Progressive Youth Association-Myaing Township

Progressive Youth Association-Myaing Township Progressive Youth Association-Myaing Township is an organization of youth interested in left-wing politics in Myaing Township. They use unnoticeable oppression.

The association is a non-profit and youth-led political research organization. We focus on promoting liberalization, equality, peace and proletariat democratic rights of the people especially in Myaing Township. What happened in the world during this day is the Capitalism influencing. Although the Capitalists often reval democracy but it is just so-called democracy. Democracy in the Capitalism is

just one cares for Capitalists. The Capitalists always think of getting more gain and so they use worker class for their benefits. According to the facts on revolution, if there is oppression, it is sure to be a rebellion. They afraid of that and they used to try keeping the situation. Ones such as limiting working hour, specifying the basic salary are done. But in other side the Capitalists, actually, use the worker class as steps to get more wealth. Thus, the essence of the Capitalism is exploitation the proletariat. So, an answer to stop the exploitation is Socialism and or Communism. In Socialist System, the sovereignty is controlled by the majority of the proletariat. There will be no private instuments of production. So, it is sure to equal in class and finish the class struggles because of no exploiting. This is our view of democracy. To found a non-explotation society, the first thing we must do is to organize people to believe in Socialism. And so the propagada is an important part. This is what we mainly focus.

14/08/2021

. ယနေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၈၂) နှစ် ပြည့်ခဲ့လေပြီ။

"မာ့က်စ်ဝါဒဂုဏ်ရောင် ထွန်းပြောင်ပါစေ။
" အဖိနှိပ်ခံများ လွတ်မြောက်ပါစေ။"

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်ခြောက်ဦးကို ငြင်းပယ်ခြင်း (၃).......................................................
09/08/2021

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်ခြောက်ဦးကို ငြင်းပယ်ခြင်း (၃)............................................................................

