30/08/2026
ဂျပန်နိုင်ငံတွင် မွေးကင်းစကလေး အလောင်းကို တိုက်ခန်းအတွင်းထားရှိမှုဖြင့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ ဩဂုတ် ၃၀
ဂျပန်နိုင်ငံ၊ ဆိုင်တာမာခရိုင်၊ ဟီဂါရှီမတ်ဆုယာမာမြို့တွင် မွေးကင်းစကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို တိုက်ခန်းအတွင်း ထားရှိခဲ့သည်ဟု သံသယဖြင့် အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း Kyodo News ၏ ဩဂုတ် ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ဖမ်းဆီးခံရသူမှာ ကျောင်းသူတစ်ဦးဖြစ်ပြီး ဩဂုတ် ၁၆ ရက်မှ ၂၇ ရက်အတွင်း မွေးဖွားခဲ့သည့် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းကို ၎င်းနေထိုင်သည့် တိုက်ခန်းအတွင်း ထားရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။ သေဆုံးခဲ့သည့်ကလေးမှာ ယောကျ်ားလေးဖြစ်နိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ယူဆထားသည်။
အမှုမှာ ဩဂုတ် ၂၇ ရက်တွင် ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦး ဆေးခန်းသို့ လာရောက်ပြသရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဆေးစစ်ဆေးမှုအတွင်း ဝမ်းဗိုက်အတွင်း သန္ဓေသားမတွေ့ရှိရသဖြင့် ဆေးခန်းဘက်က သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့က အမျိုးသမီး၏ တိုက်ခန်းကို သွားရောက်စစ်ဆေးရာ မွေးကင်းစကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများအရ အမျိုးသမီးက ကလေးမွေးဖွားပြီးနောက် ပလတ်စတစ်အိတ်အတွင်း ထည့်ကာ တိုက်ခန်းအတွင်း ထားရှိခဲ့ကြောင်း ဝန်ခံထားသော်လည်း ကလေး၏အလောင်းကို စွန့်ပစ်ရန် သို့မဟုတ် ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ထွက်ဆိုထားသည်။
လက်ရှိတွင် ကလေးငယ်၏ ရုပ်အလောင်း၌ ပြင်ပဒဏ်ရာများ မတွေ့ရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောထားပြီး သေဆုံးရသည့်အကြောင်းရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။