Thaw Zin Loikaw - Short Story Collection

Thaw Zin Loikaw - Short Story Collection ဝတ္ထုတိုစုစည်းမှုများ

Top 3 Video ❤️❤️❤️YouTube မှာ လတ်တလော အကြည့်များသော Video များLink ကတော့ Comment မှာကြည့်ပေးပါ။❤️
11/01/2026

Top 3 Video ❤️❤️❤️

YouTube မှာ လတ်တလော
အကြည့်များသော Video များ
Link ကတော့ Comment မှာကြည့်ပေးပါ။❤️





ကျွန်တော်ရဲ့ Youtube Channel 🎧လေးမှာ ဒီရက်ပိုင်း တင်မယ့် Video လေးတစ်ပုဒ်ပါ။ YouTube မှာ ဝတ္ထုတိုလေးတွေလည်း ဖတ်ပြီး တင်ထ...
30/12/2025

ကျွန်တော်ရဲ့ Youtube Channel 🎧လေးမှာ ဒီရက်ပိုင်း တင်မယ့် Video လေးတစ်ပုဒ်ပါ။ YouTube မှာ ဝတ္ထုတိုလေးတွေလည်း ဖတ်ပြီး တင်ထားပေးလို့ Channel 🎙️လင့်ကို Comment မှာဝင်ကြည့်ပြီး 👍Subscribe လုပ်ပေးကြပါဦး။ 😘🥰❤️





ကျနော်ရဲ့ ဝတ္ထုတိုများကို ခံစားနားဆင်နိုင်ဖို့ Youtube Channel တစိခုကို ဖွင့်လှစ်ထားပါတယ်။ ကျေးဇူးပြုပြီး Like and Subsc...
10/10/2025

ကျနော်ရဲ့ ဝတ္ထုတိုများကို ခံစားနားဆင်နိုင်ဖို့
Youtube Channel တစိခုကို ဖွင့်လှစ်ထားပါတယ်။
ကျေးဇူးပြုပြီး Like and Subscribe လုပ်ပြီး ခံစားနားဆင်ပေးပါဦး။ ❤️🙏

Local Stories, Made to Listen

စာရေးဆရာဖြစ်ခြင်း မဖြစ်ခြင်း၊ ခံယူထိုက်ခြင်း မထိုက်ခြင်း*******************************************************ငွေတာရီမဂ...
09/09/2020

စာရေးဆရာဖြစ်ခြင်း မဖြစ်ခြင်း၊ ခံယူထိုက်ခြင်း မထိုက်ခြင်း
*******************************************************
ငွေတာရီမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၂၀