(ဂ) အနုပဋိလောမ
အနုပဋိလောမရုပ်ဝါဒနှင့် ပတ်သက်ပြီးတော့ အခြေခံအချက်အချို့ကို ရှင်းခဲ့ပြီးပါပြီ။ အခုတော့ အနုပဋိလောမရဲ့ သင်ကြားချက်အသွင် (၄) ရပ်ကို ဆက်ရှင်းပါမယ်။
ပထမသင်ကြားချက်အသွင်ကတော့ အရာအားလုံးဟာ တစ်ခုနဲ့တစ်ခု ကင်းကွာဖြစ်တည်မနေဘဲ စပ်ဆက်ပြီး အညမညသဘောနဲ့ ပြောင်းလဲဖြစ်တည်နေတယ် ဆိုတာပါပဲ။ လောကကြီးကို လေ့လာတဲ့အခါမှာ တစ်ခုနဲ့တစ်ခုကို ခွဲပြီး လေ့လာလို့မရပါဘူး။ တကယ်လို့ ခွဲပြီး လေ့လာမယ်ဆိုရင် မှန်ကန်တဲ့အဖြေ ရမှာမဟုတ်ဘူး။ အမြဲတွေ့နေရတဲ့ သစ်ပင်စိုက်ကြတာကိုပဲ ဆိုကြပါစို့။ သစ်ပင်တစ်ပင်စိုက်ဖို့ ပထမဆုံး မျိုးစေ့လိုတယ်။ ဖြစ်စဉ်ရဲ့အစက မျိုးစေ့လို့ ယူလို့မရဘူး။ မျိုးစေ့ရဲ့ မရင့်မှည့်ခင်အနေအထားထြစ်တဲ့ အသီးပေါ့။ ဟုတ်ပြီ အဲ့ဒီအသီးကလည်း အစမဟုတ်ပြန်ဘူး။ အဲ့ဒီအသီးထက်အရင် ဝတ်မှုန်ကူးဖို့ လိုတယ်။ ဝတ်မှုန်ကူးဖို့ ပန်းပွင့်ဖို့လိုတယ်။ ပန်းပွင့်ဖို့ဆို အပင်ရှိဖို့လိုတယ်။ အပင်ရှိဖို့ဆို အပင်စိုက်ဖို့လိုတယ်။ အဲ့ဒီအပင်စိုက်ဖို့ အစေ့လိုတယ်။ အဲ့ဒီအစေ့ရှိရုံနဲ့ ရပြီလားဆိုတော့ မဟုတ်သေးဘူး။ အစေ့ကို ရှင်သန်စေမယ့် ပတ်ဝန်းကျင်လိုတယ်။ ပထမဆုံးက သင့်လျှော်တဲ့မြေဆီလွှာပေါ့။ ဟုတ်ပြီ ရေနေအပင်စိုက်မယ်ဆိုရင် ရေမြုပ်နေတဲ့ မြေဆီလွှာမှာ စိုက်မှရမယ်။ ကုန်းခေါင်းခေါင်မှာ ထစိုက်လို့ မရဘူး။ ကျွန်တော်က သရက်ပင်စိုက်မယ်ပဲ ထားပါတော့ဗျာ။
သရက်စေ့ကို မြေပေါ်မှာ စိုက်လိုက်ပြီ။ သူဘာလိုလာမလဲ။ လေနဲ့ ရေလိုမယ်။ လမျက်နှာပြင်ပေါ်မှာ သွားစိုက်ရင်တော့ ရှင်မှာ မဟုတ်ဘူးလေ။ ရေရပြီထားပါတော့။ တစ်ခါ အပင်စပေါက်လာပြီဆိုပါစို့။ ကနဦးက စေ့ရွက်လေးပါလာမယ်။ အရွက်မထွက်ခင်စပ်ကြားမှာ အဲ့ဒီစေ့ရွက်ထဲက မူလမိခင်အပင်ကနေ သိုလှောင်ပေးလိုက်တဲ့ အာဟာရတွေနဲ့ ရှင်သန်မယ်။ အရွက်တွေက နေရောင်ခြည်ကိုသုံးပြီး အစာချက်လုပ်နိုင်တဲ့အခါ (photosynthesis) စေ့ရွက်က ကြွေသွားမယ်။ အဲ့ဒီလိုကြွေသွားတဲ့အခါ နေရောင်ခြည်ကနေ အစာရယူရတော့မယ်။ နေရောင်ခြည်က ဘယ်ကနေလာသလဲ။ နေကနေလာတယ်။ နေထဲမှာရှိတဲ့ ဟီလီယမ်ဒြပ်ပေါင်းတွေ မီးလောင်ကျွမ်းရာကနေ ထွက်လာတဲ့ ရေဒီရေးရှင်း (rediation) တွေကို လျှပ်စစ်သံလိုက်လှိုင်းတွေ (Electro-magnetic wave) တွေအနေနဲ့ ထုတ်လွှတ်တာပါ။ အဲဒီနေကရော ဘယ်ကပေါ်လာသလဲဆိုရင် စကြာဝဋ္ဌာရဲ့အစ မဟာပေါက်ကွဲမှု (Big Bang) အထိ ရောက်သွားမှာပါပဲ။ ဒါက စပ်ဆက်မှုပေါ့။ ဒါပေမယ့် ဘုရားသခင်ဝါဒနဲ့ ချိန်ကိုက်ရင်တော့ ဘုရားသခင်ရဲ့ဖန်တီးမှုနဲ့တင် အကုန်လုံးရဲ့ အညမညသဘောတရားက ပျက်ဆီးသွားမှာပါ။
လူမှုဗေဒမှာဆိုရင်လည်း သမိုင်းဦးဘုံမြေစနစ်၊ ကျွန်ပိုင်ရှင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ် စသည်ဖြင့် ပြောင်းလဲမှုတွေဟာ တစ်ခုနဲ့တစ်ခု စပ်ဆက်နေပါတယ်။ စနစ်တစ်ခုကိုလေ့လာတဲ့အခါ သူ့အရင်ခေတ်ကို ချန်လှပ်ထားပြီး အဲ့ဒီစနစ်ကို လေ့လာမယ်ဆိုရင် မှန်ကန်မှာမဟုတ်ပါဘူး။ ဒီစနစ်ဖြစ်ပေါ်စေတဲ့အကြောင်းတရား၊ တွန်းအား၊ တော်လှန်ပြောင်းလဲခေတ်ပြောင်းခြင်း၊ ပေါ်ပေါက်လာတဲ့ဝါဒ စသည်ဖြင့် စပ်ဆက်ပြီးလေ့လာရမယ်။ ဒါက အနုပနိလောမနည်းရဲ့ ပထမအသွင်ပါပဲ။

