Sdde-A29

Sdde-A29 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sdde-A29, Library, Hpa-an.

The Tortoise and The Bird (လိပ်နဲ့ ငှက်)
25/09/2024

The Tortoise and The Bird (လိပ်နဲ့ ငှက်)

မြန်မာနိုင်ငံ စာကြည့်တိုက်သမိုင်းအကျဉ်းချုပ်(ဇော်ဂျီ)===========================================ရှေးဦးစွာစာကြည့်တိုက်အဓိ...
25/09/2024

မြန်မာနိုင်ငံ စာကြည့်တိုက်သမိုင်းအကျဉ်းချုပ်
(ဇော်ဂျီ)
===========================================
ရှေးဦးစွာစာကြည့်တိုက်အဓိပ္ပါယ်နှင့် စာကြည့်တိုက်မှူးအဓိပ္ပါယ်နှစ်ရပ်ကို ရှင်းလင်းပြလိုပါသည်။ အများအားဖြင့် စာကြည့်တိုက်ကို စာအုပ် သိုလှောင်ထားရှိရာ အခန်း၊ သို့မဟုတ် အဆောက်အအုံမျှသာဟု ထင်တတ်ကြပါသည်။ စာကြည့်တိုက်မှူးကိုလည်း စာအုပ်ထိန်းမျှသာဟု ထင်တတ်ကြပါသည်။ အမှန်မှာ ဤသို့မထင်အပ်ပါ။ စာကြည့်တိုက်သည် ပညာလိုလားအမျိုးသားတို့ မိမိတို့ဘာသာ လွတ်လပ်စွာ ပညာရှာသော တက္ကသိုလ်တစ်မျိုးဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုပြန်သော် ဉာဏ်ထုတ်ရာ ဉာဏ်အလုပ်ရုံကြီးဟုလည်း ဆိုအပ်ပါသည်။ တဖန် စာကြည့်တိုက်မှူးဆိုသည်မှာ တကုပ်ကုပ်နှင့် စာဖတ်နေသောစာအုပ်ထိန်းမျှသာ မဟုတ်ပါ။ စာကြည့်တိုက်စည်ကားအောင်၊ စာအုပ်တိုးပွားအောင်၊ စာအုပ်များကို ဖတ်ချင်စဖွယ်ဖြစ်အောင် စာကြည့်တိုက်အတွက် ငွေအလုံအလောက်ရှာမှီးတတ်သူ၊ သင့်တော်သောစာအုပ်ကို ရွေးချယ်တတ်သူ၊ အစီအမံအအုပ်အချုပ်တတ်သူ၊ စာလည်း အတော်အတန်ဖတ်ဖူးသူ ဖြစ်ပါသည်။
ထိုအဓိပ္ပါယ်နှစ်ရပ်ကို ပေါင်းစပ်၍ ဥပမာပေးရသော် စာကြည့်တိုက်ကို ပျိုးခင်းနှင့်တူသည်ဟု ဆိုချင်ပါသည်။ စာကြည့်တိုက်မှူးကို ပျိုးခင်းထောင်သူနှင့် တူသည်ဟု ဆိုချင်ပါသည်။ ပျိုးခင်းထောင်သူသည် မြေကောင်းမြေသန့်ဝယ် မျိုးကောင်းမျိုးသန့် စပါးကို ရအောင် အားထုတ်၍ ရသောအခါ ထိုမျိုးကောင်းမျိုးသန့်စပါးကို လယ်ယာ၌ချ၍ စိုက်သည်။ ထိုအခါ မျိုးကောင်းမျိုးသန့်စပါးသည် လယ်ယာအနှံ့အပြားသို့ ရောက်သဖြင့် မျိုးကောင်းမျိုးသန့် စပါးပွားများရသည်။ ထိုနည်းတူစွာ စာကြည့်တိုက်မှူးသည်လည်း ပညာလိုလား အမျိုးသားတို့အား စာကြည့်တိုက်ဝယ် မျက်စိကြီး နားကြီးဖြစ်လာအောင် ပျိုးပေးသည်နှင့် တူသည်။ ထိုသို့ ပျိုးထောင်ပေးလိုက်သောအခါ ထိုအမျိုးသားတို့သည် အသိဉာဏ်အရာ၌ အနှံ့အပြားတိုးတက်လာစရာအကြောင်းရှိသည်။ အိမ်တိုင်း အိမ်တိုင်း၌ မျက်စိကြီး နားကြီး အမျိုးသားထွန်းကားလျှင် ရွာတိုင်း ရွာတိုင်း၌ မျက်စိကြီး နားကြီး ထွန်းကားမည်။ ရွာတိုင်းရွာတိုင်း၌ မျက်စိကြီးနားကြီးထွန်းကားလျှင် ခရိုင်နယ်ပယ်တိုင်း၌ မျက်စိကြီးနားကြီး ထွန်းကားမည်။ ခရိုင်နယ်ပယ်တိုင်း၌ မျက်စိကြီး နားကြီး ထွန်းကားလျှင် တစ်နိုင်ငံလုံး၌ မျက်စိကြီး နားကြီးဖြစ်မည်။ နိုင်ငံလုံးချီ၍ မျက်စိကြီး နားကြီးထွန်းကားလျှင် ဤနိုင်ငံသည် ကြီးပွားလာစရာအကြောင်းရှိပါသည်။
စာကြည့်တိုက်သဘောသည် ရှေးခေတ်အခါကပင် မြန်မာနိုင်ငံ၌ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် မြန်မာနိုင်ငံစာကြည့်တိုက်များ၏ ရှေးခေတ်အနေအခြေသည် ဤသို့ဖြစ်ပါသည်။
ပိဋကတ်တိုက်များသည် မြန်မာနိုင်ငံတွင် ရှေးခေတ်ရှေးအခါကပင် ထွန်းကားခဲ့ကြ ပါသည်။ ဥပမာရှေးခေတ်သထုံပြည်၌ ပိဋကတ်သုံးပုံတစ်စုံကို ရွှေစာရံ ဘုရားတံတိုင်းအတွင်း ပိဋကတ္တိယစေတီဟုသမုတ်၍ ဥမင်၌ထားရှိကြောင်း သိရပါသည်။ ထိုနောက် ရှေးခေတ်ပုဂံပြည်တွင် အနော်ရထာပိဋကတ်တိုက်ဟု ခေါ်သော ဘုံငါးဆင့်ရှိ ပိဋကတ်အုတ်တိုင်ရှိခဲ့ကြောင်းလည်း သိရပါသည်။ ထိုပိဋကတ်တိုက်များမှ အစပြု၍ ဘုန်းတော်ကြီးကျောင်းများသို့ ပျံ့နှံ့ခဲ့သည်မှာ ကျွန်တော်တို့ခေတ်အထိ ထင်ရှားနေပါသည်။ တဖန်မြန်မာဘုရင်များကိုယ်တော်တိုင် ပိဋကတ်တိုက်ကို အနယ်နယ်အရပ်ရပ်သို့ ပြန့်ပွားအောင် ဆောင်ရွက်ပုံကို ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်၌ သာဓက တွေ့ရပါသည်။ ထိုမင်းလက်ထက်တွင် ပိဋကတ်တော်အစုံကို ပေထက်အက္ခရာတင်၍ အမြို့မြို့အနယ်နယ်သို့ ပို့ပေးခဲ့ပါသည်။ ထိုမျှသာမကသေးပါ။ ထိုမင်းလက်ထက်တွင် ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်းမှစ၍ လောကီကျမ်းများကိုလည်း သက္ကဋဘာသာမှ မြန်မာဘာသာပြန်ဆို ဆောင်ရွက်ခဲ့ပါသည်။ မင်းအဆက်ဆက်တို့သည် ထိုသို့ဆောင်ရွက်တတ်ကြပါသည်။ ကျွန်တော်တို့ခေတ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၌ ပိဋကတ်ကျမ်း၊ လောကီကျမ်းများဆိုင်ရာ စာပေ ပုရပိုက်များ ကျန်ရှိခဲ့သည်မှာ ဆိုခဲ့သည့်အတိုင်း မင်းမှူးမတ်များ ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆသင့်ပါသည်။
ထို့နောက် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်သို့ ရောက်သောအခါ အနောက်နိုင်ငံ စနစ်များ ဝင်လာသည်။ ထိုစနစ်များအနက် ပိဋကတ်တိုက်လည်း ပါဝင်သည်။ အထက်မြန်မာပြည်ကို မသိမ်းခင် မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌ပင် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဘားနဒ်ပိဋကတ်တိုက်ခေါ် ခေတ်မီစာကြည့်တိုက်ကို အများပြည်သူတို့ အကျိုးငှာ တည်ထောင်ခဲ့ပါသည်။ ထိုအခါ အောက်မြန်မာနိုင်ငံ မင်းကြီး ဆာချားလ်ဘားနဒ်က ဦးစီးနာယကပြု၍ တည်ထောင်သဖြင့် ဘားနဒ် ပိဋကတ်တိုက်ဟု ခေါ်သည်။
ထိုအခါက တရားဝန် ဂျာဒင်း၊ ပါဠိပါမောက္ခ ချီလဒါးတို့က ရှေးဦးစွာ မိမိတို့၏ အဖိုးတန်စာအုပ်များကို လှူကြသည်။ ထို့နောက် ထိုစာကြည့်တိုက်ကို အစိုးရပညာရေး ဆင်ဒီကိတ်က စီမံဆောင်ရွက်သည်။ တဖန် မြန်မာထဲက အကြီးအကျယ် လှူဒါန်းသူများထဲတွင် ရန်ကုန်မြို့မှ ဦးမြို့နှင့် ဦးမျှင်တို့ဖြစ်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် ငွေတစ်သောင်းတန် ပေမူ၊ ပုရပိုက်မူများကို ရေစက်ချ၍ လှူဒါန်းပါသည်။ နောင်အခါ်တွင် ကင်းဝန်မင်းကြီး၏ ပေပုရပိုက်စုနှင့် ပုဂံဝန်ထောက် ဦးတင်၏ ပေပုရပိုက်စုများကို ဝယ်ယူခဲ့သည်။ ၁၉၂၃ ခုနှစ်လောက် စ၍ ဘားနဒ်ပိဋကတ်တိုက်ကို အစိုးရက နှစ်စဉ်ဖွဲ့စည်းပေးသော အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲအပ်ဆောင်ရွက်စေသည်။ ငွေကြေးအထောက်အပံ့ပေးသည်။ ထိုဘားနဒ်စာကြည့်တိုက်အပြင် စစ်တွေမြို့၌လည်း စလေဒင် စာကြည့်တိုက်ဟူ၍ ရှိခဲ့သေးသည်။
၁၉၁၀ ပြည့်နှစ်လောက်သို့ ရောက်သောအခါ စာကြည့်ခန်းများသည် မြို့နယ်အနှံ့အပြား ဖြစ်လာကြသည်။ ထိုအခါ ဝိုင်အမ်ဘီအေအသင်း၊ သုစရိတယုဝအသင်း အစရှိသည်တို့ ပေါ်ပေါက်လာရာ ထိုအသင်းများရှိရာအရပ်တွင် စာကြည့်ခန်းများရှိသည်သာများလေသည်။ တိုင်းသူပြည်သားများသည် ယခင်ကထက် နိုးကြားလာကြသည်။ လွတ်လပ်ရေးဝံသာနု လုပ်ငန်းသည် ထိုအခါကပင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ၁၉၂၅ ခုနှစ်လောက်မှစ၍ စာကြည့်ခန်း စာကြည့်တိုက်လုပ်ငန်းသည် အားသစ်ရလာသည်။ ထိုအခါက မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းဟူ၍ရှိရာ ထိုအသင်းသည် စာကြည့်တိုက်ထွန်းကားမှုအတွက် အားထုတ်သည်။ မြို့များရှိ မြူနီစီပယ်အဖွဲ့များအား စာကြည့်တိုက်များကို တည်ထောင်စေရန် သွေးဆောင်ဟောပြောလေ့ရှိသည်။
ထိုအခါအစိုးရသည် ငွေကြေးအထောက်အပံ့ပေးသည်။ မြို့သူမြို့သားတို့က စာကြည့်တိုက်အတွက် လှူဒါန်းသမျှတွင် အစိုးရက ထက်ဝက်လောက် အထောက်အပံ့ ပေးလေ့ရှိသည်။ ဤသို့ဖြင့် မြို့များ၌ စာကြည့်တိုက်ငယ်များ တိုးပွားလာကြသည်။ ထိုအခါကသော် အစိုးရသည် တစ်နှစ်လျှင် ထောက်ပံ့ကြေး ငွေတစ်သောင်းခန့်ကို စာကြည့်တိုက်များအတွက် ရှစ်နှစ်ခန့်သုံးစွဲခဲ့သည်။
၁၉၃၀ ပြည့်နှစ်လောက်မှစ၍ ကျေးရွာစာဖတ်ခန်းများ ထွန်းကားလာကြပြန်သည်။ ကျေးလက်ပြုပြင်ရေးအသင်းဟုလည်းကောင်း၊ လူငယ်များ ကြီးပွားရေးအသင်းဟုလည်းကောင်း ရှိလာကြသည်ဖြစ်ရာ ဤအသင်းနှစ်သင်းက ဦးဆောင်၍ အားထုတ်ကြသည်။ ကျေးရွာစာကြည့်တိုက်၊ စာကြည့်ခန်း တစ်ထောင်လောက် ထွန်းကားခဲ့သည်။ ဦးဖိုးကျားနှင့် ဦးဆန်နီတို့သည် ထိုစာကြည့်တိုက်၊ စာကြည့်ခန်းများသို့ စာအုပ်အများဆုံး လှူဒါန်းလေ့ရှိသည်။ သို့ရာတွင် ကမ္ဘာစစ်အတွင်းတွင် မြန်မာနိုင်ငံလည်း စစ်ဒဏ်ခံခဲ့ရသဖြင့် ပျက်စီးဆုံးပါးခဲ့ကြသည်။ (၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပသော ပြန်ကြားရေးဌာနခွဲ စာကြည့်တိုက်သင်တန်း၌ ဟောပြောချက်)
ဇော်ဂျီ
ငွေတာရီမဂ္ဂဇင်း၊ အမှတ် (၇၀)၊ ဧပြီလ၊ ၁၉၆၆ ခုနှစ်။
(စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး၊ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများစုစည်းတင်ဆက်မှု စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဓါတ်ပုံ- pinterest

