01/01/2026
What is your best choice for 2025?
၂၀၂၅ ခုနှစ်အတွင်း အမှန်ကန်ဆုံးလုပ်မိခဲ့တဲ့ အရာက ဘာဖြစ်မလဲ?
၂၀၂၅ မှာ တည်ဆောက်ခဲ့တဲ့ အလေ့အကျင့်တွေထဲက အမှန်ကန်ဆုံးတစ်ခုကို ပြောပါဆိုရင် နေ့စဉ် နံနက်
တိုင်း “Journaling” ရေးဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။
တစ်နှစ်အတွင်း အမှတ်ရဆုံးဖြစ်ခဲ့တာကတော့ ၂၀၂၅ နှစ်စ (၃၀.၁.၂၅ -၂၈.၂.၂၅) မှာ ရေးခဲ့တဲ့
“30 Days Manifestation Journal “ ပါပဲ။
ကျမအတွက်တော့ နှစ်စမှာကတည်းက ဒီ Journaling ကြောင့် စိတ်ခွန်အား ပြည့်ပြည့်ဝဝ ရှိနေစေခဲ့တယ်လို့ ပြန်လည် သုံးသပ်မိခဲ့တယ်။
ကျမတို့အများစုဟာ နှစ်စမှာ Vision board တွေ New Year Goals တွေ ချမှတ်တတ်ကြပေမဲ့ အဲ့ဒီ vision တွေ goals တွေကို နှစ်ဆုံးအထိပါအောင် ခေါ်ဆောင်သွားနိုင်တဲ့သူက အများကြီး မရှိလှပါဘူး။ ဒီ vision နဲ့ goals တွေထဲ တူညီတာတွေကတော့ ပျော်ရွှင်မှု၊အောင်မြင်မှု၊ပေါကြွယ်ဝမှု၊ငြိမ်းချမ်းမှု အစရှိတဲ့ ဆုတောင်းတွေပါပဲ။ နောက်ထပ်တူညီတဲ့အချက်ကတော့ နှစ်စနဲ့ နှစ်ဆုံးရက်မှာသာ လူပြောများတတ်ကြတာပါ။ မနေ့ညက စားခဲ့ကြတဲ့ စပျစ်သီးတွေသာ စကားပြောတတ်ရင် တစ်နှစ်တစ်နှစ် တစ်ကမ္ဘာလုံးက ဘာသာစကားမျိုးစုံနဲ့ ဒီဆုတောင်းတွေပဲလို့ ကြားနေရတယ်လို့ ပြောမှာ အသေအချာပါပဲ။
ပါးစပ်ကဆုတောင်းတာထက် လက်နဲ့ရေးပြီး ဆုတောင်းတယ်လို့ တွေးပြီး ဒီ ရက် (၃၀) Manifestation Journal ကို လုပ်ကြည့်ဖို့ ပိုတိုက်တွန်းချင်မိတယ်။ တစ်ညတာ ဆုတောင်းတာထက် တစ်လတာ ဆုတောင်းတာမို့ တစ်စိုက်မတ်မတ်လုပ်တတ်ဖို့ လေ့ကျင့်ပြီးသားလည်း ဖြစ်နိုင်ပါတယ်။
ရက် ၃၀ အတွင်း ကျမတို့ ကိုယ့်ကိုယ်ကို အရိုးသားဆုံးမေးကြည့်ရမယ့် မေးခွန်း ၃၀ ရှိပါတယ်။ မေးခွန်း ၃၀ ထဲမှာ ဒီ Journaling challenge သာမလုပ်ဖြစ်ရင် ဘဝမှာ တစ်ခါမှ မတွေးမိစေမဲ့ မေးခွန်းမျိုးလည်း ပါပါတယ်။ ရက် ၃၀ အပြီးမှာ ကျမအတွက်တော့ ကိုယ့်အကြောင်းကိုယ် ပိုမို နားလည်လာပြီး၊ကိုယ်အစစ်အမှန်သွားချင်တဲ့ ခရီးပန်းတိုင်က ဘာလဲဆိုတာ ပိုမို ရှင်းလင်းလာခဲ့ပါတယ်။ ဆန္ဒဆိုတဲ့ အဓိပတိကဦးဆောင်ရင် မရောက်နိုင်တဲ့ ခရီးဆိုတာ မရှိဘူးလို့လည်း ယုံကြည်မှု သဒ္ဒါအား ပိုမို တိုးပွါးလာခဲ့ပါတယ်။