မည်သည့်နယ်ပယ်တွင်ပင်ဖြစ်ဖြစ် နေရာတစ်နေရာ ရပ်တည်ခွင့်ရရှိရေးအတွက် ကြိုးစားရာတွင် အချိန်ကာလ တစ်ခု ရင်းနှီးရစမြဲပင်ဖြစ်သည်။ နာမည်တစ်ခု သို့မဟုတ် ဂုဏ်တစ်ခု ရရှိပိုင်ဆိုင်ရန်အတွက် ယင်းလူပုဂ္ဂိုလ်၏ အများနှင့်မတူသော ကြိုးစားအားထုတ်မှု၊ လေ့လာဆည်းပူးမှု၊ ဖန်တီးမှု၊ ခံယူမှုသည် သူ့အလိုလိုတော့ ဖြစ်လာကောင်းစရာမရှိသဖြင့် ပေးဆပ်ရင်းနှီးရသော အချိန်တို့သည် အနည်းနှင့်အများ ရှိကြပါသည်။ အင်ဂျီနီယာ၊ ဆရာဝန်၊ ကျောင်းဆရာ စသဖြင့် အမည်နာမနှင့် ဂုဏ်တစ်ခုကိုပိုင်ဆိုင်ရန် ယင်းဂုဏ်နှင့်သက်ဆိုင်သော ဘာသာရပ်ကို အချိန်ပေးလေ့လာသင်ယူခြင်းနှင့် ပညာဆည်းပူးခဲ့ရသည်။ ထို့နည်းတူ နယ်ပယ်အသီးသီးတွင် နေရာတစ်နေရာရရန်လည်း ထိုနည်းလည်းကောင်း ဆည်းပူးလေ့လာရပြန်သည်။ ဆိုရလျှင် ဤအချင်းအရာတို့သည် လောကဓမ္မတာ မည်ပါသည်။ ဓမ္မတာဖြင့်ဆန့်ကျင်၍ ဤရာထူး ဂုဏ်ပုဒ်တို့ကိုလည်း မရနိုင်ကောင်းပါ။
(၁)
​ယနေ့ လူ့ဘောင်တွင် ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာနှင့် ဆန့်ကျင့်လျက် ရာထူး၊ အမည်၊ ဂုဏ်ပုဒ်တို့ကို လွယ်လွယ် ရကောင်းမည်လားဟု လူငယ်တို့ အထင်ရောက်လာသည်။ ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်နှင့် အများကို လွမ်းမိုးနိုင်သော လူငယ်များစွာရှိသည့်အနက် အချို့က ဩဇာ တည်ထောင်ချင်သည်။ မည်သို့သော ဩဇာနည်းဟုမေးလျှင် အများမက်မောသော နာမည်ကျော်ဇောမှု ဩဇာ၊ ဂုဏ်သတင်း ကျောဇောမှုဩဇာ စသဖြင့်ပါဝင်သည်။ ထိုအထဲတွင် ယနေ့ “စာရေးဆရာ”ဖြစ်ချင်သော လူငယ်များ အကြောင်းကို ကိုယ်တိုင်က စာရေးသူဖြစ်သဖြင့် ပြောချင်သည်။ အမှန်တော့ စာရေးချင်သည့် လူငယ်များကို လက်ကမ်းကြိုသင့်ပါသည်။ ကြိုစရာကောင်းသည့် ကိစ္စလည်း ဖြစ်သည်။ သို့သော် ယင်းစာရေးချင်သည့် လူငယ်များ၏ “စာရေးဆရာ”ဖြစ်ချင်သည့် ဆန္ဒသည် ရိုးသားမှုရှိပါ၏လော ဟု မေးခွန်းထုတ်စရာရှိသည်။
​လွတ်လပ်စွာရေးသား ထုတ်ဖော်နေကြသော စာမျက်နာများစွာရှိသည့်အနက် အယ်ဒီတာမရှိသော အွန်လိုင်းပေါ်တွင် စာတိုပေစများ ရေးသား၍ ၎င်းကိုအားပေးသော ၎င်း၏ Account ထဲရှိ Friends များ၏ Comments များကို သာယာသောသူကလည်း စာရေးဆရာဖြစ်ချင်သည်။ တစ်နေ့ Status တိုတိုထွာ လေး ငါး ပုဒ်ထက် မနည်းတင်၍ အများဖတ်သောအခါ ရယ်မောပျော်ရွှင်ရ၍ Like များများရသော၎င်း၏ Post ကို Share သောအခါတွင်လည်း စာရေးဆရာ ဂုဏ်ပုဒ်ကို လိုချင်သည်။ သုံးလေးကြောင်း ကဗျာ လိုလို စာလိုလို ရေးပြီးလည်း မိမိကိုယ်ကို စာရေးဆရာဟု သတ်မှတ်ချင်သည်။ သူတစ်ပါး၏ ဥာဏဖန်တီးမှု အနုပညာထုတ်ကုန်ဖြစ်သော ကဗျာ၊ ဆောင်းပါးနဲ့ ဝတ္ထုစာတွေ ထုတ်နုတ်ကူးယူပြီး မိမိပိုင် Facebook account တွင်ဖော်ပြနေသူကလည်း စာရေးဆရာဟု ဆိုချင်သည်။ တချို့က ရှိနှင့်ပြီးသား ကလောင်နာမည်တစ်ခုကို ခပ်တည်တည် ယူပြီး ရောယောင်၍ “စာရေးဆရာ”ဟု အမည်ခံချင်သည်။ ဆိုတော့ ယနေ့ “စာရေးဆရာ”ဟူသော ဂုဏ်ပုဒ်သည် လက်သင့်ရာ လှမ်းချူနိုင်သည့် ပန်းပမာ ရှိချေသည်။
​လွန်ခဲ့သော နှစ်နှစ်ခန့် အွန်လိုင်းပေါ်တွင် စာရေးဝါသနာရှင်များနှင့် စာရေးဆရာများအတွက် “မြန်မာမဂ္ဂဇင်း မာတိကာ” ဟုသည့် စာပေဂရုတစ်ခု တည်ထောင်ဖြစ်သည်။ ရည်ရွယ်ချက်က “လစဉ် ထုတ်ဝေသော မြန်မာ မဂ္ဂဇင်းများသို့ မဂ္ဂဇင်းများသို့ လစဉ်စာမူပေးပို့၊ ရေးသားနေကြသော စာရေးဆရာ/ဆရာမများ အတွက် မိမိတို့၏ စာမူများကို မဂ္ဂဇင်းများမှ ပုံနှိပ်ဖော်ပြခြင်းနေခြင်းအား အချိန်နှင့်တပြေးညီသိရှိစေရန် အပြင် စာဖတ်ဝါသနာအိုးများအတွက် မိမိတို့ ကြိုက်နှစ်သက်သည့် မဂ္ဂဇင်းများ၏ မာတိကာတွင် ပါဝင်မည့် ကဗျာ၊ကာတွန်း၊ဆောင်းပါး၊ဝတ္ထုတို၊ ဝတ္ထုရှည်၊ အခန်းဆက်ဝတ္ထုရှည် စသည့် စာပေ လက်ရာများကို ခံစားဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။” ထိုသို့ရည်ရွယ်ရာတွင် စာရေးဝါသနာရှင် ကလောင်သစ်များ အတွက်လည်း စာရေးခြင်းကို အမှန်တကယ်စိတ်ဝင်စားပါက မည်သည့်မဂ္ဂဇင်းတိုက်က မည်သည့်စာမူများကို ရွေးချယ်ဖော်ပါလေ့ရှိသလဲ ဆိုသည်ကိုပါ လေ့လာနိုင်စေရန်လည်း အပါအဝင်ဖြစ်သည်။ ထိုဂရုသို့ Member ပေါင်းများစွာလာ Join ကြသည်။ စာရေးသားခြင်းကိုစိတ်ဝင်စားသည့် လူငယ်များစွာ ရောက်လာကြသည်။ သို့သော် လူငယ်များသည် စိတ်ဝင်စားခြင်း အဆင့်တွင်သာရပ်နေကြပြီး စာရေးသားခြင်းနှင့် ပတ်သက်သည့် ကျင့်ဝတ်နှင့် အခြေခံအသိပင် မရှိကြချေ။ ဥပမာ ကလောင်နာမည်ယူသည့်အခါ ရှောင်ရန်နှင့် စောင်ရန် ကျင့်ဝတ်၊ စာမူပေးပို့သည့်အခါ လိုက်နာအပ်သော ကျင့်ဝတ် နှင့် ရှောင်ရန်အချက်များ၊ စသည်တို့ကို လေ့လည်း မလေ့လာသလို၊ ဆည်းပူးသင့်သည်များလည်း မဆည်းပူးချေ။
(၂)
အများအားဖြင့် စာမူပေးပို့ခြင်းဆိုင်ရာ ကျင့်ဝတ်ကိုပင် မသိကြဘဲ မည်သို့စာရေးကြသနည်း။ အယ်ဒီတာသို့ လိပ်မူ၍ စာမူပေးပို့လျှင်တောင် စာမူခေါင်းစဉ်မပါခြင်း၊ ကလောင်နာမည် မပါခြင်း၊ စာလုံးပေါင်း သတ်ပုံ မစစ်ဆေးခြင်း၊ ဆက်သွယ်ရန်လိပ်စာ မပါခြင်း၊ မဂ္ဂဇင်းတိုက်က သတ်မှတ်ထားသော စည်းကမ်းများကို လျစ်လျူရှုခြင်း၊ မလိုက်နာခြင်း စသည်တို့ဖြင့် စာရေးချင်သည်။ ထို့ပြင် “ပန်းထိမ် မတတ်ခင် ရွှေခိုးသင်” ဆိုသလို မည်သည့် မဂ္ဂဇင်းတိုက်က မည်မျှ စာမူရသည်ကိုသာ ဂရုစိုက်ပြီး စာမူပို့ချင်သည်။ ထိုပြင် သူတပါး ဉာဏစိုက်ထုတ် ဖန်တီးထားသော စာများကို ခပ်တည်တည်ဖြင့် မိမိပင်ကိုယ်ဖန်တီးရေးသားသယောင် ခိုးယူပေးပို့ချင်သည်။ ယုတ်စွအဆုံး မိမိရေးသည့် စာမူအမျိုးအစားကိုပင် မသိဘဲ မည်သည့် မဂ္ဂဇင်းတိုက်က မည်သို့သော စာမူများ ဖော်ပြနေသလဲ ဆိုသည်ကိုပင် မလေ့လာတတ်ကြ။ အချို့က စာမူအပယ်ခံရလွန်း၍ ၎င်းပိုင် Facebook account မှ ထေ့ငေါ့စာများ ရေးတင်သည်။ အယ်ဒီတာကို ငြိုငြင်စိတ်ထားသည်။ ဆိုတော့ ဤသူသည် သည်းခံခြင်းမရှိ၊ ဆည်းပူးခြင်းမရှိ၊ ကျင့်ဝတ်မသိ၊ ရိုသေထိုက်သူကို ရိုသေရမှန်းမသိ၊ “စာရေးဆရာ”ဖြစ်ထိုက်ပါရဲ့လား ဟု မေးစရာရှိသည်။ ထိုသူရေးသားသော စာတို့ကို မည်သူတို့ ဖတ်မည်နည်း။
သို့သော် ယနေ့အချိန်သည် အွန်လိုင်းတွင် နာမည်ရလျှင် အလိုလို “စာရေးဆရာ”ဖြစ်သည်ကို မြင်လာကြရသည်။ မိမိငွေရင်းစိုက်ထုတ်၍ အယ်ဒီတာစားပွဲကို ဖြတ်ကျော်ခြင်းမပြုဘဲ ခပ်တည်တည် စာအုပ်ထုတ် နိုင်သဖြင့် ငွေရှိလျှင် “စာရေးဆရာ”ဖြစ်သည့် ခေတ်ကိုရောက်လာသည်။ မိမိ၏ ကလောင်အမည်ကိုပင် ရေးထုံး အမှန်နှင့်မပေါင်း မရေးတော့ပဲ ဖြစ်သလိုပေးထားသော ကလောင်နာမည်နှင့်၊ ရှေ့ကရှိနှင့်သော နာမည်ရ ကလောင်များ၏ အမည်နှင့် လုံးဝတူညီသော အမည်ကို ယူချင်ယူသူနှင့်၊ ဆင်တူရိုးမှား ပေးချင် ပေးသူနှင့် မိမိ သတ်မှတ်ချင်သလို သတ်မှတ်ထားသော စာမူအမျိုးအစားများကို ခပ်တည်တည် ထုတ်ဝေနေကြပြီ။ ယင်းသို့သော ကိုယ့်ကိုကိုယ် ကလောင်နာမည် တပ်ထားသော သူများ၏ စာများကိုလည်း ဥာဏ်နည်းသော စာဖတ်သူများက အားပေး အားမြောက်ပြုပြီး “အရူးဘုံမြောက်” နေကြသည်။ ဆိုတော့ ယနေ့ “စာရေးဆရာ”ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသူများက “စာရေးဆရာစစ်စစ်”များနှင့် ပခုံးချင်းယှဉ်ကာ “ငါ့ဟဲ့ စာရေးဆရာ”ဟု လက်ခမောင်း ခတ်နေသည်မှာ မဆန်းတော့ချေ။
ယခင် စာမျက်နာများစွာထက်တွင် အယ်ဒီတာစားပွဲကို အကြိမ်ကြိမ်အလီလီဖြတ်သန်း အက္ခရာတင်၍ စာရေးနေကြသူများ၏ နေရာသည် အွန်လိုင်းတစ်ခေတ်တွင် နေရာမရဟုထင်စရာရှိသော်လည်း စာဖတ်သူ စစ်စစ်၏ ရင်တွင် ကျန်ရစ်သော “စာရေးဆရာ”များမှာ ယင်းမိုးကျရွှေကိုယ် “စာရေးသူ”များ မဟုတ်သည်ကတော့ သေချာသည်။ ဆိုရလျှင် ခေတ်သုံးစကားအရ တစ်ရာဖိုး သုံးပုဒ်တန်ရေးနေသူများ၊ စာမပါသော စာအုပ် ထုတ်သူများ၏ စာကို တစ်ခုတ်တရ မည်သူက စာပေဆွေးနွေးပွဲ လုပ်မည်နည်း။ မည်သူက နောင်လာ နောက်သားကို လက်ဆင့်ကမ်း ပြောမည်နည်း။ “အဘတို့တုန်းက ဘယ်သူရဲ့ Statusက ဘာဆိုပြီး စာတစ်တန် ပေတစ်ဖွဲ့” ဆိုမည်နည်း။
အမှန်စင်စစ် မိမိ၏ အရည်အချင်းကို မိမိယုံကြည်လျှင် အယ်ဒီတာစားပွဲကို မှတ်ကျောက်တင် ဖြတ်သန်း ကျော်ဖြတ်ပြီး မိမိစာများ ပုံနှိပ်ဖော်ပြခြင်းဖြင့် “စာရေးဆရာ”ဟူသည် ဂုဏ်ပုဒ်ကို မိမိကိုယ်တိုင် ကြိုးစား ရယူနိုင်သည်။ အယ်ဒီတာဟူသည်မှာ စာတစ်ပုဒ်၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျိုး အပစ်ကိုပါ ထောက်ပြ ဝေဖန်ဆန်းစစ်နိုင်ပြီး စာရေးသူ၏ စေတနာကို စာဖတ်သူတို့ သိသင့် မြင်သင့်သည် မမြင်သင့်သည်ကို အကဲဖြတ်ပေးသူလည်း ဖြစ်သည်။ ထို့နည်းတူ မည်သည့် ဂုဏ်ကိုမဆို အကဲဖြတ်ပေးသူတို့ နေရာတိုင်းတွင် ရှိနှင့်သည်။ စာမေးပွဲဟူသည် ကျောင်းသူ ကျောင်းသားတို့ အမှန်တကယ် စာတတ်မြောက်ခြင်း၊ နားလည်ခြင်း ရှိမရှိကို အကဲဖြတ် အရည်အချင်းစစ်ပေးခြင်း ဖြစ်သည်။ အယ်ဒီတာသည်လည်း စာရေးသူတစ်ယောက် စာရေးသားခြင်းနှင့် ပတ်သက်၍ မည်မျှ အရည်အချင်းရှိသည်ကို အကဲဖြတ် ပေးရသည့် အရေးကြီးသည့် အခန်းကဏ္ဍကို တာဝန်ယူထားသူလည်း ဖြစ်သည်။ အဆိုပါနေရာနှင့် ကိုက်ညီသည့် စာပေဖြတ်သန်းမှု ၊ အရည်အချင်း နှင့် စေတနာ မှန်ကန်သူလည်း ဖြစ်ရသည်။ ထို့ကြောင့် အယ်ဒီတာ့စားပွဲကို ဖြတ်ကျော်လာသော ကလောင်တို့၏ စာများ ပေထက် အက္ခရာတင်ပြီး စာဖတ်သူတို့ အသိအမှတ်ပြုသော “ စာရေးဆရာ”များအဖြစ် ရပ်တည်ရသည်မှာလည်း အင်မတန်ဂုဏ်ရှိသည်။
(၃)
အချုပ်အားဖြင့်ဆိုရသော် မည်သည့်အလုပ်မဆို လွယ်ကူသည်တော့ မဟုတ်။ ထိုမလွယ်ကူသည့်အလုပ် များစွာအနက် “စာရေးဆရာ” ဖြစ်ရန်အတွက် လုပ်ရသည်ဆိုသည်မှာ အမှန်ပင် မလွယ်ပါ။ ပုံနှိပ် မီဒီယာတွင် စာတစ်ပုဒ်အဖြစ်ဖော်ပြရန်မှာလည်း မလွယ်ပါ။ အယ်ဒီတာစားပွဲဖြတ်သန်းခြင်းမရှိသော စာတို့အတွက် လွယ်ကောင်း လွယ်မည်ဆိုသော်လည်း အချိန်ကပင် စကားပြောပါလိမ့်မည်။ ကလောင်တစ်ချောင်း ဖြစ်တည်ရန်မှာ “ရိုသေထိုက်သူကို ရိုသေတတ်ခြင်းနှင့် မိမိသိမြင်သော ကျင့်ဝတ်တို့ကို လွယ်လင့်တကူ လိုက်နာတတ်ရန်လည်း” အရေးကြီးလှသည်။ ထို့ပြင် ဝါသနာပါရန်လည်း အရေးကြီးလှသည်။ ထို့သို့ဆိုရာတွင် ဝါသနာ၏ အဓိပ္ပါယ်ကိုပင် ကွဲကွဲပြားပြားမသိဘဲ စာရေးရန် ဝါသနာပါသည် ဟုဆိုကြကာ “စာရေးဆရာ”ဖြစ်ချင်သည်။
ဝါသနာဆိုသည်မှာ တွေးတောခြင်း၊ ခံစားခြင်း၊ ပြုမူဆောင်ရွက်ခြင်း စသည့်အပြုအမူတစ်ခုခုလုပ်ရန် အကြောင်းကိစ္စအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုး ရှိနိုင်သော်လည်း ယင်းတို့အနက်မှ မိမိနှစ်သက်သဘောကျပြီး စိတ်ပါဝင်စားမှု သာလွန်ကာ မကြာခဏပြုလိုသော၊ ပြုမိသော အကြောင်းကိစ္စ၊ နည်းလမ်းကို ဝါသနာ ဟုခေါ်သည်ဟု မှတ်သားဖူးသည်။ ဆိုတော့ ဝါသနာပါသည်ဟု ပြောရုံမျှနှင့် စာရေးဆရာမဖြစ်နိုင်ပါ။ အဆိုးတကာ အဆိုးဆုံးထဲတွင် မိမိကိုယ်ကို “စာရေးဆရာ”ဟု တလွဲခံယူထားသော အွန်လိုင်းပေါ်မှ စာရေးသူများသည် မိမိကိုယ်ကို အမှန်ကို မသိခြင်းသည် အဆိုးဆုံးဖြစ်သည်။ ဤသည်မှာ မယုံကြည်သင့်ဘဲ ယုံကြည်သည့် ယုံမှားခြင်းဖြစ်သည်။ မိမိစာရေးတတ်ခြင်း မတတ်ခြင်း၊ “စာရေးဆရာဖြစ်ခြင်း မဖြစ်ခြင်း”ကို လူပြိန်း စာဖတ်သူများကြောင့် မှားယွင်းစွာ သိထားခြင်းဖြစ်သည်။ တစ်နည်း “ဒိဌိ”လည်း မည်သည်။
သို့ဆိုရာတွင် စာရေးဆရာဆိုသည်မှာ အဘယ်နည်းဟု မေးစရာရှိသည်။ ဤနေရာတွင် ဆရာဆူးငှက်၏ Facebook Status တွင်ဖော်ပြထားသော လူထုဒေါ်အမာ၏ သဘောကို နှစ်သက်၍ ဖော်ပြချင်ပါသည်။ ၎င်းတို့မှာ
(၁)စာပေကို လက်ရှိအချိန်အထိ (ကျန်းမာရေး ကောင်းသည်အထိ) တစိုက်မတ်မတ် ရေးသားခြင်း။
(၂)ရေးသားသော စာပေများကို တရားဝင် ပုံနှိပ်ဖော်ပြ ထုတ်ဝေခြင်း။
(၃)တိုင်းပြည်နှင့် တိုင်းရင်းသားလူမျိုး ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားကာ လူမှုရေး ကျင့်ဝတ်များနှင့် လျော်ညီစွာ ကျင့်ကြံနေထိုင်ခြင်း။

(၄)ရေးသားသည့် စာပေများသည် မတရားဖိနှိပ်ချုပ်ချယ်သူများကို ကာကွယ်ပေးခြင်း မဖြစ်ရဘဲ ပြည်သူလူထု၏ စစ်မှန်သော အကျိုးစီးပွားအတွက် တစိုက်မတ်မတ် ရပ်တည်ရေးသားခြင်း။ တို့ပင်ဖြစ်သည်။
ထို့ပြင် စာရေးသူသည် စာရေးရာတွင် “စေတနာမှန်ရန်”လည်း အရေးကြီးလှပေသည်။
​ဆိုရလျှင် ယခုစာရေးသူကိုယ်တိုင်ပင်လျှင် “စာရေးဆရာ”ဟု မခံယူဝံ့သေးပါ။ “စာရေးသူ”ဟူ၍ပင် လက်ခံထားပြီး “စာရေးဆရာ”ဖြစ်ရန်အတွက် ကြိုးစားနေရဆဲဖြစ်သည်။ “စာရေးဆရာဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် စာရေးဆရာဟု ခံယူထိုက်ခြင်း မထိုက်ခြင်း”ကို ကိုယ်တိုင် သတ်မှတ်ခြင်းထက် ပညာရှင်နှင့် စာဖတ်သူတို့က အပ်နှင်းသည့် ဂုဏ်တစ်ခုကို လိပ်ပြာသန့်သန့် ရယူစေချင်လှပါသည်။

မေတ္တာဖြင့်
သော်ဇင်(လွိုင်ကော်)
ကိုးကား။။ဆရာဆူးငှကျ၏ FB status

မြဝတီစာပေတိုက် Page တွင်လည်းဖတ်ရှုနိုင်ပါတယ်။👉https://www.facebook.com/298526667383879/posts/766984757204732/?extid=Fqf3hFh1VURLmQT7&d=n