သိင်္ဃသူ့သမီး ကျောက်စာနမောဗုဒ္ဓဿ။ ။ သက္ကရစ် ၆၂၈ ခု၊ ပိသျှက်နှစ်၊ နံကာလဆန်း ၇-ရက်၊ ကြာသပတေးနေ့၊ မထိလိုမြေး၊ မင်းမယား၊ သိင...
01/05/2024

သိင်္ဃသူ့သမီး ကျောက်စာ
နမောဗုဒ္ဓဿ။ ။ သက္ကရစ် ၆၂၈ ခု၊ ပိသျှက်နှစ်၊ နံကာလဆန်း ၇-ရက်၊ ကြာသပတေးနေ့၊ မထိလိုမြေး၊ မင်းမယား၊ သိင်္ဃသူ့ သမီး၊ ဖြစ်သောဆင်းရဲ၊ အိုမင်းသောဆင်းရဲ၊ သေသောဆင်းရဲ၊ မချစ်သောသူနှင့်တကွ နေသောဆင်းရဲ၊ ချစ်သောသူနှင့် ကွေကွင်းသောဆင်းရဲ၊ လို၍မရသော ဆင်းရဲ၊ ဤသို့ကစသော အတိုင်းမသိသောဆင်းရဲတို့သည် နှိပ်စက်သောခန္ဓာကို စွန့်ထားခဲ့၍ ဆင်းရဲခပ်သိမ်းကင်းသော၊ ချမ်းသာစွာသော၊ မြတ်သောနိဗ္ဗာန်ကိုလျှင် ငါလိုသတည်းဟူ၍ ချစ်စွာသော၊ မြတ်သော၊ ရွှေငွေကစသော ဥစ္စာတိုကိုစွန့်၍ ပြုသော ကျောင်းတွင်နေသော၊ သီလ၊ သမာဓိ၊ ပညာဟူသော ကျေးဇူးသုံးပါးကိုရှာသော၊ သတင်းစင်သောဘုရားတပည့်သား ရဟန်းသင်္ဃာ ချမ်းသာစိမ့်သောငှာ လယ်၊ ဥယျာဉ်၊ ကျွန်ခပင်း အကြွင်းမဲ့လျှင်လှူ၏။ ဤငါတို့ ပြုသောကောင်းမှုအကျိုးအတို့ ခပ်သိမ်းသော အစိုးရသော ရေမြေ့သခင်ဖြစ်သော မင်းကြီးလည်းရစေ၏။ ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းသော နှိုက်နေသော လူခပ်သိမ်းသော၏ အစီးအပွား ချမ်းသာကိုရှာပေလျက် သက်တော်ရှည်စွာနေ၍ ဤ​ကောင်းမှုကို ထောက်ပင့်စေသတည်း။ မိဖုရားစသော မောင်းမတော် ခပ်သိမ်းလည်းရစေ၏။ အချင်းချင်းအမျက် အဤတစ်စေ့မရှိ၊ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ယခုရှိသော နောင်ဖြစ်လတ်အံ့ သောမင်းကြီး မင်းသား အမတ်စသော သူခပ်သိမ်းလည်း ရစေသတည်း။ အရေးအရာယူပါစေသတည်း။ ယမမင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတည်း။ အရအမိကိုလိုသောသူကား အရအမိရစေ၏။ ကောင်းမှု ကိုလိုလားသောသူကား ကောင်းမှုကိုရစေ၏။ ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှင်းဆဲတတ်သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်းမရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော မဖြစ်မူ၍ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကိုသိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့နှင့်ပြည့်စုံလျက် သံသရာနှိုက်ကျင်လည်၍ မေတ္တေယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရားရလိုသတည်း။

