04/08/2026
အပိုင်း(၁)
တိမ်စိုင်ဖွေးဖွေးတို့နှင့် ကောင်းကင်ပြာ၊ဖြေးညှင်းစွာတိုက်ခတ်နေတဲ့လေပြည်အေးအေးနှင့် ကျူးလစ်ပန်းစိုက်ခင်းတွေရှိတဲ့ မြင်ကွင်းဟာ...နေ့စဥ်တကွမြင်တွေ့နေရတဲ့မြင်ကွင်းဆိုပေမဲ့ "စေရာနေရေး"အဖို့ ရိုးအီသွားခြင်းလည်းမရှိခဲ့ပါ။
ဖြတ်သန်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာရှိတဲ့အိမ်လေးတွေက အရောင်အသွေးစုံလင်သလို ...ကျူးလစ်ပန်းစိုက်ခင်းတို့ကလည်း ရောင်စုံနှင့်ပနံ့သင့်တာမို့ ထိုမြင်ကွင်းတို့က မြင်တဲ့လူတိုင်းရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်လောက်မည်။
Amsterdamကလှသည်။အလှစုံသည်။
ပန်းရနံ့တို့ကိုသယ်ဆောင်လာတဲ့ လေပြည်တို့ကြောင့် စိတ်အစုံကကြည်လင်သွား၏။ကားမှန်ပြတင်းပေါက်ကိုဖွင့်လျက် လက်တစ်ဖက်ကို အပြင်ဆန့်ထုတ်ကာ သဘာဝရဲ့အာဟာရဖြစ်တဲ့ လေပြည်တို့ကိုရှုရှိုက်လိုက်မိ၏ ။
သူနေတဲ့နေရာဟာ ကျူးလစ်ပန်းစိုက်ခင်းတွေ၊ လေရဟတ်တွေရှိတဲ့ Amsterdam။
အလုပ်ရုံးနဲ့အိမ်က ဝေးပေမဲ့ ...သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းတလိမ့်လိမ့်မောင်းနှင်လာတဲ့ ကားက...မြို့ရဲ့မြောက်ဘက်အစွန်မှာရှိတဲ့နေအိမ်တစ်ခုရဲ့ရှေ့မှာရပ်၏။
ဒီနေ့က အလုပ်များလွန်းတဲ့ ရုံးဖွင့်ရက်ဖြစ်တာကြောင့် ...ပုံမှန်နေ့တွေထက် နောက်ကျတဲ့ ရုံးဆင်းချိန်မှာအိမ်ပြန်ရောက်လာသည်ကြောင့် ခြံတံခါးလာဖွင့်ပေးမယ့် Tomက ရှိမနေပါ။ထို့ကြောင့် ကားကိုစက်ရပ်ပြီး ခြံတံခါးကိုသော့ဖွင့်ဝင်လာရ၏။
အိမ်ရှေ့မှာစိုက်ထားတဲ့ ဒေစီပန်းခင်းကြီးကိုကျေနပ်စွာကြည့်ရင်း ဖြတ်ကျော်ကာ
သူ့ရဲ့နေအိမ်လေးရှိတဲ့နေရာဆီကို။
"ဟာ Mr.Ray ... ပြန်လာပြီလား"
ပန်းတွေရေလောင်းဖို့ပြင်နေတဲ့ Tomက
သူ့ကိုမြင်သည်နှင့် အလောတကြီးပြေးကြိုလာသည်။
"ကျွန်တော်မသိလိုက်လို့ ခြံတံခါးလာဖွင့်မပေးမိတာ"
"ရပါတယ် Tom...ရုံးမှာ အမှုသည်နဲ့ ဆွေးနွေးတာ ကြာသွားလို့ ပြန်လာချိန်နောက်ကျသွားတယ်"
"Mr.Ray...တစ်ခုခုသောက်ဦးမလား"
"လုပ်ပါဦး... ချိုချိုအေးအေးလေးတော့
သောက်ချင်မိသား"
"ကွက်တိပေါ့ဗျာ။ပန်းသီးစိမ်းဖျော်ရည်
ရှိတယ်...ခဏစောင့်နော်"
