05/01/2022
ဇွဲသတ္တိ
၁၈၈၃ ခုနှစ်ကပေါ့ အင်ဂျင်နီယာ ဂျွန် ရောဘလင်း(John Roebling)ဟာ နယူးယောက် နဲ့ လောင်းအိုင်စ်လန် ကိုဆက်ထားပြီး အားလုံးကို အံအားသင့်သွားစေမယ့် တံတားကြီးတစ်ခု တည်ဆောက်ဖို့ ဆိုတဲ့စိတ်ကူးနဲ့ အရမ်းကို စိတ်အားတက်ကြွနေခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းက တံတားဆောက်ကျွမ်းကျင် ပညာရှင်တွေက ဒါ လုံးမဖြစ်နိုင်ဘူး ဟေ့ ရောဘလင်း မင်းဒီအတွေးကို မေ့ပစ်လိုက်လို့ ဝိုင်းပြောကြတယ်။ ဒါလုံးဝမဖြစ်နိုင်ဘူး။လက်တွေ့လည်း မကျ ဘူး။ ဘယ်တုန်းကမှလည်း ဒီလို မလုပ်နိုင်ခဲ့ဘူး။
ရောဘလင်းကတော့ တံတားနဲ့ပတ်သတ်တဲ့ အတွေးကို ဘယ်လိုမှ လျစ်လျူ ရှု မထားနိုင်ခဲ့ဘူး။ ဒီကိစ္စဟာ သူနှလုံးသားမှာ နက်နက်ရှိုင်းအမြစ်တွယ်နေတယ်။ပြီးတော့ သူလုပ်ရင် ဖြစ်ကိုဖြစ်ရမယ်လို့လည်း သူတွေးနေမိတယ်။ ဒါပေမယ့် သူ့အိပ်မက်တွေကို တခြားသူတွေနဲ့ မျှဝေနေရုံပဲ သူတတ်နိုင်ခဲ့တယ်။ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးတဲ့နောက် သူ့သား ဝါရှင်တန် ကို တံတားကြီးအမှန်တကယ် ဆောက်နိုင်မယ့်အင်ဂျ င်နီယာကြီးတစ်ယောက် ဖြစ်လာအောင် သွေးဆောင် တိုက်တွန်းနိုင်ခဲ့တယ်။
ဒီအဖေနဲ့ ဒီသား ပထမဆုံး ပူးပေါင်းလုပ်ဆောင်မှုမှာပဲ တံတားကြီးပြီးအောင် ဘယ်လိုဆောက်မလဲ၊ အခက်အခဲတွေကို ဘယ်လို ကျော်လွှားကြမလဲ ဆိုတဲ့ အတွေးအခေါ် အသိသညာတွေ တိုးလာခဲ့တယ်။ သူတို့ဟာ အလုပ်သမားတွေငှားရမ်းပြီး သူတို့ရဲ့ အိပ်မက်တံတားကြီးကို စတင်တည်ဆောက်ပါတော့တယ် စိတ်အားထက်သန်မှုတွေ၊ ပြောင်မြောက်တဲ့ စိတ်ကူးတွေ ပြီးတော့ သူတို့ကိုဆီးကြိုနေတဲ့ သဘာဝရဲ့ စိန်ခေါ်မှုတွေနဲ့ အတူပေါ့။
သူတို့ရဲ့ ပရောဂျက်ကို ကောင်းကောင်းမွန်မွန် စတင်နိုင်ခဲ့ပေမယ့် ပရောဂျက်စပြီးလို့ လအနည်းငယ်အကြာရောက်တော့ သူတို့ဆောက်လုပ်ရေးဆိုက်ထဲမှာ ကြေကွဲဖွယ် မတောတဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။ အဲဒီ့မတော်တဆမှုဟာ ဖခင်ဖြစ်သူ ရောဘလင်း ရဲ့အသက်ကို နုတ်ယူသွားခဲ့ပြီး သားဖြစ်သူ ဝါရှင်တန်ကိုတော့ ဦးနှောက်ပျက်စီးမှုတွေ ဆွံ့အမှုတွေ မလှုပ်ရှားနိုင်မှုတွေနဲ့အတူ အသက်ရှင်ကျန်ရစ်စေခဲ့ပါတယ်။
ကျွန်တော်တို့က ဒါဟာ အရူးတွေရဲ့ အရူးအိပ်မက်တွေပါ။ မိုက်မဲတဲ့ အချည်းနှီးကြိုးစားမှုတွေပါ။ လို့ ဆိုကြတယ်။
ဒီတံတားကြီးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုသိတာ ရောဘလင်းတစ်ယောက်ထဲရှိစဉ်ကတည်းက လူတိုင်းလူတိုင်းဟာ ဒီပရောဂျက်ကို မဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကပဲ မြင်ကြပါတယ်။ ခုသူအဖေလည်းမရှိတော့ဘူး သူလည်းဆွံ့အမသန်မစွမ်းဖြစ်နေပြီဆိုတော့ ဝါရှင်တန်ဟာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် နောက်တွန့်သွားတယ်ဆိုတာမရှိဘဲ တံတားကြီးဆောက်ဖို့ဆိုတဲ့ ဆန္ဒဟာ ပြင်းပြဆဲ ထက်သန်ဆဲပါပဲ။
