Khe ma

Khe ma Learnings

23/12/2023

GBU-သို့ ဦးတည်ခြင်း - 1
-----+-----
လွန်ခဲ့သော ….
၃-နှစ်ကျော် ၄- နှစ်မဲ့မဲ့ ညတစ်ညကပင်
ပညာရေးခရီးအဖြစ်ဟူသော ခေါင်းစဉ်ဖြင့်
ဒေလီသို့ နောင်တော်များနှင့်အတူ လိုက်ပါခဲ့။
ထိုည ဒေလီလေဆိပ်သို့ နောင်တော် ဦးဇဋိ နှင့် မောင်ကုတို့ လာကြိုကြ။
သူတို့တွေမှ လေဆိပ်အထွက်တွင်
"ဟာ….နောင်ကြီးသု..(ဦးသုနန္ဒ-သီတဂူ) မောင်ထေရ.. (တောင်ကြီးသိမ်တောင်)
အဆင်ပြေလားးး နေကောင်းလား?
တပည့်တော်တို့က ဒီနားက စောင့်နေတာ"-စသည်စသည်
နှုတ်ဆက်စကားများ တွေ့တွေ့ချင်း ပြောကြပြီး
ပါလာသော ငပိကြော် ငါးခြောက်ကြော်နှင့်
တိုလီမုတ်စ အထုတ်များ ကားပေါ်တင်ကာ
လေဆိပ်က အထွက် ကားသမားက
ကားပါကင်ကြေး ဘာဖြစ်တယ်မသိ ပထမငြင်းနေကြသေး၊
နောက်တော့ အဆင်ပြေသွား၏။
လေဆိပ်ဧရိယာအထွက် ကားထဲမှာ
မတူညီမှုသောသံစဉ်ကို စတင်ကြားရ၏။
ထိုကား
တို့ပြည်တို့ရွာ ကားတွေထဲကလို ကြားနေကျ အသံ
ပိုးအိစံရဲ့ မွေးဌာနီလည်း မဟုတ်
ငါးမည်ရ ပြည်ရွေဘို...…ဗုံကြီးသံစသည်လည်း မဟုတ်တော့
၀ုန်းကြမ်း ၀ုန်းကြမ်းနှင့် India song ခပ်ကြမ်းကြမ်းပင်။
ထိုအသံကို ကြားသည်နှင့်
တစ်ခါမျှ ပြည်ပအနေ မသွားလာဖူးသော မိမိအဖို့
အတွေးထဲ ချက်ချင်း၀င်လာသည်ကား
"အင်းးးးးး
ဇာတ်လမ်းကတော့ စပြီ"-ဆိုသော အတွေးပင်။
ထိုသို့တွေးနေစဉ်ပင်
နောင်ကြီးဇဋိက
"ငါ့ညီ..ခေမာ ဒါဒေလီပဲ"-တဲ့။ ထို့နောက်
တိတ်တိတ်လေး လေဆိပ်ထဲထွက်
လမ်းတစ်လျှောက်မှာ နောင်တော် ဦးဇဋိက (ဇဋိလာလင်္ကာရ)
"ညီ....ဒါက
လေဆိပ်က လာတဲ့လမ်း
ဒါက မာယာ၀တီပန်းခြံ
ဒါက အေ၀းပြေးလမ်းမ
ဒါက Nodia နဲ့ G.Noida အစပ်"စသည်စသည်...
လမ်းတစ်လျှောက် ရှင်းပြသွားရင်း ထိုည ၁၁ ခွဲခန့်တွင်
GBU မိမိတို့ နေရမည့် MRS Hostel အခန်းအသီးသီးသို့ ရောက်ခဲ့ကြ။
ထိုစဉ် ထိုလမ်းတွင်
ညကြီးမင်းကြီး မှတ်သားမိသည်ကား
တစ်ခါမှ မိမိ မကြားဖူးသေးသော
မာယာ၀တီဆိုသော နာမည်ရယ်
မီးတွေလည်း တအားလင်းနေတာပါလားဆိုသော မေးမိမှုရယ်
လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်တွေမှာ
သစ်ပင်တွေ စိမ်းစိုနေအောင် တအားစိုက်ထားမှုရယ်၊
နောက် Gate-5 သို့ ဦးတည်မောင်းပြီး အတွင်း၀င်ရင်း
သတိထားမိသော တက္ကသိုလ်၀န်းအကျယ်ကြီးရယ်ပင်။….

