24/04/2024
မိုခါမုန်တိုင်းဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးခြင်း
**************************************
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် (၁၃.၅.၂၀၂၃)ရက်နေ့မှ (၁၅.၅.၂၀၂၃)ရက်နေ့ထိ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး (၃)ရက်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ (၁၅.၇၅) လက်မ အထိ ရှိခဲ့ပါသည်။ အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် (၅၉)ဆူတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ၏ လမ်းညွှန်ချက်ဖြင့် ပုဂံဌာနခွဲက အရေးပေါ် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ထိခိုက်မှုရှိခဲ့ သည့် (၅၉)ဆူအနက် (၉)ဆူမှာ ဂေါပကရှိသော ရှေးဟောင်းအဆောက်အအုံများဖြစ်သဖြင့် ဂေါပက ရန်ပုံငွေဖြင့်လည်းကောင်း၊ (၅၀)ဆူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းခဲ့သည့် ရန်ပုံငွေဖြင့် လည်းကောင်း ဌာန၏ အဆင့်ဆင့်စီမံခန့်ခွဲကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရာ တွင် မူလလက်ရာနှင့် မူလစံတန်ဖိုးများ ထိခိုက်ပျက်ယွင်းမှု မရှိစေရေး UNESCO Guideline, Conservation Guideline, ပြုပြင်ထိန်းသိမ်းရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သော ရှေးဟောင်းအဆောက်အအုံ(၅၉)ဆူ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို (၂၀.၅.၂၀၂၃)ရက်နေ့မှ စတင်၍ စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ရာ (၃၀.၇.၂၀၂၃) ရက်နေ့ တွင် လုပ်ငန်းများအား (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ဌာနအနေဖြင့် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ရေရှည် တည်တံ့ခိုင်မြဲ စေရန် အတွက် (Conservation Procedure)နှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။