သူက သူ့စိတ်အားထက်သန်မှုတွေကို သူ့သုငယ်ချင်းတွေဆီ ပြောင်းလွှဲလက်ဆင့်ကမ်းဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီ့တာဝန်နဲ့ပတ်သက်လာရင် အားလုံးက နောက်တွန့်ဆဲ ကြောက်ရွံ့ဆဲ ပါပဲ။ ဒါနဲ့ပဲ သူဟာ နေခြည်နွေးနွေးလေးတွေ လေပြည်အေးအေးလေးတွေ ပြတင်းပေါက်ကနေစီးဆင်းဝင်လာတဲ့ ဆေးရုံခန်းလေးထဲက ကုတင်လေးပေါ်မှာ ပက်လက်လေးပဲအိပ်နေရပါတော့တယ်။ သူရဲ့ တစ်ခုတည်းသောအလုပ်ဖြစ်တဲ့ တစ်ပိုင်းတစ်စ ကောင်းကင်ပြာတွေ တစ်ပိုင်းတစ်စ သစ်ပင်ထိပ်ဖျားလေးတွေကို မကြာမကြာ ငေးကြည့်ရင်းပေါ့။
အဲဒါတွေကပဲ သူ့စိတ်ကို အရှုံးမပေးဖြစ်အောင် လုပ်နေပုံရပါတယ်။ ရုတ်တရက်ပဲ သူ အိုင်ဒီယာတစ်ခု ရလိုက်တယ်။ သူလက်ချောင်းလေးတစ်ချောင်း လှုပ်ရှားနေနိုင်သေးတာပဲ။ အဲဒါကို အကောင်းဆုံး အသုံးချရမယ်။ ဒီလို သူ့လက်ချောင်းလေးရဲ့ လှုပ်ရှုားမှုနဲ့ပဲ သူနဲ့သူ့ဇနီးတို့ရဲ့ ဆယ်သွယ်မှုပုံစံတွေ တဖြည်းဖြည်းတိုးတက်လာခဲ့ပါတော့တယ်။
သူဟာ သူ့လက်ချောင်းလေးနဲ့ သူ့ဇနီးသည်ရဲ့ လက်မောင်းထိထိပြီး သူ့ကို အင်ဂျင်နီယာတွေ ခေါ်ပေးစေလိုကြောင်း ပြောပြပါတယ်။ ဒီနည်းနဲ့ပဲ သူ့ဇနီးရဲ့လက်မောင်းလေးကို ထိထိပြီး အင်ဂျင်နီယာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြနိုင်ခဲ့တယ်။ ဒါဟာ ရူးမိုက်တဲ့ လုပ်ရပ်ပါပဲ ဒါပေမယ့် ဒီပရောဂျက်ကြီးကတော့ ပြန်လည် လည်ပတ်လာခဲ့ပါတော့တယ်။
ဝါရှင်တန်ဟာ ၁၃နှစ်ကြာလို့ တံတားကြီးပြီးမြောက်သည်အထိ ဒီနည်းကိုအသုံးပြုပြီး ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ အံသြချီးကြူးဖွယ်ကောင်းတဲ့ ဘရွန်ကလင်တံတားကြီးဟာ မဆုတ်မနစ်စိတ်ထားပိုင်ရှင် လူတစ်ယောက်ရဲ့အောင်မြင်မှုကို ဂုဏ်ပြုရင်း အခြေအနေအချိန်အခါဆိုတာတွေကို မကြောက်မရွံ့ကျော်လွှားနိုင်တဲ့ သူ့ဇွဲသတ္တိကို သရုပ်ပြရင်း မတ်မတ်မားမားကြီး တည်ရှိနေခဲ့ပါပြီ။ ဒီတံတားကြီးဟာ အင်ဂျင်နီယာတွေရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ပြီးတော့ ရူးမိုက်ရဲဝံ့တဲ့အတွေးတွေ ပိုင်ဆိုင်ထားသူတစ်ယောက်အပေါ်ထားတဲ့ သူတို့ရဲ့ယုံကြည်မှုတွေကိုလည်း ဖော်ညွှန်းနေပါသေးတယ်။ ပြီးတော့ ၁၃နှစ်လုံးလုံး စိတ်ရှည်သည်းခံမှုအပြည့်နဲ့ သူ့ယောက်ျားရဲ့ စကားလုံးတွေကို ရယူပေးခဲ့တဲ့ ဇနီးသည်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာပြယုတ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒါက မျော်လင့်ချက်ဆိုတာ ဘယ်တော့မှမသေဆုံးဘူးဆိုတဲ့ စိတ်ခွန်အားရဲ့ အကောင်းဆုံးဥပမာတစ်ခု၊ အခက်အခဲတိုင်းကို ကျော်လွှားနိုင်တယ်ဆိုတာရဲ့ အကောင်းဆုံး ဥပမာတစ်ခု၊ မရောက်နိုင်တဲ့ပန်းတိုင် မရှိဘူးဆိုတာရဲ့ အကောင်းဆုံးဥပမာတစ်ခု ဖြစ်မယ်လို့ မျော်လင့်မိပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ အခက်အခဲတွေ ကြုံတွေ့ရတိုင်း နောက်ကြုံရမယ့် အခက်အခဲတွေနဲ့သာ နှိုင်းယှဉ်လိုက်ပါ ဒါဆို ခုတွေ့ရတဲ့အခက်အခဲဟာ ဘာမှမပြောပလောက်တော့ပါဘူး။ ဒီဘရွန်ကလင်တံတားကြီးဟာ ကျွန်တော်တို့ကို သက်သေတစ်ခုပြနေပါတယ်။ အဲဒါကတော့ အိပ်မက်တွေမက်လိုက်ပါ ပြီးတော့ မဆုတ်မနစ်ဘဲဇွဲသတ္တိနဲ့ ရှေ့ဆက်လှမ်း မဖြစ်နိုင်းဘူးဆိုတာတွေကို ခဏမေ့ထားကြစို့ ဆိုတာပါပဲ။
ဒီစာစုလေးကတော့ Determination ဆိုတဲ့ စာစုလေးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
မိုးမြေ
၇.၈.၂၀၁၆