ဒီရက် ၃၀ ထဲမှာ Bilateral Endometriotic Cysts ကြောင့် နေ့တိုင်းနီးပါး နိုးထလာတိုင်း ခံစားရတဲ့ ခါးနာမှုဝေဒနာကို ကုသဖို့ Laparoscopic surgery လုပ်ခဲ့တဲ့ immediate post-op ရက်မှာတောင် ဘောပင်ကိုင်ဖို့ အားမရှိတဲ့ကြားက ရက်မပြတ် ရေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အထူးပဲ ချီးကျူးစကားရေးသားထားခဲ့တာ အမှတ်တရ အဖြစ်မိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ Day 1 မှာ ချမှတ်ထားခဲ့တဲ့ ကျမရဲ့ အဓိက ပန်းတိုင်က ရက် (၃၀) မပျက်မကွက် Journaling ရေးဖို့ ဖြစ်လို့ပါပဲ။
ဒုတိယ မှတ်မှတ်ရရ အဖြစ်ဆုံးတစ်ခုကတော့ Day6 : Pick 3 Power words to live by! အတွက် ရေးသားထားခဲ့တဲ့ အဖြေပါ။
ငါ ရှင်သန်ဖို့ အင်အားအဖြစ်ဆုံး စကားလုံး (၃) လုံးကဘာဖြစ်မလဲ?
(၁) ယုံကြည်မှု (Belief)
ဓမ္မစာပေတွေကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ယုံကြည်မှု ပိုရှိလာတယ်။ ဓမ္မစာပေထဲက အဓိပတိပစ္စည်းထဲက ဆန္ဒဆိုတာ အနောက်တိုင်းအယူအဆအရ manifestation ဆိုတာ နားလည် ယုံကြည်လာတယ်။ ဆန္ဒနဲ့ လောဘရဲ့ ကွာခြားချက်ကိုလည်း လက်ခံလာတယ်။
(၂) ပြောင်းလဲမှု (Change)
ပြောင်းလဲမှုဆိုတာ ယုံကြည်မှုရဲ့ မျိုးစေ့တစ်ခုပါ။ ငါယုံကြည်ရာအတိုင်း ငါဟာ ပြောင်းလဲလာမှာပဲ။ ငါပြောင်းလဲလာတဲ့အတိုင်း ငါ့ပန်းတိုင်တွေဟာ ပြောင်းလဲလာဦးမှာပဲ။
(၃) သန််မာမှု (Strong)
သန်မာမှုဟာ ဝေမျှတတ်သူတစ်ယောက် ဖြစ်စေလိမ့်မယ်။ သန်မာမှုကြောင့် တခြားသူတွေရဲ့ ထင်မြင်သုံးသပ်မှုတွေကြောင့် မထိခိုက်နိုင်ဘူး။ ဒါကြောင့် အောင်မြင်မှုကိုလည်း မဟန့်တားနိုင်ဘူး။ ဒီအောင်မြင်မှုကို ဝေမျှဖို့လည်း ဘယ်လို အတားအဆီးမှ မရှိနေဘူး။
တတိယ အမှတ်ရမိဆုံးကတော့ Day 26: Write a thank you letter to yourself!
