09/23/2022
ဒေါင်းယောင်ဆောင်သောကျီး
---------------------------
ကျွန်တော်က ရုံးခန်းထဲတွင် ကလေးတွေ၏ လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးပေးနေစဉ်
“ဆရာကြီး သမီးဝင်ခဲ့မယ်”
“ဟေ ... လာလေကွယ် ... ထိုင် ... ဘာကိစ္စလဲကွ”
“ဆရာကြီးကို အကူအညီတစ်ခုတောင်းမလို့”
“အောင်မယ် ... စကားပလ္လင်ခံမနေနဲ့ပြော”
“ဘုန်းကြီးကျောင်းမှာလေ ... ဒေါင်းတောင်တွေရှိတယ်ဆရာကြီး”
“အဲဒါ ဘာဖြစ်သလဲ”
“သမီးကို ခဏ ငှားပေးပါလားလို့”
“ဘာလုပ္မလို့လဲ”
“သမီး ဇာတ္ကမလို့”
“ခင်လေး ... နင်ဘာ အရူးထပြန်ပြီလဲ”
“ဆရာကြီးပဲ စာသင်ရင် ဇာတ်ဟန်နဲ့ ခင်းပြီး သင်တာ ကလေးတွေ စိတ်ဝင်စားဆို”
“ဟုတ်တယ်လေ”
“ခု သမီးလည်း ဒုတိယတန်းက ကလေးတွေနဲ့ ဇာတ်ကမလို့”
“ဘာဇာတ်လဲကွယ်”
“ဒေါင်းယောင်ဆောင်သောကျီး”
“ဟေ ... ဇာတ်က ဘယ်မှာ သွားကမှာလဲ”
“ကျောင်းမှာပဲလေ ... ဆရာကြီးကို ထပ်ပြီးခွင့်တောင်းရဦးမယ် ... တနင်္လာနေ့ကျရင် ဘုရားရှိခိုးပြီးတာနဲ့ အဲဒါကို ကလေးတွေအားလုံးရှေ့မှာ ပြချင်တယ်”
“ခင်လေးရယ် ... နင်ကတော့ ... မလွယ်ပါလား ... ကောင်းပြီ ... ဘုန်းကြီးကျောင်းက ဒေါင်းတောင်တွေ ငှားပေးပါ့မယ်။ ဘယ်တော့လဲ”
“မနက်ဖြန်လောက်ရမလားဆရာကြီး”
“ရမှာပေါ့ကွယ်”
ကျွန်တော့် လက်ထောက်မူလတန်းပြဆရာမ ခင်လေးငယ်သည် သင်ကြားရေးကို အလွန်စိတ်ဝင်စားသူ ဖြစ်သည်။ သူက ဆရာအတတ်သင်မှ ပြန်လာပြီးကတည်းက တပည့်တွေရော ဆရာကြီးဖြစ်သူ ကျွန်တော့်ကိုပါ မနားတမ်း ခိုင်းတော့သည်။ ကျွန်တော်ကလည်း သူ့သင်ကြားပြသမှုလေးတွေကို စိတ်ဝင်စားသဖြင့် လွှတ်ပေးထားသည်။ ယခုလည်း ဒုတိယတန်း မြန်မာဖတ်စာတွင်ပါသည့် “ဒေါင်းယောင်သောကျီး” ကို သူကတီထွင်ပြန်ပြီ။
ဒေါင်းယောင်းဆောင်သောကျီး ဆိုသည့် ဖတ်စာအုပ်ပါ စာပိုဒ်လေးသည်ကလေးတွေကို သင်ကြားရန် အလွန်ကောင်းသည့် သင်ခန်းစာပေး ဇာတ်လမ်းလေးဖြစ်ပါသည်။ ထိုအကြောင်းအရာလေးကို နိုင်ငံတကာ ပုံပြင်များတွင်လည်း တွေ့ရသည်။
