25/02/2020
ခင်ဗျားတို့ မွန်းကျပ်မှုကို ခံစားမိကြသလား?
တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက ကိုယ့်ဆန္ဒနဲ့ လုံးလုံးမကိုက်ဘဲ ဘ၀က မကြိုက်ဘဲ ၀င်က နေရတဲ့ ပြဇာတ်တစ်ပုဒ်လို ဖြစ်နေလား?
ကိုယ့်တည်ရှိမှုက လူတွေရဲ့အသိမှာ မှေးမှိန်နေသလို ကိုယ်ကလည်း လူတိုင်းအပေါ် အဲလို သဘောထားနေမိနေသလား?
ဒီလိုဖြစ်နေရပေမဲ့ မကြိုက်လို့ အဝေးဆုံးကို ထွက်သွားချင်စိတ်ပေါ်မိတတ်ကြမှာပေါ့။
ဒီလိုဆိုရင်တော့ J.D. Salingerရဲ့ The Catcher in the Ryeထဲက ဟိုလ်ဒင်ကောဖီးဆိုတဲ့ ကောင်လေးတစ်ယောက် အကြောင်း ဖတ်ချင်မိမှာပေါ့။
သူက ဘာမှမဟုတ်ဘူး။ စာညံ့ညံ့ကျောင်းသားလေးတစ်ယောက်။ အဆောင်နေ အထက်တန်းကျောင်းသားပေါ့။ သူ့ဘ၀ကလည်း နှစ်သက်စရာ တစ်ကွက်မှမရှိ။ သူ့စိတ်တိုင်းကျရှိမနေသလို တခြားသူတွေရဲ့ စိတ်တိုင်းကျလည်း ဖြစ်မနေခဲ့ဘူး။
ဒီလိုနဲ့ တစ်နေ့မှာ သူ စာမေးပွဲကျပါလေရော။ မိဘတွေကိုလည်း အသိမပေးရဲဖြစ်နေတယ်။ ဒီလိုနဲ့ ၁၆နှစ်သား ကောင်လေးတစ်ယောက် နယူးယောက်မြို့ကြီးမှာ တစ်ညတာ အိမ်ပြေး/ကျောင်းပြေး ဖြစ်ရတာပေါ့။
သူ လွတ်မြောက်ချင်ခဲ့သလိုလွတ်မြောက်ခဲ့တာပါ။
ကျွန်တော်တို့ တစ်ခါတစ်ရံ လွတ်မြောက်ဖို့ တွေးသလို သူလွတ်မြောက်ခဲ့တာပဲ။
သူ့မှာရှိတဲ့ ဒေါ်လာနည်းနည်းနဲ့ နယူးယောက်မြို့ကြီးရဲ့ မြေအောက်လောကအထိရောက်သွားခဲ့ရတယ်။ သူကြုံတွေ့ရတာကတော့ အစုံပေါ့။
အသက်မပြည့်ဘဲ ဘားတွေကိုရောက်တယ်။ ညစ်ပတ်နေတဲ့ ဟိုတယ်စုတ်စုတ်တွေလည်း ရောက်တယ်။ ပြည့်တန်ဆာငှားပြီးခါမှ ဘာမှမလုပ်တတ်လို့ အညစ်လည်းခံလိုက်ရတယ်။ ညမှောင်မှောင်ကို အေးစိမ့်စိမ့် မြို့ပြလမ်းမတွေပေါ်မှာ သူဖြတ်သန်းခဲ့တယ်...
သူအမြဲဖြစ်ချင်ခဲ့သလို ထင်တိုင်းကြဲခွင့် ရခဲ့ပေမဲ့ သူတကယ်ရော နှစ်သက်ပါရဲ့လား?