#မြတ်မင်းမောင်မောင်
#တာဝန်ခံအယ်ဒီတာ
#လောကအမွန်စာစဉ်

| လက်ဝဲလူငယ်များအစည်းအရုံး (ရေစကြို) ကို မဟာမိတ်အဖွဲ့အစည်းအဖြစ်ကြေညာခြင်း       အထက်အကြောင်းအရာပါကိစ္စအရ ကျွန်ုပ်တို့ တိ...
07/08/2021

| လက်ဝဲလူငယ်များအစည်းအရုံး (ရေစကြို) ကို မဟာမိတ်အဖွဲ့အစည်းအဖြစ်ကြေညာခြင်း

အထက်အကြောင်းအရာပါကိစ္စအရ ကျွန်ုပ်တို့ တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်) - ယာယီက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသည်။

၁။ လက်ဝဲဝါဒနှင့် အလှမ်းဝေးကွာနေသော ကျွန်ုပ်တို့ဒေသတွင် လက်ဝဲလူငယ်များအစည်းအရုံး (ရေစကြို) ရှိနေရာ လွန်စွာ အားတက်ဖွယ်ဖြစ်ပါသည်။
၂။ ထိုလက်ဝဲလူငယ်များအစည်းအရုံး (ရေစကြို) နှင့် ကျွန်ုပ်တို့ တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်)-ယာယီ တို့ကြား လက်ဝဲဝါဒပြန့်ပွားရေးနှင့် အခြား‌ရှေ့ဆက်လုပ်ငန်းဆောင်တာများ ဆွေးနွေးကြပြီး ဒေသအကျိုး၊ ပြည်သူအကျိုးအတွက် လက်တွဲလုပ်ဆောင်ရန်နှင့် တော်လှန်ရေးကာလတွင် တရားမဲ့အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် ကလောင်အား၊ လက်ရုံးအားနှင့် အတူတကွ တိုက်ထုတ်ကြရန် သဘောတူခဲ့ကြသည်။
၃။ ထို့ကြောင့် ကျွန်ုပ်တို့ တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်) အနေဖြင့် လက်ဝဲလူငယ်များအစည်းအရုံး (ရေစကြို) ကို မဟာမိတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာအပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#တိုးတက်သောလူငယ်များအစည်းအရုံး_မြိုင်မြို့နယ်

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်ခြောက်ဦးကိုငြင်းပယ်ခြင်း (၂)........................................................
07/08/2021

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်ခြောက်ဦးကိုငြင်းပယ်ခြင်း (၂)........................................................................