ကြွားတတ်သောကျီးသည် ဒေါင်း၏အလှကိုမြင်ပြီး ဒေါင်းဖြစ်ချင်သွားသည်။ ထို့ကြောင့် ဒေါင်းတောင်တွေကို ရှာဖွေပြီး သူ့ကိုယ်တွင်တပ်ဆင်ကာ သူ့ကိုယ်သူ ဒေါင်းမျိုးဟုဆိုပြီး ဒေါင်းယောင်ဆောင်တော့သည်။ ဒေါင်းတွေကလည်း အမြီးဘယ်လို တပ်သည်ဖြစ်စေ ကျီးဖြစ်မှန်းသိသောကြောင့် ဝိုင်းဝန်းထိုးဆိတ်ကြရာ ဒေါင်း တောင်များသာမက ကျီးမွှေးတွေပါ ကျွတ်ကျကုန်သည် ဇာတ်လမ်းလေးဖြစ်သည်။
ကျွန်တော်က ဘုန်းကြီးကျောင်းကိုသွားကာ ဆရာတော်ထံမှ ဒေါင်းတောင်တစ်စည်းကို ခေတ္တယူခဲ့သည်။ ဆရာတော်ကျောင်းတွင် ဒေါင်းတွေ မွေးထားသည်။ ထို့ကြောင့် ကလေးတွေနှင့်လည်း ဒေါင်းတွေက မစိမ်းပေ။ ခင်လေးငယ်ကို ကျွန်တော်က ဒေါင်းတောင်တွေ ပေးလိုက်ပြီးနောက် မေ့မေ့ပျောက်ပျောက်နေလိုက်သည်။ သို့သော် တနင်္လာနေ့ ရောက်သောအခါတွင် သူ့အစီအစဉ်ကို သတိရလိုက်သည်။ သတိမရ၍လည်းမဖြစ် သူ့အတန်းထဲတွင် ကလေးတွေ အုံပြီး အော်ဟစ်ပျော်မြူးနေကြသည်။
တနင်္လာနေ့တွင် ထုံးစံအတိုင်း မိုးတွင်းဖြစ်ပါက စာသင်ခုံတွေကိုဖယ်ပြီး ခန်းမကို ဟောခန်းဖြစ်အောင် လုပ်ကာ စုဝေးစေသည်။ ဘုရားရှိခိုးပြီးလျှင် ကျွန်တော်က ကလေးတွေကို ဩဝါဒပေးရသည်။ ကျွန်တော်က
“ကိုင်း ဒီနေ့တော့ မင်းတို့ကို ဆရာမ ဒေါ်ခင်လေးငယ်က ပြဇာတ်တစ်ပုဒ်နဲ့ ဖျော်ဖြေမယ်တဲ့”
“ဟေး”
ကလေးတွေက အားရပါးရ လက်ခုပ်တီးကြသည်။ ကလေးတွေအားလုံးက ကျောင်းမတက်မီကတည်းက အစီအစဉ်ကို သိပြီးသားဖြစ်သော်လည်း ပျော်နေကြသည်။
ခင်လေးက ရှေ့ဆုံးကို ထွက်လာပြီး
“ကလေးတို့ရေ” ဟု နိဒါန်းပျိုးလိုက်ပြီး ပုံပြင်လေးကို သူကစပြောသည်။
ကျွန်တော်က ကလေးတွေဘေးတွင် သူတို့ ဇာတ်ပွဲလေးကို ရပ်ကြည့်နေမိသည်။
ခင်လေးက နိဒါန်းပျိုးပြီးနောက်
“တောအုပ်ထဲမှာ ဒေါင်းတွေက ပျော်မြူးနေချိန်ပေါ့ကွယ်” ဟု ဆိုလိုက်ကာ လက်ပြလိုက်သည်
ဒေါင်းတောင်လေးတွေကို ခါးပတ်တွင် ထိုးစိုက်ထားသည့် ကျောင်းသူလေး ၄ ယောက်က အခန်းရှေ့ကို ဝင်လာပြီး ညီညီညာညာ ကကြလေတော့သည်။
ကျွန်တော့်မှာ ပီတိဖြစ်လွန်းသဖြင့် မျက်ရည်တွေပါ ဝဲလာမိသည်။ ကျောင်းသားတွေကလည်း လက်ခုပ်တွေ တီးကြပြန်သည်
“အဲဒီအချိန်မှာ ကျီးကန်းတစ်ကောင်က ဒေါင်းယောင်ဆောင်ပြီး ဒေါင်းတွေကြားထဲကို ရောက်လာပါ တော့တယ်”