(မူရင်း)
နမော ဗုဒ္ဓဿ၊ ၊ သကရစ် ၆၂၈ ခု။ ပိသျက်နှစ်။ နံကာလဆန် ၇ ရျက် ကြသပတိယ်နိယ် မထိလိုဝ်မ္လိယ် မင်မိယာ သိင်္ဃသူသမီ။ ဖ္လစ်သ ဆိုဝ်ငြ
ယ် အိုဝ်မင်သ ဆိုဝ်ငြယ် သိယ်သဆိုဝ်ငြယ် မချတ်သသူနှင် အကွ နိယ်သဆိုဝ်ငြယ် ချတ်သသူနှင် ကွိယ်ကင်သ ဆိုဝ်ငြယ်လိုဝ်ရုယ် မရသဆိုဝ်ငြယ်။ ဤယ်သို
ဝ်က စသော အတိုင်မသီသ ဆိုဝ်ငြယ်တိုဝ်သည် နှိပ်စက်သော ခန္ဓာကိုဝ် စွန်ထာခရုယ် ဆိုဝ်ငြယ်ခပ်သိမ်ကင်သော ချမ်သာစွာသော မ္လတ်သ နိယ်ရဗန်ကိုဝ်
လျှင် ငါလိုဝ်သတေဟူရုယ် ချတ်စွာသော မ္လတ်သော ရှုယ်ငုယ်က စသော ဥတ်စာတိုဝ်ကိုဝ် စွန်ရုယ်ပ္လုသော က္လောင်တွင်နိယ်သော သတင် သမာဓိ ပြညာ
ဟူသော က္လည္ဇူ သုံပါသောကိုဝ် ရှာသော သတင်စင်သော ပုရှာတပေအ်သာ ရဟန်သင်္ဃာ ချမ်သာစိမ်သောငှါ လယ် ဥယန် ကျွန်ခပင် အကြွင်မယ်လျှင် လှူဧအ်။ ဤယ်ငါ
တိုဝ်ပ္လုသော ကောင်မှုအက္လိုဝ်။ အတိုဝ်ခပ်သိမ်သောကိုဝ် အစိုဝ်ရသော ရိယ်မ္လိယ်အသ္ခိင်ဖ္လစ်သော မင်ကြီလေ ရစိယ်ဧအ်။ ဤယ်ကောင်မှု အာနူဘဝ်ဖ္လင် ပြည်တို
င်ကာ ခပ်သိမ်သနှိုက် နိယ်သော လူခပ်သိမ်သောဧအ် အစီအဖွါချမ်သာကိုဝ် ရှာပိယ်လျက် သက်တ်ဝ်ရှည်စွာ နိယ်ရုယ် ဤယ်ကောင်မှုကိုဝ် ထောက်ပင်
စိယ်သတေ။ အမိပုရှာ စသော မောင်မတ်ဝ်ခပ်သိမ်လေ ရစိယ်ဧအ်။ အချင်ချင်အမျက် အဤတစိယ် မဟိယ် ချတ်သမျက်စိယ်ဖ္လင် ရှုကြရစိယ်ဧ
အ်။ ယခုဟိသော နောင်ဖ္လစ်လတ်အံသော မင်ကြီ မင်သာ အမတ်တျာ စသော သူခပ်သိမ်လေ ရစိယ်သတေ အရိယ်အရံ ယူပါစိယ်သတေ။ ယမမင် စသော သတ္တဝါခပ်
သိမ်လေ ရစိယ်သတေ။ အရအမိကိုဝ် လိုဝ်သောသူကာ အရအမိ ရစိယ်ဧအ်။ ကောင်မှုကိုဝ် မျှလိုသောသူကာ ကောင်မှုကိုဝ် မူရစိယ်ဧအ်။ ငါလေ ရံမက်ကြီသ
မရောင်ရယ်တတ်သော။ အမျက်ကြီသော သူတစ်ထူကိုဝ် ညှန်ဆယ်တတ်သော ပြညာမဟိယ် သော မိုက်သော ဝန်တိုဝ်သော အပိယ်အကံ မဟိယ်သော။
သစ္စာမဟိယ်သော ပ္လက်တတ်သော။ မိယ်လျဝ်သော ဩမိယ်တသ ကင်သော မဖ္လစ်မူရုယ် ရံ မက်နည်သော ရောင်ရယ်လွယ်သော။ အမျက်နည်သော သနာတ
တ်သော ပြညာဟိယ်သော အကြောင်ကိုဝ် သိတတ်သော ဝန်မတိုဝ်သော အပိယ်အကံဟိယ် သော သစ္စာဟိယ်သော မပ္လက်တတ်သော မမိယ်လျဝ်သော
ဩက်မိယ်တသ ဟိယ်သော ဤယ်သိုဝ်သော က္လည္ဇူတိုဝ်နှင် ပ္လုည္ဇုံလျက် သင်္သရာနှိုက် ကျင် လည်ရုယ် မိတ္တရျာပုရှာ မျက်မှောက်ကင်ကာလျှင်။ ဝ။
မ္လတ်သ အက္လွတ်တရျာ ရလိုဝ်သတေ။ ဝ။ လှူသောလယ်ကာ မပင်စရကောင်ကမူနှိုက် လယ် ၁၀၀။ စကုအိုဝ်ဆိယ်သစ်နှိုက် လယ် ၃၉ ူ ။ ကျွန်လေ
ဟိဧအ်။ စလင်ကျန်ရပ်နှိုက် လယ် (၆၀)။ ကျွန်လေ ဟိဧအ်။ တောင်နိနှိုက်လယ် ၄၀။ ကျွန် လေ ဟိဧအ်။ မြင်စိုက်နှိုက် လယ် ၃၀။ ကျွန်လေ ဟိဧ
အ်။ မတ (စရယ်)နှိုက် လယ် ၄၀။ တောင်ပ္လုန်နှိုက် လယ် (၃၀၀)ကျွန်လေဟိဧအ်။ က္လုမ်နှိုက် ၂၅၀ ခမွန်နှိုက် လယ် ၂၀၀။ ကျွန်လေ ဟိဧအ်။ ငါ
မျာနှိုက် လယ် ၁၀။ ပုသိမ်ခွင် တမစ်နှိုက် လဲ ၂၇၆၄ ူ။ ကျွန်လေ ဟိဧအ်။ စရွမ်နှိုက် လယ် ၅၀။ ပြည်တန်တိုင်စီနှိုက် လယ် ၃၀။ ပြည်အိုဝ်ကု
ယ္အ်တပိုန်နှိုက် လယ် ၃၀။ ပြည်ဖိတနိုင်နှိုက် လယ် ၃၀။ ပြည်ထ သရိယ္အ်နှိုက် လယ် ၃၀။ ပြည်တပင်နကာ နှက် လယ် ၅၀။ ပြည်ခြည်ဆည္အ်နှိုက်လ
ယ် ၅၀၀။ ကျွန်လေ ဟိဧအ်။ တရကင် ပုသိမ်နှိုက် လယ် ၁၀၀။ တယောင်နှိုက်လယ် ၁၀၀။ ကျွန်လေဟိဧအ်။ စကဝါနှိုက် လယ် ၁၀၀။ ကျွန်လေ ဟိဧအ် ပ
ကစနွက်နှိုက် လယ် ၂၀၀။ ကျါန်လေ ဟိဧအ်။ ထျင်တန်လုနှိုက် လယ် ၆၀၀။ ကျွန်လေဟိဧအ်။ ဥဿီနှိုက် လယ် ၆၆၆။ ကျွန်လေ ဟိဧအ်။ ပယ်
ကုနှိုက် လယ် ၁၀၀၀။ ကျွန်လေ ဟိဧအ်။ ဖွပ်တဝ်တွင် က္လောက်ထောင်နှိုက်လယ် ၁၀၀။ ကျွန်လေဟိဧအ်။ မ္လိယ်ပုံစောင်နှိုက် လယ် ၁၀၀
။ ကျွန်လေ ဟိဧအ်။ စမ်ဖိုဝ္အ်ခ္လေါက် လယ် ၃၀၀။ ကျွန်လေ ဟိဧအ်။ စဝှန်စပျင်နှိုက် လယ် ၁၀၀ ။ ကျွန်လေ ဟိဧအ်။ မ္လစ်သာ အရပ်နှိုက် ငဖို
ဝ္အ် ကိုင် ဥယန် ၇ ပယ်။ စည်သူမိယာဖိုဝ္အ် ငါရရစ်သော ၆ူ ဟု။ စိုဝ်မင်ကြီဖိုဝ္အ် ငါရရစ်သော ၅ူ။ပုပါဥယန် ၁ ရပ်။ အိုဝ္အ်(ပ သာ)မိ မျင်ပတ်
သာ ဥယန် ၁ ရပ်။ စလုသမိုင် ဥယန် ၁ ရပ်။ ကျွန်လေ ဟိဧအ်။ စပဝုင်နှိုက် အိုဝ္အ်ထန်ပင် ဥယန် ၁ ရပ်။ ကျွန်လေ ဟိဧအ်။ ငါရစ်သင် သမိ ဥယန် ၁
ရပ်။ အိုဝ္အ်ပုစ လယ်နှိုက် ဥယန် ၁ ရပ်။ ကျွန်လေ ဟိဧအ်။ စပဝုင်နှိုက် အိုဝ္အ်ဥယန် ၁ ရပ်။ ကျွန် လေ ဟိဧအ် ဥယန်ခြိယ် လယ် ၁၀၀။ မနိနှိုက် ငါ