21/07/2020

ခေတ်ပြိုင်ခံစားမှုနှင့် စာရေးဆရာ
===================
ကယားတိုင်းမ်ဂျာနယ်၊ ဇူလိုင်၊၂၀၂၀
စာရေးသူတို့နယ်ပယ်တွင် ခေတ်ပြိုင်ခံစားမှုဟူသော စကားစု ဒီဘက်နှစ်တွေထဲတွင် ခေတ်စားလှသည်။ ထို့အတူ တင်ပြမှုပုံစံသစ် ဆိုသည့်စကားလုံးကိုလည်း စာရေးသူတို့ အထူးစိတ်ဝင်စားနေကြသည်။ အဘယ့်ကြောင့်နည်း။ အရင်းစစ်တော့ ထိုထိုသော ခေတ်ပြိုင်ခံစားမှုနှင့် တင်ပြမှုပုံစံသစ်ပေါင်းစပ်ပါမှ စာဖတ်သူတို့စိတ်ဝင်စားမှုရနိုင်မည်ဟု ယူဆနေကြသည်က တစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း နှစ်စဉ် ချီးမြှင့်ပေးကြသည့် စာပေဆုများကလည်း ထိုသို့အကြောင်းနှစ်ချက်နှင့်ပြည့်စုံသော စာမူများကို ဆုပေးလေ့ပေးထရှိသည်ဟု ထင်မြင်ယူဆသည်က တစ်ကြောင်း အကြောင်းနှစ်ချက်ရှိ၏။ သို့သော် ထိုအချက်နှစ်ချက်သည် စာပေဆုနှင့် ထိုက်တန်သော သို့မဟုတ် စာဖတ်သူတို့ နှစ်ခြိုက်စေသော အကြောင်းနှစ်ချက် မဖြစ်တန်ရာ။ ထို့အတူ စာရေးသူတို့ ရေးသားထုဆစ်သည့်နေရာတွင်လည်း တမင်ရည်ရွယ်၍ ရေးသားခြင်း ပြုခဲ့ကြမည် မဟုတ်ပေ။
(၁)
စာရေးသူများ သို့မဟုတ် စာရေးဆရာများသည် ထိလွယ်ရှလွယ်သော စိတ်နှလုံးတို့ဖြင့် အမြဲတစေ ခေတ်ကိုရှုမြင်ခံစားနိုင်ကြသည်။ ထို့အပြင် လူ့ပတ်ဝန်းကျင်အတွင်း နေ့စဉ်ဖြစ် ပျက်နေတတ်သော အကြောင်းကြီးငယ်မှ စ၍ စိတ်ကို ဆင့်ပွားခံစားသက်ဝင်နိုင်စွမ်း ကိုယ်စီရှိကြသည်။ ထိုသည်က စာရေးသူတို့ရေးသော ဝတ္ထု၊ ကဗျာတို့မဖြစ်တည်မီ ကုန်ကြမ်းဟူသော အဆင့်ကို ဖြစ်ပေါ်စေသည်။ ထိုမှတဆင့် ခံစားချက်အနုအရင့်ကိုလိုက်၍ ဝတ္ထုတစ်ပုဒ်ကို ဖြစ်တည်စေမည်။ ကဗျာတစ်ပုဒ် ဖြစ်တည်စေမည်။ ထိုအထဲမှာမှ လတ်တလော ဖြစ်ပျက်သည့် လူတို့၏ အမူအကျင့်နှင့် အချိန်ကာလကိုလိုက်၍ ခံစားသက်ဝင်ရေးသားသော စာကို ခေတ်ပြိုင်ခံစားမှုပါသည်ဟု သတ်မှတ်နေကြ ခြင်းဖြစ်သည်။ သို့သော် ခေတ်ပြိုင်ခံစားမှုပါ ပါစေတော့ဟူသည့် စိတ်ဖြင့် စာရေးသူတို့ ဝတ္ထုတစ်ပုဒ်၊ ကဗျာ တစ်ပုဒ်ကို ဖန်တီးခဲ့ကြမည် မဟုတ်ပေ။ ထိလွယ် ရှလွယ်သော စာရေးသူတို့၏ စိတ်နှလုံးကို ကိုင်လှုပ်နိုင်သည် ခံစားချက်တို့၏ ပြင်းရှမှုကြောင့် ဖြစ်တည်လာရသော စာပေအသီးအပွင့်တွေသာဖြစ်သည်။ ဆိုလိုသည်က တမင်တကာရည်ရွယ်၍ ခေတ်ပြိုင်ခံစားမှုပါအောင် မည်သူမျှ မရေးကြပေ။
စာရေးသူတို့က ရေးသည်။ ပို့သည်။ အယ်ဒီတာတို့က ဖတ်သည်။ ဖော်ပြကြသည်။ စာဖတ်သူတို့ကသာ ထိုဝတ္ထုသည် ခေတ်ကို ဖော်ညွှန်းသည်၊ မည်သည့်အကြောင်းအရာကို မီးမောင်းထိုးပြသွားသည်၊ မည်သူ့ကို သရော်သည် စဖြင့် ဝေဖန်ထင်မြင်ချက်ပေးခဲ့ကြခြင်းဖြစ်သည်။ အချို့သော စာရေးသူတို့ကတော့ နဂိုကတည်းက ရည်ရွယ်ချက်ရှိသည်။ အစဉ်တစ်စိုက် ခေတ်ကို အပြုသဘောသက်သက်ဖြင့် ထည့်သွင်းရေးသားတတ်ကြသည်။ သို့သော် စာရေးသူကိုယ်တိုင် ထိထိရှရှ မခံစားခဲ့ရလျှင် ထိုစာသည် အရောင်တောက်ချင်မှ တောက်ပေလိမ့်မည်။
ဝတ္ထုတစ်ပုဒ် ခေတ်ပြိုင်ခံစားမှုပါသည် မပါသည်ကိုပြောဖို့ရာ အချိန်ကာလလိုသည်။ အဘယ့်ကြောင့် အချိန်ကာလလိုသနည်းဆိုလျှင် စာရေးသူတို့ရေးသားပေးပို့သော ဝတ္ထုတိုများကို ၎င်းတို့ရေးသားခဲ့သည့် နှစ်အတွင်းမှာ ဖော်ပြနိုင်ခဲ့ပါမှ ဝတ္ထုပါအကြောင်းအရာကိုလိုက်၍ ခွဲခြားနိုင်မည်ဟု ယူဆနိုင်သည်။ ဥပမာ ၂၀၁၁ ခုနှစ်က ရေးသားပေးပို့ခဲ့သည့် ဝတ္ထုတိုတစ်ပုဒ်ကို ၂၀၁၃ ခုနှစ်မှ ဖော်ပြနိုင်ခဲ့သည်ဆိုလျှင် ထိုဝတ္ထုကိုရေးသားခဲ့သော စာရေးသူ၏ ရည်ရွယ်ချက်နှင့် ဆိုလိုရင်းကို ယနေ့ခေတ်နှင့်နှိုင်းဆပြီး ခေတ်ပြိုင်ခံစားမှုပါသည်ဟု ပြော၍မရတော့ချေ။ ၎င်း စာရေးသူ ဦးတည်ရေးသားခဲ့သည့်အကြောင်းအရာသည် ၂၀၁၁ခုနှစ်အတွင်း ဖြစ်ပျက်သွားခဲ့သော နိုင်ငံရေးကိုသော်လည်းကောင်း၊ လူထုလှုပ်ရှားမှုကိုသော်လည်းကောင်း၊ ကြီးနိုင်ငယ်ညှင်းအမှုကိုသော်လည်းကောင်း ယနေ့ခေတ်နှင့်နှိုင်းဆပြီး ခံစား၍ မကောင်းတော့ချေ။ စာရေးသူကလည်း ၎င်းခံစားရသည့်အတိုင်းရေးခဲ့ခြင်းသာဖြစ်ပြီး ခေတ်ကို ထည့်သွင်းရေးသားခဲ့ခြင်း ရှိမရှိဆိုသည်ကို မည်သူမှလည်း မသိနိုင်ပေ။ ဆိုလိုသည်က သတ်မှတ်သူတို့ကသာ စာတစ်ပုဒ်၏ ဂုဏ်အင်္ဂါကို အကဲဖြတ်ခြင်းဖြစ်နေနိုင်သည်။ အချို့သော ဝတ္ထုများသည် မည်သည့် ခေတ်ပြိုင်ခံစားမှုမှမပါသော်လည်း ရသမြောက်ပြီး စာဖတ်သူများကို တသသဖြစ်စေသည်။ စွဲလန်းစေသည်။ ခေတ်ပြိုင်ခံစားမှုပါမှ ထိုစာကောင်းသည် ဟူသည့် အယူအစွဲကို လှေနံဓါးထစ် မမှတ်တန်ရာ။ ခေတ်သည် ရွေ့နေသည်။ စာရေးသူတို့သည် လူဖြစ်သည်အလျောက် ခေတ်နှင့်လိုက်ရွေ့ရသည်။ ထိုသို့ရွေ့နေစဉ် ဖြစ်ပျက်သမျှ ဖြစ်စဉ်တွေကို မှတ်သား ခံစားနေကြပြီး မိမိတို့စိတ်နှင့် ထိရှသမျှကိုသာ ရေးဖွဲ့နေကြခြင်းဖြစ်သည်။
(၂)
လူ့အဖွဲ့အစည်းအတွင်း အသစ်အသစ်တွေကို ဆာလောင်မွတ်သိပ်လေ့ရှိသည့် နည်းတူ ရုပ်ဝတ္တုတွေအပြင် စိတ်နှလုံးညွှတ်နူးဖွယ်ရာ ရသစာပေ အမျိုးအစားတွေအပေါ်မှာပါ တီထွင်နိုင်ပါမှ ၊ ဆန်းသစ်နိုင်ပါမှ စာဖတ်သူ အကြိုက်တွေ့နိုင်သည် စသဖြင့် ယူဆချက်တွေရှိလာနေသည်။ ထို့ကြောင့် သမရိုးကျ ရေးသားတင်ဆက်ထားသော ဝတ္ထုတွေကို လူကြိုက်နည်းသည်ဟု ထင်မြင်ချက်များလည်းရှိလာသည်။ ဝတ္ထုရေးဆရာတစ်ယောက်၏ စာမူသည် သာမာန် အတွေးအခေါ်တို့ကို ကျော်လွန်၍ ယခင် ဝတ္ထုတိုများထဲမှ ဖောက်ထွက်နိုင်မှသာလျှင် စာဖတ်သူအကြိုက်တွေ့နိုင်သည်ဟု ထင်မြင်လာနေကြသည်။ ဆိုတော့ စာရေးသူတို့ဘက်မှာ ဝတ္တုတစ်ပုဒ်ရေးမည်ဟု စဉ်းစားလိုက်သည်နှင့် မိမိရေးသည့် ဝတ္ထုသည် ဆန်းသစ်မှ၊ အတွေးကောင်းမှ၊ Message တစ်ခုခုပေးနိုင်မှ ဟူသော အချက်တွေကို ထည့်သွင်း စဉ်းစား လာရတော့သည်။ အမှန်တကယ်တမ်းတော့ ထိုသို့စဉ်းစားနေခြင်းသည် အလုပ်တွင်သည်တော့မဟုတ်ပေ။ ဆိုကြပါစို့ တမင်ရေးသည့်စာနှင့် မရေးသည့်စာ တို့တွင် မည်သည့်ဖန်တီးမှုသည် စာရေးသူကို ပိုမို လွတ်လပ်စေမည်နည်းဟု စဉ်းစားသည့်အခါ ဘာအချက် ညာအချက်ပါရမည်၊ ဘယ်လိုဘယ်ညာ တင်ပြမည် စသဖြင့် စဉ်းစားနေရမှုက လွတ်လပ်မှုကို ချုပ်တီးသလိုဖြစ်နေသည်ဟု မြင်လာရသည်။ သည်အခါ ဝတ္ထုတိုသည် လွတ်လပ်စွာ ဖန်တီးဆင်ယင်ခြင်း၏ အောက်တွင်မရှိတော့ပေ။ ပေတံဖြင့် တိုင်းတာခြင်း ခံနေရသည့် ပမာရှိလာသည်။
စာရေးသူက လွတ်လပ်စွာဖန်တီးခွင့်ရှိနေမှသာလျှင် စာတစ်ပုဒ်လောက်လောက်လားလားဖြစ်တည်နိုင်မည်။ စာတစ်ပုဒ်ဖန်တီးဖို့ သို့မဟုတ် ထည့်သွင်းဖို့ဆိုသည့်အချက်တွေကိုစဉ်းစားလိုက်လျှင် စာခမ်းသွားနိုင်သည်။ များသောအားဖြင့် စာရေးဆရာများသည် ၎င်းတို့ရေးသားခဲ့ကြသော ဝတ္ထု၊ ကဗျာ စသည်တို့ကို လွတ်လပ်စွာ ဖန်တီး ခဲ့ကြမည်သာ။ ဘယ်ပုံစံရေးလျှင် ဘယ်သူအကြိုက်တွေနိုင်သည်စသဖြင့် အချို့သော ဆရာ၊ ဆရာမများ ရေးကောင်း ရေးခဲ့ကြမည်မှာမှန်သော်လည်း ၎င်း ဆရာ ဆရာမတို့သည် ကြာရှည်စွာ ထိုသို့ရေးနိုင်မည် မထင်ချေ။
အနုပညာသည် ချုပ်တီး၍မရနိုင်ကောင်းသော ပညာရပ်ဖြစ်သည်။ တင်းကြပ်ခြင်းခံရလျှင် အနုပညာကို မဖန်တီးနိုင်။ ထို့ပြင် မည်သည့်ပေတံနှင့်မျှ တိုင်းတာ၍မရနိုင်ကောင်းပေ။ အနုပညာဟူသည်က လွတ်လပ်ခြင်း၊ အရောင်အဆင်းကင်းမဲ့ခြင်း သဘောကိုဆောင်သည်။
ထို့နည်းတူ စာရေးဆရာများ၏ ဝတ္ထု ၊ကဗျာ များသည် လွတ်လပ်စွာ တွေးတော ခြင်းဖြင့် မိမိတို့ ရင်တွင်းဖြစ်တည်နေသော ဝေဒနာများကိုဖြစ်စေ၊ မုဒိတာတရားကိုဖြစ်စေ ထုတ်ဖော်ရေးသားကြမှသာ ကျေနပ်နှစ်သိမ့်မှုကို ရရှိနိုင်ကြမည်ဖြစ်သည်။ သို့မဟုတ်ဘဲ သတ်မှတ်ပြဌာန်းထားသော ပေတံများ၏ အဆင့်ကို မမီ မီအောင် ရေးသားထုဆစ်ကြမည်ဆိုပါလျှင် ယနေ့ သတ်မှတ်နေကြသော ခေတ်ပြိုင်ခံစားမှုပါခြင်းမပါခြင်း နှင့် တင်ပြပုံဆန်းသစ်မှု ပါခြင်းမပါခြင်းဆိုသည်ကို မည်သည့် ဝတ္ထု ၊ ကဗျာ မျိုးတွင်မှ တွေ့ရလိမ့်မည် မဟုတ်ချေ။
လွတ်လပ်စွာ ဖန်တီးဆင်ယင်ခွင့်နှင့် တွေးခေါ်ခွင့်တို့ကို သတ်မှတ်ချက် ပေတံများဖြင့် အတိုင်းခံလိုက်ပြီဆိုပါက သို့တည်းမဟုတ် မိမိကိုယ်တိုင်က လိုက်လံတိုင်းတာနေမိပြီဆိုပါက ဘယ်တော့ခါမှ စစ်မှန်သော၊ ရသမြောက်သော စာပေလက်ရာမွန်များကို ဖန်တီးရေးသားနိုင်တော့မည် မဟုတ်ပါချေ။
သော်ဇင်၊လွိုင်ကော်၊