((GBU ဦးတည်ခြင်း- 2))
-----+++-------
GBU- သို့ ရောက်ရောက်ချင်း ထိုည
ခရီးပန်းပန်း ခေါင်းအုံးတစ်လုံးနှင့်
ဘယ်ဘက်က အရှေ့…..
ဘယ်ဘက်က အနောက်ရယ်တောင် သတိမထားမိပဲ
သင်္ကန်းခြုံကာ အပ်ပျော်သွားခဲ့သည်ကား
ထိုစဉ်က နေခဲ့သော ကျောင်းတက်စဉ်နေခဲ့သော အခန်းနံပါတ် ၁၅- မဟုတ်၊
၎င်းအခန်းနှင့်
ဘေးချင်းကပ်က အခန်းနံပါတ် ၁၆-ပင် ဖြစ်၏။
ထိုတွင် ရောက်ရောက်ချင်း အနံ့တစ်မျိုးရသည်လို့လည်း ခံစားနေမိရ၏။
ရောက်ခါစ ဒေသမတူသောကြောင့်
အဆောက်အဦးတွေက အနံ့ဟုပင် ထင်မိပါ၏။
နောက်နေ့မနက် မိုးမလင်းတလင်း
အိပ်ယာခေါင်းမြီးခြုံထဲကနေ bell ခေါက်သံနှင့်
"ညီ... နိုးပြီလားဟ ၊
နောင်ကြီးသု နှိုးပြီးလားဘုရား?
မြန်မာပြည်က အခုမှလာတာဆိုတော့
တပည့်တော်က အရုဏ်ဆာတတ်မှာ စိုးလို့
အရုဏ်ဆွမ်းစားရအောင် လာခေါ်တာဘုရား၊
ဒီနေ့ အာရုံရှိတယ်"-စကားနှင့်အတူ
လာခေါ်သည်ကား နောင်တော် ဦးဇဋိပင်၊
"ဒီနေ့ အာရုံရှိတယ်
ရောက်ခါစ ဆာတတ်မှာစိုးလို့"-တဲ့ စကားနှစ်ခွန်း သူပြောသည်နှင့်
စိတ်ထဲ ၀မ်းသာသလို ... စိတ်ထဲ တစ်မျိုးလည်း ဖြစ်သွား၏။
ထိုစကားရဲ့သက်ရောက်မှုကို မြင်မိသည်ကား
ဒီနေ့အာရုံရှိတယ်-ဆိုတော့
အရင်နေ့ကလည်း အာရုံစားဖို့မရှိဘူး
နောက်နေ့တွေလည်း မရှိဘူး၊
နေ့တိုင်းလည်း အာရုံဆွမ်းရှိမှာမဟုတ်ဘူး-လို့ သိစေလိုက်သလို
"ညီတို့ မြန်မာပြည်က နေ့စဉ် အရုဏ်ဆွမ်းပွဲကြီး မေ့ထားလိုက်တော့"-ပေါ့ သူရဲ့ဆိုလိုခြင်းက။
အခြေနေက
မနေ့ကနှင့် မတူတော့တာ လက်တွေ့ပင်။
နောက် "ဆာတတ်မှာစိုးလို့ အာရုံဆွမ်းစားရအောင် လာခေါ်တာ"-ဆိုတဲ့ စကားကလည်း
"အော်… ရောက်ခါစ အနေအထားကို တွေးပြီး "
သေချာစေတနာနှင့် စာနာတတ်ပါလား-ဟု တွေးမိလိုက်ပါ၏။
သတိထား အတုယူသင့်သော စေတနာပါသော အပြုအမူများပင်။
ထိုနောက် GBUရဲ့ပထမဆုံးနှင့် နောက်ဆုံးအရုဏ်ဆွမ်းစားပြီး
"ဦးဇင်းတို့ ၉း၃၀ နာရီလောက်ကျရင် ကျောင်းသွားကြရအောင်နော"-ဟု
ဦးဇဋိ ဆော်သြကာ ထိုစဉ်က မိမိတို့ M.A ၃-ပါး M.Phil ၄-ပါး နှင့်
နောက်အဟောင်းမောင်ကုပါ ကျောင်းအပ်သွားကြ၏။