သူခေါင်းညိတ်ပြလိုက်သည်နှင့် Tomက အနောက်ဘက်မီးဖိုခန်းဆီ ခပ်သွက်သွက်ပြေးသွား၏။
စေရာနေရေးကတော့ အနားယူဖို့ ဧည့်ခန်းဆီကိုအသွား... မှန်ထဲက သူ့ပုံရိပ်က မျက်လုံးထောင့်မှာပေါ်လာသည်။နေ့စဥ်နှင့်တကွရှိနေတဲ့ များပြားလှသော အမှုတွဲတွေကြားမှာပဲ အချိန်ကုန်ဆုံးနေရတဲ့ULFO Law Firmရဲ့ 25နှစ်အရွယ် Junior Associate တစ်ယောက်အနေနဲ့ ...များပြားတဲ့တာဝန်တွေကြား နစ်မြုပ်နေရတာကြောင့် ဒီရက်ပိုင်းသူ့ကိုယ်သူ ဂရုမစိုက်နိုင်ဖြစ်သွားတာပဲ။ မအားမလပ်ဖြစ်နေရခြင်းက ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့တဲ့အထိပါ။
သက်ပြင်းချမိ၍ လည်ပင်းက နက်ခ်တိုင်ကိုဖြေလျှော့လိုက်သည်။နဖူးထက်က ဆံစတွေကိုပင့်တင်ရင်း ဆိုဖာကိုမှီထိုင်ချလိုက်၏။ ထိုတော့မှပဲ အသက်ရှူချောင်သွားသလို ခံစားရသည်။
"ရပါပြီ...Mr.Ray ဖျော်ရည်အေးအေးလေးကိုအရင်သောက်လိုက်ပါဦး"
အသံနှင့်အတူ အနားရောက်လာသူထံမှ
မွှေးပျံ့တဲ့ ပန်းသီးစိမ်းရနံ့လည်း အတူတူပါလာသည်။
"ကျေးဇူးပါ Tom"
"မလိုပါဘူးဗျာ။ဒါနဲ့...Mr.Rayအတွက် သတင်းကောင်းပြောပြဖို့ရှိတယ်"
"ဘာများလဲ Tomရဲ့..."
"Mr.Rayရဲ့ ဒေစီတွေကို လာလာတောင်းတတ်တဲ့ မိန်းကလေးတို့ညီအစ်မက အိမ်ပြောင်းသွားပြီလေ။အဲ...ဒါပေမဲ့ လူသစ်တွေတော့ ချက်ချင်းရောက်လာပြီ"
"ဟုတ်လား... အကူအညီလိုတာရှိရင်
Tomကူညီပေးလိုက်ပါဗျ"
"ဟုတ်ကဲ့ ကျွန်တော်နေ့ခင်းကသွားမေးပါသေးတယ်။အမျိုးသမီးဖြစ်သူကတော့ Netherlandsဖွားပဲဗျ...အမျိုးသားကတော့ Netherlandsအခြေစိုက်Myanmarနိုင်ငံသားတဲ့"
"သြော် ကိုယ့်မာမီကလည်း မြန်မာနိုင်ငံသားပဲလေ"
မာမီဆိုတဲ့မှတ်ဉာဏ်ကို တူးဆွလိုက်မိသည်နှင့်၊စေရာနေရေးရဲ့ မှတ်ဉာဏ်ထက်က ကြည်လင်မှုတွေပျောက်သွား၏။
စေရာနေရေး(Ray)လို့အမည်ရတဲ့ သူက
Netherlandsနိုင်ငံသား ဖခင်နဲ့၊
Myanmar နိုင်ငံသူ မိခင်ဖြစ်သူရဲ့
တစ်ဦးတည်းသောသားဖြစ်သည်။
ဒါကြောင့် သူကအဓိကဘာသာစကားဖြစ်တဲ့ Dutchဘာသာစကား၊ English ဘာသာစကားတို့ကို ကျွမ်းကျင်ယုံသာမကဘဲ...Myanmarဘာသာစကား၊Franceနှင့်Japanစကားကို အနည်းအကျဥ်းပြောတတ်သေးသည်။
