Literary Park

Literary Park အားလပ်ချိန်ဖတ်ဖို့အတွက် literary park

11/10/2022

ကိုကြည့် ရဲ့ဝတ္ထုတွေနဲ့ အမောပြေရယ်ခဲ့ရတာပါ ငြိမ်းချမ်း စွာ အနားယူပါတော့ အကို. ကျောက်သင်ပုန်း တစ်ချပ် ထပ်လျော့ပြန်ပေါ့

အောင်ဆန်းဇာနည်ကိုဖန်တီးသူ""""""""""""""""""""""""""နှစ်ပေါင်း ၅၀ အတွင်း ကျောင်းသားများအားလုံးနီးပါး အလွတ်ရသည့် ကဗျာတစ်ပု...
09/23/2022

အောင်ဆန်းဇာနည်ကိုဖန်တီးသူ
""""""""""""""""""""""""""

နှစ်ပေါင်း ၅၀ အတွင်း ကျောင်းသားများအားလုံးနီးပါး အလွတ်ရသည့် ကဗျာတစ်ပုဒ်ကို ပြောပါဟုဆိုလျှင် ‘အောင်ဆန်းဇာနည်’ဟု သိသူများပါ လိမ့်မည်။

သို့သော် ထိုကဗျာကို မည်သူရေးသနည်းဟု ထပ်မေးပါလျှင် သိသူရှားပြီး ဝဝေဝေါးဝါးဖြစ်ကြပါလိမ့်မည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) တတိယတန်း တက်ရောက်နေသော မောင်နှမ နှစ်ယောက် အိမ်စာတစ်ခုအတွက် စိတ်လှုပ်ရှားနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျ ဆုံးသည့် အာဇာနည်နေ့နီးပြီဖြစ် သဖြင့် ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း စာစီစာကုံးရေးရန် ဆရာမက အိမ်စာခိုင်းလိုက်၍ဖြစ်သည်။

မောင်ရဲအောင်နိုင်နှင့် မသက်ဖြိုးကြည်တို့ အိမ်ပြန်ရောက်သည်နှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အပတ်တကုတ် ကျက်ကြမှတ်ကြသည်။

မောင်နှမနှစ်ယောက် ကြိုး ကြိုးစားစား ကျက်မှတ်သော်လည်းမူလတန်းအရွယ်နှင့် နိုင်ငံခေါင်း ဆောင်ကြီးအကြောင်း အလွတ် မှတ်ရသည်ကမလွယ်။ များလှ သည့် အက္ခရာများ။ မှတ်ရသည့် ခုနှစ်သက္ကရာဇ်များ။

ထိုအချိန်တွင် ၎င်းတို့ ဖခင် ဖြစ်သူက အနားသို့ရောက်လာ ကာ မောင်နှမနှစ်ယောက်ကို အ တန်ကြာ အကဲခတ်ပြီးနောက် ပြန် ထွက်သွား၏။

ခဏကြာတော့ ပြန် လာပြီး စာရွက်တစ်ရွက်ပေးသည်။ ‘‘မင်းတို့ ဆရာမကိုပါ ဒီစာရွက်ပေးလိုက်’’ဟု တစ်ဆက်တည်း ပြောလေသည်။

နံနက်တွင်တော့ မောင်ရဲအောင်နိုင်တို့ မောင်နှမနှစ်ယောက်ကဗျာလေးကို ကျောင်းသို့ ယူသွား ပြီး အတန်းပိုင်ဆရာမကို ပြခဲ့ သည်။

အတန်းပိုင်ဆရာမက ထို ကဗျာကို ကျောက်သင်ပုန်းပေါ် တွင် ချက်ချင်းချရေးကာ အတန်း ထဲမှ ကျောင်းသား၊ ကျောင်းသူ များကို ချက်ချင်းပင် ကျက်မှတ် စေခဲ့သည်။

အောင်ဆန်းဇာနည်
___________________
-ဖေဖော်ဝါရီ ဆယ့်သုံးမှာ
-ဗိုလ်ချုပ်မွေးနေ့ပါ
-တစ်ထောင့်ကိုးရာ တစ် ဆယ့်ငါး
ရှေ နေ ဦးဖားသား
-ဇာတိနတ်မောက် တောင်တွင်း ခရိုင်
သိကြအများ ယခုတိုင်
-ဖြောင့်မှန်ကန်တဲ့ ဇာနည်ဘွား
-မိခင်ဒေါ်စုသား (မူရင်းအတိုင်း)
စသည်ဖြင့် အစချီထားသော ကဗျာလေးဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်၊ တော်လှန်ရေးကောင်စီ ခေတ်က အဖြစ်အပျက်များကိုဗိုလ်မှူးကြီးရဲထွန်း၏သား အသက်(၆၀)နားကပ်နေပြီဖြစ်သည့် ဦးရဲအောင်နိုင်က ပြန်ပြောပြနေ ခြင်းဖြစ်သည်။

သားသမီးနှစ်ယောက် စာ ကျက်ရန် ခက်ခဲနေသည့် အခြေ အနေကို ဖြေရှင်းပေးရန် ချက်ချင်း ကောက်စပ်ပေးလိုက်သည့် ကဗျာ မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အ တွင်းက ကျောင်းသားများအားလုံးနီးပါး အလွတ်ရသည်အထိ လွှမ်းမိုးထားသည့် ကဗျာဟုဆိုလျှင်လွန်မည်မထင်။

လူတိုင်းဆိုခဲ့၊ ကျက်ခဲ့ဖူးသလို လူတိုင်းလည်း နှစ်သက်ကြသည်။ ရွတ်လို့ကောင်း၊ဖတ်လို့ကောင်းသလို နိုင်ငံခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း တိုတိုနှင့် လိုရင်း ရောက်သော ကဗျာဖြစ်သည်။

မြန်မာ့သမိုင်းတွင် ထင်ရှား သူများဖြစ်သည့် အနော်ရထာ၊အလောင်းမင်းတရား၊ ကျန်စစ် သား၊ သခင်ကိုယ်တော်မှိုင်း၊ ဦးနုစသည့် ပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိ၊ မွေးနေ့၊ မိဘကိုသာ မသိရိုးရှိမည်။

ဦးအောင်ဆန်း၏ အကြောင်းကိုတော့ ‘‘ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ’’ အစချီလိုက်သည်နှင့် ကလေးက အစသိနိုင်သည်။ သည်ကဗျာက သည်လောက်စွမ်းအားရှိခဲ့သည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ကဗျာကို အ လွတ်ရသူများသော်လည်း ကဗျာ ဖန်တီးခဲ့သူကို သိသူရှားခဲ့သည်။

ယခုလက်ရှိ တတိယတန်း မြန်မာဖတ်စာတွင်ပါသည့် အဆို ပါ ‘အောင်ဆန်းဇာနည်’ကဗျာကို သင်ရိုးကဗျာများစွာ ရေးသားခဲ့ဖူး သည့် ကဗျာဆရာကြီးတင်မိုး ရေး သားခဲ့သည်ဟု အများစုက မှတ် ယူနေကြသည်။

သို့သော် ဆရာ ကြီးတင်မိုး၏ မိသားစုဝင်များ ကိုယ်တိုင်က မဟုတ်ကြောင်း ငြင်းဆိုခဲ့ဖူး၏။

ကဗျာ၏ အောက်ဆုံးအပိုဒ် ‘ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား’ဆိုသည့် စာ သားမှာ မူရင်းတွင် ပါ၊ မပါ ဆို သည်မှာ နှစ်အတော်ကြာတိုင် အငြင်းအခုန်ဖြစ်သည့် ကိစ္စဖြစ် သည်။

နိုင်ငံရေးလောကနှင့် စာပေလောကမှာရော ပညာရေးလောကမှာပင် ထိုဝိရောဓိက သို့လောသို့ လောနှင့် မရေမရာရှိနေသည်။

