်သူတွေ၊ အပြင်ထွက်နည်းပြီး နေရောင်ကို မထိရှတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အဆီများတဲ့ ငါး၊ ဥအမျိုးမျိုး၊ ဗီတာမင် ဒီ ဖြည့်စွက်ထားတဲ့ နို့တွေကို မစားသောက်ရင်လည်း ချို့တဲ့နိုင်ပါတယ်။

2. အစားအသောက်
- ကယ်လ်ဆီယမ် သို့မဟုတ် ဖော့စဖရပ် ကြွယ်ဝစွာ မပါဝင်တဲ့ အစားအစာတွေကို စားသုံးမိခြင်း။

3. မျိုးရိုးဗီဇ ကြောင့်ဖြစ်သော Ricket (Hereditary Rickets)
- မွေးရာပါ ကျောက်ကပ်ရောဂါတို့လို ခန္ဓာကိုယ်က ဗီတာမင် ဒီ ကို မှန်မှန်ကန်ကန် မစုပ်ယူနိုင်တဲ့ ရောဂါအခံတွေ ရှိနေခြင်း။

ရောဂါလက္ခဏာများ

Ricket ရောဂါရဲ့ လက္ခဏာတွေကို ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် တွေ့ရတတ်ပါတယ်။

➡️ အရိုးများနှင့် ပုံသဏ္ဍာန်
- ခြေထောက်ကွေးခြင်း (Bowlegs)
- ဒူးခေါင်းတွေ ကွေးညွှတ်ပြီး ခြေထောက်တွေ ကွေးကောက်နေခြင်း။
- ရင်ဘတ်ပုံသဏ္ဍာန် ပြောင်းလဲခြင်းကြက်ရင်ဘတ်လို ရင်ညွှန့်က ထွက်နေခြင်း (Pigeon chest)။
- လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များ ဖောင်းကြွနေခြင်း။
- ဦးနှောက်ခွံ ပျော့နေခြင်း - ကလေးငယ်တွေမှာ ဦးခေါင်းခွံ နုနေချိန်မှာ ပုံပျက်လွယ်ခြင်း။
- ရင်ညွှန့်ရိုး ပုံပျက်ခြင်း (Rachitic rosary)
- နံရိုးကြားတွေမှာ အဖုအလုံးလေးတွေ ဖြစ်ပေါ်နေခြင်း။

➡️ နှောင့်နှေးမှုများ**
- အရပ်ပုခြင်း (အရိုးကြီးထွားမှု နှောင့်နှေးသောကြောင့်)
- သွားပေါက်နှောင့်နှေးခြင်း
- သွားများ ပုံသဏ္ဍာန် မမှန်ခြင်း၊ ကျိုးလွယ်ခြင်း
- အခြားသော လက္ခဏာများ
- ကြွက်သားများ အားနည်းခြင်း (အိပ်ရာထဲက မထနိုင်ခြင်း၊ လမ်းလျှောက်နှောင့်နှေးခြင်း)
- အရိုးများ နာကျင်ကိုက်ခဲခြင်း
- ကျီးပေါင်းစွဲခြင်း

ကုသနည်းများ

Ricket ရောဂါဟာ ကုသလို့ ရပါတယ်။ ကုသနည်းတွေကတော့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။

1. ဖြည့်စွက်အားဆေးများ - ဆရာဝန်ညွှန်ကြားတဲ့အတိုင်း Vitamin D နဲ့ Calcium ဖြည့်စွက်အားဆေးတွေကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရောဂါလက္ခဏာတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာပါတယ်။

2. အစားအသောက် ပြောင်းလဲခြင်း - ဗီတာမင် ဒီ နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဥပမာ - နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ အဆီများသောငါးများ (ဆယ်လ်မွန်၊ တူနာ)၊ Vitamin D ဖြည့်စွက်ထားသော ကွေကာနှင့် လတ်ဆက်သော သစ်သီးဖျော်ရည်များ စားသုံးပေးရပါမယ်။