(ခ) အနုပဋိလောမရုပ်ဝါဒမိတ်ဆက်
အနုပဋိလောမရုပ်ဝါဒဟာ အနုပဋိလောမနည်းနဲ့ သဘောတရားအဘိဓမ္မာ ရုပ်ဝါဒတို့ စနစ်တကျ ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။ အနုပဋိလောမရဲ့ မူရင်းစကားဟာ ဂရိစကား "Dialeago" မှ ဆင်းသက်လာတာဖြစ်ပြီး အပြန်အလှန် ငြင်းခုန်ဆွေးနွေးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ဆွေးနွေးကြရင် ပြဿနာတစ်ရပ်ရဲ့ အဖြေကို ရှာဖွေဖော်ထုတ်တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အတွေးအခေါ်ပညာရှင်တွေဟာ သဘာဝကို ကြည့်ရှုလေ့လာဖို့ အနုပဋိလောမနည်းကို တိုးချဲ့ခဲ့ကြတယ်။ ဂျာမန်အတွေးအခေါ်ပညာရှင် ဟီးဂဲလ် (Hegal) ဟာ အနုပဋိလောမနည်းရဲ့ အနှစ်သားကို ဖော်ထုတ်ပြီး အတွေးအခေါ်အဘိဓမ္မာတစ်ရပ်အဖြစ် ဖော်ထုတ်ခဲ့ပါတယ်။
ဟီးဂဲလ်ဖော်ထုတ်လိုက်တဲ့ အနုပဋိလောမဟာ နည်းပဲရှိပါသေးတယ်။ ဥပမာအားဖြင့် လက်နက်ကိုင်တွယ်နည်းတစ်ရပ်ကို ဖော်ထုတ်လိုက်တာပါပဲ။ ဒါ့ကြောင့် မာ့က်စ်နဲ့အိန်ဂယ်တို့ဟာ လက််နက်ဖြစ်တဲ့ သဘောတရား အဘိဓမ္မာတစ်ရပ်နဲ ပေါင်းစပ်ဖို့ ရှာဖွေကြတဲ့အခါ လောကကို ပကတိအတိုင်း မြင်နိုင်မယ့် ရုပ်ဝါဒကို ယူလိုက်ပါတယ်။ ‌ရုပ်ဝါဒရဲ့ အစကို ဖော်ထုတ်ခဲ့တဲ့သူကတော့ ဖူးဝါးဘက် (Fuerbach) ဆိုတဲ့ အတွေးအခေါ်ပညာရှင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖူးဝါးဘက်ရဲ့ ရုပ်ဝါဒမှာ စိတ်ဝါဒတွေ၊ ဘာသာရေးအစွဲအလမ်းတွေ ကပ်ညိနေတဲ့အတွက် မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ အဲဒီစိတ်ဝါဒတွေကို ခွာချပြီး ရုပ်ဝါဒ အနှစ်သားကို ထုတ်ယူလိုက်ပါတယ်။
တစ်ခါ ဟီးဂဲလ်ရဲ့ အနုပဋိလောမနည်းမှာလည်း စိတ်ဝါဒတွေ ကပ်ညိနေတဲ့အတွက် ခွာချပြီး စိတ်ဝါဒကင်းမဲ့တဲ့ အနုပဋိလောမရုပ်ဝါဒကို မာ့က်စ်နဲ့ အိန်ဂယ်တို့က တိုးတက်ထူထောင်ခဲ့ကြပါတယ်။ အုဲဒီလို အနုပဋိလောမရုပ်ဝါဒ ပေါ်ထွက်လာတဲ့အခါ တက္ကဗေဒသမားတွေ၊ စိတ်ဝါဒီတွေဟာ အနုပဋိလောမရုပ်ဝါဒကိုထိုးနှက်လာကြပါတယ်။ ကားလ်မာ့က်စ်နဲ့ ဖရက်ဒရစ်ခ်ျအိန်ဂယ်တို့ရဲ့ အနုပဋိလောမရုပ်ဝါဒဟာ ဟီးဂဲလ်ရဲ့အနုပဋိလောမနည်းနဲ့ ဖူးဝါးဘက်ရဲ့ ရုပ်ဝါဒကို ချဲ့ထွင်ပေါင်းစပ်ထားတာဖြစ်လို့ တက္ကဗေဒသမားတွေ၊ စိတ်ဝါဒီတွေဟာ ဟီးဂဲလ်နဲ့ ဖူးဝါးဘက်ကို တိုက်ခိုက်လာကြပါတယ်။ သူတို့ဟာ ဟီးဂဲလ်က ခေတ်နောက်ပြန်ဆွဲပြီး ဖောက်ပြန်တဲ့အတွေးအခေါ်သမာဖြစ်ကြောင်း၊ ဖူးဝါးဘက်ဟာလည်း ရုပ်ဝါဒကို ဖော်ထုတ်ခဲ့ပေမယ့် ဘာသာရေးသမားတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်‌တိုက်ခိုက်လာပါတယ်။ အဲဒီနှစ်ချက်ကို အခြေခံပြီး ကားလ်မာ့က်စ်နဲ့ ဖရက်ဒရစ်အိန်ဂယ်တို့ရဲ့ အနုပဋိလောမရုပ်ဝါဒကို ချိုးနှိမ်ဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ တိုက်ခိုက်လာသူအပေါင်းကို ချိုးဖျက်ပြီး အနုပဋိလောမရုပ်ဝါဒဆိုတဲ့ ဝိဇ္ဇာပညာရပ်တစ်ခုကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။
မာ့က်စ်နဲ့ အိန်ဂယ်တို့ရဲ့ အနုပဋိလောမရုပ်ဝါဒဟာ ဟီးဂဲလ်နဲ့ ဖူးဝါးဘက်တို့အပေါ်မှာ တိုးချဲ့တည်ဆောက်ထားပေမယ့် အနှစ်သာရအားဖြင့် အများကြီးခြားနားပါတယ်။ ဒါကို ကားလ်မာ့က်စ်ဟာ သူ့ရဲ့ အရင်းကျမ်း (Des Kapital) အတွဲ-၁မှာ သူတို့ရဲ့အနုပဋိလောမနည်းဟာ ဟီးလ်ဂဲလ်ရဲ့ အနုပဋိလောမနည်းနဲ့ မတူရုံသာမက ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ ဟီးဂဲလ်ရဲ့ အယူအဆအရ စိတ်ဟာ ကမ္ဘာကိုဖန်တီးသူဟုယူ‌ဆကောင်း၊ သူတို့ရဲ့ အနုပဋိလောမအရ စိတ်ဆိုတာဟာ ရုပ်ရဲ့ ယောင်ပြန်ဟပ်မှာသာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ တစ်ခါ အိန်ဂယ်လ်ကလည်း "ရုပ်ဝါဒကို အခြခံရမယ့်အစား ဖူးဝါးဘက်ခမျာ စိတ်ဝါဒရဲ့ အစွဲအလမ်းတွေထဲကနေ ရုန်းမထွက်နိုင်ဘဲ တုတ်နှောင်ခံထားရတယ်" လို့ ဖော်ထုတ်ခဲ့ပါတယ်။
ဒါ့ကြောင့် မာ့ဂ်စ်နဲ့ အိန်ဂယ်တို့ဟာ အနုပဋိလောမရုပ်ဝါဒကို ဖော်ထုတ်တဲ့အခါမှာ ရုပ်ဝါဒကပ်ညိမှုအားလုံးကို ခွာချခဲ့ကြပြီး ရုပ်ဝါဒသန့်သန့်နဲ့ ခူထောင်ခဲ့ကြတာဖြစ်တယ်။ ဒီလိုထူထောင်နိုင်ခဲ့လို့လည်း အနုပဋိလာမရုပ်ဝါဒဟာ လောကကို အမှန်အတိုင်းမြင်နိုင်တဲ့ အတွေးအခေါ်အဘိဓမ္မာတစ်ရပ်အဖြစ် ရပ်တည်နိုင်တာပဲ ဖြစ်ပါတယ်။