ထိုအခြင်းအရာများကြောင့် ဦးရဲထှနျးတို့ မိသားစုများ မှ၂၀၁ရ မှာပင် ပညာရေးဝန်ကြီး ဌာနသို့ သွားရောက်၍ ၎င်းတို့၏ ဖခင်မှာ မူရင်းပိုင်ရှင်ဖြစ်ကြောင်း သွားရောက်အသိပေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ အစက သိ ထားတာက ပြဋ္ဌာန်းစာအုပ်က ကဗျာတွေမှာ ရေးတဲ့သူနာမည် ဖော်ပြလေ့မရှိဘူးလို့ သိထားတာ ကိုး။

ဒီလိုတွေရှိလာတော့ ကျွန် တော်တို့လည်း အဖေ့ကို ဂုဏ်ပြု ပြီး သူရေးခဲ့တာပါဆိုတာ သိစေ ချင်တယ်။ ပြီးတော့ နောက်ဆုံးအ ပိုဒ်က မူရင်း ဟုတ်၊ မဟုတ်လည်း ရှင်းပြရအောင်ပေါ့’’ဟု ဦးရဲထွန်းမိသားစုဝင်များမှပြောပြသည်။

မိသားစုကတော့ မူရင်း ကဗျာထဲတွင် ‘ဆိုရှယ်လစ်ရဲ့ လမ်းစဉ်များ’ဆိုသည့်စာသား ပါဝင် သည်ဟု ဆိုကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နာ မည်ကျော် ရွှေတိဂုံပစ္စယံ ဖဆပလညီလာခံမိန့်ခွန်းတွင် ‘‘ဆိုရှယ်လစ် ဇင် ခေါ် လူအများကောင်းစားရေး ဝါဒ၊ လူထုကောင်းစားရေးဝါဒ ပြန့်ပွားစည်ကားမှ တိုးတက်မည်’’ဟု သဘောဖြင့် ပြောကြားခဲ့ဖူးသည်။

ထိုမိန့်ခွန်းကြောင့် မူရင်းကဗျာ အောက်ဆုံးပိုဒ်တွင် ထိုသို့ ရေးခဲ့ခြင်းဖြစ်နိုင်ကြောငျးမိသားစုဝင်များကခန့်မှန်း၍ ပြောသည်။

၁၉၆၄ တွင် ရှေ့ဆောင် ဂျာနယ်၌ အစောဆုံးတွေ့ရသည့် ကဗျာတွင်လည်း ‘ဆိုရှယ်လစ်ရဲ့ လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား’ ဟု ပါရှိသည်။

အလားတူပင် မူရင်းကဗျာ နှင့် ယခုသင်ရိုးပါ ကဗျာတို့ သတ် ပုံကွဲလွဲသည့်အချက်များလည်း အ များအပြားရှိနေသည်။

ထိုထဲတွင် သိသာထင်ရှားသည်က ‘ရှေ့နေ ဦးဖား’နှင့် ယခုရှေ့နေ ‘ဦးဖာ’ အရေးအသားဖြစ်သည်။

ဗိုလ်ချုပ် ၏ အတ္ထုပ္ပတ္တိများကို ပြန်တိုက်စစ် ကြည့်ရာတွင်တော့ ယခုသုံးနှုန်း ထားသည့် ဦးဖာမှာ အမှန်ဖြစ်၏။

ထို့အပြင် မူရင်းကဗျာတွင် ‘ဇာတိနတ်မောက် တောင်တွင်း ခရိုင်’ဟု ပါရှိပြီး ယခု ‘ဇာတိနတ် မောက် မကွေးခရိုင်’ဟု ကွဲလွဲ သည်။

ထိုကဗျာကိုရေးစဉ် ၁၉၆၄ က နတ်မောက်မြို့မှာ တောင်တွင်း ကြီးခရိုင်အတွင်းတွင် ရှိနေပြီး နောက်ပိုင်းမှ မကွေးခရိုင်အတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ကွဲပြားသည်ဟု ယူဆရ သည်။ ထို့အပြင် အခြားစာလုံး ပေါင်း သတ်ပုံကွဲပြားမှု အနည်း ငယ်လည်း ရှိနေသည်။

လက်ရှိတွင် အဆိုပါဖြစ်ရပ် ကို စိစစ်ရေးအတွက် တာဝန်ယူ ထားသည်မှာ ပညာရေးဝန်ကြီး ဌာန မြန်မာစာပါမောက္ခများအဖွဲ့ ဖြစ်သည်။

အဖွဲ့ကလည်း စိစစ် စုံစမ်းပြီး ထိုကဗျာမှာ ဦးရဲထွန်းရေးသားခဲ့ခြင်း အမှန် ဖြစ်ကြောင်းကို အတည်ပြုမှတ် ချက်ပေး၏။

‘အောင်ဆန်းဇာနည်’ ကဗျာ ကို ရေးသားချိန်တွင် ဦးရဲထွန်း မှာ အသက် (၄၁)နှစ်ရှိပြီဖြစ်ကာ ပညာရေးဝန်ကြီးဌာန၌ အတွင်း ဝန်ရာထူး ထမ်းဆောင်နေချိန်ဖြစ် သည်။

ဦးရဲထွန်းမှာ နိုင်ငံလွတ်လပ် ရေးအတွက် ဖက်ဆစ်နယ်ချဲ့များ ကို တိုက်ခိုက်ခဲ့၍ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်) ချီးမြှင့်ခံခဲ့ရသည်။

ထို့အပြင် ၁၉၄၉-၅၀ ခန့်က ရောင်စုံသူပုန် များ၊ နာမည်ကျော်အင်းစိန်တိုက် ပွဲနှင့် ကူမင်တန်များကို တိုက်ခိုက် ခဲ့မှုကြောင့်လည်း တပ်မတော်က ပေးအပ်သည့် ဇေယျကျော်ထင် ဘွဲ့ကိုလည်း ရရှိခဲ့သည်။ နိုင်ငံ့ ဂုဏ်ရည် (ပထမအဆင့်)လည်း ရရှိခဲ့သူဖြစ်သည်။

ထို့အပြင် ပညာရေးဌာန၏ အတွင်းဝန်၊ အင်္ဂလန်နိုင်ငံ စစ်သံ မှူးကြီး စသည့်ရာထူးများကိုလည်း ထမ်းဆောင်ခဲ့သေးသည်။ ကဗျာ ကို ဆရာမထံ ပေးခိုင်းစဉ်က ပညာရေးအတွင်းဝန်ဖြစ်စဉ်က ဖြစ် သည်။

၁၉၂၃ တွင် မွေးဖွားခဲ့သော ဦးရဲထွန်းသည် ဒုတိယကမ္ဘာစစ် ကြီးဖြစ်ပွားနေသည့် ၁၉၄၂ တွင် တပ်မ တော်ထဲသို့ဝင်၍ အမြောက်တပ် တွင် စစ်မှုထမ်းခဲ့သည်။

တပ်ရင်း မှူး ဦးရဲထွန်းမှာ တိုက်ပွဲတိုင်းလိုလို ပင် နွှဲခဲ့ရသည့် ပွဲတိုင်းကျော်ဖြစ်ခဲ့ ၏။

ဖက်ဆစ်တော်လှန်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ တိုက်ပွဲဝင်ခဲ့သူမို့ ဗိုလ်ချုပ်ကို လေး စားကြည်ညိုသည်။

ဗိုလ်ချုပ်တို့ ကျဆုံးသည့် ဇူလိုင် ၁၉ နံနက်က ဗိုလ်မှူးကြီး ရဲထွန်းမှာ တညင်း ကုန်းရှိ လေတပ်စခန်းတွင် မလေး ရှားနိုင်ငံသို့ စစ်ပညာသင်သွား ရောက်ရန် စီစဉ်နေချိန်ဖြစ်၏။

ဗိုလ်ချုပ်ကျဆုံးသည့် သတင်းကို ကြားပြီး ဝမ်းနည်းပက်လက်ငိုခဲ့ ကာ မလေးရှားသို့ မသွားနိုင်ခဲ့ သည်ကို သားသမီးများအား အမြဲ လိုပြောကြားတတ်သည်ဟု ကျန် ရစ်သူ သားသမီးများက ဆိုသည်။

ဦးရဲထွန်းမှာ ထိုစဉ်ကတည်း က ဓာတ်ပုံရိုက်ခြင်းနှင့် စာရေး ခြင်းများ နှစ်သက်ပြီး ကဗျာစပ် အ လွန်ကောင်းသည်ဟု သားသမီး များက ပြောသည်။

