28/07/2025
ဇဟာကျောင်း ကျောင်းထိုင်ဆရာတော်
ဘဒ္ဒန္တပညောဘာသ မဟာထေရ်မြတ်၏
ထေရုပ္ပတ္တိအကျဉ်း
🌻🌻🌻
၁။ဆရာတော်သည် မြန်မာ့သက္ကရာဇ် (၁၃၀၀)ပြည့်နှစ်၊ တန်ခူးလဆန်း(၈)ရက်၊ ကြာသပတေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇဟာရွာ၌ ခမည်းတော် ဦးနီ၊ မယ်တော် ဒေါ်လေးရှင်တို့မှ မွေးဖွားသန့်စင်တော်မူခဲ့ပါသည်။ ငယ်အမည်မှာ မောင်ဖိုးအေး ဖြစ်သည်။ ထားဝယ်တိုင်းရင်းသားဆရာတော်တစ်ပါး ဖြစ်ပါသည်။
၂။ရှင်ပြုအရွယ်ရောက်ချိန် ဇဟာကျောင်း ကျောင်းထိုင်ဆရာတော် ဘုန်းကြီးပီ အထံတော်ပါးဝယ် ရှင်သာမဏေ ဖြစ်ခဲ့ပါသည်။
၃။သက်တော်(၁၇)နှစ်အရွယ် မြန်မာ့သက္ကရာဇ် (၁၃၁၇)ခုနှစ်၊ ဝါဆိုလဆန်း(၁၄)ရက်နေ့ဝယ် ဇဟာရွာကျောင်း၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိမလ၏ ဩဝါဒခံယူလျက် အရှင်သာမဏေအဖြစ်ဖြင့် ဆက်လက်သီတင်းသုံးနေထိုင်တော်မူခဲ့ပါသည်။
၄။သက်တော်(၂၁)အရွယ် ဗုဒ္ဓသာသနာတော်နှစ် (၂၅၀၃)ခုနှစ်၊ မြန်မာ့သက္ကရာဇ် (၁၃၂၁)ခုနှစ်၊ နယုန်လဆန်း(၈)ရက်နေ့၌ နံနက်(၀၈:၄၀)နာရီဝယ် ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်၊ မရမ်းပင်ကျောင်းဆရာတော် ဘဒ္ဒန္တသာသန မဟာထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ အနုသာသကဆရာတော်၊ ကမ္မဝါစာဆရာတော်များနှင့် ကာရကသံဃာတော်တို့၏ ချီးမြှောက်မှုတို့ဖြင့် ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်၊ ရွှေတောင်စားစေတီဝင်းအတွင်း ရွှေတောင်စားခဏ္ဍသိမ်၌ ရဟန်းဒါယကာ ဦးထွန်းလှိုင်၊ ရဟန်းဒါယိကာမ ဒေါ်မဲအပါအဝင် ဇဟာရွာသူရွာသားအပေါင်းတို့၏ ပစ္စည်းလေးပါး ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
၅။သက်တော်(၂၄)နှစ်အရွယ်ရောက်စဉ် မော်လမြိုင်မြို့၊ အရှေ့ကံ့ကော်ကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တဝါယာမ ခြေတော်ရင်း ပညာဆည်းပူးရင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရ ပါဠိပညာရေးအဖွဲ့(သာသနာရေးဌာန)၏
(က)မြန်မာ့သက္ကရာဇ် (၁၃၂၅)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ပထမငယ်တန်းကိုလည်းကောင်း၊
(ခ)မြန်မာ့သက္ကရာဇ် (၁၃၂၆)ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၊ ပထမလတ်တန်းကိုလည်းကောင်း
(ဂ) မြန်မာ့သက္ကရာဇ် (၁၃၂၇)ခုနှစ်၊ မော်မြိုင်မြို့၊ သုသမာစာရပရိယတ္တိစာမေးပွဲ ဥပစာအထက်တန်းကိုလည်းကောင်း
ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။
၆။သက်တော်(၄၃)နှစ်အရွယ် ခရစ်နှစ်(၁၉၈၂)ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်ရှိ ပိဋကတ်တိုက်ကျောင်းသို့ ရောက်ရှိတော်မူခဲ့ပါသည်။ ထိုနောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတမဟာထေရ်မြတ်၏ ဩဝါဒခံယူသီတင်းသုံးကာ ပရိယတ္တိစာပေပညာများ သင်ယူဆည်းပူးတော်မူခဲ့ပါသည်။
၇။သက်တော်(၄၉)နှစ်အရောက် မြန်မာ့သက္ကရာဇ်(၁၃၄၉)ခုနှစ်၊ နတ်တော်လတွင် ခြောက်ထပ်ကြီးဘုရားကြီးတိုက်၏ ပထမအကြိမ် ကျင်းပအပ်သော ဝိနယကောဝိဒရေးဖြေစာမေးပွဲ၊ ပါတိမောက်အတန်းကို ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့ပြန်ပါသည်။
၈။ထိုနောက် မြန်မာ့သက္ကရာဇ်(၁၃၇၄)ခုနှစ်မှ စတင်၍ ဇဟာရွာကျောင်း ကျောင်းထိုင်ဆရာတော်အဖြစ် ဗုဒ္ဓသာသနာတော်တာဝန်များကို (၁၃)နှစ်တာကာလမျှ ဦးစီးထမ်းဆောင်တော်မူခဲ့ရာ သက်တော်(၈၈)နှစ် သိက္ခာတော်(၆၇)ဝါအရ မြန်မာ့သက္ကရာဇ်(၁၃၈၇)ခုနှစ်၊ ဝါဆိုလဆုတ်(၁၃)ရက်၊ နံနက်(၀၅:၄၇)မီနစ်အချိန် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။