broken familyမှာ ကြီးပြင်းလာတဲ့ စေရာနေရေးက မိခင်ဖြစ်သူနှင့် မရင်းနှီးတာကြောင့်၊ Myanmarဘာသာစကားကို သင်ကြားပေးခြင်းမခံခဲ့ရပေမဲ့...သူငယ်ချင်းဖြစ်သူ မဟော်သစ်လွင်နှင့်နေသာတည်ကြည်တို့၏ မိဘတွေကတော့Netherlands,Myanmar
ဖက်စပ်ကပြားများဖြစ်ကြသည်ကြောင့်၊ သူတို့မိသားစုဝင်တွေထံမှ ဘာသာစကားကို သင်ယူခဲ့ရ၏။
:::::::::::
သူ့ရဲ့ကိုယ်ပိုင်အခန်းထဲပြန်ရောက်သည်နှင့် စေရာနေရေးက ပြတင်းပေါက်လိုက်ကာစကို လှပ်ကာ...တစ်ဖက်ခြံထဲက အရိပ်အယောင်ကိုအကဲခတ်လိုက်၏။
အရင်မိသားစုတုန်းကတော့ သူ့ရဲ့ဒေစီပန်းခင်းကြီးကို အမှိုက်ဖြစ်အောင်ဖြုန်းတီးကြတာမို့...သူ့အနေနဲ့အမြင်မကြည်စရာကိစ္စတွေဖြစ်ထားခဲ့တာကြောင့်၊အခု အိမ်နီးချင်းကိုတော့ သီးသန့်နေတတ်တဲ့လူတွေဖြစ်ပါစေလို့ အတွေးရောက်နေမိသည်။ မအားလပ်တဲ့လူမို့...သာမန်မကျတဲ့ ရောထွေးခြင်းတွေကိုလည်း သဘောမကျပါ။။
အနားယူချိန်ပြီးသည်နှင့် သူက အဝတ်အစားတို့ကို ချွတ်လိုက်သည်။မှန်ထဲမှာ ထင်ဟပ်နေတဲ့ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြောင့်၊ ကိုယ့်ခန္ဓာကိုယ်ကို စိတ်ကျေနပ်မှုအပြည့်ရှိပါ၏။ ရင်အုပ်ကြွက်သား၊လက်မောင်းကြွက်သားစိုင်တို့က ... ဝါဝင်းတဲ့အသားအရည်အောက်မှာ နေရာတကျရှိနေပါသည်။
ရေချိုးသန့်စင်ပြီးမှ ပေါ့ပေါ့ပါးပါး ရှပ်လက်တိုနှင့်၊ချည်ဘောင်းဘီကိုဝတ်၍ ခြံထဲလမ်းလျှောက်ဆင်းလာကာ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်နေစဥ်မှာပဲ... ခပ်တိုးတိုးအသံလေးတစ်ခုက နားထဲဝင်လာတာကြောင့်၊အသံလာရာကို ကြည့်မိသည်။
"ဦးလေးကြီး... ဟို ဦးလေးကြီး"
"ဦးလေးကြီး...ကိုယ့်ကိုခေါ်နေတာလား"
"ဟုတ်ကဲ့...ဒီနားမှာ မိုင်မိုင်းနဲ့ဦးလေးကြီး နှစ်ယောက်ထဲရှိတာလေ"
သူ့ခါးလောက်အထိမြင့်တဲ့ အဖြူရောင်သစ်သားခြံစည်းရိုးနားမှာ ရပ်နေတဲ့၊
အဖြူရောင်ဆံပင်တွေနဲ့ကောင်မလေး ငယ်ငယ်လေး။နုဖက်နေတဲ့ အသားအရည်တို့နှင့် မျက်ဝန်းပြာလေးတွေကြောင့်... မြင်မြင်ချင်းမှာပဲ တိမ်စိုင်လုံးလေးနဲ့တူတယ်ဆိုတဲ့ မှတ်ချက်သာပြုမိ၏။
ထိုကောင်မလေးကလည်း သူ့ကိုခဏတာအကဲခတ်နေပြီးမှ...နှစ်ခြိုက်စွာပြုံးပြလာသည်။
"ပြော... ဘာကိစ္စလဲ"
"မိုင်မိုင်းတို့က ဒီဘက်အိမ်ကိုပြောင်းလာတာပါ ဦးလေး"
"...."
