23/07/2026
ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပေးခြင်း
ရန်ကုန် ဇူလိုင် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများ
အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို (၂၂.၇.၂၀၂၆) ရက်နေ့ နံနက်( ၉း၀၀ )နာရီတွင် ကျင်းပခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ စီမံကိန်း လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ကော်မတီဝင်များတို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဦးစီးမှူးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာန၏လုပ်ငန်းဆောင်ရွက် နေမှုများ၊ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည့် အစီအစဉ်များရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်သူများအနေဖြင့်လည်း လုပ်ငန်းကိုအမှန်တကယ် လုပ်ကိုင်ရန်လိုပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး အခြား သင်တန်းသားများထဲမှ လုပ်ငန်းထူထောင်မည့်သူများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများက ဝင်ငွေတိုးစီမံကိန်းလက်စွဲပါ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်း စည်းကမ်းများ၊ ဈေးကွက် ရှာဖွေရေးနည်းလမ်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဥပဒေ၊ နည်းဥပဒေများရှင်းလင်း ပြောကြားခြင်း၊ သမဝါယမနှင့်စီမံခန့်ခွဲရေးပညာတက္ကသိုလ်(သန်လျင်)မှ ကထိကဆရာမ(၂)ဦးကလည်း ခေါင်းဆောင်မှုဆိုင်ရာဘာသာရပ်များ၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာဘာသာရပ်များကို ညနေ(၄)နာရီအထိ ရှင်းလင်းပြောကြားခဲ့ပါသည်။