အသက် (၃၂) နှစ်ထိ သူများတွေကို ကျေးဇူးတင်ကြောင်းစာ ရေးဖူးခဲ့ပေမဲ့ ကိုယ့်ကိုယ်ကို
ကျေးဇူးတင်တဲ့စာ တစ်ခါမှ မရေးခဲ့ဖူးဘူး။ ကျန်းကျန်းမာမာနဲ့ ရှိနေပေးတဲ့ စိတ်နဲ့ ခန္ဓာ အတွက် ကျေးဇူးတင်မိတယ်။ စာမေးပွဲများစွာကို ကျက်မှတ်လေ့လာပေးခဲ့တဲ့ အသိဉာဏ်အတွက် ကျေးဇူးတင်မိတယ်။ ဘဝမှာ ရွေးချယ်စွန့်လွှတ်ရမယ့် အလုပ်အကိုင်အတွက်လည်း မတွေဝေဘဲ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။ အနောက်တိုင်းစာပေတွေရဲ့ သဘောတရားတွေဟာ ဗုဒ္ဓရဲ့ အတွေးအခေါ်ထဲကနေ သွေဖီပြီး ရေးထားတာမရှိဘူးဆိုတဲ့ အသိကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်မိတယ်။
ကျမအတွက်တော့ ဒီမေးခွန်း (၃၀) ကနေ ရရှိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အစစ်အမှန် နားလည်မှုဟာ ၂၀၂၅ တစ်နှစ်တာလုံးမှာ ခွန်အားအဖြစ် ဆက်လက် ကျန်ရှိနေခဲ့တယ်။ ၂၀၂၄ ရဲ့ အကောင်းဆုံး ရွေးချယ်လုပ်ခဲ့တဲ့ အလေ့အကျင့်ဟာ စာဖတ်ခြင်းဖြစ်ပြီး၊ ၂၀၂၅ မှာတော့ Journaling ဖြစ်လာခဲ့ပါတယ်။ ၂၀၂၆ မှာလည်း အလေ့အကျင့် ကောင်းတွေ ဆက်လက်တည်ဆောက်နေနိုင်ဖို့ ဆုတောင်းရင်း ၂၀၂၆ ရဲ့ ပထမဆုံးရက်မှာ ဒီ “30 Days Manifestation Journal” ကို မျှဝေမိပါတယ်။
Day 1: Your Goal for Next 30 days!
နောက် ရက် ၃၀ အတွက် ပန်းတိုင်ကဘာဖြစ်မလဲ!
Day 2: Where are you 5 years from Now!
အခုကနေ နောက် (၅) နှစ်မှာ သင်ဘာဖြစ်နေမလဲ!
Day 3: What advice does future you have!
အနာဂတ်သင်က ဘယ်လို အကြံဉာဏ်ပေးလိမ့်မလဲ!
Day 4: What would you do with unlimited money!
မကုန်ဆုံးနိုင်တဲ့ ငွေတွေသာရရင် ဘာလုပ်မလဲ!
Day 5: What would you do with an extra $50,000!
သိန်းနှစ်ထောင်ကျော်ငွေ အပိုရရင် ဘာလုပ်မလဲ!
Day 6: Pick 3 Power words to live by!
ရှင်သန်ဖို့ အင်အားပေးတဲ့ စကားလုံး (၃) လုံးကိုရွေးပါ!
Day 7:What does your dream house look like!
စိတ်ကူးထဲက အိမ်က ဘယ်လိုပုံစံဖြစ်မလဲ?
Day 8:What is your dream job?
အမြဲတောင့်တနေတဲ့ စိတ်ကူးထဲက အလုပ်က ဘာဖြစ်မလဲ?
Day 9:How can you cultivate more joy in your life!
ပျော်ရွှင်ချမ်းမြေ့မှု ပိုရအောင် ဘယ်လို ပျိုးထောင်မလဲ?
Day 10: What makes you feel most loved!
ဘယ်အရာက သင့်ကို အချစ်ခံရဆုံးလူသားလို့ ခံစားရစေသလဲ?
Day 11:What impact do you want to have on the world!
ဒီကမ္ဘာမြေပေါ်မှာ ဘယ်လို သက်ရောက်မှုရှိတဲ့ သူတစ်ယောက် ဖြစ်ချင်သလဲ?