ထိုတွင် ကျောင်းအပ်ကိစ္စကား
GBU တက်ဖို့ရန် ၄-လပိုင်းလောက်ကဖြစ်စေ
- admission letter အရင်ထွက်လာအောင်
ဖောင်ဖြည့်တင်ရ၏။
ထို admission letter ပထမ ထွက်လာဖို့အတွက်
တက်မည့်သူများရဲ့ B.A အောင်လက်မှတ် အမှတ်စာရင်း (သို့မဟုတ်)
မူရင်း ဓမ္မာစရိယအောင်လက်မှတ်၊ အမှတ်စာရင်း၊
ဘာသာပြန်အောင်လက်မှတ်နှင့် အမှတ်စာရင်း၊
ဘာသာပြန် B.A equal လက်မှတ်
passport ၊ ဓာတ်ပုံနှင့် ထိုးနေကျလက်မှတ်ပုံစံ
အချက်အလက်များကို GBU-admission office သို့တင်ကာ
Admission later ထွက်အောင် အရင်လုပ်ရ၏။
ထို letter နှင့် သံရုံးမှာ Student Visa လျှောက်ကာ လာကြရ၏။
သံရုံးက မိမိတက်ရမည့် အတန်း ကာလအတိုင်း Visa ထုတ်ပေးလိုက်၏။
မိမိတို့လည်း ထိုဗီဇာနှင့်လာကြရကာ
ထိုနေ့ ကျောင်းအပ်ဖို့ သွားကြခြင်းပင်။
အဆောင်မှ ကျောင်းရုံးခန်း(Buddhist Studies & Civilization) ဌာနသို့
အတိုဆုံးလမ်း ဘောလုံးကွင်းထဲက ကြားဖြတ်သွားခဲ့ကြ၏။
ဘောလုံးကွင်း library ကျော်တော့ တွေ့ရသည်းကား
ရေပန်းတွေနှင့် ရေကန်ကြီးနှင့် ရေကန်ကြီးထိပ်က
ဘုရားရုပ်တုနှင့် တစ်ဖက်တစ်ချက်က
အမျိုးသမီးရုပ်တုနှင့် အမျိုးသားရုပ်တုပင်။
ထိုတွင် မိမိက
"ဟာ……တွေ့ပြီ ဒါကြီး အင်တာနက်ကနေကြည့်ဖူးတယ်"-ဟုပြောတဲ့အခါ
ဦးဇဋိက "ညီ...အဲ့ဒါ ဒီဘက်က မာယာ၀တီပဲ၊
ဒီတက္ကသိုလ်တည်ထောင်တဲ့ အမျိုးသမီး၊
ဟိုဘက်ကသူ့ဆရာ ရုပ်တု"-လို့ပြောတော့
လေဆိပ်ကနေ လာခဲ့စဉ်ည လမ်းတွင်
မာယာ၀တီ-လို့ ပြောထားတဲ့ မရင်းနှီးတဲ့ နာမည်ကို
ရုပ်တုပုံစံနှင့် အခု တွဲမြင်ရတော့၏။
မလာခင်က ဘာမှန်းတော့ မသိ ဒီပုံတွေ့တော့
တွေ့ဖူးနေ၏။ အင်တာနက်ဆိုင်မှာ G-talk သုံးရင်း
GBU website ကို ခဏခဏကြည့်ဖူးလို့
ပုံတွေတော့ တွေ့ဖူးနေ၏။
ထိုးလို့ထောင်လှောင် မားမားမတ်မတ်ကြီး လုပ်ထား
ဆောက်ထားသည်ကားတော့ အခု မှတွေ့ရခြင်းသာ။
(ပြောရင်း ... "မင်းကွာ ငါလည်း တဗွီထဲမှာတော မြင်ဖူးပါတယ်ကွာ-ဆိုတဲ့
ငြိမ်းချမ်းနဲ့ ဗေလုဝတို့ ဟာလလေးလည်း မြင်မိနေပါ၏။)