#မြတ်မင်းမောင်မောင်
#ဆက်လက်ဖော်ပြပါမည်

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်‌ခြောက်ဦးကို ငြင်းပယ်ခြင်း (၁)......................................................
07/08/2021

အနုပဋိလောမရုပ်ဝါဒ (သို့မဟုတ်) မျက်မမြင်‌ခြောက်ဦးကို ငြင်းပယ်ခြင်း (၁)........................................................................

(က) အနုပဋိလောမရုပ်ဝါဒအဖွင့်
လက်ဝဲဝါဒ လေ့လာသူတစ်ဦးအနေနဲ့ မဖြစ်မနေလေ့လာရမှာကတော့ အနုပဋိလောမရုပ်ဝါဒ (Dialectic Materialism) ပါပဲ။ အနုပဋိလောမရုပ်ဝါဒဟာ မာ့က်စ်ဝါဒရဲ့ အခြေခံအုတ်မြစ်ကြီးပဲဖြစ်ပါတယ်။ စတာလင်က "အနုပဋိလောမရုပ်ဝါဒဟာ မာ့က်စ်-လီနင်ဝါဒီ‌တွေရဲ့ လောကအမြင်ပဲဖြစ်တယ်"လို့ ဆိုခဲ့ပါတယ်။ အနုပဋိလောမရုပ်ဝါဒကို ကျေညက်အောင် နားလည်ဖို့ မဖြစ်နိုင်သေးတဲ့လူတစ်ယောက်ဟာ မာ့က်စ်ဝါဒီတစ်‌ယောက်ရယ်လို့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
လူ့သမိုင်း ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ၊ အတွေးအခါ်ပညာရှင်တွေရဲ့ ပယောဂနဲ့ အတွေးအခေါ်အဘိဓမ္မာ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ ‌အဲဒီလို ပေါ်ထွန်းလာတဲ့ အဘိဓမ္မာတိုင်းဟာ လူတန်းစားအမြင်ပေါ်မှာ အခြေခံတယ်။ ဒါပေမယ့် လူတန်းစားအမြင် အခြေခံတည်ဆောက်မှုအပေါ်မူတည်ပြီး အနှစ်သာရအားဖြင့် ကွဲပြားကြပါတယ်။ အုပ်စိုးဖိနှိပ်သူလူတန်းစားက သူတို့လူတန်းစား ရပ်တည်ခိုင်မာရေးနဲ့ ဖိနှိပ်နိုင်စေရေးအတွက် လိမ်ညာလှည့်ဖျားတဲ့ အဘိဓမ္မာတွေကို ချမှတ်ကြပါတယ်။ အင်အားကြီးမားတဲ့ အုပ်စိုးဖိနှိပ်သူလူတန်းစားရဲ့ အမျိုမျိုးသော ဖြန့်ကျက်ဝါဒဖြန့်မှုကြောင့် အဖိနှိပ်ခံများဟာ အုပ်စိုးဖိနှိပ်သူလူတန်စားက ရိုက်သွင်းထားတဲ့ အတွေးအခေါ်အဘိဓမ္မာများနောက် လိုက်ပါနေမိကြတယ်။ ဒါ့ကြောင့်‌‌ အဘိဓမ္မာဟာ လူတန်းစားအသီးသီး၏ အယူအဆသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