ဦးရဲထွန်းက ကဗျာဆရာ မဟုတ်ပါ။ သို့သော် ကဗျာစပ်ခြင်း ကို အလွန်နှစ်သက်သည့် အငြိမ်း စားဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။

သားသမီးများကို လက်တန်း စပ်ပေးလိုက်သော ကဗျာသည် တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့နှစ် သက်သော ကဗျာဖြစ်ခဲ့၏။

သို့သော် သူသည် ဘဝတစ် လျှောက်လုံး ‘အောင်ဆန်ဇာနည်’ ၏ ဖန်တီးသူအဖြစ်မှ တိမ်မြုပ်နေ ခဲ့ရသည်။

မကြာမီ သူ၏ကဗျာနှင့် သူ ၏ ကလောင်ကို ဖတ်စာအုပ်တွင် တွဲလျက်ဖော်ပြခံရတော့မည် ဖြစ် သည်။

ဝမ်းနည်းစရာကောင်းသည် မှာ ထိုအခြင်းအရာကို သူကိုယ် တိုင်တော့ မြင်နိုင်တော့မည် မ ဟုတ်ပေ။ဦးရဲထွန်းမှာ ၂၀၁၄ အသက် (၉၁)နှစ်အရွယ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်သည်။


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

ဒေါင်းယောင်ဆောင်သောကျီး---------------------------ကျွန်တော်က ရုံးခန်းထဲတွင် ကလေးတွေ၏ လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးပေး...
09/23/2022

ဒေါင်းယောင်ဆောင်သောကျီး
---------------------------
ကျွန်တော်က ရုံးခန်းထဲတွင် ကလေးတွေ၏ လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးပေးနေစဉ်

“ဆရာကြီး သမီးဝင်ခဲ့မယ်”

“ဟေ ... လာလေကွယ် ... ထိုင် ... ဘာကိစ္စလဲကွ”

“ဆရာကြီးကို အကူအညီတစ်ခုတောင်းမလို့”

“အောင်မယ် ... စကားပလ္လင်ခံမနေနဲ့ပြော”

“ဘုန်းကြီးကျောင်းမှာလေ ... ဒေါင်းတောင်တွေရှိတယ်ဆရာကြီး”

“အဲဒါ ဘာဖြစ်သလဲ”

“သမီးကို ခဏ ငှားပေးပါလားလို့”

“ဘာလုပ္မလို့လဲ”

“သမီး ဇာတ္ကမလို့”

“ခင်လေး ... နင်ဘာ အရူးထပြန်ပြီလဲ”

“ဆရာကြီးပဲ စာသင်ရင် ဇာတ်ဟန်နဲ့ ခင်းပြီး သင်တာ ကလေးတွေ စိတ်ဝင်စားဆို”

“ဟုတ်တယ်လေ”

“ခု သမီးလည်း ဒုတိယတန်းက ကလေးတွေနဲ့ ဇာတ်ကမလို့”

“ဘာဇာတ်လဲကွယ်”

“ဒေါင်းယောင်ဆောင်သောကျီး”

“ဟေ ... ဇာတ်က ဘယ်မှာ သွားကမှာလဲ”

“ကျောင်းမှာပဲလေ ... ဆရာကြီးကို ထပ်ပြီးခွင့်တောင်းရဦးမယ် ... တနင်္လာနေ့ကျရင် ဘုရားရှိခိုးပြီးတာနဲ့ အဲဒါကို ကလေးတွေအားလုံးရှေ့မှာ ပြချင်တယ်”

“ခင်လေးရယ် ... နင်ကတော့ ... မလွယ်ပါလား ... ကောင်းပြီ ... ဘုန်းကြီးကျောင်းက ဒေါင်းတောင်တွေ ငှားပေးပါ့မယ်။ ဘယ်တော့လဲ”

“မနက်ဖြန်လောက်ရမလားဆရာကြီး”

“ရမှာပေါ့ကွယ်”

ကျွန်တော့် လက်ထောက်မူလတန်းပြဆရာမ ခင်လေးငယ်သည် သင်ကြားရေးကို အလွန်စိတ်ဝင်စားသူ ဖြစ်သည်။ သူက ဆရာအတတ်သင်မှ ပြန်လာပြီးကတည်းက တပည့်တွေရော ဆရာကြီးဖြစ်သူ ကျွန်တော့်ကိုပါ မနားတမ်း ခိုင်းတော့သည်။ ကျွန်တော်ကလည်း သူ့သင်ကြားပြသမှုလေးတွေကို စိတ်ဝင်စားသဖြင့် လွှတ်ပေးထားသည်။ ယခုလည်း ဒုတိယတန်း မြန်မာဖတ်စာတွင်ပါသည့် “ဒေါင်းယောင်သောကျီး” ကို သူကတီထွင်ပြန်ပြီ။

ဒေါင်းယောင်းဆောင်သောကျီး ဆိုသည့် ဖတ်စာအုပ်ပါ စာပိုဒ်လေးသည်ကလေးတွေကို သင်ကြားရန် အလွန်ကောင်းသည့် သင်ခန်းစာပေး ဇာတ်လမ်းလေးဖြစ်ပါသည်။ ထိုအကြောင်းအရာလေးကို နိုင်ငံတကာ ပုံပြင်များတွင်လည်း တွေ့ရသည်။

ကြွားတတ်သောကျီးသည် ဒေါင်း၏အလှကိုမြင်ပြီး ဒေါင်းဖြစ်ချင်သွားသည်။ ထို့ကြောင့် ဒေါင်းတောင်တွေကို ရှာဖွေပြီး သူ့ကိုယ်တွင်တပ်ဆင်ကာ သူ့ကိုယ်သူ ဒေါင်းမျိုးဟုဆိုပြီး ဒေါင်းယောင်ဆောင်တော့သည်။ ဒေါင်းတွေကလည်း အမြီးဘယ်လို တပ်သည်ဖြစ်စေ ကျီးဖြစ်မှန်းသိသောကြောင့် ဝိုင်းဝန်းထိုးဆိတ်ကြရာ ဒေါင်း တောင်များသာမက ကျီးမွှေးတွေပါ ကျွတ်ကျကုန်သည် ဇာတ်လမ်းလေးဖြစ်သည်။

ကျွန်တော်က ဘုန်းကြီးကျောင်းကိုသွားကာ ဆရာတော်ထံမှ ဒေါင်းတောင်တစ်စည်းကို ခေတ္တယူခဲ့သည်။ ဆရာတော်ကျောင်းတွင် ဒေါင်းတွေ မွေးထားသည်။ ထို့ကြောင့် ကလေးတွေနှင့်လည်း ဒေါင်းတွေက မစိမ်းပေ။ ခင်လေးငယ်ကို ကျွန်တော်က ဒေါင်းတောင်တွေ ပေးလိုက်ပြီးနောက် မေ့မေ့ပျောက်ပျောက်နေလိုက်သည်။ သို့သော် တနင်္လာနေ့ ရောက်သောအခါတွင် သူ့အစီအစဉ်ကို သတိရလိုက်သည်။ သတိမရ၍လည်းမဖြစ် သူ့အတန်းထဲတွင် ကလေးတွေ အုံပြီး အော်ဟစ်ပျော်မြူးနေကြသည်။

တနင်္လာနေ့တွင် ထုံးစံအတိုင်း မိုးတွင်းဖြစ်ပါက စာသင်ခုံတွေကိုဖယ်ပြီး ခန်းမကို ဟောခန်းဖြစ်အောင် လုပ်ကာ စုဝေးစေသည်။ ဘုရားရှိခိုးပြီးလျှင် ကျွန်တော်က ကလေးတွေကို ဩဝါဒပေးရသည်။ ကျွန်တော်က

“ကိုင်း ဒီနေ့တော့ မင်းတို့ကို ဆရာမ ဒေါ်ခင်လေးငယ်က ပြဇာတ်တစ်ပုဒ်နဲ့ ဖျော်ဖြေမယ်တဲ့”

“ဟေး”