ပ္လည်သင် ဥယန် ၁ ရပ်။ ဓမ္မပိစည် ဥယန် ၁ ရပ်။ ငါတိစ် ဥယန် ၁ ရပ် ကျွန်လေ ဟိဧအ်။ အိုဝ္အ်တုံ ဥယန် ၁ ရပ်။ မင်ထုဝနှိုက် ငါမိုင် ဥယန် ၁ ရပ်။ ကြိုင်က
နှိုင် ဥယန် ၁ ရပ်။ ငါမ္လသာ ဥယန် ၁ ရပ် ကျွန်လေ ဟိဧအ်။ ငါကြတွယ် ဥယန် ၁ ရပ်။ မနီဥယန် ၁ ရပ်။ တရကင် ပုသိမ် ဥယန် ၁ ရပ်။ တလောင်ကတယ်
ဥယန် ၁ ရပ်။ ဥယန်ခြိယ် လယ် ၃၀။ တနွတ်ဥယန် ၁ ရပ် ကျွန်လေ ဟိဧအ်။ မလလံ ဥယန် ၁ ရပ် ကျွန်လေ ဟိဧအ်။ မလလံ ငါမ္လတ် စောင္အ်သော ဥ
ယန် ၁ ရပ် ကျွန်လေ ဟိဧအ်။ မလလံ ကြုင်စ ဥယန် ၁ ရပ်။ လှုသော ကျွန်ကာ မြင်မူ ငါပုံနာ သာမ္လိယ် ၁ ဥပ်။ မင်ကွန် ကရာသည် ၁ ဥပ်။ ငါယော
က်သင် ကျွ ၁ ဥပ်။ ငါစွန်လွန်သင် ကျွန် ၁ ဥပ်။ ယင်တဝ်ခွင် ကျွန်တိုင် ကျွန် ၁ ဥပ်။ ပုလယ် ဥိ ကျွန် ၁ ဥပ်။ မ္လည်ကွန် အိုဝ္အ်ပုံသင်
ကျွန် ၁ ဥပ်။ ငါမြိုက်သင် ကျွန် ၁ ဥပ်။ မုနလွန် ပေါင်လောင်ကျွန် ၁ ဥပ်။ ပြည်ပေါင်လှန် ကျွန် ၁ ဥပ်။ ပြည်ပေါက်ဆိပ် ကျွန် ၁ ဥပ်။ တမြည်
ဆာသည် ၂၀။ စိန်ကျွန် ၃၀။ ယှန်ပိုဝ် ကုလာပ္လိယ် ၁ ဥပ်။ ငါမှိတ် ခေါင်ရန် ၁ ဥပ်။ ယန်တွန် ယန်သင် ၁ ဥပ်။ ကြပင်ကျွန် ၁ ဥပ်။ ပယ်ကူ သူကြီသာ ကျွန် ၁
ဥပ်။ ပယ်ကူ ကျွန်သိ ၄၀။ ပ္လုန်လိုင်ကျွန် ၁၀။ ငါဆောင် ငါချံ ငါသံတိုင်သာ မ္လိယ် ၃၀။ ။ ပုကံ နှိုက် ဟိယ်သောကျွန်ကာ ငါချတ်သိသင် ၁။ ကုလာသုရယ် ၁။ ကု
လာ သုရယ် သာ မဆင်ခြင် ၁။ မဆင်ခြင်သာ ငါကြွံ ၁။ ငါသလုံ ၁။ ငါရောက် ၁။ ငါခုယ် ၁။ ဓရမူ ၁။ ငါဖ္လစ်ကောင် ၁။ ငါဖ္လစ်ကောင် သာ ငါပန်တူ ၁။ ငါ
ချတ်စွာ ၁။ ငါချတ်စွာ သာ ငါသက်ရှည် ၁။ ကွံမရစာ ၁။ ကွံမရစာ သာ ငါခုယ် ၁။ ငါကောင်မှု ၁။ ငါရုနာ ၁။ ငါလတ် ၁။ ငါပုလယ် ၁။ ငါပုလယ် သာ ငါကြွံ ၁။
ငိ နိုဝ်စိုတ် ၁။ ငါရွတ် ၁။ ငါရွာဟာင် ၁။ ငါရွာဟော င်္သာ ငါဖုန်စလောင် ၁။ ငါမာ သာ ငဖ ၂။ ငါလာကောင် သာ ငါဖုန်လောင် ၁။ ငါနောက်ကောင် ၁။ ငါလှိပု ၁
။ ငါလှိပု သာ ငါချတ်ဥိ ၁။ ငါကုလာ ၁။ ငါကုလာ သာ ငါချတ်ကြီ ၁။ ငါစည်စိံ ၁။ ငါပ္လည်ဖ ၁ ။ ငါပ္လည်ဖ သာ ငါညိုဝ် ၁။ ငါဖုန်စာ ၁။ ငါဖုန်စာ သာ
ငါနှောင် ၁။ ငါလတ် ၁။ ငါရှင် ၁။ ငါသဖင် ၁။ ငါဖ္လစ်စင် ၁။ မိဥိ ၁။ ယံပေါ ၁။ အိုဝ္အ်ကြံစုံ ၁။ အိုဝ္အ်ဖက္ဆွတ် ၁။ စစ္စီယ်မကြံ ၁။ အိုဝ္အ်တန်လိုင် ၁။ အိုဝ္အ်ကုရည် သာ အမိ
၂။ အိုဝ္အ်ပယ် သာ အမိ ၃။ မကြံဆ ၁။ မပျက်စိမိ ၁။ မပျက်စိ ၁။ အိုဝ်မာ သာ အမိ ၂။ မတ ပယ် ၁။ ကုလာမြင္အ် ၁။ သမီ ကိုဝ်တန်မဆောင် ၁။ ကိုဝ်တ
န်မဆောင် သမိ အိုဝ္အ်ခင် ၁။ အိုဝ္အ်ကြီ သာ အမိ ၂။ အိုဝ္အ်ပုလယ် ၁။ အိုဝ္အ်ပြည် ၁။ ပုသိမ်သည် သာ အမိ ၃။ အိုဝ္အ်လတ် ၁။ အိုဝ္အ်မသိန် ၁။ အိုဝ္အ်မသိန် သမီ မ္လတ်
ခ္လျင်စွာ။ အိုဝ္အ်ချတ်ဥိ ၁။ အိုဝ္အ်ပယ်ကြီ ၁။ အိုဝ္အ်မိ ၁။ အိုဝ္အ်တခု ၁။ အိုဝ္အ်တခု သမိ ချတ်တပ်စွာ ၁။ နင်သမတန် ၁။ အိုဝ်စုံ သာ အမိ ၂။ ခန်ယာလျ
က် ၁။ ခိရှာမုံ ၁။ မသိသလော ၁။ မုန်ကျင်လိ ၁။ ကုလာပု ၁။ အခေါင်သွန် ၁။ အခေါင်သွန် သမိ အိုဝ္အ်မ္လိယ်မည် ၁။ အိုဝ္အ်ဆုမ် ၁။ အိုဝ္အ်ပေါင်ဖဝ် ၁။ အိုဝ္အ်
ဖုန်ဆောင် ၁။ အိုဝ္အ်ဖုန်ဆောင် သမီ အိုဝ္အ်တဆတ် ၁။ အိုဝ္အ်သျံ ၁။ အိုဝ္အ်ထွယ် ၁။ ဓရမူ ၁။ ငါစကု မိယာ သာအမိ ၃။ အိုဝ္အ်မိုန် ၁။ အိုဝ္အ်ဖုန်လောင် သာ အမိ ၂။ အို
ဤံသည် ၁။ အိုဝ္အ်ဝံပယ် ၁။ ရကန်သည် အိုဝ္အ်လတ် ၁။ အိုဝ္အ်မုယ် သမီ ၁။ အိုဝ္အ်စိုဝ် ၁။ အိုဝ္အ် လွှံမ် ၁။ တင်ကိယ် အိုဝ္အ်ကုန်ဖ္လ ၁။ မိကြီကျွန် ငါရရစ်သော ချတ်တရာ ငါ
ဥိလုံ ၁။ ငါတက်သိယ် ၁။ ငါနိုင်ငံ ၁။ ငါချတ် သာအဖ ၃။ ငါလုံ ၁။ ငါလုံသာ ငါမွန် ၁။ ငါလုံ ညီ ၁။ ငါချင်ရ ၁။ ငါဖရုံ ၁။ ငါပ္လည် (ယုယ် သာ )၁။ ငါချတ်ဆင်
ခိုဝ် ၁။ ငါတန်လိုင် ၁။ ငါထွန် ၁။ ငါကွံအရာ ၁။ ငါဥိလုံ ၁။ ငါဥိလုံ သာ ငါရောက် ၁။ ငါဖရင် ၁။ ငါလတ် ၁။ ငါစိုက် ၁။ ငါပေါက်စနိုင် ၁။ . . . . ပြယ် ၁
။ ငါချတ်မွန် ၁။ ငါကောင်စုံ ၁။ မသိသလော ငါခုယ် ၁။ ငါသနာ ၁။ မတု (ယ်)ခ္လျင် ၁။ ချတ် ထုယ် မခ္လ ၁။ အိုဝ္အ်ပ္လည်စင် သာအမိ ၂။ ကောင်မဖုတ် ၁။ အိုဝ္အ်ညိုဝ် သာအမိ ၃
။ လောင်မနာသင် ၁။ အိုဝ္အ်လာ ၁။ အိုဝ္အ်စင်ကြယ် ၁။ အိုဝ္အ်ကြောင် သာအမိ ၂။ အိုဝ္အ်ချတ်ဆပ် ၁။ အိုဝ္အ်ရင် ၁။ အိုဝ္အ်လှ ၁။ အိုဝ္အ်ဖ္လူစင် ၁။ အိုဝ္အ်လတ် ၁။

