07/08/2019
ပထမအကြိမ် တာချီလိတ်မြို့ရှောင်လမ်းလျော်ကြေးငွေ ကျပ်သိန်းပေါင်း(၃၀၀၀)နီးပါးပေးအပ်
တာချီလိတ်။သြဂုတ် ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်လမ်းဦးစီး ဌာနမှ တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ရာမှာ ပါဝင်သွားတဲ့တောင်သူ(၁၉၆)ဦးအနက် ရန်အောင်မြေရပ်ကွက်နဲ့ ဆေခမ်းရပ်ကွက်ရှိ တောင်သူ(၈၁)ဦးအတွက် ပထမအကြိမ် မြေယာလျော်ကြေးငွေနဲ့ သီးနှံလျော်ကြေးငွေ ပေးအပ်ပွဲကို ဒီကနေ့ သြဂုတ်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ရန်အောင်မြေရပ်ကွက် (ပါလျှံ)၊ ဘုရားကြီးကျောင်းမှာ ကျင်ပပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး က `` တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများ ပါဝင်သွားတဲ့ ဒေသခံပြည်သူများ နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်မှ ပေးအပ်နိုင်တဲ့ ဒေသပေါက်ဈေးနှုန်းများကို ထိုက်သင့်တဲ့ နှုန်းထားလျှော်ကြေးသတ်မှတ်ကာ လျှော်ကြေး သတ်မှတ်ရေးအဖွဲ့မှ အကြိမ်ကြိမ်ကွင်းဆင်းကာ ဒေသခံပြည်သူ (၁၉၆)ဦးအနက် ရန်အောင်မြေရပ်ကွက်မှ ဒေသခံ (၂၄)ဦးနဲ့ ဆေခမ်းရပ်ကွက်ရှိ ဒေသခံ(၅၇)ဦး၊ စုစုပေါင်း ဒေသခံ (၈၁)ဦးတို့နှင့် ညှိနှိုင်းပြီး သတ်မှတ်ပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိတဲ့ ဒေသခံပြည်သူ(၁၁၅)ဦးနဲ့လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပြီး မြေယာလျော်ကြေး ငွေပေးအပ်ပြီးပါက လမ်းလုပ်ငန်းစဉ်များကို စတင်ဖော်လုပ်ဆောင်ရွက်တော့မယ်´´လို့ အဖွင့်မှာစကားပြောကြားခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း က မြို့ရှောင်လမ်းဖေါက်လုပ်ရတာနဲ့ပတ်သတ်ပြီး ကြုံတွေ့ရတဲ့ အခတ်အခဲများ၊ လိုအပ်ချက်များကို ရှင်းလင်းခြင်းနဲ့ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် တို့ကအမှာစကားပြောကြားခဲ့ပါတယ်။
မြို့ရှောင်လမ်းဖေါက်လုပ်ရာမှာပါဝင်သွားတဲ့ ဒေသခံ (၁၉၆)ဦးအနက် ရန်အောင်မြေရပ်ကွက်နဲ့ ဆေခမ်း ရပ်ကွက်တို့မှ ဒေသခံ(၈၁)ဦးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နဲ့ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများတို့က လျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က ``အခု မြေယာလျော်ကြေးနဲ့ပတ်သတ်ပြီး ဦးလောစံ + ဒေါ်သီတာအေး မိသားစုတို့က မြို့ရှောင်လမ်းထဲမှာ ဧကအားဖြင့် (၀.၈၆၅)ဧကပါ ပါတယ် သူ့မြေက လန-၃၉ကျပြီးသားမြေဖြစ်တဲ့အတွက် လျော်ကြေးစုစုပေါင်း ကျပ်သိန်း(၂၉၈၀)ကျော်ရမှာ ဖြစ်ပါတယ် အဲဒီငွေကို ထုတ်ယူခြင်းမပြုပဲ နိုင်ငံတော် အတွက် လမ်းနဲ့မြို့အတွက်အကျိုးရှိအောင် ပြန်ပြီးလှူဒါန်းပေးသွားပါတယ်´´လို့ပြောပြခဲ့ပြီး အခု မြို့ရှောင်လမ်းဖေါက်လုပ်ရာမှာပါဝင်တဲ့ ဒေသခံ (၁၉၆)ဦးအနက် ဆေခမ်း ရပ်ကွက်နေ ဒေသခံ (၅၇)ဦး၊ ရန်အောင်မြေ ရပ်ကွက်နေ ဒေသခံ (၂၄)ဦး၊ စုစုပေါင်းပြည်သူ (၈၁)ဦးတို့ရဲ့ လယ်၊ ယာ၊ ဥယာဉ်/ခြံမြေ၊ မြေလွတ်/မြေရိုင်းတွေကို တစ်ဧကလျှင် ငွေကျပ်သိန်း(၁၅၀)နှုန်းနဲ့ လန- ၃၉ ကျပြီးသားမြေ တစ်ဧကလျှင် ငွေကျပ်သိန်း(၁၉၀)နှုန်း၊ အိမ်ခြံမြေ လန- ၃၉ ကျပြီးသား (၄၀×၆၀) မြေတစ်ကွက်လျှင် သိန်း(၁၉၀)နှုန်းနဲ့ စုစုပေါင်းငွေကျပ်သိန်းပေါင်း (၂၉၅၇၇၀၀၀၀)ကျပ်ခန့်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓါတ်ပုံ-ဇင်လတ်(ရွှေတြိဂံ)