ကလေးတွေက အားရပါးရ လက်ခုပ်တီးကြသည်။ ကလေးတွေအားလုံးက ကျောင်းမတက်မီကတည်းက အစီအစဉ်ကို သိပြီးသားဖြစ်သော်လည်း ပျော်နေကြသည်။

ခင်လေးက ရှေ့ဆုံးကို ထွက်လာပြီး

“ကလေးတို့ရေ” ဟု နိဒါန်းပျိုးလိုက်ပြီး ပုံပြင်လေးကို သူကစပြောသည်။

ကျွန်တော်က ကလေးတွေဘေးတွင် သူတို့ ဇာတ်ပွဲလေးကို ရပ်ကြည့်နေမိသည်။
ခင်လေးက နိဒါန်းပျိုးပြီးနောက်

“တောအုပ်ထဲမှာ ဒေါင်းတွေက ပျော်မြူးနေချိန်ပေါ့ကွယ်” ဟု ဆိုလိုက်ကာ လက်ပြလိုက်သည်

ဒေါင်းတောင်လေးတွေကို ခါးပတ်တွင် ထိုးစိုက်ထားသည့် ကျောင်းသူလေး ၄ ယောက်က အခန်းရှေ့ကို ဝင်လာပြီး ညီညီညာညာ ကကြလေတော့သည်။

ကျွန်တော့်မှာ ပီတိဖြစ်လွန်းသဖြင့် မျက်ရည်တွေပါ ဝဲလာမိသည်။ ကျောင်းသားတွေကလည်း လက်ခုပ်တွေ တီးကြပြန်သည်

“အဲဒီအချိန်မှာ ကျီးကန်းတစ်ကောင်က ဒေါင်းယောင်ဆောင်ပြီး ဒေါင်းတွေကြားထဲကို ရောက်လာပါ တော့တယ်”

ခင်လေး စကားအဆုံးတွင် လက်ပြလိုက်ရာ မဲလုံးသည် ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး သူ့ပုဆိုးတွင် ဒေါင်းတောင်တွေကိုထိုးကာ

“အ ... အ ... အ” ဟု အော်ပြီး ဝင်လာလေတော့သည်

“ဟေ့ ... မဲလုံးကွ ... မဲလုံး”

မဲလုံးအမည်က ခင်စိုး သို့သော် လူပုံက မည်းမည်းလုံးလုံးလေးမို့ သူ့ကို တစ်ကျောင်းလုံးက မဲလုံးဟုသာ ခေါ်ကြသည်။ ကျီးကန်းနေရာ သူနှင့်အတော်လေးလည်း လိုက်သည်။ ခင်လေး လူရွေးတော်လွန်းသည်။

မဲလုံးက လက်တွင်လည်း ဒေါင်းတောင်တွေကိုချည်ထားသေးသည်။ မျက်နှာကိုလည်း မမည်း, မည်းအောင် အိုးမည်းတွေ သုတ်ထားသည်။

ဒေါင်းတစ်ကောင်က

“ဟဲ့ ... ကျီးမိုက် ... နင်ဘာဖြစ်လို့ ငါတို့အထဲကို ဝင်လာရသလဲ”

“အလို ... ငါကား ကျီးမဟုတ် ... ဒေါင်းဖြစ်တော့သည်”

“နင့်ပုံစံ မည်းမည်းသည်းသည်းကြီးနဲ့ ဒေါင်းလားဟဲ့”

“ငါကား ဒေါင်းဖြစ်တော့သည် ... ဒီမှာကြည့်”

မဲလုံးက သူ့ခါးတွင် ထိုးစိုက်ထားသော ဒေါင်းတောင်တွေနှင့် လက်တွင် ချည်ထားသော ဒေါင်းတောင်တွေကို လှုပ်ပြသည်။

“ဟဲ့ ကျီးမည်း ... ဒေါင်းတောင်တွေစိုက်တိုင်း နင်က ဒေါင်းဖြစ်မယ်ထင်သလား ... ကျီးမိုက် ... နင့်အသံ ... နင့်အသား ... နင်စရိုက်ကိုကြည့်လိုက်တာနဲ့ နင်ဟာ ဒေါင်းမဟုတ် ... ကျီးမိုက်ဖြစ်တယ်ဆိုတာ အားလုံးသိတယ်”

ဒေါင်းလေးတွေက ဝိုင်းပြောသည်။

“ဟေ့ ... ဘာပြောပြော ... ငါကတော့ ဒေါင်းပဲ ... အ ... အ ... အ”

မဲလုံးက လှည့်ပတ်ပြီး ပျံပြနေသေးသည်။

ကလေးတွေက ငြိမ်ပြီး ကြည့်နေကြသည်။ ဒေါင်းတစ်ကောင်က

“အချင်းတို့ ... ဒီကျီးမိုက်ကို ဒီအတိုင်း လွှတ်ထားလို့မဖြစ်ဘူး ... ကျီးလား ဒေါင်းလားဆိုတာ သိအောင် လုပ်မှ ဖြစ်မယ်”

“အေး ... ငါတို့ ကျီးလိမ် ကျီးမိုက်ရဲ့ ဇာတိအမှန်ကို ဖော်ထုတ်ကြစို့”

ဒေါင်းလေးတွေက ကျီးမိုက်မဲလုံးကို ကားဆီးပိတ်ဆို့ကာ ဒေါင်းတောင်တွေကို တစ်ပင်ချင်း နှုတ်ကြသည်။ မဲလုံးက

“အမလေး ... ကြောက်ပါပြီဗျ ... နာလိုက်တာဗျ ... ကယ်တော်မူကြပါဗျ” ဟု အော်ကာ ခုန်ဆွ ခုန်ဆွ လုပ်သည်။

ကျောင်းသားတွေအားလုံးက မတ်တတ်ရပ်ကာ လက်ခုပ်တီးကြသည်။

သူတို့ ပြဇာတ်လေးက ဤမျှသာဖြစ်သည်။ ဇာတ်အပြီးတွင် ခင်လေးက ထွက်လာပြီး ဤသင်ခန်းစာမှ အတုယူရမည့် ဆောင်ရန် ရှောင်ရန်တို့ကို ပြောပြသည်။

ကျွန်တော့်မှာ ပီတီဖြစ်လွန်းသဖြင့် ဝဲလာသည့် မျက်ရည်တွေကို လက်ကိုင်ပုဝါလေး ထုတ်ကာ သုတ်ရသည်။

“ကဲ ပြီးပြီ ... ကို့ယ့်အတန်းကိုယ်ပြန် ... ခုံတွေကိုပြန်စီမယ်”

ကျွန်တော် ရုံခန်းထဲပြန်လာခဲ့သည်။ စိတ်ထဲတွင် ကျေနပ်ခြင်း ပီတိဖြစ်ခြင်းတွေနှင့် ရင်ထဲတွင် လှိုင်းထနေသည်။

“ဆရာကြီး ဝင်ခဲ့မယ်နော်”

“ခင်လေး ... လာ ... လာ”

“ဆရာကြီး သမီးတို့သရုပ်ဆောင်တာ ဘယ်လိုလဲ”

“ကောင်းလိုက်တာကွယ် ... သမီးသိပ်တော်တာပဲ ... မဲလုံးလို ဂျစ်ကန်ကန် ပေတူးတူးကို ဘယ်လိုများ ကျီးကန်း နေရာက သရုပ်ဆောင်အောင် စည်းရုံးလိုက်သလဲကွယ်”

“ဟီး ... ဟီး”

“ဘာ ဟီး ... ဟီး ... လဲကြ”

“ဆရာကြီး သမီးလေ ... မဲလုံးကို ကျီးကန်းနေရာက သရုပ်ဆောင်ရင် ပိုက်ဆံ နှစ်ကျပ်ပေးမယ်လို့ စည်းရုံး ထားတာ”

“ဟေ”

“ဟုတ်တယ်လေ ဆရာကြီးရယ် ... သမီးက အဲဒီဇာတ်အတွက် ကျီးကန်းနေရာက သရုပ်ဆောင်ဖို့ပြောတာ ဘယ်သူမှ မလုပ်ချင်ဘူးလေ ... ဒါနဲ့ မဲလုံးကို တိုးတိုးတိတ်တိတ် နှစ်ကျပ်ပေးပြီး စည်းရုံးလိုက်တာ”