Photo credit
သိင်္ဃသူ့သမီးမူရင်းကို Wikisource မှ ကူးယူပြီး ဗဟုသုတလေ့လာရန်အတွက် ဖော်ပြပါသည်။

29/04/2024

စာဖတ်တဲ့ အလေ့အထ
~~~~~~~~~~~~~~~~
လူထုဦးလှ
~~~~~~~~

စာဖတ်ကြဖို့ လိုတယ်။

ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။

အချိန်ကုန်ခံပြီး စာဖတ်ရာမှာ အကျိုးရှိအောင် ဖတ်ကြမှဖြစ်မယ်။တချို့က စာဖတ်တာ အင်မတန်နှေးတယ်။ကောင်းကောင်းလဲ အဓိပ္ပာယ်မပေါ်ဘူး။တချို့က မြန်တာကို အဓိကထားလွန်းလို့ ရေးထားတာ ဘာဆိုလိုတယ်ဆိုတာ မိမိရရ မသိဘူး။

စာဖတ်တာကို ဘယ်လောက် အကျိုးရှိရှိ ဖတ်နိုင်သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရမယ်။

ဘယ်လောက်များများ ဖတ်သလဲ ဆိုတာကိုသာ ကြည့်လို့မဖြစ်ဘူး။ နောက်ပြီး ဘယ်လိုစာအုပ်မျိုး ဖတ်ဖို့ ဆိုတာလဲ စဉ်းစားဖို့ လိုပါတယ်။

ဘယ်စာအုပ်မျိုးကို အပြီးဖတ်သင့်သလဲ။ `နှစ်ခေါက်ဖတ်သင့်တဲ့ စာအုပ်မျိုးကို တခေါက်အပြီး ဖတ်ဖြစ်အောင် ဖတ်သင့်တယ်' ဆိုတဲ့စကားဟာ မှန်တယ်လို့ ယူဆပါတယ်။

အကျိုးရှိရှိ စာဖတ်နိုင်ဖို့အတွက် အချက်လေးချက် သတိပြုရပါမယ်။

၁။ စာအုပ်များ ရွေးချယ်ဖို့၊
၂။ ဖတ်တာကို ကောင်းကောင်း နားလည်ဖို့၊
၃။ မှတ်စုယူဖို့၊
၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ပါတယ်။

၁။ စာအုပ်များ ရွေးချယ်ဖို့။

စာအုပ်များ ကောင်းကောင်း ရွေးတတ်တာနဲ့အတူ၊ ဂရုစိုက် ဖတ်တာနဲ့အမျှ စိတ်ဝင်စားမှု တိုးတက် ကျယ်ဝန်းလာပါမယ်။ ဉာဏ်များ ပိုမိုဖွံ့ဖြိုးလာပြီး ပညာဆည်းပူးတဲ့ ဘက်မှာပါ အများကြီး တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် ဖတ်သင့်ဖတ်ထိုက်တယ်လို့ ထင်မြင်ယူဆတဲ့ စာအုပ်အကြောင်း အသေးစိတ် သိသမျှ မှတ်စုစာအုပ်ထဲမှာ ရေးထားပါ။

သူငယ်ချင်း မိတ်ဆွေများက ပြောပြလို့ စာအုပ်နာမည်ကို သိရတာ ဖြစ်ချင်ဖြစ်မယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ဝေဖန်ထားတာတွေ့လို့ ဖြစ်ချင်လဲဖြစ်မယ်။ ဘာ့ကြောင့် ဒီစာအုပ်ကို ဖတ်သင့်တယ်လို့ ယူဆတဲ့ စာအုပ်များစာရင်းမှာ ထပ်ထည့်ရတယ် ဆိုတဲ့ မှတ်ချက်ကလေးလည်း ပါရမယ်ပေါ့။

ဒီစာအုပ်စာရင်းမှာ စာအုပ်နာမည်တွေဟာ ကိုယ်တကယ် ဖတ်နိုင်တာထက် ပိုမိုများလာမှာပဲ။ အဲဒီစာရင်းကို မကြာမကြာ ပြန်ပြန်ကြည့်ပါ။ အဲဒီလို ပြန်ကြည့်တဲ့အခါ ကိုယ် သိပ်စိတ်မဝင်စားတော့တဲ့ စာအုပ်နာမည်များကို ကြက်ခြေခတ်ပစ်ပါ။

ဒီနည်းနဲ့ ဖတ်သင့်တယ်လို့ ရွေးထားတဲ့ စာရင်းဟာ အမြဲရှိနေ သစ်နေပါလိမ့်မယ်။ အသက်လဲ ဝင်နေမယ်။

စာကြည့်တိုက်တွေဟာ အသုံးကျပါတယ်။ အားကိုးရပါတယ်။ ဒါပေမဲ့ စာအုပ်ကောင်းများကို ကိုယ်ပိုင်ရှိနိုင်ရင် ပိုကောင်းတယ်။ ပြန်ဖတ်လို့လဲ ရတယ်။ထုတ်နှုတ်သုံးစရာ ရှိရင်လဲ လွယ်တယ်။

တစ်လမှာ ကိုယ်တိုင်လုပ်ထားတဲ့ စာအုပ်စာရင်းထဲက အထူး ဂရုတစိုက်ရွေးပြီး အနည်းဆုံး စာတစ်အုပ်တော့ ဝယ်ပါ။ စာအုပ်အသစ် တစ်အုပ်ဝယ်တိုင်း နောက်ဆုံးဝယ်တဲ့ စာအုပ်နဲ့ ဆက်စပ်မှုကို မှတ်သားထားပါ။

အဲဒီလို မှတ်ထားရင် ဆက်စပ်မှုရှိတဲ့ စာအုပ်တွေ အများကြီးစုထားတဲ့ စာကြည့်တိုက်ကလေးလို ဖြစ်လာနိုင်ပါတယ်။ တချို့စာအုပ်တွေဟာ တော်တော်ပဲ ဈေးကြီးတယ်။ ဒါပေမဲ့ သိပ်ဈေးမကြီးတဲ့ စာအုပ်ကောင်းများလဲ ရှိတန်သလောက် ရှိပါတယ်။
တကယ်ကတော့ ကိုယ့်စာအုပ်စာရင်းနဲ့ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ ဆိုတာ ဆက်နေတာပဲ။

စာရင်းထဲက တချို့ စာအုပ်နာမည်တွေဟာ အပန်းဖြေချိန်မှာ ပေါ့ပေါ့ပါးပါး ဖတ်စရာ ဝတ္ထုများ ဖြစ်ချင်ဖြစ်မယ်။ တချို့စာအုပ်တွေကတော့ ကိုယ်ဝါသနာပါတာတွေနဲ့ ဆက်စပ်တာ ဖြစ်ချင်ဖြစ်မယ်။

အများစုကတော့ ကိုယ်ပညာရရှိရေး၊ တိုးတက်ရေးအတွက် အထောက်အကူပြုတဲ့ စာအုပ်တွေရဲ့ နာမည်တွေ ဖြစ်ရမှာပဲ။
စာအုပ်စာရင်း ရှိထားတဲ့အတွက် အကျိုးရှိရှိ ဖတ်နိုင်မဲ့ စာအုပ်ကို ရွေးလို့ လွယ်တယ်။ အဖုံးလှလို့ သဘောကျပြီး ရွေးထားမိတဲ့ စာအုပ်မျိုးကိုလဲ တကယ်ဝယ်မဲ့အခါ ဖယ်ပစ်နိုင်တယ်။

