22/03/2026
ဂျပန်စာရေးဆရာ Keigo Higashinoရဲ့ NewComerကို ဆရာဖြိုးကျော် ဘာသာပြန်ထားပြီး “လူသစ်”ဆိုတဲ့ အမည်နဲ့ စာအုပ်အသစ်ထွက်လာပါတယ်။
တိုကျိုမြို့ရဲ့ ရိုးရာရပ်ကွက်ဖြစ်တဲ့ နိဟွန်းဘာရှီ ရပ်ကွက်သစ်ကို ပြောင်းရွှေ့ခံရတဲ့ မှုခင်းစစ်ရဲ ကာဂါ ကျိုအိချိရို ဖော်ထုတ်ရတဲ့ မှုခင်းတစ်ခုရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ကာဂါ နယ်မြေအသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အမျိုးသမီးတစ်ယောက်ဟာ သူ့နေအိမ်တိုက်ခန်းထဲမှာပဲ အသတ်ခံလိုက်ရတဲ့ အမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ အစမှာတော့ ရိုးရှင်းတဲ့ အမှုလို့ ထင်ရပေမယ့် စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ကာဂါဟာ အပေါ်ယံမြင်ရတဲ့ သက်သေတွေကိုပဲ ကြည့်ပြီး ကောက်ချက်ချတတ်တဲ့သူမဟုတ်တာကြောင့် အမှုဟာ ထင်သလောက်မရိုးရှင်းပါဘူး။
ဒီနေရာမှာ ကာဂါရဲ့ စိတ်နေစိတ်ထားဟာ အရေးကြီးပါတယ်။ သူက အမှုလိုက်ရာမှာ အေးဆေးတည်ငြိမ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး အပေါ်ယံသက်သေကြည့်ပြီး ကောက်ချက်ချတာထက် လူတွေဘာကြောင့် ဒီလိုပြုမူကြတယ်ဆိုတာကို ပိုပြီးအာရုံစိုက်တတ်တဲ့ နက်နက်ရှိုင်းရှိုင်းစာနာတတ်သူ ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ လူသတ်သမားကို ရှာဖွေဖို့တစ်ခုတည်းကို ဦးတည်ထားတာမဟုတ်ဘဲ သာမာန်လူတွေရဲ့ ဘဝတွေထဲမှာရှိတဲ့ မမြင်နိုင်တဲ့ အခက်အခဲတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေကြားက လျှို့ဝှက်ချက်၊ သေးငယ်တဲ့နားလည်မှုအလွဲလေးတွေကနေ ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်ရပုံတွေနဲ့ အထီးကျန်မှု၊ စိတ်ခံစားချက်များ ဝေးကွာမှုနဲ့ သာမန်ဘဝတွေထဲ ပုန်းကွယ်နေတဲ့ ကြင်နာနွေးထွေးမှုစတဲ့ ခံစားမှုတွေ၊ ဖြစ်ရပ်တွေများစွာနဲ့ ဖွဲ့စည်းထားပါတယ်။
ဆရာဖြိုးကျော်က လှူဒါန်းပေးထားတဲ့အတွက် စာအုပ်လေး စာကြည့်တိုက်ကို ရောက်လာပါပြီ။ အသစ်ထွက်တိုင်း သတိတရ ပေးပို့တဲ့အတွက် ဗြဟ္မစိုရ်စာကြည့်တိုက်က ဆရာ့ကို ကျေးဇူးတင်ပါတယ်။ စာကြည့်တိုက်အသုံးပြုသူ စာဖတ်သူများ လာရောက်ငှါးရမ်းဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။
~ဗြဟ္မစိုရ်စာကြည့်တိုက် (မန္တလေး)