19/06/2026
မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ သားသားမီးမီးလေးတို့အတွက် (၃၈) ဖြာ မင်္ဂလာပုံပြင်များထဲက
"လူဆိုးလူမိုက်နှင့် မပေါင်းသင်းရ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သက်ဆိုင်တဲ့ "အပေါင်းအသင်းမှားတဲ့ သမင်လေး" ဆိုတဲ့ ပုံပြင်လေးကို ပြောပြပေးချင်ပါတယ်
🦌🦌🦌
ဟိုးရှေးရှေးတုန်းက တောအုပ်တစ်ခုမှာ တိရိစ္ဆာန်မျိုးစုံ နေထိုင်ကြသတဲ့။ သူတို့တွေဟာ အခက်အခဲ ပြဿနာတွေ ကြုံလာရင် ပညာရှိဘိုးဘိုးဇီးကွက်ဆီ သွားပြီး မေးမြန်းကြသလို ဘိုးဘိုးဇီးကွက်ရဲ့ စကားကိုလည်း နားထောင်ကြသတဲ့။
တိရိစ္ဆာန်လေးတွေ အားလုံးထဲမှာ ဘယ်သူ့စကားမှ နားမထောင်ဘဲနဲ့ လုပ်ချင်တာလုပ်တဲ့ မြေခွေးလေး တစ်ကောင် ရှိသတဲ့ကွယ်။မြေခွေးလေးဟာ တောအုပ်ထဲမှာ အစားမရှာဘဲနဲ့ လူတွေနေတဲ့ ရွာအနီးကိုသွားပြီး လူတွေမွေးထားတဲ့ ကြက်၊ဘဲတွေကို ဖမ်းယူစားသောက်သတဲ့။
တစ်နေ့မှာတော့ မြေခွေးလေးဟာ ရွာထဲကနေ အစာတွေ ခိုးယူစားသုံးပြီးပြန်အလာမှာ တောထဲမှာ အစာရှာစားနေတဲ့ သမင်လေးနဲ့ တွေ့သတဲ့။သမင်လေးကို သူ့လိုဘဲ လူတွေနေတဲ့ ရွာအနားက အစာတွေ လိုက်စားသောက်ဖို့ခေါ်သတဲ့။
အစားမက်တဲ့သမင်လေးလည်း မြေခွေးနဲ့အတူလိုက်ပြီး ရွာအနီးအနားက စိုက်ခင်းတွေကသီးနှံတွေကို စားသတဲ့ကွယ်။အဲ့တာကို သတိထားမိတဲ့ တောထဲက တိရိစ္ဆာန်လေးတွေက သမင်လေးကို ရွာနားမသွားဖို့ သူများဆီက ခိုးယူမစားဖို့ ပြောကြပေမဲ့ သမင်လေးက နားမထောင်ပါဘူးတဲ့ကွယ်။
ရွာကလူတွေဟာ သူတို့ရဲ့ သီးနှံတွေ ကြက်၊ဘဲတွေ ပျောက်ဆုံးပျက်စီးကုန်တာဟာ မြေခွေးလေးနဲ့ သမင်လေးကြောင့်လို့သိတဲ့အခါ ဖမ်းဖို့ပြင်ဆင်ပြီး သမင်လေးနဲ့ မြေခွေးလေးတို့ အစာလာစားတဲ့အခါ ဖမ်းပြီး သတ်ပစ်လိုက်ကြတာပေါ့ကွယ်။
ဒါတွေကိုကြားတဲ့ ပညာရှိ ဇီးကွက်ဘိုးဘိုးက သမင်လေးဟာ မကောင်းတဲ့အကျင့်ရှိသူနဲ့ ပေါင်းသင်းတာကြောင့် အခုလိုကြုံရတာလို့ တိရိစ္ဆာန်လေးတွေကို ရှင်းပြသတဲ့။ 🦌🐺
သားသားမီးမီးလေးတို့လည်း လူလူချင်း ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူဆိုးလူမိုက်တွေနဲ့ မပေါင်းသင်းရဘူးနော်။
ပုံပြင်လေးတွေ စာလေးတွေ ဖတ်ချင်ရင် Future Stars Library သို့လာရောက်နိုင်ပါတယ်
No(2379),Chindwin Street,Mingaladipa Quarter,PobbaThiri
Ph: 09426665256,09426740097