၂။ ဖတ်တာကို ကောင်းကောင်း သဘောပေါက် နားလည်ဖို့။

ဘယ့်နှယ် နားမလည် သဘောမပေါက်ရမှာလဲ။ စာတတ်တဲ့လူ ဖတ်တာ နားလည်တာပေါ့လို့ ပြောကြမှာပဲ။ တကယ့်တကယ်တော့ အများစုဟာ ထင်သလောက် မဟုတ်ဘူး။ အဲဒီအခက်အခဲနဲ့ ပတ်သက်ပြီး အကြောင်း ၄-ခု ရှိတယ်။

(က) ဝေါဟာရတွေ အသိနည်းတာက အကြောင်းတကြောင်းပဲ။
တချို့စာအုပ်တွေမှာ ရှေးဟောင်း အသုံးအနှုန်းတွေ တော်တော်များများ ပါတယ်။ အဲဒီစကားလုံးတွေကို ဒီကနေ့ မသုံးကြ မပြောကြတော့ဘူး။ ဒါ့ကြောင့် မသိကြဘူး။ ဒီကနေ့ ပြောကြဆိုကြတဲ့ စကားလုံးအသစ်တွေကို မသိတာတွေလည်း ရှိတာပဲ။

အင်္ဂလိပ်၊ မြန်မာစာ၊ ဘယ်ဘာသာနဲ့ ရေးထားတာဖြစ်ဖြစ် ကိုယ်ဖတ်ဖို့ ရွေးထားတဲ့ စာအုပ်ထဲက မသိတဲ့ စာလုံးတွေကို ရေးချပြီး အဘိဓာန်နဲ့ အဓိပ္ပာယ် ရှာလို့ရတာရှာ၊ ပညာဗဟုသုတ ရှိသူကို မေးမှဖြစ်မှာကို မေးပြီး ရေးသားမှတ်ယူထားရပါမယ်။

အဲဒီလို ကိုယ့်အတွက် အသစ်တိုးလာတဲ့ စကားလုံးကို သူ့နေရာနဲ့သူ အသုံးတည့်တဲ့အခါ ရေးရာမှာလဲ အသုံးပြုပါ။ ဟောရာပြောရာမှာ အံဝင်ရင်လဲ အသုံးပြုပါ။ ဒီလိုနဲ့ ကိုယ်ရေးသားရာ၊ ဟောပြောရာမှာ စကားလုံးတွေ ပိုကြွယ်လာပြီး နိုင်နိုင်နင်းနင်း ရှိတာနဲ့အမျှ ပိုပြည့်စုံလာ နိုင်ပါတယ်။ စာအုပ်တွေ မဂ္ဂဇင်းတွေထဲမှာ ဒီလို အသစ်အသစ်တွေ တွေ့နေမှာပဲ။

(ခ) တွေးတောကြံဆမှု အင်အားနည်းရင်လဲ ဖတ်တာကို ကောင်းကောင်း သဘောမပေါက် နားမလည်ဘူး။
စာရေးဆရာ ဘာဆိုလိုတယ် ဆိုတာကို သိဖို့ လိုပါတယ်။ တွေးတောကြံဆမှု အင်အား တိုးတက်ဖို့ ဆိုတာ လေ့ကျင့်ပေးမှ ရနိုင်ပါတယ်။

အရင်ဆုံး ကိုယ့်ဖာသာကိုယ် အကျိုးအကြောင်း ဆက်စပ်တွေးတော ကြံဆကြည့်ပါ။ ဘယ်ကိစ္စ ဘယ်အလုပိမျိုး မဆို ကိုယ့်ရှေ့ရောက်လာသမျှကို မေးခွန်းထုတ်ပါ။ ဟိုကိစ္စ ဒီကိစ္စများကို ဝေဖန်တဲ့ အလေ့အကျင့် လုပ်ပါ။ သာမန် သတင်းစာ ဆောင်းပါးကလေး တပုဒ်ကိုတောင် ရာထူးကြီး ခန့်ထားဖို့ စာမေးပွဲ ဖြေထားသူတယောက်ရဲ့ အဖြေလွှာကို အမှတ်ပေးဖို့ စစ်ဆေးကြည့်သလို အထူးဂရုစိုက် စစ်ဆေးပါ။

တချို့စာအုပ်တွေကို ဝေဖန်ရတာ လွယ်တယ်။ သိလွယ်၊ သဘောပေါက်လွယ်တာကိုး။ ကောင်းတဲ့အချက်လဲ မြင်လွယ်တယ်။ မကောင်းတဲ့အချက်လဲ တွေ့နိုင်တယ်။ နက်နက်နဲနဲ ရေးထားတဲ့ စာအုပ်များကိုတော့ တော်တော် ပညာခံမြင့်သူများမှ ပြည့်ပြည့်စုံစုံ အဆင့်အတန်းမီမီ ဝေဖန်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားတဲ့အတွက် တိုးတက်မှု ရှိမှာတော့ မုချပဲ။
ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း ကိုယ်တိုင်လေးစားမှု ရှိနေမှာပေါ့။ ဒါ့ကြောင့် ဝေဖန်တဲ့ မျက်စိနဲ့ အမြဲ သတိရှိရှိ ဖတ်ရပါမယ်။

(ဂ) စာအုပ်တအုပ်ကို ဖတ်ရတဲ့အခါ ကိုယ့်မှာ ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေခံရှိထားရင် ပိုကောင်းတယ်။

စာအုပ်တွေ အမျိုးမျိုးရှိတယ်။ ဥပမာ- ဥယျာဉ် စိုက်ပျိုးတဲ့ စာအုပ်မျိုး ဆိုပါတော့။ တချို့စာအုပ်ကတော့ စလုပ်ဖို့ စီစဉ်နေတဲ့သုဖို့ ရည်ရွယ်တယ်။ တချို့စာအုပ်ကတော့ အတွေ့အကြုံ ရှိပြီး အများကြီး ကျွမ်းကျင်နေသူများအတွက် ရည်ရွယ်တယ်။ ရေဒီယိုပြင်တဲ့ စာအုပ်၊ တပ်ဆင်တဲ့ စာအုပ်တွေဟာလဲ ဒီလိုပဲ အမျိုးမျိုး အစားစား ရှိပါတယ်။

ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ အဆင့်နဲ့ ကိုက်မယ့် စာအုပ်မျိုးကို ရွေးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ အသိပညာ တိုးလာပြီး အတွေ့အကြုံ များလာတဲ့အခါတော့ ပိုမြင့်တဲ့ အကြောင်းအရာတွေ ရေးထားတဲ့ စာအုပ်များကို ဖတ်ချင်လာမှာပဲ။ ဖတ်လို့လဲ ကောင်းကောင်း သဘောပေါက် နားလည်ကြမှာပဲ။

(ဃ) ရာဖ်ဝေါ်ဒါ အီမာဆင် (Ralf Walder Emerson) ဆိုတဲ့ ပုဂ္ဂိုလ်က `ကိုယ့်မှာ ပြင်စရာရှိတာ ပြင်ဖို့ စာအုပ်ကို ဖတ်ပါ။ သိဖို့ မဖတ်ပါနဲ့' လို့ ဆိုပါတယ်။

အားနက်(စ်)ဝုဒ်(စ်) (Emest Woods) ကတော့ `ပထမ စဉ်းစားပါ။ နောက်မှ ဖတ်ပါ' တဲ့။

ဥပမာအားဖြင့် အကြောင်းအရာသစ် တခုကို လေ့လာချင်တယ် ဆိုပါတော့။ ရှေးဦးဆုံး သိနှင့်ပြီးတာ၊ သိတယ်လို့ ယုံကြည်တာ၊ ဒီအကြောင်းအရာရဲ့ သဘောဟာ ဒီလိုဖြစ်လိမ့်မယ်လို့ ယူဆတာများကို အချိန် တော်တော်သင့်သင့် ပေးပြီး စဉ်းစားပါ။ ပြီးတော့မှ စာအုပ်ကို ဖတ်ပါ။ အဲဒီလို လုပ်တာဟာ ရိုးရိုး ကောက်ဖတ်လိုက်တာထက် အများကြီး စိတ်ဝင်စားစရာ ဖြစ်တယ်။ အကျိုးရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

နှုတ်ခမ်းကိုလှုပ်ပြီး စာဖတ်တဲ့ အလေ့အထဟာ စာဖတ်နှေးစေတဲ့ အကြောင်းတခုပဲ။ ဒါ့ကြောင့် နှုတ်ခမ်းမလှုပ်ဘဲ စာဖတ်တဲ့ အလေ့ကို တမင်ကျင့်ဖို့ လိုပါတယ်။ဒီအမှားကို မပြင်ရင် စာဖတ်ရာမှာလဲ မတွင်ဘုး။ စကားပြောဖို့ တွေးခေါ် စဉ်းစားရာမှာရော ပြောရာမှာရော နှေးနေပါလိမ့်မယ်။

ဖတ်ပြီးတဲ့ အကြောင်းအရာကို ပြန်ဖတ်တဲ့ အကျင့်လဲ မကောင်းဘူး။ ရှောင်ရမယ်။ စာကြောင်းအသစ်ကို ဖတ်တဲ့အခါ ကောင်းကောင်း မမြင်ရဘူးဆိုရင် မျက်စိကုဆရာဝန်ကို ပြပါ။