ထိုမှ မိမိတို့ ရုံးသို့သွားကာ ကျောင်းအပ်ဖောင်တွေ
ဖြည့်ကြ၏၊ ဆရာ A.k sing ၀ိုင်းဖြည့်ပေး၏ လိုအပ်တာများ။
ထိုမှ အားလုံးဖြည့်ပြီးသောအခါ ရုံးက ကျသင့်သော ကျောင်းကြေး
Deposit form တစ်ရွက်စီ ထုတ်ပေးလိုက်၏။
ထိုစာရွက်တွင် ကျသင့်သောကျောင်းကြေး စုစုပေါင်းပါ၏။
ထိုကျောင်း fee payment challan စာရွက်လေး ကိုယ်စီယူကာ
ကျောင်းဘဏ်အကောင့်ထဲ ထည့်ဖို့
ထိုကျောင်းဌာနမှ ကျောင်းဘဏ်သို့ သွားကြရပြန််၏။
ထို့နောက် ဘဏ်ထဲ၀င်ကာ ဘဏ်ဖောင်ထဲသို့ ဖြည့်ရ၏၊
၅၀၀တန် ဘယ်နှစ်ရွက် ၁၀၀၀ တန် ဘယ်နှစ်ရွက်
စုစုပေါင်းဘယ်လောက်ပေါ့
ဖြည့်ပြီး သူတို့ကျောင်းသားတွေ အသားကျနေသော line ပင်
make a line နှင့်တန်းစီ
ကိုယ့်အလှည့်ကျမှ ရှေ့တက်ရခြင်းပင်။
ထိုသို့ငွေသွင်းဖို့ တန်းစီးရင်းပင်
ကိုယ်တို့အလှည့်ရောက်ခါနီးကျတော့ after lunch ဆိုပြီး
နေ့လည် ထမင်းစားချိန် ဘဏ်ကောင်တာက စားရင်းလက်ခံမှု ရပ်နားသွား၏။
အတော်ပျော်စရာပင် ကိုယ့်အလှည့်ရောက်ဖို့
အကြာကြီးတန်းစီနေရခဲ့ရကာ အခုတော့.....
ကိုယ့်အလှည့်ရောက်ခါနီးမှ ခဲလေသမျှ သဲရေကျပင်။
ဘာတတ်နိုင်မှာလဲ ရှင်တို့က သူကြီးသားကိုးး
အဲ့ဒါ …..တို့ ဘာမှ မတတ်နိုင်ဘူးးလို ပြောရမှာပဲ။
ထိုနောက် သူတို့နားတော့ နားပေါ့ဖြစ်စေရကာ
၃ နာရီထိုးပြန်တန်းကာ မိမိတို့ ကျောင်းဘဏ်ထဲသို့ ကျောင်းကြေးငွေ သွင်းကြ၏။
ထိုကျသင့်ငွေ ဘဏ်စလစ်ကို ဘဏ်က တစ်ဖြတ်ယူထားလိုက်၏
ကျောင်းရုံးခန်းသို့ တစ်ဖြတ်ပြန်ပို့ရ၏။
နောက်တစ်ဖြတ်ကို ကျောင်းသားဖြစ်သော မိမိတို့က သိမ်းထားရ၏။
ထိုငွေသွင်းပြီးသည်နှင့် ကျောင်းသားဖြစ်သွားတော့၏။ ဤသည်တို့ကား
Admission later ပထမ ရရေးကျောင်းချိပ်မှုနှင့်
ရောက်ပြီး ကျောင်းအပ်ကိစ္စပင်။
ထိုတွင်….မောင်ပုဇင်းတို့…
ငွေသွင်းပြီးသွားရကားး တရား၀င်
မောင်ကျောင်းသား ဖြစ်သွားတော့၏။
အစစအရာရာ ကူညီပေးကြသော
နောင်တော်ဇဋိ နှင့် မောင်ကုကိုလည်း ကျေးဇူးတင်မိခဲ့ပါ၏။
လုပ်ငန်းများ အဆင်ပြေဖို့အရေး မိတ်ဆွေကောင်းကလည်း
အရေးပါလှ၏။ သည်မို့ စာပေများ၌
မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းများအကြောင်း
ဒဠှီမိတ္တ- ခိုင်မာတဲ့ မိတ်ဆွေ မိတ်ရင်းဆွေရင်း
ဒဠှီသဟာယ- သဟာယ်ချင်း(သူငယ်ချင်း)ရင်း
သူငယ်ချင်းကောင်းတွေ့ရဲ့အကြောင်း
သဘောတရားတွေ နှင့်
အကျိုးသက်ရောက်မှုတွေကို တွေ့ရ…။

((GBU- သို့ ဦးတည်ခြင်း - 3))
------
GBU-သို့ ရောက်ကာ
ကျောင်းအပ် ကျောင်းကြေးသွင်းခြင်းကိစ္စပြီးသွားသော မိမိတို့
မဖြစ်မနေ ဆက်လုပ်ရမည်ကား
FFRO ¬ရဲရုံးကိစ္စ RC/RPကိစ္စပင်၊
ထိုရဲရုံးဖောင်ကိစ္စကား
ရောက်သောနေ့မှ နှစ်ပတ်အတွင်း ပြီးအောင်လုပ်ရ၏။
မိမိတို့ရောက်စက လိုအပ်သောကိစ္စများကို အားလုံးဆရာက
ဖြည့်ပေးသော်လည်း
ယခုမူ တစ်ချို့ကို ကိုယ့်ဖာသာဖြည့်ပြီး
ဆရာ့ဆီက လက်မှတ်ယူကာ Noida ရဲရုံးသို့ သွားတင်ကြရ၏။
ထိုရုံးကား sector 15-တွင်တည်ရှိကာ
ကျောင်းကနေ ကားငှါးသွားက မိနစ် ၂၀ ခန့်သာ မောင်းရ
လိုင်းကားနှင့်သွားက botanical garden တွင်ဆင်းကာ
Metro -ရထားစီးပြီး sector 15-တွင်ဆင်းကာ
ညာဘက်လမ်းလေးကြားတိုင်း ၀င်သွားက ရောက်၏။
ဘာမျှ အခက်ခဲ မရှိ ရဲရုံးကိစ္စ formကို ဆရာက ကူညီသလို
senior နောင်တော်ညီတော်များကလည်း ပြောပြကူညီမည်သာ။
တစ်ခု နားလည်ရမည်ကား ရဲရုံးက ပြန်ချိန်းလိုက်သော ရက်ပင်။
ရဲအရာရှိကား စိန်ကုလားတို့ ထုံးစံအတိုင်း
after 2-week ရမယ် ပြောလိုက်ပေမယ့်
Week after week- တစ်ပတ်ပြီး တစ်ပတ် ပြောင်းချင်ပြောင်း နေတတ်၏။
ဘာမျှ ထယ်ရေးမပူက နှစ်ပတ်ပြန်ချိန်းလိုက်လျှင်
သူ့ထက်ကဲပြီး ၃- ပတ် ၄-ပတ်နေမှ သွားယူခြင်းကား စိတ်အချရဆုံးသာ။
တို့ဆီက အချိန်မလေးစား နောက်ကျတာလောက်ကတော့
စိန်ကုလားတို့က ပျင်းတောင် ပျင်းသေးတယ်။
သူတို့ပြောနေကျ a minute-ပါပဲ ဆိုတာက
နာရီ၀က်လည်း ဖြစ်သွားတတ်သလို ၁-နာရီလည်း ဖြစ်သွားတတ်၏။
ထို့ကြောင့် တက္ကသိုလ်တွင် တစ်ချို့ အုပ်ချုပ်ရေး ယန္တရားကိစ္စတွေကို
(ပျက်ကွက်လျှင် ရာထူးလျှော/ပြုတ်အနေအထားနှင့်)
အထက်က အဆင့်ဆင့် ကွပ်ကဲကြပ်မတ်ထားသည်ကို တွေ့ရ ။
ထိုရဲရုံးကိစ္စပြီးက ဘာမျှ ထူးတွေမရှိ ကျောင်းတက်ရုံသာ ကျန်တော့။
GBU -တွင် မိမိတို့ နေရသောအဆောင်ကား
M.R.S (Married Research Scholar) hostel ပင်။
ထိုအဆောင်ကား
Gate-5 ကနေ ၀င်က နီး၏။ ထိုအဆောင်ကနေ
ကျောင်း ဌာနသို့သွားပါက တက္ကသိုလ်တွင်းပတ်လမ်းကို
ညာလစ်ပတ်ပြီး ဆရာတွေ အဆောင်တွေရှိရာဘက်ကနေလည်း သွားနိုင်၏။
ဘယ်ရစ်ပတ်ပြီး local အဆောင်တွေရှိဘက်ကနေလည်း သွားနိုင်၏။ နောက်
ကြားဖြတ်ပြီး အားကစားကွင်းများဘက် ရေကူးကန်ဘက်ကနေလည်း သွားနိုင်၏။
ကြားဖြတ်လမ်းကား အနီးဆုံးလမ်းဖြစ်သော်လည်း လူရှုပ်၏။
ဧက ၅၀၀-ကျော်ရှိသော GBU-တက္ကသိုလ်အတွင်းသို့
၀င်ပေါက် ၅-ပေါက်ရှိသော်လည်း အဓိက- Gate-2 နှင့်
Gate-5 ကို ဖွင့်ပေးထားကား Gate-4 တွင်မူ လူ၀င်ပေါက်သာ ထားကာ
ကျန် Gate များ မူသေ ပိတ်ထားသည်ကို တွေ့ရ၏။ အ၀င်အစောင့်ရဲတို့က
အပြင်ယာဉ်များ အ၀င်၀တွင် စစ်ဆေးရေးရယူကာ
လက်မှတ်ထိုးရသလို local ကျောင်းသားများလည်း လက်မှတ်အ၀င်အထွက် ထိုးကြ၏။
မိမိတို့မူ စစ်ဆေးလည်း M.R.S hostel လို့ပြောလိုက်ပါက
မောင်ဘုန်းများဟု တန်းသိကာ အစစ်ဆေးမရှိ လွှတ်ပေးလေ့ရှိ၏။