06/06/2020

အသံထွက်ဝတ္ထု

Travel Blogger သီဟလုလင် ဖတ်ကြားတင်ဆက်ပေးထားတဲ့ Look Magazine မှာ ဖော်ပြပါရှိခဲ့တဲဲ့ ကျွန်တော်ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထုလေးတစ်ပုဒ်ကို နားထောင်လို့ရပါပြီ။

ဒီဝတ္ထုဟာ သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြူစင်တဲ့ သံယောဇဉ်ကို အခြေပြုပြီး စိတ်ဆန္ဒအလိုလိုက်မှု နောက်ကွယ်က ဖြစ်တတ်တဲ့သဘောလေးတစ်ခုကို တွေ့ခဲ့ကြုံခဲ့ ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ စိတ်ကူးဖန်တီးရေးဖွဲ့ခဲ့တာပါ။

ဝတ္ထုအမည်ကတော့ "အနက်ရောင်ဘဝတစ်ခုရဲ့ အခန်းတစ်"ပါ။

ခံစားဖတ်ရှုပေးတဲ့ ကိုThiha Lu Lin ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ကြည်နူးစွာ ပြောချင်ပါတယ်။ နောက်ခံ Music နဲ့ ဖတ်ကြားတင်ဆက်ဟန် တကယ့်ကိုကြိုက်ပါတယ်။ 💕

ခံစားနားဆင်ပေးကြပါဦး။

🎧နားဆင်ရန် Link ; https://www.facebook.com/1609616069334904/posts/2310170629279441/?vh=e&d=n

အားနာ ပါးနာ=========Look Magazine, မတ်လ၊ ၂၀၁၅သူတို့မို့အားမနာတယ်ဗျ။တစ်ကြောင်း တစ်ကြောင်းဆွဲရတာ လွယ်တယ်မှတ်လို့။အသွားအပြန...
29/05/2020