"အသက်က 14နှစ်ရှိပါပြီ။နာမည်အရင်းက ဟေးမိုင်မိုင်းပါ။အိမ်နီးနားချင်းဖြစ်သွားပြီဆိုတော့ မိုင်မိုင်းကိုစောင့်ရှောက်ပေးပါဦး ဦးလေးကြီးရှင့်"
ခါးကိုင်းကာ သူ့ကိုယ်သူမိတ်ဆက်နေတဲ့
ကလေးမလေးကြောင့် သူပြုံးမိသွား၏။
"ဦးလေးကြီးကရောဟင်"
"ဘာကိုလဲ"
"အသက်နဲ့နာမည်လေ"
"အသက်က 25နှစ်။နာမည်အရင်းက စေရာနေရေး...Ray။ပြီးတော့ ကိုယ့်အရွယ်က ဦးလေးကြီးမဟုတ်သေးပါဘူး"
ဒါက လိမ်ညာခြင်းမဟုတ်ပါ။Law Firmမှာဆို သူကအသက်အငယ်ဆုံးရှေ့နေပဲလေ။
"ဒါပေမဲ့ မိုင်မိုင်းက14နှစ်ပဲရှိသေးတာ"
ဒါကလည်း လိမ်ညာခြင်းမဟုတ်ပါဘူး။အသက်အရွယ်ကွာခြားနေခြင်းကသက်ပြင်းချလျက် လက်ခံလိုက်ရတဲ့အမှန်တရားပဲ။အသက်14နှစ်အရွယ် ကလေးလေးက၊25နှစ်အရွယ်ကို ဦးလေးကြီးခေါ်တာပဲလေ။
"ဒီအိမ်မှာ မိုင်မိုင်းနဲ့ရွယ်တူကလေးရှိလား"
"မရှိဘူး"
"အဖော်ရမလားလို့ မိတ်ဖွဲ့ဖို့လာတာ။
မိုင်မိုင်းမှာ သူငယ်ချင်းမရှိသေးလို့ရယ်"
"အရင်နေတဲ့အိမ်မှာရော သူငယ်ချင်းမရှိဘူးလား"
"ကျောင်းမှာတော့ရှိပေမဲ့...အခုမရှိတော့ဘူး"
"ခက်တာပဲ။ဒီနားမှာလည်း ကလေးမရှိဘူး"
"ရပါတယ်။တစ်ယောက်တည်းလည်း နေတတ်ပါတယ်"
ပြုံးစစမျက်နှာလေးနဲ့ ခပ်တိုးတိုးပြောလိုက်တဲ့စကားသံရဲ့အဆုံးမှာ သူရဲ့ဖုံးကွယ်ထားတဲ့ ကရုဏာစိတ်လေးက ထကြွလာသည်။ တကယ်တော့ သူဟာ ကလေးချစ်တတ်တဲ့ လူတစ်ယောက်လေ။အငယ်လေးထရီဇာမေတစ်ယောက်Amsterdamမှာမရှိတော့ကတည်းက သူ့မှာစနောက်ချော့မြူစရာ ကလေးမရှိတော့တာကြာခဲ့ပါပြီ။
မျက်နှာငယ်လေးဖြစ်နေတဲ့ ကလေးငယ်ကို နှစ်သိမ့်ချော့မြူပေးချင်ပေမဲ့၊သူ့ရဲ့ ပြတ်တောင်းတောင်းစကားသံကပဲ ထုံးစံမပြတ်ထွက်လာခဲ့၏။
"သူငယ်ချင်းရမှာပါ။မင်းနဲ့ရွယ်တူမရှိပေမဲ့
ကစားဖော်လိုရင်... အင်း အိမ်မှာ ကြောင်တစ်ကောင်ရှိတယ်"
" ဟုတ် ...မိုင်မိုင်းလည်း ကစားဖော်ရချင်တယ်။ဒယ်ဒီနဲ့မာမီက အတူတူကစားပေးဖို့ အချိန်မရှိဘူးတဲ့။ဦးဦးမှာရော အချိန်ရှိလားဟင်။အာ ... ဦးလေးကြီးလို့ခေါ်တာ မကြိုက်ဘူးထင်လို့ ဦးဦးလို့ခေါ်တာပါ"
