Shwedagon Pagoda

Shwedagon Pagoda This is the official page of Shwedagon Pagoda and managed by the Board of Trustees,Shwedagon Pagoda.

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊  ဩဂုတ်လ (၂၁)           ရွှေတိဂုံစေတီတော် ဘဏ္ဍ...
21/08/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဩဂုတ်လ (၂၁)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု ဝါခေါင်လဆန်း (၂၁-၈-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ဘဒ္ဒန္တအဂ္ဂသာမိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ထံမှ နဝင်္ဂသီလ ခံယူဆောက် တည်ကြပါသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင်အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲ က...
02/08/2026

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲ ကျင်းပ

၂၀၂၆ခုနှစ် ဩဂုတ် ၂

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ပါဠိဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင်ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တကေလာသ က နတ်ဗြဟ္မာများကို ဂါထာပါး၍ ဖိတ်ကြားသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန် တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဗီယက်နမ် ဆရာတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိအမှူးပြုသော ဗီယက်နမ်ဒါယိကာ ဒါယကာမများက ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊တိပိဋကဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မရာဇာ၊ ဘဒ္ဒန္တ နာရဒါ ဘိဝံသ(လှရတနာ) ဆရာတော်ထံမှ ဝိနယပိဋကကျမ်းမြတ် ရွတ်ပွားစိတ်ထား နည်းနှင့်အကျိုးတရားများနာယူကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များနှင့် ပရိသတ်များကဝိနယပိဋကပါဠိတော် အကျဥ်းချုပ်ကို ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် အလှည့်ကျ သံဃာတော်အရှင်သူမြတ်က ဝိနယပိဋကကျမ်းမြတ်ပါဠိတော်ကို ဆက်လက် ရွတ်ဖတ်ပူဇော်သည်။ ဝိနယပိဋကကျမ်းမြတ်ပါဠိတော်အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ၂-၈-၂၀၂၆ နေ့မှ ၁၀-၈-၂၀၂၆ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အထူးသန့်ရှင်းရေးပြုလုပ်ခြင်း၂၉.၇.၂၀၂၆(ဒုတိယဝါဆိုလပြည့်နေ့)ရွှေတိဂုံစေတီတော် အထက်ပစ္စယာနှင်...
31/07/2026

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အထူးသန့်ရှင်းရေးပြုလုပ်ခြင်း

၂၉.၇.၂၀၂၆(ဒုတိယဝါဆိုလပြည့်နေ့)

ရွှေတိဂုံစေတီတော် အထက်ပစ္စယာနှင့် ရင်ပြင်တော်တွင် အထူးသန့်ရှင်းရေးအား ည (၇)နာရီ (၃၀)မိနစ်အချိန် အထက်ပစ္စယံမှစ၍ ရန်ကုန်တိုင်းမီးသတ်ဌာနမှ ဝန်ထမ်း ၁၆၅ ဦး၊ ရ.တ.ဖ(၇)ရဲတပ်ဖွဲ့မှ (၅၀)ဦး ၊ဘာသာရေးအဖွဲ့ (၂၁၃)ဦးနှင့် ရွှေတိဂုံစေတီတော် ဝန်ထမ်းအိမ်ယာမှ (၁၀၀)ဦး၊ လုံခြုံမီးသတ် ဝန်ထမ်း ထုတ်နှုတ်အင်းအား (၆၀)ဦး၊ ခ.မ.ရ(၅၃၂) တပ်ရင်းမှ (၃၅)ဦး နှင့် စီမံအုပ်ချုပ်ရေး(သန့်ရှင်းရေး)မှ (၂၇)ဦး စုစုပေါင်းအင်အား (၆၅၀) ဦး တို့ဖြင့် စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ရာ ည (၁၁)နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ၂၀၂၆ ခုန...
29/07/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် ဇူလိုင် ( ၂၉ )

