GTI Chauk Interim Administrative Council

GTI Chauk Interim Administrative Council We Must Win!

09/12/2025
05/10/2025
09/11/2023

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများ ၏ရှေ့ဆက်ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်လျက် ဤကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက စုစည်းထုတ်ပြန်သည်။ (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်) အသေးစိတ်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၏တရားဝင် Telegram Channel ဖြစ်သည့် Uni Handbook FAQ Channel @ NUG-MoE သို့မဟုတ် သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၏ Facebook စာမျက်နှာများတွင် သွားရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

တက္ကသိုလ်​ကောင်စီများ၏ contact page များကို ​အောက်​ဖော်ပြပါ MOE website တွင်လည်း ​​ဖော်ပြ​ပေးထားပါသည်။
https://moe.nugmyanmar.org/he

05/10/2023

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ‌ပြောကြားသော အဖွင့်အမှာစကား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို တက်ရောက်လာကြသူများအားလုံး မင်္ဂလာပါလို့ ကျွန်တော့်အနေနဲ့ ဦးစွာ နူတ်ခွန်းဆက်သပါတယ်။ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို တက်ရောက်ပြီး အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း အင်မတန် ဂုဏ်ယူမိပါတယ်။

ကမ္ဘာ့ဆရာများနေ့ဆိုတော့ နိုဘဲလ်ဆုရှင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား ပြောဖူးတဲ့ “Education is the most powerful weapon which you can use to change the world” ဆိုတဲ့ စကားကို ကျွန်တော် အမှတ်ရမိပါတယ်။ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခုကနေစပြီး ကမ္ဘာကြီး တခုလုံး ပြောင်းလဲဖို့အထိ ပညာရေးက စွမ်းဆောင်နိုင်ပါတယ်။

အထူးသဖြင့် စနစ်ဟောင်း၊ အတွေး အခေါ်ဟောင်းတွေကို ဖြိုချပြီး နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်နေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ပညာရေးနဲ့ ပညာရေးစနစ်ဟာ အခြေခံအကျဆုံးနဲ့ အရေးပါဆုံး အခန်းကဏ္ဍတခုဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးအခန်းကဏ္ဍလို့ ပြောတဲ့အခါ ဆရာ၊ ဆရာမများရဲ့ အရေးပါမှုကို ချန်လှပ်ထားလို့ မရပါဘူး။

ဘာကြောင့်လဲဆိုတော့ ဆရာ၊ ဆရာမများဟာ ပညာရေးကို လက်တွေ့ကျကျ ပုံဖေါ်ရတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများ ဆိုတာက လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖေါ်ထုစစ်ရတဲ့ ပန်းပုပညာရှင်များဖြစ်တယ်လို့တောင် ကျွန်တော် ညွှန်းဆိုချင်ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်အာဏာရှင်အဆက်ဆက် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး ဟာ လူစဥ်မမီဖြစ်ခဲ့ရတာ အားလုံးအသိပါပဲ။ စစ်အာဏာရှင်တွေ စိတ်ကြိုက်ပုံဖေါ်ခဲ့တဲ့ ပညာရေး ဖြစ်တာကြောင့် အာဏာရှင်အငွေ့အသက်နဲ့ အတွေးအခေါ်တွေသာ လွှမ်းမိုးတဲ့ ပညာရေးဖြစ်ခဲ့ပါ တယ်။

အထူးသဖြင့် ဖက်ဒရယ်စံတန်ဖိုးတွေနဲ့ ဝေးကွာခဲ့တယ်၊ ပညာရေးစနစ်က လူနည်းစုတွေရဲ့ အခန်းကဏ္ဍနဲ့ ကွဲပြားစုံလင်မှုတွေကို ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ပညာရေး ဖြစ်ခဲ့ပါတယ်။ စစ်အာဏာ ရှင်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို သူတို့စိတ်ကြိုက် ပုံဖေါ်လွှမ်းမိုးဖို့နဲ့ ဖျက်ဆီးဖို့ ကြိုးစားတဲ့ နေရာမှာ ပညာရေးကိုလည်း အသုံးချခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ ဒါတွေကိုပါ ပြောင်းလဲ ဖြိုချဖို့ အခွင့်အရေးဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်။ နွေဦးတော်လှန်ရေး စတင်ချိန်မှာဆိုရင်လည်း ပညာရေးနယ်ပယ်ထဲက ဆရာ၊ ဆရာမများဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ အားတက်သရော ပါဝင်ခဲ့ကြပါတယ်။

ဒီနေ့အချိန် အထိလည်း ကြုံလာရသမျှ အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် နေတဲ့ ဆရာ၊ ဆရာမ များစွာ ရှိနေဆဲဖြစ်တယ်ဆိုတာ ကျွန်တော် ဂုဏ်ယူစွာပြောလိုပါတယ်။
ဒီ ဆရာ၊ဆရာမများ အားလုံးကို လေးစားဂုဏ်ယူကြောင်းနဲ့ ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် အလေးအနက် ပြောလိုပါတယ်။

အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်တဲ့အခါမှာ အန္တရာယ် အခက်အခဲများစွာ ရင်ဆိုင် ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆရာ၊ ဆရာမများဟာ ဒီလိုအန္တရာယ်တွေ အခက်အခဲ တွေကိုမမှုဘဲ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်ထည်ဖေါ်နေတဲ့ ပညာရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ပါဝင်နေကြတာကိုလည်း မှတ်ကျောက်တင်ထားရမှာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ ကျွန်တော်တို့နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်တွေ၊ စံတန်ဖိုးတွေကို စနစ် တကျ ဖျက်ဆီးဖို့၊ လွှမ်းမိုးချုပ်ကိုင်ဖို့ ပညာရေးကို အစဉ်အဆက် အသုံးချခဲ့ရုံသာမက အခုကာလမှာ တော့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖျက်ဆီးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။

စစ်ဘက် အရပ်ဘက် ပစ်မှတ် ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ဆရာ ဆရာမတွေကို ဖမ်းဆီးအရေးယူတာ၊ ညှဥ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်။ Global Coalition to Protect Education from Attack (GCPEA) က နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆိုရင် ၂ဝ၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံး ၃ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု သက်သေအထောက်အထားတွေကို မှတ်တမ်း တင်ရယူပြီး တရားမျှတမှု ပြန်ယူဆောင်နိုင်ဖို့ ကျွန်တော်တို့အားလုံး တစိုက်မတ်မတ် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ဟာ တော်လှန်ရေးနဲ့အတူ နိုင်ငံတည်ဆောက်ရေးအတွက် တိုင်းပြည်ရဲ့ ပညာ ရေးကိုလည်း အလေးထား လုပ်ဆောင်နေပါတယ်။

ဖက်ဒရယ်ပဋိညာဥ်စာတမ်း၊ ဖက်ဒရယ် ပညာရေး မူဝါဒပါ စံတန်ဖိုးများကို အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမေရိကန်ဒေါ်လာ (၁) သန်းကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ စာရင်းဇယားများအရဆိုရင် အခြေခံပညာကဏ္ဍမှာ အွန်လိုင်းကျောင်း (၇၀) ကျော်နဲ့ မြေပြင် သင်ကြားရေးကျောင်း (၅,၀၀၀) ကျော် ဖွင့်လှစ်သင်ကြားနေပါတယ်။

အဆင့်မြင့်ပညာကဏ္ဍအတွက်ဆိုရင် ကြားကာလအတွင်း တည်ထောင်ဖွင့်လှစ်တဲ့ အဆင့်မြင့်ပညာ ကျောင်းများအတွက် အသိအမှတ်ပြုမှု မူဝါဒကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြု ပြဌာန်းခဲ့ပါတယ်။

ကျွန်တော်တို့ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ဟူသမျှကို ဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ဖို့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံတန်ဖိုးတွေပါဝင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့က အင်မတန်အရေးကြီးပါတယ်။ နောက်တခါ နိုင်ငံတည်ဆောက်ရေးဆိုတာမှာ လူသားအရင်းအမြစ်ဟာ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့လူ့ဘောင်တရပ်၊ ဖွံ့ဖြိုးတဲ့ နိုင်ငံတခု ဖြစ်တည်လာဖို့ ဆိုတာ ဉာဏ်ပညာပြည့်၀တဲ့ လူသားအရင်းအမြစ်ဟာ အရေးပါဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ ဒါတွေကို ဆရာ၊ ဆရာမများကသာလျှင် ပုံဖေါ်ထုဆစ်နိုင်မှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီကနေ့ ခေတ်ဟာ နည်းပညာခေတ်ဖြစ်ပြီး ကမ္ဘာကြီးကလည်း လျင်လျင်မြန်မြန် ပြောင်းလဲနေပါတယ်။

ပညာရေးမှာ နောက်ကျကျန်ရစ်နေခဲ့ရင် ကမ္ဘာကြီးနဲ့ အမီလိုက်နိုင်ဖို့ ခဲယဉ်းပါ လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဆရာ၊ ဆရာမများအနေနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် ပညာရေး အခန်းကဏ္ဍကနေ တော်လှန်ရေးမှာ တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်ပေးကြပါ။ ဆောင်ရွက်နိုင်လိမ့် မယ်လို့လည်း ကျွန်တော် အပြည့်အ၀ယုံကြည်ပါတယ်။

ကျွန်တော်တို့ရဲ့ တော်လှန်ရေး အောင်ပွဲရယူတဲ့ အချိန်မှာ နိုင်ငံရဲ့ ဉာဏ်ပညာပြည့်၀တဲ့ လူသားအရင်းအမြစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အတွက် အဆင်သင့်ဖြစ်နေကြဖို့ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်အတွက် ကျွန်တော်တို့ရဲ့ ပညာရေး ကဏ္ဍက ဆရာ၊ ဆရာမများအနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါကြောင်း ဂုဏ်ယူစွာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

Address

Chauk
0095

Website

Alerts

Be the first to know and let us send you an email when GTI Chauk Interim Administrative Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share