“တော်ပါတယ်ကွယ် ... ငါ့တပည့်တော်ပါပေတယ် ... ဒီလိုလေးတင်ပြလိုက်တော့ ကလေးတွေလည်း မှတ်မိ ပျော်လည်း ပျော်ကြတာပေါ့ ... သမီး အသင်အပြတော်ပါပေတယ်”

“ဆရာကြီး .... သမီးလေ ... တန်းပြတုန်းကလည်း အဲဒီလိုသင်ပြီး ဆုရခဲ့တာ”

“တန်းပြတုန်းကလည်း ကလေးတွေကို လာဘ်ထိုးခဲ့တာပဲလား"

“ဟီး ... ဟီး”

“အေးပါကွယ် စာတွေ့နဲ့ လက်တွေ့ကို ကလေးတွေမှတ်မိအောင် ပြောပြသင်ကြားနိုင်တဲ့ ခင်လေးကို ဆရာတော့ ကျေးဇူးလည်းတင်တယ် ... လေးလည်း လေးစားတယ်”

“ဆရာကြီး ... ကလေးတွေ ခုံစီပြီးပြီး သမီး စာသွားသင်တော့မယ်”

“ခင်လေး နေဦး”

“ဘာလဲဆရာကြီး”

“သမီးနဲ့ ကလေး ငါးယောက်ကို ဆရာက ဆုချရမှာပေါ့ကွယ်”

“ဘာများလဲဆရာကြီး”

“ရော့”

ကျွန်တော်က တိုက်ပုံအင်္ကျီအိတ်ထဲမှာ ငါးကျပ်တန် ငါးရွက်ကို ထုတ်ကာ သူ့အား ကမ်းပေးလိုက်သည်။ ခင်လေးက လက်လေးနှစ်ဖက်နှင့်ယူကာ

“ဟေး” ဟု အော်ပြီး ကလေးလေးတစ်ယောက်လို ပြေးထွက်သွားသည်။

ဟိုး တစ်ချိန်ကဖြစ်ပါသည်။

Credit; #တင်ညွန့်

၂၃.၉.၂၀၂၂

ကိုမှတ်ကြီးနဲ့မြွေကိုမှတ်ကြီးနှင့်မြွေ---------------------ရွာတွင် ကိုမှတ်ကြီးဆိုသူတစ်ယောက်ရှိသည်။ သူ့ကို လူတစ်မျိုးဟုဆိ...
09/21/2022

ကိုမှတ်ကြီးနဲ့မြွေ
ကိုမှတ်ကြီးနှင့်မြွေ
---------------------
ရွာတွင် ကိုမှတ်ကြီးဆိုသူတစ်ယောက်ရှိသည်။ သူ့ကို လူတစ်မျိုးဟုဆိုနိုင်သည်။ သူသည် အလုပ်ကလွဲပြီး ဘာကိုမျှ စိတ်ဝင်စားခြင်း မရှိ။ အလုပ်ဆိုရာတွင်လည်း သူ့ကိုယ်ပိုင် အလုပ်မဟုတ်။ သူသည် စာရင်းငှား တစ်ယောက်ဖြစ်ရာ ရွာသူဌေး ဦးညို၏ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ် ကျွန်သာသာအဆင့်လောက်ဖြင့် သူ့ဘဝကို ကျေနပ်နေသူဖြစ်သည်။

ကိုမှတ်ကြီးကား တစ်ကောင်ကြွက်ဖြစ်သည်။ သူ့ကို ဘယ်ကလာသလဲမေးလျှင် “မသိ” ဟုသာ ခပ်ပြတ်ပြတ် ဖြေလေ့ရှိသည်။ လူတစ်ယောက် ဘယ်ကလာသည်ဆိုခြင်းကို ကာယကံရှင် မသိဘဲ အဘယ်မှာလျှင် နေပါအံ့နည်း။ သူက အတိတ်ကိုဇာတ်မြုတ်ထားသူတစ်ဦး ဖြစ်နေသောကြောင့် သူ့ကို အတိတ်အကြောင်း မေးလိုက်လျှင် “မသိ” ဟုသာ ဖြေခြင်းဖြစ်သည်။

အမှန်တော့ ကိုမှတ်ကြီးဘဝက သနားစရာကောင်းလှသည်။ သူ့အကြောင်းကို ဦးညိုက ပြောပြသဖြင့် ကျွန်တော်ကတော့ သိနေသည်။

“မှတ်ကြီးက လူသတ်သမား”

တစ်နေ့ ကိုမှတ်ကြီး လယ်ထဲဆင်းနေချိန်၊ ဦးညိုအိမ်ကို ရောက်နေသော ကျွန်တော့်ကို ဦးညိုကိုယ်တိုင်က ထိုသို့ ပြောခြင်းဖြစ်သည်။

“ဟုတ်ရဲ့လားဗျာ”

“ဟုတ်တာပေါ့ဆရာ ... မှတ်ကြီးကို ကျွန်တော်ကိုယ်တိုင် ကယ်ထားတာ”

“ဘယ်လိုကယ်ထားတာလဲဗျ”

ကိုမှတ်ကြီးသည် အမှန်တော့ ဒိုက်ဦးမြို့အနီးရှိ ရွာလေးတစ်ရွာကဖြစ်သည်။ သူသည် ရိုးသားစွာဖြင့် လယ်ယာ အလုပ်ကို လုပ်နေသူဖြစ်ကာ ကိုယ်ပိုင် လယ်ယာတွေရှိသည်။ သို့သော် သူ့ဇနီးဖြစ်သူနှင့် အခြားတစ်ယောက် ဖောက်ပြန်နေသည်ကို ပက်ပင်းမိပြီး ထိုနှစ်ယောက်စလုံးကို သတ်လိုက်သောကြောင့် ထောင်ဒဏ်နှစ်ရှည် ကျခဲ့ရသည်။

သူ့ကို ကျွန်တော် တာဝန်ကျရာ ရွာအနီးရှိ လမ်းဖောက်သည့် အလုပ်ကြမ်းစခန်းကို ပို့ခြင်း ခံရသည်။ ထိုစခန်းက ရိုးမတောင်ခြေနှင့်နီးပြီး ငှက်ဖျားအလွန်ပေါသော နေရာလည်း ဖြစ်သည်။ အကျဉ်းသားတွေ ငှက်ဖျားနှင့် သေကြသည်။ ပိုဆိုးသည်က ဝမ်းရောဂါဖြစ်ပြီး အစုလိုက်အပြုံလိုက်သေချိန်တွင် ကိုမှတ်ကြီးကို လူသေတွေ စုပုံပြီး မြှုပ်မည့်နေရာမှ သူ့ဆရာ ဦးညိုက ကယ်တင်လာခြင်းဖြစ်သည်။

“ဘယ်လိုကယ်လာတာလဲဗျ”

“ကျွန်တော် သစ်ကွင်းတစ်ခုကိုသွားတော့ တောင်ကြောကြီးတစ်ခုလုံးကို ပိတ်ပြီးတော့ အလောင်းတွေ ထပ်ထားတာ တွေ့လိုက်ရတယ်ဗျ။ အလောင်းတွေဆိုတာ မြင်မကောင်းပါဘူးဗျာ။ ဝမ်းရောဂါနဲ့ သေကုန်ကြတဲ့ အကျဉ်းသားတွေပေါ့။ အဲဒီအချိန်မှာ အကျဉ်းသားတစ်ယောက်က အခြား အကျဉ်းသားတစ်ယောက်ကို ရိုက်သတ်ဖို့ လုပ်နေတယ်။ ပေါက်တူးကြီးနဲ့ပေါ့။ ကျွန်တော်က ဟေ့မလုပ်ပါနဲ့ကွာဆိုပြီး အတင်းဝင်တားတယ်။ အဲဒီသူဟာ မှတ်ကြီးပဲ။ မှတ်ကြီးက မသေမရှင်ဖြစ်နေတာကို ရိုက်သတ်ဖို့ လုပ်နေတာ။ အဲဒါနဲ့ ကျွန်တော် ကလည်း မှတ်ကြီးကို ငွေ ၁၀၀ ပေးပြီး ကယ်လိုက်တာ။ သူ့ကိုရိုက်မယ့်အကျဉ်းသားကို ငွေ ၁၀၀ ပေးပြီး မှတ်ကြီးကို ကယ်ထုတ်ခဲ့တယ်၊ အဲဒါကြောင့် ဒီကောင် ခုထိ အသက်ရှင်နေတာပေါ့”