3. နေရောင်ခြည် - မနက်ခင်း နေရောင်ခြည်နုနုကို တစ်နေ့ ၁၅-၂၀ မိနစ်ခန့် ထိအောင် နေပေးခြင်းဖြင့် ခန္ဓာကိုယ်က သဘာဝအတိုင်း ဗီတာမင် ဒီ ထုတ်လုပ်နိုင်စွမ်း မြင့်တက်စေပါတယ်။

4. ခွဲစိတ်ကုသခြင်း - အရိုးတွေ ပြင်းထန်စွာ ပုံပျက်နေတဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာသာ အရိုးပြန်လည် ပြုပြင်တဲ့ ခွဲစိတ်ကုသမှုတွေ လိုအပ်တတ်ပါတယ်။

ကာကွယ်နည်းများ

Ricket ရောဂါဟာ ကာကွယ်လို့ ရပါတယ်။

➡️ ကလေးငယ်များကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဗီတာမင် ဒီ အားဆေး (တစ်နေ့ ၄၀၀ IU) မှန်မှန်တိုက်ပါ။
➡️ ဗီတာမင် ဒီ နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားသောက်ပါ။
➡️ မနက်ခင်း နေရောင်ခြည်နုနုကို သင့်တင့်မျှတစွာ ထိတွေ့ပါ။

သင့်ကလေးမှာ Ricket ရောဂါရဲ့ လက္ခဏာတစ်ခုခု ပြလာပါက နောက်မကျခင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ပါ။ စောစောသိပြီး ကုသမှုခံယူရင် လုံးဝပြန်ကောင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

#ကျန်းမာရေး #ဗီတာမင်ဒီ

ဒီနေ့တော့ လောလောလတ်လတ် သတိထားစရာ နှလုံးသွေးကြောပိတ် (heart attack) ရောဂါအ​ကြောင်းလေး ဝေမျှပေးပါရစေ....“ Heart Attack “ န...
26/10/2025

ဒီနေ့တော့ လောလောလတ်လတ် သတိထားစရာ နှလုံးသွေးကြောပိတ် (heart attack) ရောဂါအ​ကြောင်းလေး ဝေမျှပေးပါရစေ....

“ Heart Attack “ နှလုံးတိုက်ခိုက်မှုရဲ့ လျှို့ဝှက်ချက်တွေကို သင့်အနားကလူကို မပြောပြရင် နောင်တ တစ်သက်ရှိမယ်"

ဒီစကားလေးကို အရင်ဆုံး မှတ်ထားပါ။ "အချိန်က နှလုံးပျက်စီးမှုအတွက် မုဆိုးတစ်ယောက်ပါ"။ Time is muscle.

နှလုံးတိုက်ခိုက်မှုတိုင်းမှာ ရင်ဘတ်အောင့်တယ်ဆိုပြီး ရုပ်ရှင်ထဲက မြင်ရတဲ့ဇာတ်လမ်းတွေချည်း မဟုတ်ပါဘူး။ တစ်ခါတလေ လည်ပင်းနဲ့ မေးရိုးကအောင့်တာ၊ ချွေးစေးပြန်ပြီး မအီမသာဖြစ်တာ၊ အသက်ရှူမဝတာ တွေကလည်း နှလုံးက ပေးတဲ့ SOS Signal တွေပါပဲ။

ဘာလို့ ဒီအကြောင်းကို သိထားသင့်တာလဲ?

မြန်မာနိုင်ငံမှာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဟာ အသက်အန္တရာယ်ထိခိုက်မှုအများဆုံး အကြောင်းရင်းထဲက တစ်ခုပါ။
အသက် ၄၀ ကျော်တိုင်း စစ်ဆေးသင့်ပေမယ့်၊ ယနေ့ခတ်မှာ အသက် ၃၀ ဝန်းကျင်တွေမှာလည်း ဖြစ်နေပါပြီ။
အချိန်မီကုသနိုင်ရင် အသက်ရှင်နိုင်ခြေ များစွာမြင့်တက်သွားပါတယ်။

ဒီလက္ခဏာတွေ ပေါ်ရင် ဘယ်လိုလုပ်မလဲ? (လက်တွေ့လုပ်ဆောင်ချက်)