Day 12: Describe your perfect life partner!
အကောင်းဆုံး ဘဝလက်တွဲဖော်ပုံရိပ်ကို ပုံဖော်ပါ!
Day 13:How can you create your dream!
အိပ်မက်ကို လက်တွေ့ဆီ ဘယ်လို အကောင်အထည်ဖော်မလဲ?
Day 14: What do you want to attract more of in life!
ဘဝထဲကို ဘယ်လိုအရာတွေ ပိုဆွဲဆောင်ချင်သလဲ?
Day 15: Do you feel in control of your life!
သင့်ဘဝကို ထိန်းချုပ်နိုင်တယ်လို့ ခံစားရသလား?
Day 16: Describe your current relationship to money!
လက်ရှိ သင်နဲ့ငွေကြေး ပတ်သက်ဆက်နွယ်မှုကို ရေးပါ!
Day 17: Describe your ideal relationship to money!
သင့်ရဲ့ စံပြငွေကြေးနဲ့ ပတ်သက်မှုက ဘယ်လိုမျိုးလဲ?
Day 18:What actions show you’re ready to this dream life!
ဘယ်လို အပြုအမူတွေက သင်မက်နေတဲ့ အိပ်မက်ထဲက ဘဝဖြစ်ဖို့ အဆင်သင့်ဖြစ်နေစေပြီလဲ?
Day 19: What else can you do to make sure you’re ready!
သင်အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာဖို့အတွက်ဘာတွေ သင်လုပ်လို့ရလဲ?
Day 20: What words would your relatives use to describe you!
သင့်ဆွေမျိုးတွေက သင့်ကို ဘယ်လိုစကားလုံးနဲ့ သုံးနှုန်းဖော်ပြလေ့ရှိသလဲ?
Day 21:What words do you want to be described by!
သင့်ကိုယ်သင် ဖော်ပြခံရချင်တဲ့ စကားလုံးတွေက ဘာလဲ?
Day 22:Make a list of your favorite affirmations!
သင်အကြိုက်ဆုံး သင့်မသိစိတ်ကို အခိုင်အမာပြောနေတဲ့ စကားလုံးတွေကို စုစည်းပါ!
Day 23: Describe how you can embody them!
သင်အကြိုက်ဆုံး affirmations တွေကို သင့်ဆီမှာဘယ်လို နှစ်မြှုပ်မလဲ?
Day 24: Why are you so successful in life!
သင့်ဘဝမှာ ဘာ့ကြောင့် ဒီလောက်အောင်မြင်ရတာလဲ?
Day 25:Why do you deserve the life you’re manifesting!
သင်လိုချင်တောင့်တတဲ့ဘဝကို ရဖို့ ဘာလို့ ထိုက်တန်တာလဲ?
Day 26:Write a thank you letter to yourself!
သင့်ကိုယ်သင် ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးပါ!
Day 27:What does a perfect life look like to you !
သငိ့အတွက် ပြည့်စုံတဲ့ဘဝဆိုတာ ဘယ်လို အဓိပ္ပါယ် ဖြစ်မလဲ?
Day 28:Is there a gap between this life and your perfect life!
အခု သင်ပိုင်ဆိုင်နေတဲ့ဘဝနဲ့ သင်လိုချင်တဲ့ အကောင်းဆုံးဘဝ နှစ်ခု ခြားနားချက် ဘယ်လောက်ရှိသလဲ?
Day 29:What aligned actions can you take to close the gap!
သင့်အခုဘဝနဲ့ လိုချင်တဲ့ဘဝ နှစိခုကြား အကွာအဝေးကို နီးစပ်အောင် ဘယ်လို လုပ်မလဲ?
Day 30: Describe how you feel now you’ve finished!
အခု ရက် (၃၀) journaling manifestation ခရီးပြီးသွားတော့ ဘယ်လိုခံစားရသလဲ?