19/07/2026
အာဇာနည်နေ့ ဒို့မမေ့....
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်(၉)ဥိီးတို့ ကျဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်နှင့်ခန္ဓာ ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများစွာရှိခဲ့သည်။
ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ ပုံစံမျိုးစုံ ညှင်းပန်းနှိပ်စက်မှုကို ခံစားခဲ့ကြရပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပေါင်းများစွာကို ဆန့်ကျင်တော်လှန်ရင်း ရဲရင့်စွာ ကျဆုံးခဲ့ကြရသည့် အာဇာနည်သူရဲကောင်းများမှာလည်း နေရာအနှံ့တွင် ပေါ်ထွန်းခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရကို ဖမ်းဆီးအကျဥ်းချ ပြီး မတရားသဖြင့် အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းမှလူငယ်များစွာတို့သည် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်မှာ (၅)နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။
မိုးကုတ်ဗျူဟာ ရဲဘော်များသည်လည်း တော်လှန်ရေးစတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ စစ်အာဏာရှင်ကျရှုံးရေးတွင် မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်နေကြပါသည်။
နွေဦးတော်လှန်ရေးကာလတစ်လျှောက် မိုးကုတ်ဗျူဟာနှင့်အတူ ခံယူချက်ခိုင်မာစွာဖြင့် လက်တွဲတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် ပြည်သူလူထု၏ အနာဂတ်အတွက် အသက်နှင့်ခန္ဓာ ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း များစွာရှိခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ ၌ ခေတ်အဆက်ဆက် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော အာဇာနည်သူရဲကောင်းများနှင့်အတူ နွေဦးတော်လှန်ရေးကာလအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြသော နိုင်ငံတစ်ဝန်းမှ အာဇာနည် သူရဲကောင်းများ၊ မိုးကုတ်ဗျူဟာမှ ရဲဘော်ရဲဘက် အာဇာနည်သူရဲကောင်းများအား အခမ်းအနားနှင့်တကွ မိုးကုတ်ဗျူဟာ ရဲဘော်များအားလုံးမှ ဦးညွှတ် အလေးပြုအပ်ပါသည်။
#မိုးကုတ်ဗျူဟာ
#အာဇာနည်နေ့အခမ်းအနား
#19.7.2026