ခင်လေး စကားအဆုံးတွင် လက်ပြလိုက်ရာ မဲလုံးသည် ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး သူ့ပုဆိုးတွင် ဒေါင်းတောင်တွေကိုထိုးကာ
“အ ... အ ... အ” ဟု အော်ပြီး ဝင်လာလေတော့သည်
“ဟေ့ ... မဲလုံးကွ ... မဲလုံး”
မဲလုံးအမည်က ခင်စိုး သို့သော် လူပုံက မည်းမည်းလုံးလုံးလေးမို့ သူ့ကို တစ်ကျောင်းလုံးက မဲလုံးဟုသာ ခေါ်ကြသည်။ ကျီးကန်းနေရာ သူနှင့်အတော်လေးလည်း လိုက်သည်။ ခင်လေး လူရွေးတော်လွန်းသည်။
မဲလုံးက လက်တွင်လည်း ဒေါင်းတောင်တွေကိုချည်ထားသေးသည်။ မျက်နှာကိုလည်း မမည်း, မည်းအောင် အိုးမည်းတွေ သုတ်ထားသည်။
ဒေါင်းတစ်ကောင်က
“ဟဲ့ ... ကျီးမိုက် ... နင်ဘာဖြစ်လို့ ငါတို့အထဲကို ဝင်လာရသလဲ”
“အလို ... ငါကား ကျီးမဟုတ် ... ဒေါင်းဖြစ်တော့သည်”
“နင့်ပုံစံ မည်းမည်းသည်းသည်းကြီးနဲ့ ဒေါင်းလားဟဲ့”
“ငါကား ဒေါင်းဖြစ်တော့သည် ... ဒီမှာကြည့်”
မဲလုံးက သူ့ခါးတွင် ထိုးစိုက်ထားသော ဒေါင်းတောင်တွေနှင့် လက်တွင် ချည်ထားသော ဒေါင်းတောင်တွေကို လှုပ်ပြသည်။
“ဟဲ့ ကျီးမည်း ... ဒေါင်းတောင်တွေစိုက်တိုင်း နင်က ဒေါင်းဖြစ်မယ်ထင်သလား ... ကျီးမိုက် ... နင့်အသံ ... နင့်အသား ... နင်စရိုက်ကိုကြည့်လိုက်တာနဲ့ နင်ဟာ ဒေါင်းမဟုတ် ... ကျီးမိုက်ဖြစ်တယ်ဆိုတာ အားလုံးသိတယ်”
ဒေါင်းလေးတွေက ဝိုင်းပြောသည်။
“ဟေ့ ... ဘာပြောပြော ... ငါကတော့ ဒေါင်းပဲ ... အ ... အ ... အ”
မဲလုံးက လှည့်ပတ်ပြီး ပျံပြနေသေးသည်။
ကလေးတွေက ငြိမ်ပြီး ကြည့်နေကြသည်။ ဒေါင်းတစ်ကောင်က
“အချင်းတို့ ... ဒီကျီးမိုက်ကို ဒီအတိုင်း လွှတ်ထားလို့မဖြစ်ဘူး ... ကျီးလား ဒေါင်းလားဆိုတာ သိအောင် လုပ်မှ ဖြစ်မယ်”
“အေး ... ငါတို့ ကျီးလိမ် ကျီးမိုက်ရဲ့ ဇာတိအမှန်ကို ဖော်ထုတ်ကြစို့”
ဒေါင်းလေးတွေက ကျီးမိုက်မဲလုံးကို ကားဆီးပိတ်ဆို့ကာ ဒေါင်းတောင်တွေကို တစ်ပင်ချင်း နှုတ်ကြသည်။ မဲလုံးက
“အမလေး ... ကြောက်ပါပြီဗျ ... နာလိုက်တာဗျ ... ကယ်တော်မူကြပါဗျ” ဟု အော်ကာ ခုန်ဆွ ခုန်ဆွ လုပ်သည်။
ကျောင်းသားတွေအားလုံးက မတ်တတ်ရပ်ကာ လက်ခုပ်တီးကြသည်။
သူတို့ ပြဇာတ်လေးက ဤမျှသာဖြစ်သည်။ ဇာတ်အပြီးတွင် ခင်လေးက ထွက်လာပြီး ဤသင်ခန်းစာမှ အတုယူရမည့် ဆောင်ရန် ရှောင်ရန်တို့ကို ပြောပြသည်။