((GBU - သို့ ဦးတည်ခြင်း - 4))
---------+++-------
ဟိုတလောက ရေးနေသော
GBU-သို့ ဦးတည်ခြင်းခေါင်းစဉ်အား
ဆက်မရေးပဲ ပြတ်သွားသည်ကား အတော်ကြာဖြစ်သွား။
သဒ္ဒါပြော စာပြောပြောပါက
အချိန်ကြာ ကာလတွေခြားသွားပါကလည်း အဆက်စပ် မဖြစ်။
အခုလည်း ထိုနည်းလည်းကောင်းပင်...
ဆက်မရေးဖြစ်တော့ အဆက်စပ်၀ေးသွားအံ့ထင်။
ကိုယ်တိုင်ပင် ရေးထားတာ ပြန်ကြည့်ရကာ
ရေးပြီးသား အကြောင်းအရာကား ကျောင်းအပ်ငွေသွင်း
ရဲရုံးကိစ္စ လုပ်ရသည့် အကြောင်းအရာထိ ရေးပြီးသွားသည်ကို တွေ့ရ။
သို့တပြီးကား
မိမိတို့ဌာန ဘာတွေ သင်ရသလဲ ရှေးဦးစွာ မပြောခင်
သဘောကျလွန်းလို့ ပထမဆုံး ပြောပြချင်သည်ကား
GBU-တွင် ထူးခြားသော
Law, ICT, Management,
Political science, Social science,
Engineering, Biotechnology - စသည် စသည်
မည်သည့်အတန်း/ဌာနတွင် တက်စေကာမူ
မဖြစ်မနေ ကျောင်းသား/သူတိုင်း သင်ယူရသော
စာမေးပွဲတွင်လည်း ဖြေရသော
Compulsory subject -ကား
Human values and Buddhist Ethics ပင်။
ထိုဘာသာရပ်၌
ဗုဒ္ဓ၀င်အကျဉ်း၊
ဗုဒ္ဓဘာသာရဲ့ မူရင်းနှင့် တိုးတက်ပြန်ပွားဖြစ်စဉ်များ၊
ကိုယ်ကျင့်တရားနှင့် လူသားတန်ဖိုးအကြောင်းအရာများ၊
ဗုဒ္ဓရဲ့ ကိုယ်ကျင့်တရားနှင့်
လူ့အခွင့်အရေး ကိစ္စအကြောင်းအရာများ၊
ဗုဒ္ဓဘာသာ အခြေခံသိစရာ
သစ္စာ ၄-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗြဟ္မ၀ိဟာရ ၄-ပါး
ငါးပါးသီလ နှင့် သီလသမာဓိပညာ အကြောင်းအရာများ
နောက်..
သဘာ၀ပတ်၀န်းကျင်ပြဿနာဆိုင်ရာ ဗုဒ္ဓဘာသာအမြင်များ
Human Rights- အမြင်များ
Ecological ပြဿနာအမြင်များ
Animal Rights- တိရိစၦာန်အခွင့်အရေးများ
ဗုဒ္ဓဘာသာရဲ့ Economic အယူအဆနှင့် ဆက်စပ်သော အကြောင်းအရာများ
နောက်
ဗုဒ္ဓဘာသာရဲ့ လူမှုရေးများ၌ ဆက်စပ်ပေးဖြေရှင်းပေးမှုများ
ဗုဒ္ဓဘာသာရဲ့ Social လုပ်ဆောင်ချက်များ
နေ့စဉ် မိသားစုဘ၀ နေထိုင်ပုံများကို
ကျောင်းသားတိုင်းသင်ရ၏။ ဤကား
မိမိတို့ Buddhist Studies & Civilization ဌာနတွင် မဟုတ်
တစ်ခြား မည်သည့်ကျောင်းသားမဆို
GBU-တွင် သင်ရသော ဘာသာရပ်တစ်ခုပင်။
ထို့ကြောင့် GBU-တွင်
ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘယ်ကျောင်းသားမဆို