"ကြိုက်သလိုခေါ်ပါ...အဆင်ပြေသလို"
"ဦးဦးမှာအချိန်ရှိလားဟင်"
"ရှိတယ်"
"ဒါဆို အတူကစားပေးလို့ရတာပေါ့နော်"
"အင်း"
"မိုင်မိုင်းနားမလည်တဲ့စာတွေရှိရင်လည်း လာမေးမယ်နော်"
"ဟုတ်ပါပြီ"
"ဦးဦးက သိပ်ပြီးသဘောကောင်းတာပဲ။
မိုင်မိုင်းခင်သွားပြီ။ဒါဆို မိုင်မိုင်းတို့ သူငယ်ချင်းဖြစ်သွားပြီနော်"
ပြုံးရယ်နေတဲ့ တိမ်စိုင်လုံးလိုကလေးမလေးက အဖော်လိုချင်ပုံရတာကြောင့်...သူ့အနေနဲ့ အဖော်မလုပ်ပေးနိုင်စရာအကြောင်းမရှိပါ။
"မိုင်မိုင်း... ဟေးမိုင်မိုင်း"
"အာ ... မာမီလာပြီ"
"ဒီကိုရောက်နေတာကို ...လာခဲ့ အိမ်ထဲဝင်။
အပြင်မထွက်နဲ့လို့ပြောထားတာကို မှတ်ထားမှပေါ့ ဟေးမိုင်မိုင်းရဲ့"
အနားကိုအလျင်အမြန်ရောက်လာသူက၊
မတ်တပ်ရပ်လျက်ရှိနေတဲ့ သူ့ကို တစ်ချက်သာဝေ့ကြည့်လာပြီး၊ အဖက်မလုပ် ဘာစကားမှမပြောဘဲ...ကလေးမလေး လက်ကိုသာ တင်းတင်းကျပ်ကျပ်ဆွဲ၍ခေါ်သွား၏။
ထိုအရာကိုမျက်မှောင်ကြုတ်ကာကြည့်ရင်း
အလိုမကျဖြစ်မိကာ...
"ခဏလေး အပြင်ထွက်တာ ဘာဖြစ်မှာကြောင့်လဲ။ကလေးကို ဆွဲခေါ်သွားတာကလည်း ကြမ်းတမ်းလိုက်တာ"
ကြမ်းတမ်းသည့်အပြုအမှုကြောင့် စိတ်ပျက်လက်ပျက်ဆိုမိရင်း...ခေါင်းခါလျက် ထိုခြံစည်ရိုးအနားကနေထွက်လာလိုက်သည်။
အလုပ်တွေများလွန်းလို့၊ဇယားရှုပ်ရမယ့်
အရာတွေနဲ့ ဝေးဝေးကင်းကင်းနေတာပဲ ကောင်းပါတယ်လေ။
::::::::
"မင်းရဲ့သမီးကို ငါကဘာကိစ္စကြည့်နေမှာလဲ Oriana...မင်းမွေးထားတာပဲ မင်းကြည့်နေပေါ့ကွ"
"ငါအပြင်ခဏထွက်သွားတုန်းမို့ နင့်ကို ကြည့်ခိုင်းထားတာလေ ကမ္ဘာသူ။မင်းရဲ့သမီးလို့ ပြောရအောင် နင့်ရဲ့သမီးရောမဟုတ်ဘူးလား"
"ဘာကို ငါ့ရဲ့သမီးလဲ။မင်းနောက်လင်နဲ့ မွေးထားတဲ့သမီးက ငါ့ရဲ့သမီးဖြစ်လာဖို့ အကြောင်းကိုမရှိတာ။မင်းဖောက်ပြန်ချင်တိုင်းဖောက်ပြန်ပြီးမှ ဒီကလေးကို ငါ့ကလေးလို့ ခေါင်းစဥ်မတပ်နဲ့"
Orianaရဲ့ မျက်နှာချောချောက ရုပ်ဆိုးစွာ မဲ့ကျသွား၏။