ကိုယ်အနေအထား မမှန်လို့လည်း စာဖတ်မမြန်ဘဲ နှေးနေတတ်တယ်။ ဒါ့ကြောင့် မတ်မတ်ထိုင်ပြီး စာအုပ်ကို မျက်စိနဲ့ ထောင့်မှန်မှာထားပြီး ကိုင်ဖတ်ကြည့်ပါ။ အိပ်ရာထဲ လှဲဖတ်နေတာထက် တွင်တာ တွေ့ပါလိမ့်မယ်။

ဘယ်စာအုပ်ကိုမဆို အမြန်ဖတ်ရမှာချည်းပဲလို့ အသေမှတ်ထားလို့တော့ မဖြစ်ဘူး။ ခပ်ပေါ့ပေါ့ ရေးထားတဲ့ ဝတ္ထုများကို ကျောင်းသုံးစာအုပ်များ၊ ကျမ်းဂန်များ၊ ရာဇဝင်စာအုပ်များထက် အမြန်ဖတ်လို့ ရပါတယ်။ ဒါ့ကြောင့် စာဖတ်ရာမှာ မြန်တာ သုံးလေးဆင့် ထားဖို့ လိုပါတယ်။ ဘယ်စာအုပ်မျိုးကို ဘယ်လောက် မြန်မြန်ဖတ်ရမယ် ဆိုတာလဲ သိသာလာပါလိမ့်မယ်။

ရှိရမဲ့ ရည်ရွယ်ချက်ကတော့ အဆင့်တိုင်းမှာ တစတစပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ရမှာပဲ။ အပြေးအလွှား အမြန်ဆုံးဖတ်နိုင်ဖို့ ဆိုတဲ့ သဘောမျိုးတော့ မဖြစ်ရဘူး။ စာမျက်နှာ ၂၄၀-လောက် ရှိတဲ့ အပျော်ဖတ် ဝတ္ထုစာအုပ်တအုပ်ကို ၃-နာရီ ၄-နာရီလောက်နဲ့ ဖတ်လို့ ပြီးသင့်တယ်။

ဒီစာမျက်နှာလောက်ပဲ ရှိတဲ့ စိတ်ပညာကျောင်းသုံး စာအုပ်တအုပ်ကိုတော့ သူ့အခန်းနဲ့သူ အချိန် ၁၀-နာရီကနေ ၁၂-နာရီလောက် ဖြန့်ဖတ်ဖို့ လိုမယ်။ အဲဒီလို ဂရုတစိုက် ဖတ်ပြီးတဲ့နောက် ဘယ်အခန်းက ဘယ်လိုပါတယ် ဆိုတာ ကျကျနန ပြောပြ ရေးပြနိုင်ရမယ်ပေါ့။

စာကောင်းကောင်း ဖတ်တတ်သူဟာ သာမန်ရိုးရိုး ဖတ်သူထက် မြန်လဲမြန်တယ်။ ပိုလဲ မှတ်မိတယ်။ ဒါ့ကြောင့် ရည်မှန်းချက်က ပိုပြီးမြန်မြန် ဖတ်နိုင်အောင်လဲ ကြိုးစားဖို့။ ဒါပေမဲ့ ဘာဖတ်နေတယ် ဆိုတာ မျက်ခြေပြတ် သွားတဲ့အထိ မြန်မြန်ကြီး မဖတ်ဖို့ ဖြစ်ရပါလိမ့်မယ်။
စာဖတ်တဲ့ ရည်ရွယ်ချက်ဟာ တစုံတခု မှတ်သားဖို့ ပညာရှာဖို့၊ ဒါမှမဟုတ် ပျော်ရွှင်ဖို့ပဲ။ ဒါ့ကြောင့် ကိုယ်နားလည်နေတာထက် ပိုမြန်ဖို့တော့ မလိုဘူး။ နှေးချင် နှေးပေစေဦးပေါ့။ ဘာမှနားမလည်ဘဲ မြန်နေလို့တော့ အလကားပဲ။ တချို့စာအုပ်တွေမှာ ရေးထားတာ တယ်မရှင်းဘူး။ ဘာဆိုလိုတယ် ဆိုတာ တော်တော်ကြာကြာ စဉ်းစားယူမှ အရိပ်အမြွက်လောက် ပေါ်တယ်။ အဲဒီလိုအကြောင်းမျိုးကြောင့်လဲ စာဖတ်နှေးရတာ ရှိပါတယ်။

စာအုပ်ကောင်းတွေ ထဲမှာ ပညာရှင်များရဲ့ အဖိုးတန် တွေးခေါ် မျှော်မြင်ချက်တွေ၊ အတွေ့အကြုံတွေကို လွယ်လွယ်နဲ့ တွေ့နိုင်ကြပါတယ်။ စာအုပ်ကောင်းများကို ဖတ်ရတာဟာ ပညာရှိကြီးများနဲ့ တွေ့ဆုံ စကားပြောရသလို အကျိုးများတာကြောင် အဲဒီစာအုပ်တွေကို ကျွန်တော်တို့ တလေးတစား ဖတ်သင့်ကြပါတယ်။ ကိုယ့်စိတ်ထဲမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေအတွက် အဖြေများကိုလဲ အဲဒီလို စာအုပ်ကောင်းတွေ ထဲမှာ တွေ့နိုင်တယ်။ မှန်တယ်လို့ ကိုယ်ယူဆထားတာဟာ မှားနေတာ တွေ့ရလို့လဲ ပြင်နိုင်တယ်။

၃။ မှတ်စုယူဖို့။

ကိုယ်ပိုင်စာအုပ် ရှိထားတဲ့အတွက် တပန်းသာတာကတော့ စာအုပ်ထဲမှာ ကိုယ်နှစ်သက်တဲ့ အသုံးဝင်မဲ့ စာကြောင်းတွေ အပိုဒ်တွေကို ခဲတံ အနီအပြာနဲ့ ဘေးကလဲ တား၊ စာကြောင်းတွေ အောက်ကလဲ တားနိုင်တာပဲ။ သူများဆီက ငှားဖတ်တဲ့ စာအုပ်၊ စာကြည့်တိုက်က ငှားတဲ့စာအုပ် ဆိုရင်တော့ ဒီလို ပိုင်စိုးပိုင်နင်း လုပ်လို့ မတော်ဘူး၊ ရိုင်းတယ်။

ကိုယ်မှတ်သားထားတဲ့ စာမျက်နှာများ စာရင်းကို စာအုပ်ရှေ့ပိုင်း စာမျက်နှာလွတ်မှာ တေးမှတ်ထားရင် လိုတဲ့အခါ ရှာဖို့ ပိုလွယ်ကူပါတယ်။

စာအုပ်ထဲမှာ မှတ်သားတဲ့ အတတ်ဟာ လုပ်ရင်းလုပ်ရင်းနဲ့ ပိုကျွမ်းကျင်တာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အရေးကြီးတဲ့ အချက်တွေကို လွယ်လွယ်နဲ့ တွေ့နိုင် သိနိုင်အောင် ထုတ်ယူတာပဲ။

စာတပိုဒ်မှာ ပထမဝါကျဟာ အရေးကြီးတဲ့ အချက်အလက်ကို လေးလေးနက်နက် ရေးထားတာ မကြာမကြာ တွေ့ကြရတယ်။ တခြား ဝါကျတွေကတော့ အဲဒီအချက်ကို ပိုရှင်းအောင် တင်ပြတာတွေပဲ။ တခါတလေတော့လဲ နောက်ဆုံးဝါကျမှာ ဆိုလိုတဲ့ အဓိက အချက်ကို တွေ့ကြတယ်။

စာရေးဆရာရဲ့ အာဘော် အရေးကြီးတဲ့ အချက်အလက်တွေကို စာသား၊ စာမျက်နှာ ဘေးက ကွက်လပ် `မာဂျင်' မှာ နံပတ်ထိုး မှတ်ထားရင် အကျိုးရှိပါတယ်။ စာရေးဆရာ ကိုယ်တိုင်က ပထမအချက်၊ ဒုတိယအချက် စသည်ဖြင့် ဖော်ပြပြီး ရေးထားရင်တော့ အဲဒါတွေ ပေါ်လွင်အောင် မျဉ်းသားထားလိုက်ပေါ့။

စာအုပ်ထဲမှာ ဒီလို မျဉ်းသားတာတို့ ကတော့ စာအုပ်ထဲမှာ ရှိတဲ့ အဖိုးတန် ကျောက်သံပတ္တမြား၊ စာအုပ်နှလုံးသားဟာ ဘာဆိုတာ ဖော်ထုတ်တဲ့ သဘောပဲ။ ဒီလို ကြိုးစားမှတ်သားနိုင်ဖို့ ဆိုတာ ဖတ်ရာမှာ ပိုပြီး ဂရုစိုက်ရ၊ ပိုပြီး စိတ်စူးစိုက်ရတာကြောင့် ပိုပြီး နားလည်တဲ့အကျိုး ရရှိပါတယ်။