အားနာ ပါးနာ
=========
Look Magazine, မတ်လ၊ ၂၀၁၅

သူတို့မို့အားမနာတယ်ဗျ။တစ်ကြောင်း တစ်ကြောင်းဆွဲရတာ လွယ်တယ်မှတ်လို့။အသွားအပြန်တွေကို ရေကြည့်ရင်လက်ဆယ်ချောင်း ပြည့်တော့မတတ်ပဲ။ ခုချိန်မှာ အဟက်အဟက်လို့တောင်မရယ်နိုင်ပါဘူး။ ဟန်ဆောင်ပြုံးရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူးဆိုတာ မှန်တယ်။ပြောကြမှာပေါ့။ ပြုံးရတာများ ဘာဖြစ်သွားမှာမှတ်လို့ဆိုပြီ။ ဒီလိုဆို ခင်ဗျားတို့ပဲ တစ်နေကုန်တွေ့တဲ့လူတိုင်းကိုပြုံးပြကြည့်စမ်းပါ။ ကျွန်တော်က အပြောမဟုတ်ဘူး။ ပြီးတော့စိတ်မပါလက်မပါပြုံးနေရတော့ပိုပင်ပန်းတယ်။ဒီကြားထဲ ကျွန်တော်က သိပ်အားနာတတ်တော့ ကျွန်တော်ထည်လဲသုံးနေတတ်တဲ့ရပါတယ်ဗျာ ဆိုတဲ့စကားနဲ့ကိုယ့်ရှူးကိုယ်ပတ်နေတာဗျ။ဒီကြားထဲ သူတို့က အမေးအမြန်းထူတဲ့အခါမှာ ကျွန်တော့်မှာ မဖြေချင့်ဖြေချင်နဲ့ဖြေနေရတာလောက်စိတ်ပျက်မိတာ ပြောမကုန်လောက်ဘူး။ ခုကြည့်ပါဦး။
သူတို့မို့အားနာ ပါးနာမရှိတယ်ဗျာ။
(၁)
လောပိတဘက်ဆိုတော့ အတက်အဆင်းတွေချည်းပဲ။ ကျွန်တော့်မှာ လမ်းကြောကို ဂရုတစိုက်မောင်းနေရတဲ့အထဲ နောက်ဘက်က သူတို့တွေကလည်း မေးခွန်းတွေချည်း ဇွတ်မေးနေတယ်။ပြောကြပါလား။ အချင်းချင်း။ ခုတော့အချင်းချင်းအပြင် သူတို့စကားဝိုင်းထဲ ကျွန်တော့်ကိုပါဆွဲထည့်လို့ဒါက ဘာရွာတွေလဲ၊ ဟိုတောင်က ဘာတောင်လဲ၊ ဟိုစိုက်ခင်းက ဘာစိုက်ခင်းလဲ စတဲ့မေးခွန်းတွေကို အားမနာလျှာမကျိုး မေးတယ်။ ကျွန်တော့်မှာလည်း သူတို့တွေက ဧည့်သည်တွေဆိုပြီးတော့ဖြေပေးတယ်။တကယ်က ဘာမှထူးဆန်းတာမဟုတ်ဘူး။ ရွာတွေကလည်း ထူးခြားတာမပါဘူး။ တောင်တွေကလည်း မထူးခြားဘူး။ စိုက်ခင်းဆိုပိုဆို။ သူတကာနယ်တွေလိုပဲ ရာသီပေါ်သီးနှံတွေစိုက်ကြတာပဲ။ ခုချိန်က ပြောင်းပင်တွေတောင်ခြောက်သယောင်းလို့နေပြီ။
“မင်းတို့မြို့ကိုတော့ ကြိုက်သွားပြီ မောင်ရင်ရေ“
“ဟုတ်ကဲ့ဘာလို့လဲ ဦးကြီးရ“
“ဘာလို့ရမလဲ မောင်ရင်ရဲ့ မြို့ကလူဦးရေကလည်းနည်းသေးတော့မျက်စိရှင်းနားရှင်းတယ်။ဆိုင်ကယ်မရှုပ်၊ကားမရှုပ်တာကိုသဘောကျတာ။ ရာသီဥတုကလည်း တောင်ကြီးလိုလို ပြင်ဦးလွင်လိုလိုနဲ့နေလို့ကောင်းတယ်။ ဦးကြီးတော့အသက်ကြီးလာရင်ဒီမှာလာနေမှထင်တယ်။“
နေပေါ့ဦးကြီးရာလို့ ကျွန်တော်မပြောဖြစ်ဘူး။ အဲဒီဦးကြီးဆိုသူက သိပ်စကားများတာ။ ခုတောင်သူ့စကားကို မထောက်မဖြစ်ထောက်လိုက်ပေမယ့်ခုပဲ စကားစကရှည်နေပြီ။
“မီးကလည်း နှစ်ဆယ့်လေးနာရီရ“
အဲဒီစကားကိုကြားတော့ ကျွန်တော်ပြုံးမိတယ်။
“ရေကလည်း ပေါ။ရာသီထွက်သီးနှံတွေကလည်း ပေါဆိုတော့အဆင်ပြေတယ်ကွဒါနဲ့ရောက်တော့မလား လောပိတ ရေအားလျှပ်စစ်စက်ရုံဆိုတာက၊ ဟင်မောင်ရင်“
(၂)
လောပိတရေအား လျှပ်စစ်စက်ရုံက ပြန်တက်တော့ ကျွန်တော့်ဆိုင်ကယ်က တော်တော်ရုန်းလိုက်ရတယ်။လောပိတရှမ်းရွာကို ရောက်တော့ခဏနား။ ဆီပြန်ဖြည့်။သူတို့တွေကလည်း လမ်းဘေးမုန့်ဆိုင်လေးမှာ အအေးဝယ်သောက်ကြတယ်။ ကျွန်တော်က သူတို့နဲ့ခပ်လှမ်းလှမ်းမှာနေပြီး ဆေးလိပ်သောက်ချင်လာလို့ရူဘီတစ်လိပ်ထုတ်ပြီး ဖွာတယ်။
“မီးခြစ်ပါလား မောင်ရင်“
“ဟုတ်ကဲ့ပါပါတယ်။ “
လာပြန်ပြီ။ ခပ်ခွာခွာနေချင်တယ်ဆိုမှအဲဒီဦးကြီးက ကျွန်တော့်အနားကိုရောက်လာသေးတယ်။မီးခြစ်ခြစ်ပြီး မီးတို့ပြီးတော့ ကျွန်တော့်ကိုဆက်ပြောတယ်။
“မောင်ရင်တို့ ပြည်နယ်က ဟိုတုန်းက တော်တော်လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆို“
“ခုလည်းမကောင်းသေးပါဘူး ဦးကြီး“
“မဆိုးပါဘူးကွ။ဈေးရှိတယ်။လေယာဉ်ကွင်းရှိတယ်။ရထားဘူတာရှိတယ်။ကားဂိတ်ရှိတယ်။ ပြီးပြီပေါ့။ဒါနဲ့ပလပ်စတစ်အမှိုက်တွေသိပ်မတွေ့ရဘူးနော်။ဒါတော့ဦးကြီးပိုကြိုက်တယ်။“
“လူနေလည်းကျဲတာကိုးဗျ။ မြို့ပေါ်ရပ်ကွက်က အိမ်တွေတောင်ကျဲသေးတာ။ အမှိုက်နည်းတာလည်းမပြောနဲ့လေ ဦးကြီးရ။ “
“ပိုသဘောကျတာက လျှပ်စစ်မီး နှစ်ဆယ့်လေးနာရီရတာ“
ကျွန်တော်စကားထောက်ပေးလိုက်ပြန်တော့အဲဒီဦးကြီးက ထက်ပြီး စောစောက မီးတစ်နေကုန်ရတာကိုပြောပြန်တယ်။ဒါကတော့ ကျွန်တော်တို့ မြို့ကလေးကိုလာတိုင်း လောပိတရေအားလျှပ်စစ်ကြီးရှိနေတာကိုကြည့်ပြီး မီးအချိန်ပြည့်ရတာကို ချီးကျူးမဆုံး။ အားကျမဆုံး ပြောနေကြစကားပါပဲ။ ဧည့်သည်တွေက အပေါ်ယံကြောလောက်ပဲသိပြီး ကျွန်တော့်တို့ မြို့ကလေးမှာ နေရတဲ့အခိုက်အတန့်လေးမှာပဲ မြင်တွေ့ရတော့ဒီလိုပဲပြောကြတာပါ။ ကျွန်တော်တို့ကလည်း တကူးတက ပြန်မဖြေရှင်းပါဘူး။ ဒါပေမယ့်ခုဦးကြီးကိုတော့ ကျွန်တော်ပြောပြမိတော့မယ်။
“သိပ်ပြီးလည်းသဘောကျမနေနဲ့ဦးကြီးရ။“
“ဘာဖြစ်လို့တုန်းမောင်ရင်ရဲ့“
“ဦးကြီးက မြို့ပေါ်ပဲနေတာကိုဗျ။ ကျွန်တော်တို့ကယားပြည်နယ်တစ်ခုလုံး မီးမရသေးတာ ရွာပေါင်း ငါးရာကျော်ရှိ နေသေးတယ်ဗျ။ဒါဘာထူးသေးတုန်း။ ဟိုတုန်းက ခုလောပိတဓါတ်အားလိုင်းဆွဲထားတဲ့လမ်းတလျှောက်က ရွာတွေတောင်ခုမီးရတာမကြာသေးဘူး။ ဦးကြီးက ကံကောင်းတယ်ထင်မယ်။ကံက သူ့ဖာသာ သူကောင်းတာ မဟုတ်ဘူးဗျ။လက်ညိုးညွှန်ပြီး ဟိုနေရာပေး ဒီနေရာပေးဆိုမှရတာ“ ဒီတော့အဲဒီဦးကြီးက ပါးစပ်ကလေးပိတ်လို့။
(၃)
ခုလည်း တောင်ကွဲတက်မယ်ဆိုတော့ရောက်ရပြန်တယ်။ ကျွန်တော့်စိတ်တောင်တော်တော်မောလာတယ်။လွိုင်ကော်ကို ရောက်တုန်းရောက်ခိုက်လေး အထင်ကရ တောင်ကွဲစေတီကြီးကို မော်ဖူးချင်ပါတယ်တဲ့။ပို့တာပေါ့။တစ်နေကုန်အော်ဒါမိထားတယ်ဆိုတဲ့ အတွေးနဲ့။ ကျွန်တော့်အဖေကလည်း
“သားရာ ဖေဖေ့အုံနာတွေရဲ့ဧည့်သည်တွေဆိုတော့ဖေဖေ့ဧည့်သည်လိုပဲသဘောထားပို့ပေးလိုက်ပါ။“တဲ့။ပြောတော့လွယ်တယ်။မနေ့တုန်းကလည်း လောပိတကအပြန်သုံးဘီးခပေးရဦးမယ်ပေးရဦးမယ်နဲ့ဘယ်သူမှပိုက်ဆံ ထုတ်မလာဘူး။ ထုတ်နိုးနိုးနဲ့ စောင့်နေတာလည်း မထုတ်ကြဘူး။ လူက စုစုပေါင်းဆယ်ယောက်။ဒီကြားထဲ ကလေး သုံးယောက်ပါလိုက်သေး။ ထားပါသိပ်မကြီးသေးတော့ ဝန်တစ်ခုလိုမလေးပါဘူး။ဖေဖေ့အုံနာအိမ်ကိုပို့ပြီးပြန်တော့မယ်လုပ်မှအုံနာက
“သုံးဘီးခ ဘယ်လောက်ကျလဲ ကွ“ ဆိုပြီးမေးတယ်။ဖေဖေ့အုံနာဆိုတော့ပြောရမှာအားနာတာနဲ့ပဲ
“ကြည့်ပေးပါအန်ကယ်လ်။ “
“အော်အေး ရော့ကွာ ငါးထောင်“
“ဗျာ ..သြော်ဟုတ်ကဲ့ “
ကျွန်တော့်လက်ထဲ ဆင်တစ်ကောင်တည်းရောက်လာတယ်။ ကျွန်တော့်ကိုကြည့်ပြီးမေးသေးတယ်။
“နည်းသလားကွ။နောက်နေ့မှပိုပေးမယ်ကွာ ။ ဟုတ်ပလား။ မင်းအဖေကိုလည်းပြောလိုက်ဦး.။ မနက်ဖြန်အန်ကယ်လ်ပစ္စည်းပို့စရာရှိတယ်လို့“
ပြောပြီးသာနဲ့ ချက်ချင်းအိမ်ထဲဝင်သွားတယ်။လောပိတနဲ့လွိုင်ကော်အသွားအပြန်အပြင် မြို့ထဲ တစ်ပတ်လောက်ပတ်ပေးတာ ဆင်တစ်ကောင်တဲ့။ဧည့်သည်တွေကလည်း မေးဟယ် မြန်းဟယ်မရှိပဲ အလျှိုလျှို အိမ်ထဲဝင်ကုန်ကြတော့ ကျွန်တော့်မှာ တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော့် ပြန်ဆဲတယ်။
“မင်းအဲလောက်အားနာရလား“လို့။
ဒီနေ့တော့အားနာလို့မဖြစ်ဘူး။ သုံးဘီးက အကြွေးကျေသေးတာမဟုတ်ဘူး။ လူရင်းတွေမို့သာ အကြွေးတစ်ဝက်ချေ၊ တစ်ဝက်ဆိုင်းပေးထားတာ။ ဒီကြားထဲ မိန်းမက ဘယ်တော့မွေးမလဲဆိုတာရှိသေးတယ်။ကျွန်တော်လှေကားထစ်တွေ တစ်ထစ်ချင်းဆီ တက်လာရင်း စိတ်ထဲမှာတွက်ချက်နေရတယ်။ပေးရမှာရယ်။ကုန်ရမှာရယ်နဲ့တောင်ကွဲစေတီမှာ ရင်ဘတ်ကြီးဟက်တက်ကွဲသလို အမောဆို့လာတယ်။သူတို့ကတော့ရှေ့ကနေ လှလိုက်တာ။ မြို့အပေါ်စီးက ကြည့်ကောင်းလိုက်တာ။ လယ်ကွင်းတွေမှအများကြီးပဲ။ စိမ်းစိုနေတာပဲနဲ့။အင်းလေ ဧည့်သည်နဲ့အိမ်ရှင်ဘယ်အတွေး တူပါ့မလဲ။ အလည်လာသူကအလည်လာသလို စိတ်ကိုပေါ့ပေါ့လေးတွေးထားတယ်။အိမ်ရှင်က အိမ်ရှင်လို ပူရပန်ရသေးတယ်ဆိုတာ ရှိတယ်မလား။
(၄)
မြို့နာမ်စေတီလည်းပို့ပြီးပြီ။ နောင်ယားကန်လည်းပို့ပြီးပြီ။ ညနေလည်းဆောင်းပြီ။ ဒါတောင်လွိုင်ကော်နည်းပညာတက္ကသိုလ်နောက်ကျောက မြကလပ်စေတီနဲ့ နေစက်လစက်ဘုရားကိုတောင် ကျွန်တော် ဝင်ပို့ရသေးတယ်။လမ်းမှာဆီပြတ်လို့ဆီနှစ်ပုလင်း လောက်ထည့်ရသေးတယ်။နေစက်လစက်ဘက်ရောက်တော့အပြန်မှာ ရွှေလက်ဝါးတောင်ဘက် လမ်းကဖြတ်ပြန်ခဲ့တယ်။လမ်းကြမ်းလို့သုံးဘီးမှာ လူးလူးလိမ့်လိမ့်။အဲဒီလမ်းမှာ ပလပ်စတစ်အမိုက်ပုံတွေကိုတွေ့တော့ဟိုဦးကြီးက ဘာမှမပြောဘူး။ အနံ့ဆိုးတွေကလည်း ဖြတ်သွားဖြတ်လာလေနဲ့မို့ ရှုူရှိုက်လိုက်ရသေးတယ်။
မြို့ထဲမှာ ဟင်းထုပ်ဆိုင်ပို့။ ကယားလုံချည်တွေဝယ်ချင်တယ်ဆိုတော့လိုက်ပို့။ ဝယ်သလားဆိုတော့လည်းတောင်ရွေးမြောက်ရွေးနဲ့တစ်နာရီလောက် စောင့်ရတာပဲအဖတ်တင်တယ်။ဆိုင်က အအေးဗူးတစ်ဗူးလာတိုက်တယ်။မိတ်ခေါ်တဲ့သဘော။ သူ့ဆိုင်ကိုခေါ်လာပေးလို့တိုက်တာ။ သူတို့အဖွဲ့ပြန်ထွက်လာတော့တစ်ယောက်မှဘာမှ မဝယ်လာကြဘူး။
“အကြိုက်မတွေ့ဘူး“ဆိုတဲ့စကားနဲ့သုးံဘီးပေါ်တက်လာကြတော့ ကျွန်တော့်မှာ ဆိုင်ထဲက ဆိုင်ရှင်မမကိုကြည့်ပြီး အားတွေနာ နေရတယ်။ဆိုင်ရှင်မမကတော့ ပြုံးရုံလေး။ အဲဒီကနေလှည့်ထွက်တော့ယိုးဒယားအထည်ဆိုင်ဆိုလို့လိုက်ပို့ ဖြစ်သေးတယ်။ ဒီမှာ ကျွန်တော်ဆိုင်ထဲလိုက်ပြ။သူတို့တွေကလည်း ဟိုမေး ဒီမေးနဲ့။အပြင်ပြန်ထွက်လာပြီး သုံးဘီးပေါ်ပြန်ထိုင်လိုက်တော့ဆီနှစ်ပုလင်းဖိုးထွက်သွားတာကို သတိရတယ်။မနေ့တုန်းကလို ဆင်တစ်ကောင်နဲ့တော့ မရဘူးလို့ ကျွန်တော့်ကို ကျွန်တော့်သတိပေးတယ်။မနက်တုန်းကတောင်
“ဖေဖေရာ ဖေဖေ့အုံနာ ဧည့်သည်တွေက ကပ်စေးတွေပါဗျာ။ အလိုက်လည်းသိတာမဟုတ်ဘူး။ မေးလိုက်မြန်းလိုက်တာလည်း နားငြီးတယ်။ပေးတော့လည်း ဆီဖိုးတောင်အနိုင်နိုင်။ဒီနေ့ပို့ရရင် ကျွန်တော့်ကတော့ ကျွန်တော့်နေ့တွက်စေ့အောင်တောင်းမှာနော်“
“အေးပါကွာ တအားတော့မရိုက်နဲ့ပေါ့ကွာ။ လျှော့ပေါ့တောင်းပေါ့။သူတို့က ဧည့်သည်တွေမလား“
“ဧည့်သည်လည်း ပိုက်ဆံတော့ပါမှာပါ။ဖေဖေ့အုံနာရဲ့သမက်ဘက်က ပိုက်ဆံရှိတယ်ဆို ဖေဖေပြောတော့။“
“အင်းဒါတော့ဒါပေါ့ဒါပေမယ့်ဧည့်သည်လေ။ ကိုယ့်မြို့ကိုလာတာ ကောင်းကောင်းဆက်ဆံဂရုစိုက်လိုက်ပါကွာ“ တဲ့.။
ပြောတော့လွယ်လွယ်လေး။ ကျွန်တော့်မှာ သုံးဘီးဆွဲနေရင်း အတွေးက သုံးဘီးခတောင်းဖို့ကိုပဲ စိတ်ရောက်နေတယ်။မနေ့ညက မိန်းမကပြောတယ်။မလိုလောက်တော့ဘူး မွေးခါနီးပြီထင်တယ်တဲ့။သုံးဘီးဖိုးကျန်တဲ့အကြွေးကိုပေးဖို့ကလည်း ရှိနေတော့အိပ်ခါနီး ကျွန်တော့်မှာမောတယ်။တွေးရင်းမောင်းလာလိုက်တာ ဖေဖေ့အုံနာအိမ်ရှေ့လမ်းကိုရောက်တယ်။ဒီမှာ သူတို့တွေက ဦးကြီးကလှမ်းပြောတယ်။
“မောင်ရင်မောင်ရင်အိမ်ကျော်သွားပြီ။“တဲ့လှမ်းအော်တယ်။
“ဟုတ်ကဲ့ဆော်ရီးဗျ“
“ဘာတွေအတွေးလွန်နေတာလဲ မောင်ရင်ရ“
“ဘာမှမဟုတ်ပါဘူးဗျာ ပိုက်ဆံတွက်နေတာ ဘယ်လောက်ကျမလဲလို့“
………………..
ညနေအိမ်အပြန် ကျွန်တော်လေလေးချွန်ပြီး မောင်းပြန်ခဲ့တယ်။ဖေဖေ့အုံနာနဲ့ဧည့်သည်တွေဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဒီနေ့ကျမှ အလုအယက်ပေးနေလိုက်ကြတာ ကျွန်တော့်မှာ အားနာနာနဲ့ပဲ ဖေဖေ့အုံနာပေးတာလည်း ယူခဲ့တယ်။ဧည့်သည်တွေပေးတာကိုလည်း ယူခဲ့တယ်။