"နင်လည်း ငါနဲ့အတူတူပါပဲ ကမ္ဘာသူရယ်။
နင်ကိုယ်တိုင်ရော မဖောက်ပြန်လို့လား။နင်နဲ့ အဲဒီမိန်းမ ဘယ်အခြေအနေထိရောက်နေလဲဆိုတာ ငါမသိဘူးထင်နေလား"
ကမ္ဘာသူ ကမိန်းမလိုက်စားသလို၊မူးယစ်ဆေးနဲ့၊လောင်းကစားကိုစွဲလမ်းနေသူသာ။
Orianaရဲ့ဖခင်က အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်း၁ခုရဲ့ပိုင်ရှင်... ကမ္ဘာသူကတော့ ထိုလုပ်ငန်းနဲ့ ပါတနာကုမ္ပဏီကမန်နေဂျာတစ်ယောက်သာ။
နိုင်ငံခြားသားဆိုပေမဲ့ အလုပ်လုပ်တာတိကျပြီး၊Orianaကို ချစ်မြတ်နိုးတဲ့သူမို့.... ဖခင်ကိုယ်တိုင်က Orianaကို ကမ္ဘာသူနဲ့ပေးစားခဲ့တာဖြစ်သည်။
သို့သော် ကမ္ဘာသူဟာ ဖခင်ဖြစ်သူထင်သလို လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ဖခင်သေဆုံးပြီးလို့လုပ်ငန်းကို ကမ္ဘာသူဆက်ခံချိန်မှာသိခဲ့ရသည်။ကမ္ဘာသူဆိုတဲ့ လူက လူယုတ်မာ၊သူ့ဘဝတိုးတက်ဖို့ Orianaနဲ့လက်ထပ်ပြီး... နောက်ကွယ်မှာတော့ သူ့ရဲ့အချစ်ဦးမိန်းမကိုထောက်ပံ့နေတဲ့လူ။
သူ့ရဲ့ ရူးသွပ်စွာချမ်းသာချင်အောင်...စွဲလမ်းနေတဲ့ ရှယ်ယာကစားခြင်းကြောင့်၊ လုပ်ငန်းတစ်ခုလုံးပြိုလဲသွားလို့ သူမဖခင်ရဲ့အမွေအိမ်ကြီးကို ရောင်းခဲ့ရတဲ့အထိဖြစ်လာတာတောင်
ကမ္ဘာသူဆိုတဲ့လူက သူ့အပြစ်မရှိဘူးလို့မှတ်ယူထားသည်။
"ဘာဖြစ်လဲ...ဖောက်ပြန်တော့ ဘာဖြစ်လဲ။ မင်းလည်းဖောက်ပြန်သလို...ငါလည်း ဖောက်ပြန်တာပဲလေ"
"နောက်ဆုံးတော့ နင်လည်းဖောက်ပြန်တာကို ဝန်ခံလိုက်ပြီပဲ။ရွံစရာကောင်းလိုက်တာ။ နင် ဖောက်ပြန်လို့ရတယ်...ဒါပေမဲ့ ဟေးမိုင်မိုင်းက စာချုပ်စာတမ်းအရ နင့်သမီးဖြစ်နေတုန်းပဲ။နင်သူ့ကို တာဝန်မယူလို့မရဘူး"
"မင်းကို ဖျက်ချလိုက်ဖို့ ငါပြောသားပဲ။
ဇယားရှည်ပြီးမွေးတာ မင်းပဲလေ"
ကြားနေရသည့်စကားတို့ကြောင့် မိုင်မိုင်းနားကို ပိတ်ထားသည်။ဒယ်ဒီနဲ့မာမီရန်ဖြစ်တိုင်း အလားတူစကားမျိုးတွေကိုကြားရလေ့ရှိပေမဲ့ ကြားရတိုင်းမှာလည်း...မိုင်မိုင်ရဲ့ သေးငယ်တဲ့နှလုံးသားလေးက အောင့်သက်နာကျင်လာတတ်သည်။