ကျွန်တော့်မှာ ပီတီဖြစ်လွန်းသဖြင့် ဝဲလာသည့် မျက်ရည်တွေကို လက်ကိုင်ပုဝါလေး ထုတ်ကာ သုတ်ရသည်။
“ကဲ ပြီးပြီ ... ကို့ယ့်အတန်းကိုယ်ပြန် ... ခုံတွေကိုပြန်စီမယ်”
ကျွန်တော် ရုံခန်းထဲပြန်လာခဲ့သည်။ စိတ်ထဲတွင် ကျေနပ်ခြင်း ပီတိဖြစ်ခြင်းတွေနှင့် ရင်ထဲတွင် လှိုင်းထနေသည်။
“ဆရာကြီး ဝင်ခဲ့မယ်နော်”
“ခင်လေး ... လာ ... လာ”
“ဆရာကြီး သမီးတို့သရုပ်ဆောင်တာ ဘယ်လိုလဲ”
“ကောင်းလိုက်တာကွယ် ... သမီးသိပ်တော်တာပဲ ... မဲလုံးလို ဂျစ်ကန်ကန် ပေတူးတူးကို ဘယ်လိုများ ကျီးကန်း နေရာက သရုပ်ဆောင်အောင် စည်းရုံးလိုက်သလဲကွယ်”
“ဟီး ... ဟီး”
“ဘာ ဟီး ... ဟီး ... လဲကြ”
“ဆရာကြီး သမီးလေ ... မဲလုံးကို ကျီးကန်းနေရာက သရုပ်ဆောင်ရင် ပိုက်ဆံ နှစ်ကျပ်ပေးမယ်လို့ စည်းရုံး ထားတာ”
“ဟေ”
“ဟုတ်တယ်လေ ဆရာကြီးရယ် ... သမီးက အဲဒီဇာတ်အတွက် ကျီးကန်းနေရာက သရုပ်ဆောင်ဖို့ပြောတာ ဘယ်သူမှ မလုပ်ချင်ဘူးလေ ... ဒါနဲ့ မဲလုံးကို တိုးတိုးတိတ်တိတ် နှစ်ကျပ်ပေးပြီး စည်းရုံးလိုက်တာ”
“တော်ပါတယ်ကွယ် ... ငါ့တပည့်တော်ပါပေတယ် ... ဒီလိုလေးတင်ပြလိုက်တော့ ကလေးတွေလည်း မှတ်မိ ပျော်လည်း ပျော်ကြတာပေါ့ ... သမီး အသင်အပြတော်ပါပေတယ်”
“ဆရာကြီး .... သမီးလေ ... တန်းပြတုန်းကလည်း အဲဒီလိုသင်ပြီး ဆုရခဲ့တာ”
“တန်းပြတုန်းကလည်း ကလေးတွေကို လာဘ်ထိုးခဲ့တာပဲလား"
“ဟီး ... ဟီး”
“အေးပါကွယ် စာတွေ့နဲ့ လက်တွေ့ကို ကလေးတွေမှတ်မိအောင် ပြောပြသင်ကြားနိုင်တဲ့ ခင်လေးကို ဆရာတော့ ကျေးဇူးလည်းတင်တယ် ... လေးလည်း လေးစားတယ်”
“ဆရာကြီး ... ကလေးတွေ ခုံစီပြီးပြီး သမီး စာသွားသင်တော့မယ်”
“ခင်လေး နေဦး”
“ဘာလဲဆရာကြီး”
“သမီးနဲ့ ကလေး ငါးယောက်ကို ဆရာက ဆုချရမှာပေါ့ကွယ်”
“ဘာများလဲဆရာကြီး”
“ရော့”
ကျွန်တော်က တိုက်ပုံအင်္ကျီအိတ်ထဲမှာ ငါးကျပ်တန် ငါးရွက်ကို ထုတ်ကာ သူ့အား ကမ်းပေးလိုက်သည်။ ခင်လေးက လက်လေးနှစ်ဖက်နှင့်ယူကာ
“ဟေး” ဟု အော်ပြီး ကလေးလေးတစ်ယောက်လို ပြေးထွက်သွားသည်။
ဟိုး တစ်ချိန်ကဖြစ်ပါသည်။
Credit; #တင်ညွန့်
၂၃.၉.၂၀၂၂