ဒီစာအုပ်က စာပေလောကမှာတော်တော်ကြီးကို လှုပ်ခတ်စေခဲ့တဲ့စာအုပ်ပါ။ အခုဆို ဂန္တ၀င်စာအုပ်လည်းဖြစ်နေပြီ။ အိမ်ပြေးကောင်လေးတစ်ယောက်ရဲ့ ၄၈နာရီလောက် အချိန်လေးကိုရေးထားတဲ့ ၀တ္ထုက ဂန္တ၀င်ဖြစ်လာရတာ အကြောင်းမဲ့တော့ မဟုတ်ဘူး။
စာဖတ်သူကိုယ်တိုင်က ဟိုလ်ဒင်ကောဖီးဖြစ်လာရတယ်။ ကောဖီးက ခပ်ညံ့ညံ့တော့မဟုတ်ဘူး။ စာကြီးပေကြီးတွေဖတ်ဖူးသူ။ ဒါပေမဲ့ သူဟာလောကကြီးကို ကျေနပ်မနေခဲ့ဘူး။ အခု လူငယ်အများစုလိုပဲပေါ့။ ပေါက်ကွဲဖွင့်ထုတ်ပစ်ချင်ခဲ့တယ်။ သူ့အတွေးဟာ လူငယ့်အတွေးပဲ။
၀တ္ထုတစ်ပုဒ်လုံးမှာ ဗန်းစကားတွေလှိုင်နေတယ်။ သူ့ခေတ် (၁၉၅၀)လောက်က ဗန်းစကားတွေပေါ့။ အရေးအသားကလည်း သွက်တယ်။ သွက်လွန်းလို့ တစ်မျိုးကြီးတောင်ဖြစ်နေရတယ်။ ကျွန်တော်တို့ကိုယ်တိုင် တစ်ခါတစ်ရံ ကိုယ့်အတွေးကိုယ် နားမလည်နိုင်သလိုမျိုးပေါ့။ ကောဖီးမြင်သမျှ ကြုံသမျှကိုလည်း ဘွင်းဘွင်းပဲရေးတယ်။ ထိမ်ချန်မနေဘူး။ တချို့အခန်းတွေက ညစ်ညမ်းတယ်ထင်ရပေမဲ့ တကယ်တော့ အရှိကို အရှိအတိုင်းရေးထားရုံပါ။
ကောဖီးလုပ်ချင်တဲ့ အလုပ်က "ဂျုံခင်းထဲမှာလိုက်ဖမ်းတဲ့သူ"။ ဂျုံခင်းထဲမှာ ဆော့ကစားနေတဲ့ ကလေးတွေကို ချောက်ထဲကျ မသွားအောင် လိုက်ဖမ်းရတဲ့ အလုပ်ပေါ့။ သူ့ စိတ်ကူးထဲကအလုပ်ဆိုပါတော့။
သူကိုယ်တိုင်က မြီးကောင်ပေါက်အရွယ် စပ်ကူးမတ်ကူးကာလဖြစ်တာမို့ သူ့အတွေးက တစ်ခါတစ်ရံ စိတ်ကူးယဉ်ဆန်တယ်။ တစ်ခါတစ်ရံ လက်တွေ့ဆန်တယ်။ သူ အိမ်ပြေးလုပ်နေတုန်း မျက်ဖုံးခွာချထားတဲ့ လူတွေရဲ့ ပကတိ စရိုက်၊သရုပ်တွေကို မြင်ခဲ့ရတယ်။ အဲဒါတွေကို သူ့အသိစိတ်နဲ့ သုံးသပ်ကြည့်ခဲ့မှာပေါ့။
ဇာတ်လမ်းက ရိုးစင်းတယ်။ ဒါပေမဲ့ ကောဖီးနေရာကနေကြည့်ရင်း ကိုယ့်စိတ်ကို မျောပါစေနိုင်တယ်။ ကိုယ့်အသံနဲ့ ထပ်တူကျလုနီးပါးဖြစ်နေခဲ့ရင်တော့ တော်တော်ကြီး အံ့ဩမိမှာပေါ့။
အဲဒီတော့ ကိုယ့်အတွေးတွေဗလောင်ဆူနေရင် ဒီ၀တ္ထုလေးဖတ်ကြည့်ပါ။ စီးမျောကြည့်ပါ။ ၀တ္ထုကို ဆရာမြသန်းတင့်က "လေလွင့်သူ" နာမည်နဲ့ ဘာသာပြန်ထားပါတယ်။ ကျွန်တော်တို့ MTU Students' Library မှာလည်း ရှိနေတဲ့အတွက် လာဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။