ကျွန်တော်က ဦးညိုပြောသည့် ကိုမှတ်ကြီးအကြောင်းကို စိတ်ဝင်စားသလို သနားလည်း သနားသွားမိသည်။ အဘယ်ကြောင့် ကိုမှတ်ကြီးတစ်ယောက် သူ့ဆရာကို ကျိုးနွံစွာဖြင့် ထားရာနေ စေရာသွားဖြစ်နေရ သည်ကိုလည်း သဘောပေါက်လာမိသည်။

တစ်နေ့တွင် ကျွန်တော် ကျောင်းထဲ၌ စိုက်ခင်းလေးကို တပည့်များနှင့်အတူ ပေါင်းသင်နေစဉ် ကိုမှတ်ကြီး ရောက်လာသည်။ ပေါက်တူး တစ်လက်နှင့်ဖြစ်သည်။

“ကိုမှတ်ကြီးလာ ... ဘာကိစ္စလဲဗျ”

“ဦးညိုက လွှတ်လိုက်လို့”

“ဘာလုပ်မလို့လဲ”

“ဆရာ့ ကျောင်းထဲမှာ ငရုတ်မြောင်းဘောင်တွေ ထောင်ပေးခဲ့တဲ့ ... ဆရာက ငရုတ်စိုက်မလို့ဆို”

“ဟုတ်တယ်ဗျ ... ကျွန်တော်က မနက်ဖြန်မှ လုပ်မလို့”

“ကျွန်တော် လုပ်ပေးပါ့မယ် ... နေရာသာပြ”

ကျွန်တော်က ငရုတ်စိုက်ရန် စီစဉ်ထားသည့် နေရာကို သူ့ကို ပြလိုက်ရာ ကိုမှတ်ကြီးတစ်ယောက် မြောင်းဘောင်ဖော်ခြင်းကို တစ်ယောက်တည်း လုပ်နေတော့သည်။

ကျွန်တော်က ရေနွေးကြမ်းအိုးလေးနှင့် ထန်းလျက်ပန်းကန်ကို ယူလာပြီး သူနှင့်မနီးမဝေးရှိ အုတ်ကန်ပေါင် ပေါ်တွင်တင်ကာ

“ကိုမှတ်ကြီး လာဗျာ ... ရေနွေးသောက်ပါဦး”

“ကျွန်တော် အလုပ်မပြီးဘဲ အဲဒီလို လုပ်လို့မရဘူးခင်ဗျ”

သူ့ကို ဘယ်လိုမှ ခေါ်မရ။ ငရုတ်မြောင်းဘောင် နှစ်ဘောင် ပြီးချိန်တွင်

“ကိုမှတ်ကြီး တော်ပြီလေ ... ကျွန်တော်က နှစ်ဘောင်ပဲလုပ်မှာ”

သူက ပြောမှ အလုပ်ရပ်သည်။ ထို့နောက်

“ကျွန်တော် ပြန်တော့မယ်ဆရာ” ဟုဆိုကာ ပေါက်တူးကိုထမ်းပြီး ပြန်ရန်ပြင်ချိန်တွင် ကျွန်တော်က သူ့ကို သွားဆွဲကာ ခေါ်လာသည်။

“လာစမ်းပါဗျာ ... ရေနွေကြမ်းလေး တစ်ခွက်လောက် သောက်သွားစမ်းပါ”

“ဦးညို ပြောလိမ့်မယ်"

“ဘာပြောမှာလဲ”

“သူက ဆရာ့ကို အပိုတွေ သွားမပြောနဲ့လို့ မှာလိုက်တယ်”

“လာစမ်းပါ ... ရေနွေးသောက်တာ အပိုလား ... ခင်ဗျား ချွေးတွေရွှဲနေပြီ။ ရေမငတ်ဘူးလား”

သူက ခေါင်းညိတ်ပြသည်။

ကျွန်တော်က သူ့ကို ဆွဲခေါ်လာပြီး ရေနွေးအတင်းတိုက်ရသည်။ သူက ရေနွေးကြမ်းကို မှုတ်သောက် နေသည်။ ကျွန်တော်က ထန်းလျက်ပန်းကန်ကို သူ့ကိုပေးကာ

“စားလေ ... ထန်းလျက်လည်း စားပါဦး”

သူက တစ်ခဲကောက်စားသည်။ ရေနွေးကြမ်းကို ကုန်အောင်သောက်ပြီးနောက်

“သွားတော့မယ်” ဟုပြောကာ ထသွားသည်။

သူက ထလိုက်စဉ် သူ့ခေါင်းပေါ်ရှိ မလေးရှားပိတောက်ကိုင်းနှင့် ခေါင်းကို တိုက်မိသည်။ အရှိန်ပြင်းလေရာ သူက ဖင်ထိုင်လျက် ပြန်လဲကျသည်။
ကိုမှတ်ကြီး ဘာလုပ်သည် ထင်ပါသနည်း

သူက ထိုသစ်ကိုင်းကို နောက်ထပ် ခေါင်းနှင့်တစ်ကြိမ် ဆင့်တိုက်ကာ

“ကဲကွာ ... မှတ်ပြီလား” ဟု ပြောလိုက်သည်။

ကျွန်တော်က အဖြစ်အပျက်ကို စိတ်ဝင်စားစွာ ကြည့်နေမိသည်။ စိတ်ဆိုး ဒေါသထွက်လွယ်သည့်သူတို့၏ အပြုအမူတစ်ခုဖြစ်သည်။ ကျွန်တော့် အဘိုးလည်း ထိုနည်းနှင်နှင်။ သူက ခလုတ်တိုက်လျှင် နောက်တခါ ထိုနေရာကို ထပ်ကန်တတ်သည်။ နှစ်ခါနာသည့် သဘောပေါ့။

ယခုလည်း ကိုမှတ်ကြီးက သစ်ကိုင်းကို ထပ်တိုက်သဖြင့် ခေါင်းပေါက်သွားပုံပေါ်သည်။ သွေးတွေက ခေါင်းပေါ်မှ စီးကျလာသည်။ ကျွန်တော်က

“ဟာ ကိုမှတ်ကြီး ဖြစ်ရလေ ... ကျွန်တော် ဆေးထည့်ပေးမယ်”

“ရပါတယ်ဆရာ ... ဒီလောက်လေးနဲ့ မှတ်ကြီးတို့က ပျင်းတောင်ပျင်းသေးတယ်” ဟုဆိုကာ ထွက်သွားသည်။

ကျွန်တော့်ကို လာပြီးကူညီလုပ်ကိုင်ပေးနေသည့် ကျောင်းသားများထဲမှ မောင်မိုးခိုင်က

“ဆရာကြီး”

“ဘာလဲကွ”

“ဦးမှတ်ကြီးက တကယ် သတ္တိရှိတယ်နော်”

“ဘာဖြစ်လို့လဲကွ”

“ကိုယ့်ခေါင်းကို တစ်ချက်ဆောင့်မိတာကို နောက်ထပ် တစ်ချက် ထပ်ပြီးတိုက်ရတယ်လို့”

“သား ... အဲဒါ သတ္တိရှိတာ မဟုတ်ဘူးကွ ... လူမိုက်လုပ်ရပ်။ စဉ်းစားကြည့်လေ တစ်ချက်တိုက်မိတာကို နောက်ထပ် ထပ်တိုက်တော့ ဘာဖြစ်သွားလဲ”

“ခေါင်းပေါက်သွားတာပေါ့”

“အေးပေါ့ ... ပထမတစ်ချက်တာကို ဆင်ခြင်ရမယ့်အစား ... ဒုတိယတစ်ချက်ထပ်ပြီးတော့တိုက်လိုက်တာ သတ္တိရှိတာ မဟုတ်ဘူးကွ ... အဲဒါမိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ပဲ ... ဆရာ မင်းတို့ကို ပုံပြင်လေးတစ်ခု ပြောမယ် နားထောင်”