"မမွေးလို့ရမလား...အနည်းဆုံးတော့
သူက လူသားကလေးပဲလေ"
မိခင်တစ်ယောက်ဖြစ်တာမို့ Oriana (အော်ရီယာနာ)ကိုယ်တိုင်လည်း မိုင်မိုင်းကိုချစ်တဲ့စိတ်အနည်းငယ်ရှိနေပါသေးသည်။ဒါကြောင့်လည်း သူမက ..ဒီနေရာမှာရှိနေသေးတာပါ။
သို့သော် ဟေးမိုင်မိုင်းမွေးလာလို့ သူမဘဝမှာ ကောင်းတဲ့အရာ ရှိမလာတာမို့ ကလေးအပေါ်ဂရုစိုက်ခြင်းမျိုးမရှိခဲ့တာတော့အမှန်ပါ။မတော်တဆအမှားကြောင့်ရခဲ့တဲ့ကိုယ်ဝန်မို့ ဖျက်ချဖို့အထိ စဥ်းစားခဲ့သေးပေမဲ့ မလုပ်ဘဲ...ရှင်သန်ခွင့်ပေးခဲ့တာမို့... အခုလိုဂရုမစိုက်တာကိုလည်း အော်ရီယာနာ့ကိုအပြစ်တင်လို့မရဘူးလို့ သူမကထင်သည်။ဒီကလေးကို အခုချိန်ထိ ကျွေးမွေးလာတာနဲ့တင်တာဝန်ကျေပြီမလား။
"မင်းစိတ်နဲ့မင်းမွေးထားတာ...ငါ့ကို တာဝန်ယူခိုင်းမနေနဲ့ Oriana။တစ်ခုတော့ရှိတယ် မင်းရဲ့ဒီအိမ်ကို ငါ့နာမည်နဲ့လွဲလိုက်...ဒါဆိုရင် မင်းရဲ့သမီးအပေါ်ကောင်းပေးဖို့ ငါစဥ်းစားမယ်"
"အဟား ... ရူးသွပ်မှုကြီးပဲ။နင် ဒီကလေးကို၊ဒီအိမ်နဲ့လဲရအောင် တန်တယ်ထင်လို့လား"
"လင်ငယ်ကို ခေါ်နေဖို့အိမ်ဖို့ မတန်တာလား Orianaရဲ့။ငါအစကတည်းကသိသားပဲ။
မင်း ဒီအိမ်ကိုဝယ်တာ မင်းရဲ့လင်ငယ် ဂျွန်နဲ့ အတူတူနေဖို့ဆိုတာလေ။စိတ်မကောင်းစရာပဲ...ငါက ကွာရှင်းမပေးဘဲ လင်ငယ်ကို အိမ်ပေါ်တင်ထားပြီး၊ငါ့ဘက်က တရားစွဲလိုက်ရင် ပိုင်ဆိုင်မှုတွေက ငါ့အပိုင်ဖြစ်လာမှာနော်"
ဂရုမစိုက်သလိုမျက်နှာပေးနဲ့ပြောနေတဲ့ လူကို အော်ရီယာနာသည်းခံစိတ်ကုန်ဆုံးလာ၏။
"သွားေ/သ/လိုက်...ေ/ခွး/သား"
ဝုန်း...
"နင်လည်း ဒီပိုင်ဆိုင်မှုတွေကိုရမယ်မထင်နဲ့"
စားပွဲပေါ်က မီးအိမ်ရဲ့လွင့်စင်သွားမှုက ထောင့်အကွယ်မှာရပ်နေတဲ့ မိုင်မိုင်းခြေထောက်နားအထိရောက်လာသည်။
"မင်းက ရမ်းကားချင်တယ်ပေါ့။
သေချင်လို့လား အော်ရီယာနာ"
ဖြော/င်း/...
အားပြင်းတဲ့ လ/က်/ဝါး တစ်ချက်က အော်ရီယာနာရဲ့ပါး/ပြင်ပေါ်ကျရောက်၏။
"ေ/ခွး/သား...နင်ကများ ငါ့ကို"
ဖြော/င်း...