ရင်ဘတ်အောင့်တာအပြင် လည်ပင်းနဲ့မေးရိုးအောက်ပိုင်းအောင့်တာ နောက်ပိုင်း ကျောဘတ်ကိုပြန့်လာတာ၊ ချွေးစေးပြန်ပြီး မအီမသာဖြစ်လာတာ ၊ အသက်ရှုမဝတာ
တွေ ဖြစ်လာပြီဆိုရင် 👇

1. ချက်ချင်းရပ်ပစ်ပါ: ဘာလုပ်နေနေရပ်လိုက်ပါ။
2. အနားယူပါ: သက်တောင့်သက်သာရှိရာ နေရာတွင် ထိုင်ခိုင်းပါ။
3. အကူအညီတောင်းပါ: အနားကလူတစ်ယောက်ယောက်ကို "ကျွန်တော်/ကျွန်မ နှလုံးမကောင်းဘူးထင်တယ်" လို့ ပြောပါ။
4. ချက်ချင်းခေါ်ပါ: ချက်ချင်း ဆေးရုံကို သွားပါ (ဒါမှမဟုတ်) ချက်ချင်းလိုအပ်သည့် ဆေးဘက်ဆိုင်ရာအကူအညီ (အရေးပေါ်ဝန်ဆောင်မှု) ကို ခေါ်ပါ။

မှတ်ချက်: "ဒါဟာ အစာအိမ်ကြောင့်ပဲ"၊ "ခဏနေရင် ပြန်ကောင်းသွားမယ်" ဆိုပြီး မပေါ့ဆပါနဲ့။

ဘယ်လိုကာကွယ်မလဲ? (တစ်နေ့တာလုပ်ဆောင်ချက်)

နှလုံးတိုက်ခိုက်မှုကို ကာကွယ်ဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ နေ့တိုင်းလုပ်နေကျ အလေ့အထလေးတွေကို ပြင်လိုက်ရုံပါပဲ။

👉ဆေးလိပ်ဖြတ်ပါ

ဒါဟာ အရေးကြီးဆုံးအဆင့်ပါ။

👉လမ်းလျှောက်ပါ

တစ်နေ့ကို ၃၀ မိနစ်လောက် ပုံမှန်လမ်းလျှောက်ပေးပါ။

👉အစားအသောက်ဂရုစိုက်ပါ

အဆီ၊ အငန်၊ အချိုလျှော့စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ ပိုစားပေးပါ။

👉စိတ်ဖိစီးမှုကိုထိန်းပါ

တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ အိပ်ရေးဝဝအိပ်တာတွေ လုပ်ပါ။

👉ပုံမှန်စစ်ဆေးပါ

သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို ပုံမှန်စစ်ဆေးပါ

ဒီစာကို ဖတ်နေတဲ့သူ၊ သင့်ရဲ့ ချစ်ရတဲ့သူတစ်ယောက်ဟာ ဒီလက္ခဏာတွေကြောင့် အသက်ဆုံးရှုံးရမယ့်အစား၊ သင့်ရဲ့ သိမြင်မှုတစ်ခုကြောင့် အသက်ရှင်သန်နိုင်ပါတယ်
“ မျှဝေခြင်းဟာ ဂရုစိုက်ခြင်းရဲ့ ပထမဆုံးအဆင့်ပါ"။ ဒီပို့စ်လေးကို သင့်ရဲ့fcaebook မှာ like and share လုပ်ရင်း မျှဝေပေးပါ။ သင်ချစ်ရတဲ့သူတွေကို ဒီအသိပညာလေးနဲ့ ကာကွယ်ပေးလိုက်ပါ။

ရင်းမြစ်: မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များ၊ WHO အချက်အလက်များ အခြေခံထားပါသည်။


25/10/2025
ဒီနေ့မြို့ပြလူနေမှုပုံစံမှာ screening time က အရမ်းများလာကြပါတယ်။ အဲတော့ အဖြစ်များ cervical spondylosis လို့ခေါ်နဲ့ ဇက်ကျ...
24/10/2025

ဒီနေ့မြို့ပြလူနေမှုပုံစံမှာ screening time က အရမ်းများလာကြပါတယ်။ အဲတော့ အဖြစ်များ cervical spondylosis လို့ခေါ်နဲ့ ဇက်ကျီးပေါင်း ရောဂါတွေ​က အတွေ့များလာကြပါတယ်။