ကျောင်းသားတွေက ပုံပြင်ဆိုသဖြင့် ကျွန်တော့်ကို ဝိုင်းလာကြသည်။ ကျွန်တော်က ထန်းလျက်ခဲ တစ်ယောက် တစ်လုံးစီ ဝေပေးလိုက်ပြီး ပုံပြင်လေးကို ပြောပြလိုက်သည်။

တစ်ခုသောညတွင် မြွေတစ်ကောင်သည် လယ်သမား၏ နေအိမ်ထဲက ဝင်လာသည်။ ထိုမြွေကား မြွေဆိုးတစ်ကောင်ဖြစ်သည်။ မြွေက ညမှောင်ထဲတွင် လယ်သမားက ကြမ်းပြင်တွင် စိုက်ထားသည့် ဓားကိုတိုးမိသည်။

မြွေက စိတ်ဆိုးပြီး ဓားကိုပေါက်လိုက်ရာ ဓားအသွားကို ပေါက်မိသဖြင့် သူ့ကိုထိပြီးနာသွားသည်။ မြွေက ပိုပြီး စိတ်ဆိုးကာ ထောင်ပြီး ဦးစိုက်ထိုးထားသည့် ဓားကို ရစ်ပတ်လိုက်လေသည်။ သူက တင်းကျပ်စွာ ရစ်ပတ်လေ သူနာလေ ဖြစ်နေသည်။ သို့သော် မြွေက မာန်မချ။ နာလေ ရစ်ပတ်သည်ကို ပိုပြီး တင်းကျပ်လေဖြစ်ကာ နောက်ဆုံးတွင် သေဆုံးခြင်းသို့ ရောက်ရလေတော့သည်။

“ကဲ သားတို့ ... ပုံပြင်ထဲက မြွေလို မဖြစ်စေနဲ့ သိလား ... တစ်ခုခု ဖြစ်သွားပြီဆိုရင် တိုးပြီးတော့ လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ ဉာဏ်နဲ့ဆင်ခြင်။ မဆင်မခြင် ထပ်ပြီးတော့ မတိုးသင့်တာကို တာလုပ်ရင် ကိုမှတ်ကြီးနဲ့ မြွေပုံပြင်ကို အမြဲသတိရ ... သိလား”

“သိပါပြီဆရာကြီး”

#တင်ညွန့်

၂၁.၉.၂၀၂၂

Why me တင်ညွန့်ရွေးချယ်မှု----------“ဆရာ”“မောင်ကျော်စွာ လာဟေ့”“ကျွန်တော့်ကို ခေါ်တယ်ဆိုလို့”“အေးကွ ... မင်း မီတာရုံးကို ...
09/21/2022

Why me တင်ညွန့်
ရွေးချယ်မှု
----------
“ဆရာ”

“မောင်ကျော်စွာ လာဟေ့”

“ကျွန်တော့်ကို ခေါ်တယ်ဆိုလို့”

“အေးကွ ... မင်း မီတာရုံးကို သွားမယ်ဆိုလို့”

“ဟုတ်တယ်ဆရာ ... မနက်ဖြန်မှ သွားမဆောင်ရင် လာဖြတ်လိမ့်မယ်”

“အေးကွယ် ... ငါ့မီတာစာရွက်ကိုလည်း ဆောင်ပေးဖို့ပါ”

“ပေးလိုက်လေ ဆရာ ... ဒီလ ဘယ်လောက်ကျသလဲဆရာ”

“ဗမာ့တန်ခိုးပဲကွ ... ပြီးခဲ့တဲ့လထက် နှစ်ဆတိုးတယ်။ ငါသုံးတာကလည်း ဒီလောက်ပဲ ... မီးကလည်း ပြတ်နေတာ ပုံမှန်ပဲ ... ဘာကြောင့် နှစ်ဆတိုး သွားသလဲ ဆိုတာတော့ မပြောတတ်တော့ဘူး”

“ကျွန်တော်တို့လည်း ဒီအတိုင်းပဲဆရာ ... ပြီးခဲ့တဲ့လက သုံးသောင်းကျော် ... ဒီလ ခြောက်သောင်းကျော်”

“အေးပါကွာ ... ရော့ ဒီမှာ မီတာစာရွက်နဲ့ ပိုက်ဆံ ... အသင့်ပြင်ထားတယ်”

“ဆရာ”

“ဘာလဲကွယ်”

“ဘာကြောင့်များ ကျွန်တော်တို့ ...”

“တော်ပြီ မောင်ကျော်စွာ ... အဲဒီစကားအတွက် အဖြေကဘာလဲဆိုတာ မင်းကို ငါ မကြာခဏပြောပြီးပြီ ... အပ်ကြောင်းတွေ ထပ်ပါတယ်ကွယ် ... မပြောကြရအောင်လား ... ငါတို့ Why Me? ဆိုတဲ့အထဲမှာ မပိတ်မိအောင် နေထိုင်နိုင်ဖို့ ကြိုးစားရမယ်”

“ဘာလဲ ဆရာ Why Me? ဆိုတာ”

“မင်း ... အာသာ အက်ရှ် ဆိုတာ ကြားဖူးလား”

“မကြားဖူးဘူးဆရာ”

“အမေရိကန်က ပရောဖက်ရှင်နယ် တင်းနစ်သမားတစ်ယောက်ပဲကွ။ Why Me? ဆိုတာ သူပြောသွားတာ”

“ကျွန်တော့်ကို ရှင်းပြပါဦးဆရာ”

“မီတာသွားဆောင်ပြီး ပြန်လာမှပဲ ပြောတော့မယ်”

“ညမိုးချုပ်တော့ ဆရာက အိမ်တံခါးတွေပိတ်ထားပြီ ... အားနာလို့ပါ”

“အေးကွာ မိုးချုပ်တာနဲ့ တံခါးတွေ ပိတ်ရတယ်ကွ ... ခေတ်ကြီးက သိတဲ့အတိုင်း”

“ပြောပါဆရာ ... ကျွန်တော် ရုံးသွားတုန်း ဝင်ဆောင်သွားမှာပါ အချိန်ရပါတယ်”

“အာသာ အက်ရှ်ဟာ ခုတော့ မရှိတော့ဘူးကွ။ သူက ၁၉၉၃ ခုနှစ်မှာ ကွယ်လွန်သွားပြီ”

“ဘာဖြစ်လို့လဲဆရာ”

“ဒီလိုကွ ...”

အာသာ အက်ရှ်သည် အမေရိကန်မှ နာမည်ကျော် တင်းနစ်ကစားသမားတစ်ယောက်ဖြစ်သည်။ သူ့ကို ၁၉၄၃ တွင် မွေးဖွားသည်။ အသက် ၂၀ အရွယ်မှစတင်ကာ ထူးချွန်သော ကစားသမားတစ်ဦးဖြစ်လာပြီး နာမည် ကျော်လာသည်။ ဆုတံဆိပ်ပေါင်းများစွာလည်း ရခဲ့သည်။

သူသည် ၁၉၈၃ ခုနှစ်တွင် နှလုံးရောဂါအတွက် ခွဲစိတ်မှုပြုစဉ် သွေးသွင်းရာကတစ်ဆင့် AIDS ရောဂါ ကူးစက်ခြင်း ခံလိုက်ရသည်။

“ဟာ ဖြစ်ရလေနော် ... သနားစရာပဲ”

“အေးကွယ် ... သူဆေးရုံတက်နေတော့ သူ့ကို ချစ်တဲ့သူတွေထံက စာတွေအများကြီး လာတယ်။ သူက စာတစ်စောင်မှာ သူ့ကိုမေးထားတာလေးကို ပြန်ပြောပြတယ်။ သူဆီကို စာရေးတဲ့သူ တစ်ဦးက ဘာကြောင့်များ ဘုရားသခင်က ဒီလို ဆိုးရွားတဲ့ ရောဂါကြီး ခံစားရအောင် ခင်ဗျားကို ရွေးချယ်ခဲ့ရတာလဲဗျာ လို့ ရေးလိုက်တယ်”