ပြန်တွန်းလှန်ဖို့ရွယ်လိုက်ပေမဲ့ ကမ္ဘာသူရဲ့ အင်အားကိုမယှဥ်နိုင်သူက ထပ်မံအရိုက်ခံရ၏။
ကြားနေရသည့်အသံတို့ကြောင့် မိုင်မိုင်ရဲ့ လက်ဖျားလေးတွေတုန်ရီကာ...ပါးစပ်ကို လက်ဖြင့်အုပ်၍ ရှိုက်ငိုနေမိသည်။
ထိုရို/က်/နှ/က်/နှိ/ပ်/စ/က်/မှုမျိုးကို ခံရဖူးကတည်းက၊ဒယ်ဒီ့ကို သေမတတ်ကြောက်ပါသည်။ဒယ်ဒီက ဒေါသထွက်လာရင် မိုင်မိုင်းကိုပါ ရိုက်ဖူးတာကြောင့်...ဝင်တားချင်ပေမဲ့ ခြေထောက်တစ်စုံက လေးကန်နေ၏။
"ကမ္ဘာသူ... နင် လူယုတ်မာ"
ဖြော/င်း...
"အေး ယုတ်မာတော့ ဘာဖြစ်လဲဟာ"
ဝုန်း...
တစ်ခုခုပြိုကျသွားတဲ့ အသံကျယ်ကြီးနဲ့အတူ... မာမီက ခွေလျက်လဲကျသွားပြီး၊ စူးရဲတဲ့မျက်ဝန်းတစ်စုံက မိုင်မိုင်းရှိရာကိုရောက်လာ၏။
"ဒယ်... ဒယ်ဒီ"
"သြော် နင်က ဒီမှာပုန်းနေတာကို"
သန်မာတဲ့လက်က မိုင်မိုင်းရဲ့သေးသွယ်တဲ့ လက်ကို အားပြင်းပြင်းနဲ့ တရွတ်တိုက်ဆွဲခေါ်သွား၏။
"ဒယ်ဒီ...မ...မရို/က်/ပါနဲ့"
"သွားစမ်း"
အားထည့်ကာ တွန်းလိုက်သည်ကြောင့်၊
မိုင်မိုင်းက နောက်ကိုလဲကျသွား၏။
"နင်တို့၂ယောက်စလုံး အချိုးမပြေရင်
အသက်ရှင်ဖို့ မတွေးနဲ့။တောက်... ဘယ်လိုဟာတွေလဲမသိ"
ဒယ်ဒီဟာ ဒေါသတကြီးနှင့် အိမ်အပြင်ကို ထွက်သွားတယ်ဆိုရင်ပဲ သူမက နေရာမှ ခပ်မြန်မြန်ထ၏။ထောက်လျက်လဲကျတာကြောင့် နာကျင်သွားသည့် လက်ကို ဂရုမစိုက်ဘဲ.. မာမီ့အနားကိုသွားသည်။မိုင်မိုင်းမှာ အားကိုးရာက မာမီပဲရှိတာမဟုတ်လား။
"မာမီ...မာမီနာနေလား"
"မထိနဲ့...ဒါတွေ နင့်ကြောင့်ဖြစ်ရတာ"
ပြန်ပြီးတွန်းထုတ်ခံလိုက်ရတာကြောင့်
ကူကယ်ရာမဲ့သွားတဲ့ မိုင်မိုင်းရဲ့မျက်ဝန်းပြာလေးတွေမှာ...မျက်ရည်ကြည်တို့ပြည့်လာသည်။
"နင့်ကြောင့် ဟေးမိုင်မိုင်း...နင်မွေးလာခဲ့လို့။
ဘာကြောင့်များ လူဖြစ်လာခဲ့ရတာလဲ"
ရှိုက်ကြီးတငင်ငိုနေတဲ့ မာမီ့ကိုကြည့်ရင်း
မိုင်မိုင်းကိုယ်တိုင်လည်း နာကျင်လာသည်။
တွန့်ဆုတ်စွာဖြင့် ထောင့်တစ်နေရာကိုတိုးသွားပြီး၊ဒူး၂ဖက်ကိုပိုက်ကာ အသံတိတ်ရှိုက်ငိုမိ၏။
မိုင်မိုင်းက မာမီ့အနားမှာပဲနေချင်ခဲ့တာပါ။
To Be Continued : Part - 2