သော်ဇင်(လွိုင်ကော်)

အသံတိတ်ရုပ်ရှင်===========Look Magazine , နိုဝင်ဘာလ၊ ၂၀၁၅မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလ...
28/05/2020

အသံတိတ်ရုပ်ရှင်
===========
Look Magazine , နိုဝင်ဘာလ၊ ၂၀၁၅

မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလျှင် လက်ဆယ်ဖြာဦးထိပ်ပန်ဆင်ပြီး ကျွန်မ တိုင်တည်ပြောဆိုရဲပါ၏။ အကျိုးလိုသဖြင့်ညောင်ရေလောင်းခဲ့သည်ဟု ထင်မြင်ခြင်းသည် ကျွန်မကိုယ်တိုင်ထိခိုက်ခံခဲ့ခြင်းမှ လွဲ၍ သူတစ်ထူးအား ထိခိုက်စေခဲ့ခြင်းငှာ အလျဉ်းမရှိခဲ့ပါ။ ကျွန်မ၏ ရင်မှဖြစ်သော သားရတနာအတွက် ရည်ရွယ်၍ ကာယကံမြောက်၊ မနောကံမြောက် ပြုလုပ်ခဲ့ခြင်းသည် အနှိုင်းမဲ့ဖြစ်သော မိခင်တစ်ယောက်၏ မေတ္တာတရားကြောင့်သည်ကား အတည်ဖြစ်သည်။
~~~~~~

အချိန်အားဖြင့် သုံးနှစ်ရှိခဲ့ပြီ။ သည်တိုက်ကြီးရှေ့ကနေဖြတ်သွားရတိုင်း လှည့်၍ပင်မကြည့်ဖြစ်ခဲ့ချေ။ မျက်စိသည် ရှေ့တူရှုကိုကြည့်၍ ကျွန်မလမ်း ကျွန်မဖြောင့်အောင်သွားခဲ့သည်။ လမ်းသည် အကွေ့အကောက်နှင့် ရှိတတ်ကြသည်မှန်သော်လည်း ဖြောင့်စင်းသည့်လမ်းကိုသာ ကျွန်မကြိုက်သည်။ သို့သော် လမ်းချိုးလမ်းကွေးလေးထဲသို့ ကျွန်မ ပြန်လျှောက်ရလိမ့်မည်ဟု အကြောင်းဖန်လာသည်။ ထိုအကြောင်းဖန်လာသူကိုပင် ကျွန်မ ဒေါသနှင့် နေ့စဉ် ဖရုဿာဝါစာတွေ ရွတ်ဖတ်သရဇယ်နေခဲ့သေးသည်။
ကမ္ဘာ့ရန်ဟု စာဖွဲ့လျှင်ရလောက်သည် ကျွန်မတို့နှစ်ဦး၏ သွင်ပြင်ကို ကြားဝင်စေ့စပ်ဖို့ကြိုးစားနေခြင်းမှာ ကျွန်မ၏ အိမ်ဦးနတ်ဖြစ်သည်။ ထိုနတ်သည် အခါမလပ်ပူဇော်ပသနေရသောနတ်ဖြစ်နေသည်။ အတွင်းသုံးဆယ့်ခွန် အပြင်သုံးဆယ့်ခွန်ထဲတွင်မပါသော်လည်း ကိုကြီးကျော်လည်း ပူးချင်ပူးသည့် နတ်ဝင်ကစွပ်ဖြစ်သည်။ နေ့စဉ် မြန်မာရမ်တစ်လုံး စီပီကြက်ကင် တစ်ခြမ်းနှင့် တင်ပလ္လင်ချိတ်ကာ မြိန့်မြိန့်ကြီး ထိုင်ကာ တစ်ပက်ပြီး တစ်ပက် မှီဝဲနေခြင်းကိုက ကျွန်မ၏ အိမ်ဦးနတ်ဘ၀ ဖြစ်သည်။
ထိုနတ်ကိုပင် အိမ်ကအထွက်တစ်ကြိမ်၊ အိမ်သို့အဝင်တစ်ကြိမ် မကြားဝံ့မနာသာ စကားတွေနှင့် မည်သို့ပင် ပက်ကျဲ ပက်ကျဲ အစေ့က အပင်မပေါက်သည့် အမျိုးဖြစ်သည်။ မျိုးစေ့မမှန် ပင်မသန်ဆိုသည့်စကားဖြင့် ကိုင်ပေါက်ရမည်ဆိုလျှင် ဓါးတပြတ်ဒုတ်တပြတ်နှင့် ခုနှစ်အိမ်ကျော် ရှစ်အိမ်ကကြားမည့် မြန်မာရိုးရာ လင်မယားရန်ဖြစ်သံတွေ ကြားရတော့မည်။
တစ်ခုက ဆိတ်ငြိမ်ပါသည့်ဆိုသည့် ရပ်ကွက်ဖြစ်နေသည်မို့ ကိုယ့်ဇာတ်နှင့်ကိုယ် နိုင်အောင်ကခါ အသံတိတ်ခေတ်ရုပ်ရှင်တွေလို ဖြူဖြူနှင့်မည်းမည်း တိုးတိတ်စွာ ခံစားနေသည်က အခက်တွေ့စရာကောင်းသည်။ ကျွန်မအတွက် သစ်ဆွေးတုံးနှင့်မခြားသော လင်တော်အိမ်ဦးနတ်သည် ဆွေးတထက်မြေ့လာသည်မှာ နှစ်နှစ်ရှိပြီ။ ရကာစ ငနွားနှင့်များတော့ ခိုင်းရက်စရာပင်မရှိတော့။ ထိုသို့ငနွားဟု ခိုင်းနှိုင်းလျှင် ယောကျာ်းတွေ ဆတ်ဆတ်ထိမခံနိုင်စွာ အနာပေါ်ဒုတ်ကျသကဲ့သို့ တွန့်လိမ့်နေတတ်သည်။ ကျွန်မ မှတ်မိသည် ။ ကျွန်မလက်ထဲသို့ ရော့အသပြာဟု ကြည်ကြည်ဖြူဖြူ အပ်ခဲ့ဖူးခဲ့ချိန်သည် တစ်နှစ်ပင်မပြည့်။ ထိုသည်ပင် ပြောစရာစကား အိမ်ဦးနတ် ပြောကြားသည်က
“ငါရှာကျွေးထားတာ လည်ပင်းခြေမနဲ့ကော်ထုတ်တောင် အတုံးလိုက်ထွက်ကြဦးမယ်။ မင်း ဘယ်နှစ်ပြားရှာနိုင်လို့လဲ“ ဟူ၏။
မိန်းမတွေငွေမရှာနိုင်ဘူး ဟုသည့်စကားသည် စော်ကားရာကျသည်ဟု ကျွန်မကတွေးသည်။ လင်တော်အိမ်ဦးနတ်သည်ပင် ထိုစကားပြောပြီး ဦးခေါင်းပင်မထောင်နိုင်တော့သည်မှာ ခုဆိုကြာခဲ့ပြီ။ တစ်ခါတစ်ခါ မူးလွန်းမက မူးလာခဲ့ပြီဆိုလျှင်
“အသုံးမကျတဲ့မိန်းမ ငါခုလိုဖြစ်နေတာ မင်းကြောင့် “ ဆိုပြီး ရစ်သည်။ ထိုအခါမျိုးတွင် ကျွန်မက ရင်ထဲမှာ နာခဲ့ရသော အနာများကို အပ်နှင့်ပြန်ဆွနေသကဲ့သို့ နာကျင်လှပြီး ရင်ခွင်တံခါး စေ့ထားသည်ကို ဝုန်းခနဲဖွင့်ချလိုက်သည်။
“ဒီမယ် ကိုထွန်းရှိန် အသုံးမကျတဲ့မိန်းမတစ်ယောက်ရှာကျွေးနေတာကို ရှင်ထိုင်စားနေတာ နှစ်နှစ်ရှိပြီ။ ပြီးခဲ့တာတွေကို ချေးခြောက်ရေနူးနေမယ်ဆိုရင် ကျွန်မမလဲ ဒဏ်ရာက အကင်းသေသေးတာမဟုတ်ဘူးနော်။ ကျွန်မ ဘယ်လောက်ထိ အစွဲကြီးတယ်ဆိုတာရှင်သိမယ်ဆိုရင် ရှင်ရဲ့ လက်ပြန်တစ်ချက်ရယ် ရှင့်အမေရဲ့ လက်ဝါးတစ်ချက်ရယ် ခုထက်ထိ ကျွန်မပါးမှာ ပူနေသေးတယ်ဆိုတာမမေ့နဲ့။ “
“မင်းမိုက်ရိုင်းခဲ့တာက ငါ့အမေထက်ပိုတယ်ကွ“
သားတွေအမေကို ချစ်တယ်ဆိုတာ ကျွန်မ ယုံပါသည်။ အမေတွေကလည်း သားတွေကို ပိုချစ်သည်ကို အကြွင်းမဲ့ ယုံပါသည်။ သို့သော် အတ္တဆန်လာသော မေတ္တာတရားအတွက် ကျွန်မ နားမလည်ပေးနိုင်ချေ။ ကျွန်မ မိုက်ရိုင်းခဲ့ခြင်းသည် မည်သည့်အကြောင်းမှ ဆင်းသက်လာသည်ကို လင်တော် အိမ်ဦးနတ်သိစေချင်လွန်းလှ၏။
တဆတ်ဆတ်နာကျင်နေသော နှလုံးပြင်ဝယ် ညနေခင်းတစ်ခု၏ ပုံရိပ်သည် ရေးရေးထင်လာသည်။ ထိုသည့်ပင် ကျွန်မဘဝတစ်ခြမ်း၏ အသံတိတ်ရုပ်ရှင်ကားဖြစ်သည်။
(၂)
ကျွန်မယုံကြည်ထားသောအချက်သည် မှားကောင်းမှားနိုင်သော်လည်း ကျွန်မအတွက်မူ ဤအချက်သည် မှန်ကန်ခဲ့သည်။ ထိုအချက်မှာ ယောကျာ်းသားများသည် မိန်းမတစ်ယောက်၏ဘဝကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်းမရှိ ဟူသည် အချက်ဖြစ်သည်။ မိန်းမတစ်ယောက် အားကိုးရသည့်ယောကျာ်းသည် မည်သို့နည်းဟု မေးလာလျှင် ကျွန်မမှာ စံနှုန်းတွေမရှိ။ တစ်ခုတော့ရှိသည့် ကိုယ်သိပ်ချစ်သည့်မိန်းမတစ်ယောက်၏ စိတ်ကိုတော့ နားလည်နိုင်စွမ်းရှိရန်လိုသည်။ ခု ကျွန်မ၏ လင်တော် ကျွန်မကို ဘယ်လောက်နားလည်သလဲဆိုသည့်အဆုံးအဖြတ်ကို ကျွန်မသိသွားပြီ။
ထိုအခါ ယူကြုံးမရခြင်းဆိုသည့် နောင်တတွေအဖြစ်ခံစားရသော်လည်း ကျွန်မတို့အတွက် ခဲတံနှင့်ရေးခဲ့သော အိမ်ထောင်ရေး မဟုတ်သည်မို့ ခဲဖျက်နှင့်ဖျက်၍မရတော့ပါ။ သံယောဇဉ်သည် ချီနှောင်ပြီးပြီ။ လင်ကုန်မယားနှစ်ယောက်ထဲဆိုလျှင် ဆုံးဖြတ်ချက်ကပြောင်းနိုင်သေးသော်လည်း တကယ့်လက်တွေ့တွင် ထောက်ရှုရမည့်အကြောင်းတွေများလှသည်။ ကျွန်မ မကျေနပ်ခြင်းသည် ခေါင်းစဉ်တပ်မရသော အကြောင်းတွေ ကြောင့် ကျွန်မတို့ မိန်းမသားတွေ တွေဝေနေခဲ့ခြင်းကိုဖြစ်သည်။
အိမ်ထောင်ကွဲလျှင် ယောကျာ်းတွေမရှုံးဘူးဟု ဆိုခြင်းသည် ကျွန်မတို့မိန်းမသားတွေကိုသက်သက်စော်ကား ခြင်းဖြစ်သည်။ မိန်းမတစ်ယောက်၏ အချစ်၊ ဘဝ၊ ခံစားချက်ကို နားမလည်သည့်အထဲတွင် ယောကျာ်းတွေက ထိပ်ဆုံးကပါသည်။
ကျွန်မက ဘဝချင်းလဲလို့ရလျှင် ခဏလောက်လဲကြည့်ရအောင်ဆိုပြီး ယောကျာ်းတွေကိုပြောရင် မည်သူက ချက်ချင်းလဲမည်ဟု ပြောလာမည်လဲ။ သေချာသည်ကတော့ ခေါင်းကလေးခါကာ မျက်ကွယ်ပြုသွားကြမည်သာ။ ဒါသည်ပင် ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက အခန်းပင် ဖြစ်၏။
ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက တစ်ခန်းကို ကျွန်မ ချပြဖြစ်တော့မည့် နေ့သည် အနည်းငယ်တော့ အုံ့မှိုင်းလျှက်ရှိသည်။ ကိုထွန်းရှိန်နှင့်ရပြီး အဲသည်တိုက်ကြီး ပေါ်စရောက်ခဲ့သော ညနေခင်းများနှင့် နေ့စဉ်ဖြတ်သန်းလာခဲ့ရသော ချွေးမတစ်ယောက်၏ မီးဖိုခန်းဝင် ဇာတ်အိမ်များ။