“အင်းနော် ဆရာ ... ဘာကြောင့်များလဲ"

“အာသာ အက်ရှ်က အဲဒီသူဆီကို Why Me? ဆိုပြီး ဒီလို စာပြန်လိုက်တယ်ကွ”

“တင်းနစ်ကို စပြီးတော့ ကစားတဲ့ ကလေးပေါင်း သန်း ၅၀ လောက်ရှိတယ်။ တကယ် တင်းနစ်ကို ကောင်းကောင်း ကစားသွားနိုင်တဲ့ အရေအတွက်ကတော့ ၅ သန်းပဲရှိတယ်။ အဲဒီ အထဲကမှ ပရော်ဖက်ရှင်နယ် ကျကျ ကစားနိုင်တဲသူပေါင်းက ၅ သိန်းလောက်ပဲ ထွက်လာတယ်။ ၅ သိန်းထဲကမှ ပုံမှန်ကစားတဲ့ သူပေါင်းက ၅ သောင်းပဲရှိတယ်။ အဲဒီ ၅ သောင်းထဲကမှ ၅၀၀၀ ပဲ Grand Slam ပွဲလောက်ကို တက်နိုင်တယ်။ Wimbledon ပွဲကို တကယ်ရောက်လာသူက ၅၀ လောက်ပဲ။ ဝင်ဘယ်တန်ပွဲမှာ တကယ်တန်း ဆီမီးဖိုင်နယ်အထိ တက်လာနိုင်တာ ၄ ဦးပဲ။ နောက်ဆုံး ဖိုင်နယ်ကို ရောက်လာတာ ၂ ယောက်တည်း” တဲ့

“သဘောပေါက်ရဲ့လား မောင်ကျော်စွာ”

“ဟုတ်ကဲ့ဆရာ နောက်ဆုံး ဖိုင်နယ်ကတော့ နှစ်ယောက်ပဲ ပြိုင်ရမှာပေါ့”

“ဟုတ်တယ် ... အဲဒီမှာ နောက်ဆုံး အာသာ အက်ရှ်က ဖလားကြီးကို ပိုင်ဆိုင်လိုက်တော့ သူက ဘုရားသခင်ကို ပြန်ပြီးတော့ Why Me? လို့ မမေးခဲ့ပါဘူးတဲ့ကွယ်။ ဆိုလိုချင်တာက အကောင်းဆုံး ဆိုတာတွေဟာ တဖြည်းဖြည်းစစ်ထုတ်သွားရတာပဲ။ နောက်ဆုံး နေရာရောက်အောင် ကြိုးစားပြီး တက်လာကြရမှာပဲ။ နောက်ဆုံး အဆင့်ကို ရောက်ပြီး နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ Why Me? လို့ မေးစရာကို မလိုဘူးထင် ပါတယ်ကွယ်။ ဒီသဘောအတိုင်းပဲ ဖြစ်တောင့်ဖြစ်ခဲ သူ့ကို သွေးကတစ်ဆင့် AIDS ရောဂါကြီး ကူးစက်လိုက် တာကြောင့်လည်း လူပေါင်းများစွာ ဖြစ်နေတဲ့ကြားက ငါ့ကို ဘာကြောင့်များ ကူးစက်ရတာလဲဆိုတဲ့ မေးခွန်းမျိုး သူမမေးဘူးလို့ ဆိုလိုတာ။ ဖြစ်လာသမျှကို ရင်ဆိုင်မယ်ဆိုတဲ့ သဘောပဲကွ”

“ကောင်းလိုက်တာ ဆရာရယ် ... ဟုတ်တယ် ကျွန်တော်တို့ ရင်ဆိုင်ရတော့မှာပေါ့”

“အာသာ အက်ရှ် နောက်ဆုံး ပြောသွားတာလေးတွေက အရမ်းကောင်းတယ်ကွ ... မှတ်ထား”

ပျော်ရွှင်မှုဆိုသည်မှာ နှစ်လိုဖွယ်ဖြစ်သည်

စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ရမည်

ပူဆွေးမှုက လူသားဆန်ကြောင်းပြသည်

ဆုံးရှုံးမှုက နှိမ့်ချစေသည်

အောင်မြင်မှုက ပီတိဖြစ်စေသည်

သို့သော်

ယုံကြည်မှုကသာ သင့်ကို ရှေ့သို့ဆက်စေပါလိမ့်မည်။

“ဟာ ကောင်းလိုက်တာ ဆရာရယ် ... ကျွန်တော် မှတ်ချင်လိုက်တာ”

“စာအုပ်ပေးလိုက်ပါ့မယ်ကွာ ... ဖတ်ကြည့်ပါ။ ဘဝမှာ တစ်ခါတစ်လေ ကိုယ့်ဘဝကို ကိုယ်မကျေနပ်တာတွေ အများကြီး ရှိတယ်ကွ။ ဒါပေမဲ့ တစ်ခုသတိထား မောင်ကျော်စွာ ... လူတိုင်းကိုယ့်လိုဘဝမျိုးတွေနဲ့ ရှင်သန် ရပ်တည်နေကြတာ မဟုတ်ဘူး။ မြေကြီးပေါ်ကနေ ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်ပျံကြီးကို မော့ကြည့် နေတဲ့ ကလေးတစ်ယောက်က သူ့စိတ်ထဲမှာ ပျံသန်းချင်တဲ့ စိတ်တွေ ဖြစ်နေပေမယ့် ... အဲဒီ လေယာဉ်ပျံကြီးကို မောင်းနေတဲ့သူကတော့ အောက်က အိမ်တွေကိုကြည့်ပြီးတော့ သူ့အိမ်ကို သူပြန်ချင်နေလိမ့်မယ်”

“အဲဒါ ဘဝပဲကွ”

“ဘဝမှာ နေရာတစ်နေရာကို အတင်းလုယူထားပြီး စိတ်မချမ်းမသာနဲ့ အိပ်မပျော် စားမဝင် ... ချွတ်ဆိုတဲ့ အသံ ကြားတာနဲ့ ကြောက်နေတဲ့သူတွေ ရှိသလို ... လမ်းဘေးမှာ ပလက်ဖောင်းခေါင်းအုံးပြီး ဒူးနန့်နေတဲ့ သူတွေလည်း ရှိနေတာပဲ ... လူထဲသူထဲကို လူဖြစ်ပြီး လူကြောက်လို့ လူလိုသူလို မဆင်းရဲတဲ့သူတွေ ရှိနေသလို ... လူထဲမှာနေ လူဖြစ်ပြီး လူဖြစ်ရှုံးနေတဲ့သူတွေကို လှောင်ပြုံးပြီးတော့ နေတဲ့သူတွေလည်း ရှိတာပဲ”

“ဘာဖြစ်ဖြစ်ပါ မောင်ကျော်စွာ လူပီသဖို့ပဲလိုတယ်”

“လူပီသတယ်ဆိုတာ ဘာလဲဆရာ”

“ရိုးသားပါကွာ ... ရိုးသားလိုက်တာနဲ့ အလိုလို လောကကြီးနဲ့ရော လူတွေနဲ့ပါအဆင်ပြေသွားလိုက်မယ်။ ဘယ်တော့မှ မထောင်လွှားနဲ့ကွ။ သေရင် ပြာဖြစ်ချင်ဖြစ် ပြာမဖြစ်လည်း ၆ ပေလောက်ပဲ ပိုင်ဆိုင်တာ။ ဘဝင်မမြင့်နဲ့ကွ ... ဘဝင်တွေမြင့်ပြီး မြေပေါ်က ၆ လက်မလောက်အကွာကို ရောက်သွားလည်း လူတစ်ယောက်ဟာ သေနိုင်တယ်ကွယ့်”

“ဘာကိုဆိုလိုတာလဲဆရာ”

“စဉ်းစားပေါ့ကွာ”

(Ref: Arthur Ashe - Why Me?)

တင်ညွန့်

၂၁.၉.၂၀၂၂

Address

Sag Harbor, NY

Website

Alerts

Be the first to know and let us send you an email when Literary Park posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share