ကိုယ်ဖတ်တဲ့ စာအုပ်များနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို မှတ်စုစာအုပ်တအုပ်ထဲမှာ ရေးတဲ့ အလေ့အကျင့် လုပ်ပါ။ အထူးနှစ်သက်တဲ့ စာကြောင်းများကို ကူးယူပါ။ ပြီးတော့ ကိုယ့်ထင်မြင်ချက်များ အယူအဆများ ဝေဖန်ချက်များကိုပါ ရေးပါ။ ဒီလေ့ကျင့်ခန်းဟာ ပညာလဲတိုးစေတယ်။ စာဖတ်တဲ့အခါလဲ ပိုပြီး စူးစိုက်နိုင်တယ်။ မှတ်စုများကတော့ နောင်တော့ အသုံးကျမယ်။ ဒီစာအုပ်ကို ပြန်ဖတ်ချင်လို့ ဖတ်တဲ့အခါမှာလဲ ဒီမှတ်စုတွေက အများကြီး အထောက်အကူပြုလိမ့်မယ်။

စာအုပ်များနဲ့ ပတ်သက်ပြီး မှတ်စုကောင်းကောင်း ဖြစ်အောင် ရေးတာဟာ ပညာရပ် တမျိုးပဲလို့ ဆိုရလိမ့်မယ်။ ဒီစာအုပ်ထဲက ဘယ်အဆီအနှစ်တွေဟာ ကိုယ့်အတွက် ကိုယ့်အတွက် အသုံးကျမလဲဆိုတာ မှတ်ထားတာတွေ ဖြစ်လို့ စာအုပ်ကို ဖတ်ခဲ့တာ တော်တော်ကြီးကြာပေမဲ့ လိုတဲ့အခါ ကောက်ကာငင်ကာ အသုံးချနိုင်ပါတယ်။

အပျော်ဖတ်တဲ့စာအုပ် ဆိုရင်လဲ ဘယ်လိုဖတ်လို့ ကောင်းတယ်၊ ဘယ်အပိုင်းကို အကြိုက်ဆုံး ဆိုတဲ့ ကိုယ့်ထင်မြင်ချက်တွေ ရေးထားရပါမယ်။

ဒါပေမဲ့ စာမေးပွဲအတွက် လေးလေးနက်နက် ဖတ်ရမဲ့စာအုပ် ဆိုရင်တော့ ဒီနည်းဒီပုံဖတ်ရုံ မှတ်ရုံနဲ့ မရဘူး။ အကောင်းဆုံးကတော့ စာပိုဒ်တိုင်းကို အကျဉ်းချုပ် ရေးတာပဲ။ ပေါင်းလိုက်တော့ စာအုပ်တအုပ်လုံးရဲ့ အတိုချုပ်တအုပ် ဖြစ်တာပေါ့။

ဒီလို ကြိုးစားပြင်ဆင်ရင် အများကြီး မှတ်မိနိုင်တယ်။ စာမေးပွဲနီးတော့ ကိုယ့်မှတ်စုတွေကို ပြန်ဖတ်ပေါ့။ ဒီလိုဖတ်ရင်း အရေးကြီးတဲ့ အချက်အလက်များနဲ့ ပတ်သက်တဲ့နေရာ၊ ခက်တဲ့နေရာတွေမှာ မူရင်းစာအုပ်ကိုလှန်ပြီး မှတ်စုနဲ့အတူ င်္တဲကြည့်ရင် အထူးအကျိုးများတာ တွေ့ရပါလိမ့်မယ်။

၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့။

စာဖတ်သူ အများစုဟာ စာမြန်မြန် ဖတ်နိုင်ချင်ကြတယ်။ စားဝတ်နေရေးအတွက် လုပ်စရာကိုင်စရာတွေက များ၊ ဖတ်စရာစာအုပ်တွေ ဖတ်ဖို့လိုတဲ့ စာအုပ်တွေက ပိုပိုများလာတာကြောင့် ဒီဆန္ဒဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပြန်ပြီး မမှတ်မိရင်တော့လဲ ဘာမှ တန်ဖိုးမရှိဘူး။ အမေရိကန်မှာ စမ်းသပ်လို့ တွေ့ရှိတာကတော့ စာမြန်မြန်ဖတ်နိုင်ဖို့အတွက် စကားလုံးတွေ ပိုတိုးအောင် ပိုနားလည်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။

မြန်ဖို့သက်သက်သာ အားထုတ်ရင်တော ဖတ်တာကို နားလည်ဖို့ဘက်မှာ ထိခိုက်မှာပဲ။ မှတ်ဉာဏ်လဲ လိုက်မမှတ်နိုင်ပေဘူး။ မှတ်ဖို့သားဖို့ အထိလည်း အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။

တချို့စာဖတ်တာ အင်မတန်မြန်တယ်။ တွန်းဖတ်တာပဲ။ အဲဒီလို စာတွေအများကြီး မြန်မြန်ဖတ်သူတွေဟာ ပြန်နှေးလိုက်ဖို့ ကောင်းတယ်။ စာမရွေးဘဲ ဘယ်စာမျိုးကိုမဆို တွန်းပြီး အမြန်ဖတ်သုများဟာ စဉ်းစားတဲ့ ခွန်အား၊ အဆုံးအဖြတ်ပေးတဲ့ ဉာဏ်အားကို ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။

ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် နားလည် သဘောပေါက်တာကို မထိခိုက်တဲ့ မြန်သင့်သလောက် မြန်တာမျိုးတော့ ရဖို့ ကြိုးစားရပါမယ်။ ဝေါဟာရတွေ ပိုသိဖို့၊ နားလည်သဘောပေါက်မှု မြန်ဖို့ အားထုတ်တဲ့အပြင် လေ့ကျင့်ခန်း နည်းနည်းလုပ်ဖို့ လိုပါမယ်။

စာတပိုဒ်ကို ခပ်မြန်မြန်ဖတ်ဖို့ ကြိုးစားကြည့်ပါ။ ပိုမြန်ကြည့်ပါ။ ဖတ်သွားတဲ့ စာကြောင်းများမှာ ပါတဲ့ ဆိုလိုရင်းကို ကောင်းကောင်း သဘောမပေါက်ဘူး ဆိုရင် ပြန်နှေးလိုက်ပါ။
စာတလုံးစီ တလုံးစီ ခွဲမဖတ်ပါနဲ့။ စကားစု တခုလုံးကို ဖတ်နိုင်အောင် ကြိုးစားပါ။ အဲဒီလို လေ့ကျင့်ရင် ဒီစာကြောင်းရှေ့မှာ ဘာစကားလုံးများ ရှိတယ် ဆိုတာ မျက်စိက လှမ်းမြင်နိုင်ပါလိမ့်မယ်။

အရွယ်ရောက်သူ တယောက်ဟာ တမိနှစ်မှာ စာလုံး ၂၀၀-က ၂၅၀-လောက်အထိ မြန်မြန်ဖတ်နိုင်ပါတယ်။ ၇၀-ရာခိုင်နှုန်းလောက်လဲ နားလည်တယ်။ ကြိုးစားလေ့ကျင့်ရင် ၅၀၀-က ၈၀၀-အထိ မြန်ဖို့ မခဲယဉ်းဘူး။ ၉၀-ရာခိုင်နှုန်းလောက် အထိလဲ နားလည်နိုင်ပါတယ်။ စာဖတ်ရာမှာ မြန်လဲမြန် မှတ်လဲ မှတ်မိဖို့ ရှေ့ရှုအားထုတ် လေ့ကျင့်ရမှာပဲ။

ရှေ့ဦးဆုံးတော့ စာဖတ်တဲ့ အလေ့အထ စွဲစွဲမြဲမြဲ ရှိလာအောင် လုပ်ဖို့ပဲ။ စာဖတ်တာဟာ ထမင်းစားတာလိုပဲ ကိုယ့်အတွက် အရေးကြီးတယ်လို့ သဘောပေါက်ရမယ်ပေါ့။ ။

-လူထုဦးလှ-

Credit
မေတ္တာဖြင့် ပြန်လည်မျှဝေသည်

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ=============================          ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။ ဘာတဲ့ စာ...
28/04/2024

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ
=============================

ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်ဗျ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ်ပါယျလညျးပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။

သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့ကောင်ဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည်စွာနဲ့ပဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖျိုးခိုငျးတဲ့အတိုငျးဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်'မ'လိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေးလို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းပဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။

ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူသေးလားလို့မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။

အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါပဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူပဲပေါ့ မြေးလေးရဲ့ တဲ့ခင်ဗျာ။

ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ်။ စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ်။ အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ်။ တရုတ်စာရေးဆရာတစ်ဦးကပြောတယ်၊ "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ်။ ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညာဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ်။ ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ။ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေခဲ့ပါတယ်....

မူရင်းရေးသားသူအားလေးစားလျှက်
crd ပေးပါတယ်။

Address

Hpa-an

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Sdde-A29 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category