ဇက်ကျီးပေါင်းဆိုတာ အသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်နိုင်ခြေရှိပေမယ့် ယခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်ပွားလာတာကို တွေ့ရပါတယ် ။

ဇက်ကျီးပေါင်း (Cervical Spondylosis) ဆိုတာ

ဇက်ကျီးပေါင်းတက်တယ်ဆိုတာက လည်ပင်းကြောတလျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာ၊ ရေဓာတ်နည်းတာ၊ အဆစ်ပြားကျွံတာ၊ အရိုးအတက်ထွက်တာ၊ ဘေးနားက အရွတ်တွေ တောင့်တင်းလာတာကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ ။

ဇက်ကျီးပေါင်း ဖြစ်စေတဲ့ နေထိုင်မှု ပုံစံများ

1. 💻 ကိုယ်နေဟန်ထား မမှန်ခြင်း

· အထူးသဖြင့် ဦးခေါင်းနဲ့ လည်ပင်းက အနေအထား မမှန်တာ၊ ဇက်ကို အသုံးပြုပြီး အလေးအပင်မတာ၊ လှုပ်ရှားမှု တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်တာ (ဥပမာ ခေါင်းမော့တာ၊ ခေါင်းငုံ့တာ) စတာတွေကြောင့် လည်ပင်းကျီးပေါင်း ဖြစ်တတ်ပါတယ် ။
· လက်ကိုင်ဖုန်း အသုံးများရင်လည်း ခေါင်းငုံ့ကြည့်ရှုရတာကြောင့် ဇက်မှအရိုးအဆစ်နှင့် အာရုံကြောများပါ အညောင်းမိပြီး ဒဏ်ဖြစ်လာနိုင်ပါတယ် ။

2. 🥗 ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း

· ဗီတာမင် D နဲ့ ဗီတာမင် B12 လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပျက်စီးစေပြီး ပြန်လည်ပြုပြင်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ် ။
· ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ်တွေ လုံလောက်အောင် မစားသုံးဘဲ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကို စားသုံးမိတာကလည်း ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ် ။

3. 🧘‍♂️ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း

· တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတာ၊ အိမ်ရောက်ရင်လည်း ပင်ပန်းလို့ဆိုပြီး လှုပ်ရှားမှု မလုပ်ဘဲ ထိုင်နားတာမျိုးက ကြာလာရင် ဇက်ကျီးပေါင်းဖြစ်စေနိုင်ပါတယ် ။

4. 📱 စမတ်ဖုန်းအလွန်အကျွံသုံးစွဲခြင်း

· ဖုန်းမျက်နှာပြင်သေးလွန်းရင် အာရုံစိုက်ကြည့်ရခြင်း၊ ဖုန်းမျက်နှာပြင် အလင်းရောင်လျှော့မထားဘဲ အလင်းများတဲ့ အနေအထားနဲ့ ကြည့်ရှုခြင်း၊ ဖုန်းကြည့်ရှုတဲ့ အချိန်များခြင်းတို့ကြောင့် မျက်စိထိခိုက်ရုံသာမက ဇက်ကြောတွေပါ ထိခိုက်စေနိုင်ပါတယ် ။

✅ ကာကွယ်နိုင်မယ့် နည်းလမ်းများ

· ကိုယ်နေဟန်ထား မှန်မှန်ထားပါ။
· ဗီတာမင်နှင့် သတ္တုဓာတ်ပြည့်ဝစွာ စားသုံးပါ။
· ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
· ဖုန်းသုံးတဲ့အခါ အချိန်ကန့်သတ်ပါ၊ အနားယူပါ။
· ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။

ဇက်ကျီးပေါင်းဟာ နေထိုင်မှုပုံစံအမှားတွေကြောင့် အဖြစ်များတတ်တဲ့ ပြဿနာဖြစ်တာမို့ ကိုယ့်ရဲ့နေ့စဥ်အလေ့အထတွေကို ပြန်လည်ဆန်းစစ်ပြီး ကာကွယ်သင့်ပါတယ်။
#ကျန်းမာရေးဗဟုသုတ #ဇက်ကျီးပေါင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Health Knowledge By Dr.Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share