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်မြိုရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူဘုရားဖူးလာပြည်သူ များဖြင့်အထူးစည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် ဒုတိယ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ များ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး ဆွမ်းများဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ရောင်တော်ဖွင့်တန်ဆောင်း၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြား ခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်း ဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စတင်၍ ရွှေကြာသင်္ကန်း လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုရွှေကြာ သင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော် တစ်ပတ်လက်ယာရစ် လှည့်လည်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများက အလှူတော်ငွေများ လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန်ဆောင်း မုခ် ၄ မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရား များအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူ ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ သီလခံယူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ ဥက္ကဋ္ဌ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးက အဖွင့်မင်္ဂလာစကား လျှောက် ထားခဲ့သည်။
ယင်းနောက် ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ ပါဠိပါရဂူဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ လှူဒါန်းမှုအစုစုတို့
အတွက် အနုမောဒနာတရား နာယူကြပြီးရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များ‌အား နေ့ဆွမ်းဆက်
ကပ်လှူဒါန်းခဲ့ပြီး ဥပုသ်သီတင်းသီလဆောက်တည်ကြသော ယောဂီအပေါင်းတို့ကို နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏အလယ်ပစ္စယာစနေဒေါင့်တွင်အများသုံးသန့်စင်ခန်းအဆောက်အဦဆောက်လုပ်လှူဒါန်းခြင်းရေစက်ချအလှူမင်္ဂလာအခ...
28/07/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး၏အလယ်ပစ္စယာစနေဒေါင့်တွင်အများသုံးသန့်စင်ခန်းအဆောက်အဦဆောက်လုပ်လှူဒါန်းခြင်းရေစက်ချအလှူမင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်-ဇူလိုင်(၂၆)။ ။ရွှေတိဂုံစေတီတော်မြတ်ကြီး၏အလယ်ပစ္စယာစနေဒေါင့်တွင်အများသုံးသန့်စင်ခန်းအဆောက်အဦဆောက်လုပ်လှူဒါန်းခြင်းရေစက်ချအလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်တောင်ဘက်မုခ်ရှိရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း ၌ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ အလှည့်ကျသဘာပတိ ဂေါပကအဖွဲဝင် ဦးမျိုးအောင်ဌေး၊ စီမံအုပ်ချုပ်ရေးဌာနမှ ဂေါပကအဖွဲဝင် ဦးမင်းလွင်နှင့် ဖခင်ဦးမြင့်လွင်အားရည်စူးပြီး မိခင်ဒေါ်သိန်းသိန်းမြင့်ကို အမှူးထား၍ အလှူရှင် ဦးအောင်လင်းထိုက် + ဒေါ်စန်းစန္ဒာလွင် တိုက မိသားစုတိုက ရွှေတိဂုံစေတီတော် အလျား ၆၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၈ ပေ ရှိ အသစ်ဆောက်လုပ်ပြီးစီးသော အများသုံးသန့်စင်ခန်းကိုရွှေကြိုးဖြတ်၍ဖွင်လှစ်ပေးကြပြီးသန့်စင်ခန်းများကို လှည့်လည်ကြည့်ရှုကြကာဂေါပကအဖွဲသိုစာရွက်စာတမ်းများပေးအပ်ကြသည်။

ထိုနောက် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကိုကျင်းပရာ အမရပူရ မြိုနယ်သံဃနာယကအဖွဲဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ အမရပူရမြို၊ မဟာဂန္ဓာရုံကျောင်းတိုက်စာချအနုနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝလောကာလင်္ကာရ ထံမှ ဧည့်ပရိသတ်များကနဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် အလှူရှင်ဒေါ်စန်းစန္ဒာလွင်က သန့်စင်ခန်းအဆောက်အဦလှူဒါန်းမှု နှင့် စပ်လျဉ်း၍ ဝမ်းမြောက်ဖွယ်ရာစကားလျှောက်ထားသည်။

ထိုနောက် ဆရာတော်၊သံဃာတော်များထံမှအန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အမရပူရမြို၊ မဟာဂန္ဓာရုံကျောင်းတိုက်စာချအနုနာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘဒ္ဒန္တဝရုဏာလင်္ကာရာဘိဝံသထံမှ လှူဒါန်းမှုအစုစုတိုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီ 'ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု' သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

ထိုနောက် သံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဧည့်ပရိသတ်များအား ရောင်တော်ဖွင့်တန်ဆောင်းတွင် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
နတ် လူ သာဓု ခေါ်စေသော်ဝ်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

10/07/2026
ရွှေတိဂုံစေတီတော်ကြီး(၆၀၁)ကြိမ်မြောက်အလှုတော်ငွေပေးအပ်လှုဒါန်းပွဲနှင့် ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းအခမ...
07/07/2026

ရွှေတိဂုံစေတီတော်ကြီး(၆၀၁)ကြိမ်မြောက်အလှုတော်ငွေပေးအပ်လှုဒါန်းပွဲနှင့် ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၇

ရွှေတိဂုံစေတီတော်ကြီး(၆၀၁)ကြိမ်မြောက်အလှုတော်ငွေပေးအပ်လှုဒါန်းပွဲနှင့် ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားကို
ယနေ့မွန်းလွှဲ ၁ နာရီတွင်ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များကအလှူတော်ငွေများပေးအပ်လှူဒါန်းရာအလှည့်ကျသဘာပတိ ဦး‌မျိုးအောင်ဌေးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များကလက်ခံရယူပြီးထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊နိုင်ငံတော်သြဝါဒါစရိယ၊အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလောကာဘိဝံသထံမှငါးပါးသီလခံယူဆောက်တည်ကြပြီးရေစက်ချအနုမောဒနာတရားနာယူကြသည်။
ယနေ့ကျင်းပသောအလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၆ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့ အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ( ၃၄)ဦးက ၆ကျပ်သားရွှေပြား ၃ချပ်၊၁ကျပ်သားရွှေပြား ၄၁ ချပ်၊ ရွှေပြားနှင့် ငွေသားအလှူရှင် ( ၁၆၅)ဦးအပါအ၀င်လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း၃၃၁၁.၄၈၈.၈၁၃ ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော်၌  မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပရန်ကုန်၊ မေ ၃၀ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီ...
30/05/2026

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်၊ မေ ၃၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော နယုန်လပြည့် (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီ တော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာ အဖြစ် ဗုဒ္ဓမြတ်စွာ
ဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်‌‌ေဆာင်းတွင် အခမ်းအနားကိုကျင်းပရာ မဟာသမယအခါတော်နေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင် က ဇယမင်္ဂလာအနုမောဒနာစာတမ်းကိုဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ကဥ္ဇန ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာ့တော်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတ ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာမဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီးချမ်းသာကြီးတန်ဆောင်းတွင်စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် နယုန်လပြည့် (မဟာသမယအခါတော်နေ့) အခမ်းအနားကျင်းပမည်
15/05/2026

ရွှေတိဂုံစေတီတော် နယုန်လပြည့် (မဟာသမယအခါတော်နေ့) အခမ်းအနားကျင်းပမည်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အကြိမ် (၆၀၀) မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစု...
05/05/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အကြိမ် (၆၀၀) မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

၅-၅-၂၀၂၆

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အကြိမ်(၆၀၀)မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ပါသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦး‌မင်းလွင်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ကဥ္ဇနထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြသည်။

ယနေ့ ကျင်းပသော အလှူငွေပေးအပ်ပွဲ လှူဒါန်းပွဲတွင်၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ( ၃၄)ဦးက ၆ ကျပ်သား ရွှေပြား ၁ ချပ်၊ ၁ ကျပ်သား ရွှေပြား ၄၇ ချပ်၊ ရွှေပြားနှင့် ငွေသားအလှူရှင် ( ၁၅၉)ဦး အပါအ၀င်လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၃၆၀၃၉၀၅၀၅၁ ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Address

Shwedagonpagoda Street
Dagon

Alerts

Be the first to know and let us send you an email when Shwedagon Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shwedagon Pagoda:

Shortcuts

Share