Life of Buddha, မဂ္ဂင် ၈-ပါး၊ သစ္စာလေးပါး
ဗြဟ္မစိုရ်တရား ၄-ပါးလောက်နှင့် လူ့ကျင့်၀တ်တရားများကို
ကျောင်းသားတိုင်းလိုလို သိနေကြသည်သာ။
အမြှော်အမြင်ကြီးသော တက္ကသိုလ်တည်ထောင်သူတို့၏
ပညာနှင့် ကိုယ့်ကျင့်တရားကို ထိန်းညှီပေးလိုက်ခြင်းပင်။
သဘောကျလှ၏။
ကမ္ဘာသူ ကမ္ဘာသားများအား
စစ်မှန်သော ဗုဒ္ဓဟောကြား ကိုယ်ကျင့်တရားများ
တကယ်လိုအပ်နေသည်ကို
ရသမျှ အကောင်အထည် ဖော်ပြခြင်းပင်။
စီးပွားရေးအားဖြင့် အေးချမ်းအောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
နိုင်ငံရေးအားဖြင့် အေးချမ်းအောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
လူမှုရေးအားဖြင့် အေးချမ်းအောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
နေ့စဉ်ဘ၀ ဘယ်လိုဖြတ်သန်းမလဲ-စသည်စသည်
မီးမောင်းထိုးပေးလိုက်ခြင်းပင်။
ပညာရေးစနစ်ထဲတွင် လူမှုဘ၀
စိတ်ဓာတ်နှင့်ဆိုင်သော လူမှုရေးနှင့်ဆိုင်သော
ယဉ်ကျေးမှုနှင့် ဆိုင်သော နည်းစနစ်များ ထည့်ပေးလိုက်ခြင်းပင်။
Science နှင့် technology ခုန်ပေါက် မိုးပျံအောင် တိုးတက်ပါစေ
ကိုယ်ကျင့်စရိုတ် ကို်ယ်ကျင့်တရားများ ပျက်ပြားကာ
ဟန်ချက်မညီသော လူမှုအဖွဲ့အစည်း လူမှုပတ်၀န်းကျင်များကား
မငြိမ်းချမ်းမအေးချမ်းသော ဖြစ်စဉ်များနှင့် နေရမည်သာ တွေ့ကြုံနေရမည်သာ၊
ဒါကို အလေးထားသော GBU တည်ထောင်သူ
မာယာ၀တီက ကျောင်းသားတိုင်းအတွက်
ဒီ Human values & Buddhist ethics ဘာသာရပ်ကို
မဖြစ်မနေ သင်ရမည်ဟု ထည့်ပေးလိုက်ဟန်ပင်။
အတုယူစရာ နည်းယူစရာပင်။
ရွှေပြည်ကြီးက တစ်ချို့ကား
ဘုရားအဆုံးအမတရား နှုတ်ဖျားက ပြောတာထဲပါခဲ့ပါလျှင်
ခောတ်နောက်ကျတဲ့သူ ဘာသာရေးသမားလို့သတ်မှတ်
ထင်နေသည်ကား အံ့အားသင့်စရာပင်။
အဓိက way of life ဘ၀နေနည်း
အောင်မြင်သော ဘ၀နေနည်းကား ဘာလဲ ဘယ်လိုလဲ-ဆိုတာ
သိဖို့ လိုအပ်လှ၏ သိဖို့အလေးထားရမည်သာ။

10/08/2023

Address

Greater Noida, Indai
Greater Noida
201308

Website

Alerts

Be the first to know and let us send you an email when Khe ma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category