18/04/2025
https://www.facebook.com/100086481054710/posts/666696839556345/?app=fbl
❐ ချင်းအမျိုးသားကာကွယ်ရေးတပ် ဒရုန်းစစ်ဆင်ရေး တာဝန်ခံ ၊ လေကြောင်းတက္ကသိုလ်ကျောင်းသား ရဲဘော်တစ်ဦး ကျဆုံး။
ဧပြီ ၁၇၊ ၂၀၂၅။
ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ဒရုန်းစစ်ဆင်ရေးတာဝန်ခံဖြစ်သူ ရဲဘော် ကိုစိုးသူနိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်တွင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MAEUSU) ကထုတ်ပြန်သည်။
ရဲဘော်ကိုစိုးသူနိုင်သည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် Space Major မှ ကျောင်းသားဖြစ်ကြောင်း MAEUSU ၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ကိုစိုးသူနိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်တွင် ဒရုန်းစစ်ဆင်ရေးတခုဖော်ဆောင်ရန် ဖလမ်းမြို့သို့ ဖြတ်သန်းဝင်ရောက်ရာမှ စစ်ကောင်စီတပ်သားများနှင့် ထိတွေ့မိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှုဖြစ်ရာမှ ကိုစိုးသူနိုင်၏ ခါးတွင် ကျည်ထိမှန်ခဲ့ကာ ၎င်းဒဏ်ရာနှင့်ပင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါကျဆုံးသတင်းအား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီးမှသိရှိရခြင်းဖြစ်သည့်အတွက် ယနေ့ ဧပြီလ (၁၇)ရက်မှသာ အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MAEUSU ကဖော်ပြသည်။
ကိုစိုးသူနိုင်ကျဆုံးခြင်းသည် ကိုနိုင်ထွန်းဦး (ခ) ကိုရွှေကျား (SS major, 13th Batch) ကျဆုံးပြီးနောက် MAEU မှ ဒုတိယမြောက် ကျောင်းသား/ကျောင်းသားဟောင်း ကျဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် MAEU မှ ကျောင်းသား/ကျောင်းသူဟောင်း (၉) ဦး ဖမ်းဆီးခံခဲ့ရပြီး (၆) ဦးပြန်လည်လွတ်မြောက်ကာ (၃) ဦးမှာအကျဉ်းကျနေဆဲဖြစ်ကြောင်း MAEUSU ကဖော်ပြထားသည်။
- ဟာရုမီ (စာတည်း - မောင်ဘိုး)
ဓာတ်ပုံ - MAEUSU
#ချင်းအမျိုးသားကာကွယ်ရေးတပ် #ဒရုန်းစစ်ဆင်ရေးတာဝန်ခံ #လေကြောင်းတက္ကသိုလ်ကျောင်းသားရဲဘော်တစ်ဦး #ကျဆုံး
#ဆီသို့
-------------
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/-Towards-Media
Website >>> http://towardsmedia.info