ဆားပေါ့ ဆီများ သည်ဟု ရှေးမဆွကတည်းက ယောက္ခမတွေ ချွေးမတွေအပေါ်ဆိုခဲ့ဖူးသည် ဖန်တရာတေ အပြစ်တင်ခန်းများ ။ လူသားချင်းအတူတူ လိင်အမျိုးအစားကွဲပြားရုံ၊ ဆင်းသက်လာသော မျိုးရိုးဗီဇကွဲပြားရုံလောက်နှင့် လူလူချင်းထပ်ကြည့်ခြင်းမှာ မတူမတန်ဘူးဟု တဖွဖွ သုံးနှုန်းခဲ့ခြင်းများ စသည်များကို ကျွန်မ ချပြဖြစ်မည့်နေ့။
ရုပ်ရှင်တွင် ဇာတ်နာခြင်းသည် ဒါရိုက်တာမှ အဓိကဇာတ်ကောင်ကို ဇာတ်သိမ်းခန်းရောက်ခါနီးမှ အပျော်လေးတွေနှင့် ပြန်ဖြည်ပေး၍ရသည်။ ကျွန်မက ထိုသို့အဖြည်မပါ။
ကိုထွန်းရှိန်နားမလည်သော အိမ်ထောင်ရှင်မတစ်ယောက်၏စိတ်ခံစားချက်ကို ကျွန်မ ထွက်ပေါက်ရှာမိခြင်းက အမှန်ဟူ မှတ်တမ်းမတင်ခဲ့ရချေ။ ယနေ့ခေတ်မှာ မိန်းမတစ်ယောက်အိမ်မီးဖိုချောင်ဝင်ပြီး အချိန်ကုန်ခံ၍မဖြစ်။ ထမင်းချက်သော လက်ဖြင့် စာရင်းတွက်ပြီး ဘဝကို ရုန်းမည်။ အေးအတူ အပူအမျှ ၊ မောင်တထမ်းမယ်တရွက်ဆိုသည့် စကားတွေအတိုင်း ကျွန်မ အလုပ်လုပ်ပါသည်။ ထိုအလုပ်သည်ပင် ယောက္ခမနှင့် ပြိုင်ဆိုင်သည်ဟု အထင်ခံရခြင်းကိုနားမလည်။
လောကတွင် သမုဒ္ဒရာရေကိုကုန်အောင် သောက်နိုင် သူရှားပါသည်။ ကိုယ်သောက်သည့်ရေ သူမသောက်ရဆိုသည့် လူထဲတွင် ယောက္ခမပါသည်။ သို့နှင့် ကုန်အရောင်းအဝယ်လေးကိုအကြောင်းပြုပြီး မိုးမီးလောင်ခဲ့သော ညနေခင်းသည် ထိုတိုက်ကြီးပေါ်က ကျွန်မအောင်မြင်စွာ ဆုတ်ခွာခဲ့သော နေဖြစ်သည်ဟု ကျွန်မပြောနိုင်သွားသည်။
အိမ်ပေါ်မှမောင်းချလိုက်သည့် ချွေးမတစ်ယောက်ဟု မည်မျှပင်ပြောပြော ကျွန်မ ထိုနေ့ညနေခင်းက ပြူမူခဲ့သော အပြူအမူတွေအတွက်တော့ ပညာတတ်မိန်းမတစ်ယောက်က ထိုကဲ့သို့လုပ်ခြင်းသည် မဖြစ်တန်ရာဟု ကဲ့ရဲ့စရာဖြစ်၏။ ပြီးတော့ ထိုတိုက်ပေါ်မှ ကိုထွန်းရှိန်ပါ ပါလာသည့်အတွက် သားတစ်ယောက်ကို ပိုင်သာ ပိုင်သည့် မဆိုင်နိုင်ရှာတော့သည့် ယောက္ခမ၏ ခံစားချက်ကို အလဲထိုးနိုင်ခဲ့သည်။
ထိုခဏလေးတွင် အချစ်သည် အင်အားကြီးကြောင်းတွေ့ရသည်။ သို့သော် ကျွန်မ ယုံမှားသံသယရှိသည်။ ထိုသည်က ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်အပေါ် ချစ်ခြင်းသည် ကာမဂုဏ်ခံစားရန်အတွက် ဦးစားပေး ပထမများဖြစ်နေမလားဟု။ အဘယ့်ကြောင့်ဆိုသော် ကျွန်မအပေါ် ကိုထွန်းရှိန် ကောင်းကောင်းနားမလည်သေးပါပဲနှင့် ကျွန်မနှင့် အတူ အိမ်ပေါ်မှ လိုက်ဆင်းရဲသည့် သတ္တိသည် အချစ်အတွက် သီးသန့်ဖြစ်နေသည်ဟုသာ နားလည်သောကြောင့်ဖြစ်သည်။
ထိုသည်ပင် တဏှာမပါသော ချစ်ခြင်းဟု ပြောနိုင်ပါမည်လား။

(၃)
သည်တွင် ဘဝသည် ခက်ခဲလာသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရစတမ်းဆိုလျှင် ကိုထွန်းရှိန်က မရပ်နိုင်ခဲ့သော ယောကျာ်းတစ်ယောက်။
ယောက္ခမအိမ်မှာတုန်းက အရန်သင့် ကားတက်မောင်းပြီး ငွေအပ်နိုင်ခဲ့ခြင်းကို ပုံပြင်အဖြစ်သာပြောနိုင်တော့သည်။ နောက်တော့ မကင်းနိုင်သော အရက်ဘီယာ၊ ဆေးလိပ်၊ကွမ်းနှင့် နှစ်ပါးသွားကခဲ့သော နေ့ရက်များ။တစ်ခါတစ်ခါပြောပါသည်။
“ရှင့်ဝင်ငွေ မရှိတော့ဘူးဆိုတာလည်း သတိရဦး ကိုထွန်းရှိန်။ ကျွန်မ ပွဲစားလုပ်တယ်ဆိုတာ ငတ်တလှည့် ပြတ်သလှည့် ဆိုတာလည်းနားလည်ဦးမှပေါ့။ “
“ဟ ငါက နားလည်တယ် နားမလည်တာက မင်းကွ။ ငါ့အမေနဲ့တည့်အောင်နေရင် ငါတို့ခုလို ရုန်းကန်နေစရာကိုမလိုဘူး“
“ရှင်တော်တော်အသုံးမကျတဲ့ယောကျာ်းပဲ။“
“ဘာကွ“
ခပ်ထေ့ထေ့လေးပြုံးရင်း ကျွန်မ ကိုထွန်းရှိန်ကိုကြည့်သည်။
“ရှင်အမေ့အိမ်မှာ ကျွန်မက ရှင့်အမေနဲ့တည့်အောင်နေပြီး သည်းခံနေရမယ်ပေါ့။ဟုတ်လား။ ပြီးတော့ ရှင်က ကားမောင်းလို့ရတဲ့ငွေကို ကျွန်မကို တစ်ဝက်အပ် ဒါပဲလား။ ဘယ်မလဲ ရှင့်ရပ်တည်ချက်။ အမေကြိုးဆွဲမှကတတ်မယ့် ယောကျာ်းတစ်ယောက်ကို ယူပြီး ကျွန်မနောက်ထပ် ကြိုးအဆွဲမခံနိုင်ဘူး။ ပြီးတော့ ဘာလဲ လူလူချင်း ဘာတွေကွာသွားလို့ ကျွန်မကို သဘောမတူ မကြည်ဖြူတာက ဘာသဘောလဲ။ နူနေသလား။ ကန်းနေသလား။ ဝဲစွဲနေသလား။ ဝေးပါသေးတယ်။ ကျွန်မတို့မျိုးရိုးက အချမ်းသာကြီးမဟုတ်ရင်တောင် လူတန်းစေ့နေနိုင်လာခဲ့တာ။ ပြီးတော့ ရှင်ကရော ကျွန်မကို ရှင့်အမေအိမ်မှာပဲ နေ အမေ့အလုပ်ပဲလုပ်ပြီး ဘောင်ကျဉ်းကျဉ်းလေးထဲမှာ လသာစေချင်တာလား။ ရှင်ယူထားတာ နုံအအ မိန်းမတစ်ယောက်မဟုတ်ဘူး။ ပြောဦးမယ် ကျွန်မ မိုက်ရိုင်းတယ်လို့ “
“မဟုတ်လို့လား မင်းလုပ်ခဲ့ပုံက ဟုတ်ခဲ့လို့လား။ ပညာတတ်မိန်းမတစ်ယောက် လုပ်ရမယ့်အပြုအမူလား“
“ဒါဆို ရှင့်အမေနဲ့ရှင်တို့ညီအစ်ကိုတွေကရော မိန်းမတစ်ယောက်ကို ယုတ်ညံ့တဲ့အပြုအမူတွေနဲ့ ဘာလို့လုပ်ခဲ့ကြတာလဲ။ တရားသလား၊ မတရားဘူးလားဆိုတာ ဉာဏ်မရှိလို့မတွေးနိုင်တာပေါ့။ ကျွန်မဆိုတဲ့ ခင်ခင်သန့်ကလည်း ဉာဏ်မရှိသူကို ယုတ်ညံစွာ ဆက်ဆံပြလိုက်တာကလည်း မမှားပါဘူး။ မှားခဲ့တယ် ငရဲကြီးမယ်ဆိုလည်း လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပဲ။ ရှင်ရော အဲဒီလို သတ္တိရှိလို့လား။ လာမယ့်ဘေးမပြောနဲ့ အခက်အခဲလေးတစ်ခုတွေ့တာတောင် ဒူးတုန်နေတဲ့ ယောကျာ်း“
“ဟာကွာ…..မင်း“
“ရိုက်လိုက်လေ အားနွဲ့သူဆိုတာကို ရှင် သိပ်စာနာခဲ့တယ်လို့ပြောခဲ့တဲ့စကားကို ကျွန်မ ခုထက်ထိမှတ်မိနေတယ် ကိုထွန်းရှိန်“
“တောက်“
ကျယ်လောင်ပါသည်။ သို့သော် အိမ်တော့ ဟိန်းမသွား။ အဲသည်အိမ်ဦးနတ်မှာ အောင်မြင်သော အသံတွေမှ မရှိတော့ပဲ။ တိုးလျသော အသံ၊ ဖောရောင်နေသော မျက်နာ ခြေလက်တို့နှင့် အသူရာသည်သာ အိုအေစစ် စစ်စစ်ဖြစ်သည်ဟု ကိုထွန်းရှိန်လက်ခံသွားခဲ့ပြီပဲ။
ဟော ခုတော့ အိပ်ယာထဲလဲပြီ။ ကျွန်မလက်ထဲမှာလည်း ဆေးကုသရ စားစရိတ်ရှာရနှင့် မီးတောက်ခဲ့ပြီ။ လင်တော်အိမ်ဦးနတ် သည်တောင်ကိုမကျော်နိုင်ဟု တထစ်ချယုံကြည်မိသည်။ အိမ်ဦးနတ်မရှိတော့ဘူးဆိုလျှင် မည်ကဲ့သို့ခရီးဆက်ရမည်ကို တွေးမိတော့လည်း ရင်လေးရသည်။ မွေးခါနီးဖွားခါနီး သားသည်အမေ မိန်းမတစ်ယောက်အတွက် အားငယ်ချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့ပြီ။ ကျွန်မမေမေမှာလည်း သတင်းတွေကြားရဲ့ထင် ပေါက်ချလာသည်။
ကိုထွန်းရှိန်၏ အခြေအနေကိုကြည့်ပြီး အမေ အားမရမှန်းမျက်နာရိပ်မျက်နာကဲကိုကြည့်ရုံနှင့် ကျွန်မသိသည်။ ပြီးတော့ အမေက
“သမီး အမေတစ်ခုပြောချင်တယ်“
“ဟုတ်ကဲ့ အမေ“
“သမီးယောကျာ်းကြည့်ရတာ မဟန်ဘူး။ ဒီတော့ သမီးယောက္ခအိမ်ပြန်တက်ပါ“
“ရှင် အမေ ဘယ်လိုပြောလိုက်တာလဲ။ အဲဒီအိမ်ကို သမီးဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်တက်မှာမဟုတ်ဘူး ။ သမီးဆုံးဖြတ်ထားတယ်။ သမီးတို့ဘယ်လိုဖြစ်ခဲ့ကြ“
