17/03/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်သမ္မတရုံး
[email protected]
ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း
၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့
ယနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် နဝမ အကြိမ်မြောက် အစည်းအဝေးကို တက်ရောက် လာတဲ့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုတက်ရောက်လာကြတဲ့ မိတ်ဆွေများနှင့် ယနေ့ လွှတ်တော်အစည်း အဝေးကို တက်ရောက်လာတဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေး ရဲဘော်ရဲဘက် အပေါင်းတို့ကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သချင်ပါတယ်။ ထို့အပြင် ယနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် နဝမ အကြိမ် မြောက် အစည်းအဝေးကို ဖြစ်မြောက်အောင် ကျင်းပနိုင်တာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာဂုဏ်ယူမိကြောင်း ပြောချင်ပါတယ်။
ကျွန်တော့်အနေနဲ့ ပထမဦးစွာ ပြောကြားလိုတဲ့ အချက်ကတော့ လက်ရှိ တော်လှန်ရေးကာလတွင်း လွှတ်တော်ရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ တော်လှန်ရေးကာလ (၅) နှစ် ပြည့်ပြီး ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အစိုးရနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် အထူး ဝမ်းသာ ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ရဲ့ လွှတ်တော်အမတ်တွေဟာ၊ ပြည်သူလူထုနဲ့ အနီးကပ်ဆုံးနေရာမှာ ကိုယ်စားပြုနေသူတွေ ဖြစ်ခြင်းကြောင့် လွှတ်တော်အမတ် တစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍက တော်လှန်ရေးကာလမှာ အင်မတန် အရေးပါ,ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့တော်လှန်ရေးအပေါ်မှာ အခြေပြုထားတာ ဖြစ်ပါတယ်။ ပြည်သူဟာ အခရာဖြစ်သလို၊ ပြည်သူ့ကိုယ်စားပြုမှု စစ်မှန်ရေးဟာ ဗဟိုအချက်အခြာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကိုယ်စားပြုမှု အပြည့်အဝရရှိထားတဲ့ လွှတ်တော်အမတ်များ၊ စုဝေး,စည်းဝေးကြတဲ့ ဖြစ်စဉ်ဟာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ၊ ပြည်သူ့အမတ် တွေကို အထူးလေးစား ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ - လွှတ်တော်အနေနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်ဖို့ ထည့်သွင်းလုပ်ဆောင်သင့်တဲ့အချက် တချို့ကို ပြောကြားလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး၊ တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုနဲ့ မြှင့်တင်ပေးကြဖို့ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ အတုအယောင် လွှတ်တော်ရဲ့ ဦးတည်ချက်တွေကို ကြိုတင်မျှော်မြင် ပြီး၊ လက်ဦးမှု ရယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ဟာ အင်မတန်မှ အပြောင်းအလဲ မြန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ရှေ့ဖြစ်နိုင်ချေ အလားအလာတွေကို ကြိုတွက်ထားဖို့ လိုကြောင်း ပြောလိုပါတယ်။
ကျွန်တော်တို့အနေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားဖို့ လိုတဲ့အချက်ကတော့ --- အာဏာမဏ္ဍိုင် (၃) ရပ်အကြား အပြန်အလှန် ထိန်းကျောင်းရင်း၊ တော်လှန်ရေးခရီး,တွင်ကျယ်အောင် ဝိုင်းဝန်းကြိုးပမ်း ကြဖို့ ဖြစ်ပါတယ်။ လွှတ်တော်ဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ပီပြင်အောင် လုပ်ရမှာ ဖြစ်သလို၊ အစိုးရ တစ်ရပ်ဟာလည်း အစိုးရခြင်းအာဏာကို ပီပီပြင်ပြင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်သည်လည်း တရားသော ဥပဒေတွေ အသက်ဝင်ရေးအတွက် အထူး လုံ့လ စိုက်ထုတ်ရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရေးဆိုတဲ့ မဏ္ဍိုင် (၃) ရပ်ဟာ အပြန်အလှန် ထိန်းထေပြီး၊ ဒီမိုကရေစီရဲ့ အနှစ်အသားကို ဖော်ဆောင်ရမှာဖြစ်သလို၊ တော်လှန်ရေး အတွက်လည်း မဏ္ဍိုင်တစ်ခုနဲ့ တစ်ခုက အပြန်အလှန် အထောက်အကူပြုရမှာဖြစ်ပါတယ်။ ဒီနေ့ ကာလဟာ တော်လှန်ရေးကာလ ဖြစ်တာကြောင့်၊ သာမန်ကာလတွေလို သမားရိုးကျ လွှတ်တော် မျိုးဖြစ်လို့ မရဘူးလို့ ယူဆပါတယ်။ တော်လှန်ရေးကာလနဲ့ လိုက်ဖက်သင့်တော်တဲ့ လွှတ်တော်မျိုး ဖြစ်ဖို့လိုအပ်ပြီး လက်ရှိပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီအတိုင်းဆောင်ရွက်နေတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ သာမန်တည်ငြိမ်တဲ့ ကာလကို ဖြတ်သန်းခဲ့ဖူးသူ တွေဖြစ်သလို၊ တော်လှန်ရေးကာလကိုလည်း လက်တွေ့ ဖြတ်သန်းနေ တဲ့သူတွေ ဖြစ်ပါတယ်။ အဲသည့်ထဲမှာ တချို့ဆိုရင်၊ ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးအစဉ်အလာ ကြီးမားတဲ့ အတွေ့အကြုံရှိထားသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို၊ ဒီအချိန်မှ မလုပ်နိုင်ရင် --- နောက်မျိုးဆက်တွေအနေနဲ့ တော်ရုံလုပ်ဖို့ မလွယ်နိုင်တော့ဘူးဆိုတာ အထူး သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ စိုးရိမ်ချက်ကြီးတယ်လို့ မပြောချင်ပေမယ့်၊ တော်လှန်ရေးသတိဆိုတာ “ပိုတယ်လို့ မရှိဘူး” လို့ ထင်ပါတယ်။ ဒါကို လွှတ်တော်အမတ်မင်းများအားလုံး မြော်မြင်တွေးဆ နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တော်လှန်ရေးကာလမှာ အချင်းချင်း ပုတ်ခတ်ဝေဖန်ခြင်းထက်၊ အချင်းချင်း အပြန်အလှန် ဖေးမခြင်းကသာ၊ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရဟာ အပြန်အလှန် အညမည ဖြစ်ဖို့လိုပါတယ်။ ဖီလာဆန့်ကျင်မှုဟာ တော်လှန် ရေးကာလမှာ အင်မတန်မှ အရုပ်ဆိုးပါတယ်။ အခုအချိန်ဟာ ကျွန်တော်တို့အတွက် အင်မတန် အကဲဆတ်တဲ့ အချိန်ဖြစ်ပါတယ်။ တစ်ချက်လွဲလို့ မရဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့ရဲ့ လွှတ်တော် အမတ်မင်းများအားလုံး နှိုင်းနှိုင်းချိန်ချိန် ပြုမှုကြဖို့ အထူး မေတ္တာရပ်ခံ လိုပါတယ်။
အခုဆိုရင် ကျွန်တော်တို့ရဲ့ လွှတ်တော်အမတ်မင်းများအနေနဲ့ အခြေအနေအရ နေရာဒေသအသီးသီး မှာ ရှိနေကြရတာကို ကျွန်တော် သဘောပေါက်ပါတယ်။ တချို့ဆိုရင်လည်း ပြည်ပမှာဖြစ်သလို၊ တချို့က နယ်စပ်ဒေသမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ခြေစုံရပ်ထားတဲ့ အမတ်တွေလည်း ရှိတာကြောင့်၊ ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ်တော်မျိုးကို ပိုမို ဖော်ဆောင် လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အခြေအနေနဲ့ အချိန်အခါကို သတိထားပြီး၊ လက်တွေ့ကျတဲ့ လွှတ်တော်အခင်းအကျင်းမျိုး ဖော်ဆောင်ဖို့လည်း လေးနက်စွာ တိုက်တွန်းလို ပါတယ်။ တော်လှန်ရေး ကာလ ဆိုတာဟာ လှိုင်းထန်လေထန်ကာလဖြစ်တာကြောင့်၊ ရှေ့ဆက် ကာလများတွင် တော်လှန်ရေး ပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော် ဖြစ်အောင် ပုံဖော်ကြဖို့ တိုက်တွန်း လိုပါတယ်။
နောက်ဆုံးအချက်အနေနဲ့ ပြောကြားလိုတာကတော့၊ လက်ရှိ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက် အကောင်အထည် ပေါ်လာရေးကို အားသွန် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ ဒီစုဖွဲ့မှုဖြစ်မြောက်လာဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကျွန်တော်တို့ အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ အဲသည့်ထဲမှာ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေလည်း အရေးတကြီး ပါဝင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစု တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါ တယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်။ ကျွန်တော် တို့အနေနဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲ ရေးကိုလည်း ရဲရဲဝံ့ဝံ့၊ စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်တိုး လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ရေးမှာ၊ နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ လိုမျိုး ဖြစ်မြောက်လာဖို့၊ အားလုံးဝိုင်းဝန်းပြီး လက်တွဲတည်ဆောက်သွားနိုင်ရန် ပံ့ပိုးကူညီစေလို ကြောင်း လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ ဒီလိုအချိန်မျိုးမှာ,မှ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိချပ်ကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျာ။
အရေးတော်ပုံမုချအောင်ရမည်။