“အမေသိတယ် သမီးမှားတယ်လို့အမေကတော့ ပြောမယ်။ လူကြီးနဲ့လူငယ်မှာ လူငယ်က စိတ်လိုက်မာန်ပါလုပ်ခဲ့ရင် ကိုယ်ပဲအပြစ်ရတာပေါ့သမီး။ ဒီမယ် ခု သူ့မြေးနှစ်ယောက် သမီးဆီမှာရှိတယ်။ ခု အသည်းအသန်ဖြစ်နေတာ သူ့သား။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်တစ်ဆက်ဆိုတာ အဆက်ဖြတ်ထားရင်သာရမယ်။ မေ့ပစ်လိုက်ဖို့တော့မဖြစ်နိုင်ဘူး။ မျိုးရိုးတိမ်ကောတယ်လို့မရှိဘူး။ နောက်တစ်ခုက အမွေ။“
အမွေ။ အမေ ဘာသဘောနှင့် အမွေကိုထည့်ပြောလာရသနည်း။ လောကမှာ မက်မော တွယ်တာစရာတွေများသည့် အထဲတွင် အမေက အမွေကိုထည့်တွက်သတဲ့လား။ နဂိုက အမြင်စောင်းနေရသည့်ကြားထဲ အမေက အမွေကိစ္စကိုထည့်ပြောလာသဖြင့် ကျွန်မက ချက်ချင်းဆိုသလိုပင်။
“ဘာအမွေလဲ။ သမီးမလိုချင်ပါဘူး။ အဲဒါတွေမက်လို့ သူ့သားကိုယူတာလို့တောင် သူက စွပ်စွဲထားတာ ။ အမေရယ် ဘယ်လိုမှမဖြစ်ပါဘူး ။ ပြန်မတက်နိုင်ပါဘူး။ သူ့အရိပ်အောက်မှာ သမီးက ဘယ်လိုမျက်နှာနဲ့ပြန်ဝင်ရမှာလဲ ။ မဖြစ်နိုင်တာ“
အမေက ပြုံးသည်။ လက်ဖက်ကလေးတစ်ဇွန်းကိုတောင်ကောက်စားလိုက်သေးသည်။ ရေနွေးတစ်ခွက်ကိုငဲ့ပြီး ဟန်ပါပါ မှုတ်သောက်နေလိုက်သေးသည်။ ကျွန်မက ဝမ်းဗိုက်ကလေးကို ကိုင်ပြီး မကြာခင်လူ့လောကထဲ ဒီကလေးရောက်လာခဲ့လျှင် အဖေဟု အမည်ခေါ်စရာ ကိုထွန်းရှိန်မရှိတော့မှာကိုတွေးပြီး ဝမ်းနည်းလာသလိုလိုရှိလာသည်။
“ဒီမယ်သမီး။ အမေ့ကို အမွေကိစ္စထည့်ပြောလာလို့တစ်မျိုးတော့မထင်နဲ့။ သမီးက သမီးအတွက် မလိုဘူးဆိုတာ မှန်တယ်။ ငါ့သမီးအကြောင်း ငါပဲသိတယ်။ ငါပြောတာ ငါ့မြေးအတွက်။ ပြီးတော့ သမီးဗိုက်ထဲက ကလေးအတွက်ပြောတာ။ ခုချိန်မှာ ပြန်ပြီး လက်အုပ်ချီတောင်းပန်ပြီး ပြန်နေ။ သမီးယောကျာ်းကို ဆေးကု။ မရတော့ဘူးဆိုတာတော့ သိတယ်။ အေး အဲဒီလိုနေပြီး သည်းခံ။ ဘာဖြစ်ဖြစ် နောက်တစ်ခေါက် သူ့အိမ်ပေါ်က မဆင်းမိစေနဲ့။ တစ်ချိန်မဟုတ်တစ်ချိန်မှာ သမီးမျက်နာကို မကြည့်ရင်တောင် သူ့သားနဲ့ရတဲ့ သူ့မြေးတွေရဲ့မျက်နှာကိုတော့ သူမြင်မိလာလိမ့်မယ်။ သွေးဆိုတာ စကားပြောတတ်တယ် သမီးရဲ့။ ကုန်ကုန်ပြောမယ် သမီး မနက်ဖြန် အမေကိုယ်တိုင် လိုက်ပို့မယ်အေ“
အမေကထိုသို့ပြောတော့လည်း ကျွန်မ မျက်ရည်ဝဲလည်ဝဲလည်ဖြစ်လာမိသည်။ သူငယ်ချင်းတွေက ပြောဖူးသည်။
“ခင်ခင်သန့် နင် လင်ကုန်ရှုံးတယ်ဟာ“တဲ့။
မည်သို့ပင်ပြောပြော အမှန်သည် အမှန်ပဲမို့ ဘာမှ တုန့်ပြန်ရန်မရှိ။ ပြုံးစစနှင့် ကျွန်မ ပြန်ပြောခဲ့ဖူးပါသည်။
“အရှုံးအမြတ်ထက် အချစ်ကို အချစ်လို့မြင်ဖို့ပဲလိုတာ မဟုတ်လား။ ဘာပဲပြောပြော ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲနေခဲ့ရတာကိုပဲ ကျေနပ်ရမှာပေါ့။ ကျန်တာတော့ ဝဋ်ကြွေးကြမ္မာ မမြင်သာဆိုသလိုပဲ ဖြစ်လာသမျှ အကောင်းချည်းပါပဲ ဟယ်။ ကြီးကြီးကျယ်ကျယ် ပြောရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့“
(၄)
မျက်နှာကြီးက မည်းမှောင်လှသည်။ သားလက်ကိုတွဲပြီး သည်တိုက်ကြီးကို တက်လာခဲ့တာ မှားများမှားပြီလား။ အမေကတော့ ရှေ့မှာ စကားတွေကို ရိုကျိုးစွာ၊ အောက်ကျို့စွာ တောင်းတောင်းပန်ပန်ပြောနေသည်။ တစ်ချက်တစ်ချက် သားကို ကြည့်လာသော အကြည့်တွေမှာ အကြင်နာ အရိပ်အငွေ့တွေများ ပါလာမလားလို့ ယောက္ခ၏ မျက်လုံးထဲမှာရှာကြည့်သည်။ သို့သော် စိုးစဉ်မျှမရှိ။
အစကတည်း ထင်ပြီးသားမို့ ထူးပြီး ကျွန်မခံစားရ။
“ရှင့်သမီး ကျွန်မတို့ကိုဘယ်လိုဆက်ဆံသွားခဲ့သလဲ မေးကြည့်လိုက်ဦး လုံချည်ကိုလှန်ပြီးတော့များ ပြောရတာ အော့နှလုံးနာတယ်“
ထိုအသံနားထဲဝင်လာတော့ ကျွန်မ စိတ်က ဆတ်ခနဲ။ ချက်ချင်းဆိုသလို ပဲ ပက်ခနဲပြန်ပြောမိလိုက်သည်။ အမေပင် ကျွန်မကိုတားချိန်မရလိုက်။
“အန်တီတို့လုပ်ပုံကိုလည်း စဉ်းစားကြည့်ုလိုက်ပါဦး။ လင်မယားရန်ဖြစ်တာကိုအကြောင်းပြုပြီး ဆွဲသလို ရွဲသလိုလုပ်။ မိန်းမတစ်ယောက်ကို ချုပ်ပြီး ရိုက်နှက်ခဲ့ကြတာတွေလေ။ တကယ်ဆို ပြဿနာကိုမီးမွေးတာ အန်တီပါ။ ကိုထွန်းရှိန်ကို အတို့အထောင်လုပ်တာလည်း အန်တီပါ။ ပြီးတော့မှ လင်မယားချင်းရန်တိုက်ပြီး ရန်ဖြစ်တော့မှ ဝိုင်းဆွမ်းကြီးလောင်းသလိုဖြစ်နေတာ ကျွန်မမသိဘူးထင်သလား။ တရားသလား မတရားသလားဆိုတာကို ကိုယ်စောင့်နတ်က သိပါတယ် အန်တီ။ ကျွန်မပြုမူခဲ့တယ်ဆိုတဲ့အပြူအမူကို အန်တီတို့နဲ့ထိုက်အောင် ကျွန်မ လုပ်ခဲ့တာ။ ငရဲအိုးထဲပဲ ဇောက်ထိုးကျကျလို့တွေးခဲ့တာ“
“တော်စမ်းသမီး။ နင်ရိုင်းလှချည်လား။ ကျွန်မ တောင်းပန်ပါတယ်ရှင် ဒေါ်သက်သက် ဗွေမယူပါနဲ့။“
အမေ ဝင်ပြောသဖြင့် စကားတွေဘရိတ်အုပ်လိုက်ရသည်။ နို့မို့ဆိုလျှင် ကျွန်မ ဘယ်အတိုင်းအတာထိဆက်ပြောဖြစ်လိမ့်မည်မသိ။
“ပြန်ခေါ်လိုက်ပါ ရှင်။ ရှင့်သားလည်း တော်တော်လေးကိုမထောင်နိုင်ဖြစ်နေတယ်။ သမီးလည်း ကလေးကလည်း မွေးခါနီးဖွားခါနီးနဲ့။ ကသီလင်တဖြစ်နေတာပါ။ လူကြီးဆိုတာ လူငယ်တွေနဲ့အပြိုင် စိတ်တွေမထားပဲ ခွင့်လွှတ်ပေးရမှာမလား။ ရှင်တို့ ကျွန်မတို့ဆိုတာလည်း ဒီအရွယ်တွေကတက်လာကြတာပဲလေ။ ကျွန်မတို့ လူငယ်တွေကို ငရဲမပေးမိဖို့ကပဲ အဓိကကျနေတာ။ ခုရှင့်သား အတော်လေးအခြေအနေဆိုးနေပြီ။ ရှင်ကြည့်ရက်တယ်ဆိုရင်လည်း ကြည့်ပေါ့။ ပြီးတော့ ရှင့်မြေးတွေ။ ကျွန်မတောင် နယ်ကနေ ကျွန်မမြေးတွေများ ဘာဖြစ်နေမလဲဆိုတဲ့ စိတ်နဲ့ပြေးလာနိုင်သေးရင် ရှင့်စိတ်ထဲသေချာတွေးဖို့လိုတယ် ဒေါ်သက်သက်။ ကဲ သမီးလာ ဒီမှာထိုင် လက်အုပ်မိုးရှိခိုးကန်တော့လိုက်။ ဟဲ့ လာလို့ဆိုနေ။ အမေခေါ်နေတယ် နော် သမီး။“
ကျွန်မအတွက်မဟုတ်ပါပဲ ကျွန်မသားနှင့် ဗိုက်ထဲက ကလေးအတွက်ဆိုသည့်သဘောကို နှလုံးပိုက်ပြီး ကန်တော့လိုက်တော့ မျက်ရည်တစ်ပေါက်က အလိုလိုကျသွားမိသည်။
“ကိုထွန်းရှိန် ရှင့်ကြောင့်နဲ့ ကလေးတွေကြောင့်မဟုတ်ခဲ့ဘူးဆိုရင် ကျွန်မ မနှစ်မြို့တဲ့ အလုပ်ကို ကျွန်မ လုပ်ဖြစ်ခဲ့လိမ့်မယ် မဟုတ်ဘူးနော်။“
~~~~~~
ဓမ္မနှင့် အဓမ္မမှာ ကျွန်မ ဘယ်အရာမှာ အားသာခဲ့သလဲဆိုသည်ကို တိတ်ဆိတ်စွာ ခံစားခဲ့ရသော နေ့ရက်များထဲတွင်ရှာနေမိသည်။ သို့သော် ကျွန်မရှာဖွေချိန်တွင် အသံတိတ်ရုပ်ရှင်ကားသည် ပြီးဆုံးတော့မည်ဖြစ်သည်။ စကားတွေတစ်လုံးမျှမပြောပါ။ လှုပ်ရှားမှုပုံရိပ်တွေကိုကြည့်ပြီး အဓိပ္ပါယ်ဖော်ကြည့်မိသည်။
လင်တော်အိမ်ဦးနတ် ကြွေလွှင့်သွားခဲ့သည်ပင် ငါးနှစ်။ အကြီးကောင်က လေးနှစ်။ အငယ်ကောင်ပင် နှစ်နှစ်ပြည့်ခဲ့ပြီ။
မနက်ဖြန် ရှေ့နေလာမည်။ အိမ်ဦးခန်းက ပြင်ဆင်ပြီးစောင့်ပါဟု ဒေါ်သက်သက်ပြောလာသည်။ ပြီးတော့ထပ်ပြောသေးသည်။
“ငါ့မြေးတွေကို ငါမသေခင်လေးတွေ ထွန်းရှိန်ကိုမပေးလိုက်ရတဲ့ အမွေလေးခွဲပေးထားခဲ့ချင်တယ် ခင်သန့်ရယ်“ တဲ့။
သော်ဇင်(လွိုင်ကော်)

Address

No. 84, Dawnokuu Road, Dawnokuu Quarter, Kayah State
Loikaw

Alerts

Be the first to know and let us send you an email when Thaw Zin Loikaw - Short Story Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Thaw Zin Loikaw - Short Story Collection:

Share

Category