သာဓကပြရသော် မြန်မာပဒေသရာဇ်ခေတ်က အုပ်စိုးသူ ရှင်ဘုရင်နဲ့ အပေါင်းအပါတို့က သူတို့ ဆက်လက်အုပ်စိုးနိုင်ရေးအတွက် အတွေးအခေါ်အဘိဓမ္မာတစ်ရပ်ကို ဖြန့်ကျက်ခဲ့ပါတယ်။ အဲ့ဒါကတော့ "ရွှေဘုန်းတော်ရှင်" ဆိုတာပါပဲ။ အဲ့ဒီရွှေဘုန်းတော် အကြောင်းပြချက်အဘိဓမ္မာကို ကိုင်ဆွဲပြပြီး ရှင်ဘုရင်က ထင်ရာကျဲပါတော့တယ်။ အဲဒီရွှေဘုန်းတော်အကြောင်းပြချက်နဲ့ သားစဉ်မြေးဆက် စည်းစိမ်ယစ်ကြတယ်။ သက်ဦးဆံပိုင်စနစ်ဖြစ်တာကြောင့် ရွှေဘုန်းတော်အကြောင်းပြချက်နဲ့ပဲ စိတ်ကြိုက်ချယ်လှယ်ခွင့် ရရှိခဲ့တယ်။ နောက် တိုင်းပြည်မှာ ဆန်ရေစပါး ပေါများတာဟာ အဖိနှိပ်ခံများရဲ့ ကြိုးစားအားထုတ်မှုကြောင့်လို့ နဖော်ညွှန်းဘဲ ရှင်ဘုရင်ဘုန်းတန်ခိုးကြီးလို့ ကြွယ်ဝဟန်ပဲ ဖော်ညွှန်းကြပါတယ်။ ဒီနေရာမှာတော့ သူကြီးဘုရား ရွာသားကောင်းမှုဆိုတဲ့ သဘောတရားကို နားလည်ကြရမှာပါ။
ပဒေသရာဇ်စနစ်မှာ အာဏာကို တော်ဝင်မိသားစု၊ တော်ဝင်မျိုးနွယ်ဆိုတဲ့ လူတစ်စုက ကိုင်တွယ်တာဖြစ်တယ်။ ရှင်ဘုရင်ဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် မှူကြီးမတ်ရာသေနာပတိကအစ မြို့စား၊ နယ်စားတွေအထိ အာဏာကိုဖြန့်ဝေပြီး ပဒေသရာဇ်ယန္တရားကို ပုံဖော်တယ်။ ဒါ့အပြင် ရှင်ဘုရင်ဟာ ပဒေသရာဇ်ယန္တရားကိုအသုံးချပြီး သူ့တို့ရဲ့အာဏာတည်တံ့ရေးအတွက် ကျမ်းတတ်စာတတ်ဆိုတဲ့ လူတန်းစားတစ်ရပ်ကို ဖော်ထုတ်တယ်။ ပြီးတော့ အဲဒီလူတန်းစားကို အသုံးချပြီး ဖိနှိပ်ရေးယန္တရား ချောမွေ့ရေးအတွက် ဖောက်လွဲဖောက်ပြန်တဲ့ အတွေအခေါ်အဘိဓမ္မာကို လူထုထဲ ဖြန့်စေပါတယ်။
မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း အားကောင်းမောင်းသန် ရှိခဲ့တဲ့အချိန်က အဘိဓမ္မာဆရာတစ်ဦးဖြစ်တဲ့ သောမတ်စ်အက်ကွီနာ့စ်က "စကြာဝဠာကြီးတစ်ခုလုံးသာ ပဒေသရာဇ်စနစ်တစ်မျိုး ဖြစ်တယ်။ ဘုရားသခင်ဟာ တမာန်တော်တွေ ဝိုင်းရံလျက်ရှိတဲ့ ပဒေသရာဇ်အုပ်ချုပ်ရေးအဖွဲ့အစည်းကို တည်ဆောက်ထားပြီး အရာအားလုံးဟာ ဒီစနစ်ကြီးထဲမှာပဲ တစ်ခုပေါ်တစ်ခု အဆင့်‌ပေါ်တစ်ဆင့် တည်ရှိနေတယ်။ ဒါ့ကြောင့် ထာဝရဘုရားသခင်မရှိဘဲ ဘာမှမရှိနိုင်" ဆိုတဲ့ အဘိဓမ္မာတစ်ရပ်ကို ဖော်ထုတ်ခဲ့ပါတယ်။
မြေရှင်ပဒေသရာဇ်စနစ် ပျက်သုဉ်းပြီးတဲ့နောက် အရင်းရှင်စနစ်ကို ကားလ်မာ့က်စ်နဲ့ အိန်ဂယ်တို့က "လူအချင်းချင်း အမြတ်ထုတ်တာနဲ့ ငွေပေးပြီး ရက်ရက်စက်ခိုင်းတာကလွဲရင် ဘာမှမရှိတဲ့စနစ်" လို့ ဆိုခဲ့ပါတယ်။ မာ့က်စ်ဟာ လေ့လာမှုတွေ အများကြီးလုပ်ပြီးတဲ့နောက်မှာ ဖိနှိပ်မှုယန္တယားရဲ့ ချောဆီကို တွေ့ရှိလာခဲ့တယ်။ အဲဒါကတော့ စိတ်ဝါဒပါပဲ။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်သူတွေဟာ လက်တွေ့နဲ့ ကင်းကွာတဲ့ စိတ်ဝါဒကို လက်သုံးထားကြတယ်။ မြေရှင်ပဒေသရာဇ်စနစ်မှာလည်း ဖိနှိပ်မှု ယန္တရားအတွက် "ဘုန်းတန်းခိုး" လိုမျိုး စိတ်ဝါဒကို အသုံးချခဲ့ကြတယ်။ အလားတူ အရင်းရှင်စနစ်မှာလည်း စိတ်ဝါဒကို အသုံးချပြီး ဖိနှိပ်မှုယန္တရားကို တည်ဆောက်တယ်။ အဖိနှိပ်ခံများရဲ့ အတွေးအမြင်ထဲမှာ စိတ်ဝါဒကို ထည့်ထားမှသာ လက်တွေ့အခြေအနေနဲ့ ကင်းကွာမှာဖြစ်လို့ အရင်းရှင်တွေက ‌ကောင်းကောင်းအသုံးချကြတယ်။ ဒါကို ကားလ်မာ့က်စ်က ကောင်းကောင်းကြီးသဘောပေါက်တယ်။ ဒါ့ကြောင့် ကားလ်မာ့က်စ်ဟာ မြေပင်အခြေအနေနဲ့ မကင်းကွာတဲ့ ရုပ်ဝါဒကို ဖော်ထုတ်ခဲ့ပါတယ်။
ရုပ်ဝါဒဟာ မာ့က်စ်ဝါဒီတွေရဲ့ အယူအဆ၊ အဘိဓမ္မာဖြစ်တယ်။ ရုပ်ဝါဒဟာ မာ့က်စ်ဝါဒီတို့ ကိုင်ဆွဲရာ လက်နက်ဖြစ်တယ်။ အဲဒီလက်နက်ကို ကိုင်တွယ်ပစ်ခတ်ဖို့ မာ့က်စ်ဟာ လက်နက်ကိုင်တွယ်နည်းကို ထပ်မံဖော်ထုတ်ပေးခဲ့ပါတယ်။ အဲဒါကတော့ အနုပဋိလောမပါပဲ။ ဒါ့ကြောင့် မာ့က်စ်ဝါဒီတွေရဲ့ အရာဝတ္ထုများအပေါ် အဓိပ္ပာယ်ကောက်ယူနည်းဟာ အနုပဋိလောမနည်းသာဖြစ်တယ်။
အနုပဋိလောမနဲ့ ဆန့်ကျင်တိုက်ခိုက်နေတာကတော့ တက္ကဗေဒ (Metaphysics) ပါပဲ။ တက္ကဗေဒဟာ လက်တွေ့နဲ့ ကင်းကွာနေတဲ့ ရုပ်လွန်ပညာ၊ ရုပ်လွန်နည်းပါပဲ။ ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုရင် ဆင်ကိုစမ်းတဲ့ မျက်မမြင်ခြောက်ဦးလိုပါပဲ။ မျက်မမြင်ခြောက်ဦးဟာ ဆင်ကိုဘယ်လိုစမ်းသပ်ကိုင်တွယ်နေပါစေ ဆင်ရဲ့ပကတိအမြင်ကို မြင်နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အနုပဋိလောမဟာ မျက်မမြင်ခြောက်ဦးစမ်းသပ်တဲ့နည်းကို ငြင်းပယ်ပြီး ပကတိအနေအထား လက်တွေ့ကိုပဲ မြင်တာဖြစ်တယ်။ လူဟာ လူ့အဖွဲ့အစည်းမှာ နေထိုင်တာဖြစ်လို့ လူ့အဖွဲ့အစည်းရဲ့ အခြေကိုမူတည်ပြီး ပြောင်းလဲနေတာဖြစ်တယ်။ ဒါကို လူ့သဘာဝဟာ လူနေမှုအဖွဲ့အစည်းရဲ့ အခြေအနေ၊ ဘဝဖြစ်တည်မှုအခြေအနေပေါ် မူတည်ပြီးမပြောင်းဘူးလို့ ခံယူမယ်ဆိုရင်တော့ ဒါဟာ တက္ကဗေဒအမြင်သာဖြစ်တယ်။ စိတ္တဇဆန်တဲ့ အယူအဆသာလျှင်ဖြစ်တယ်။
အနုပဋိလောမဟာ နှစ်ဖက်အမြင်ဖြစ်တယ်။ အရာဝတ္ထုကြားက အပြန်အလှန်ဆက်သွယ်မှီခိုမှု (အညမညဆက်သွယ်မှု) ကို ကြည့်ရှုတယ်။ ပြောင်းလဲမှုသဘာဝကို လက်ခံတယ်။ "အနုပဋိလောမဟာ အရာဝတ္ထုတွေရဲ့ အတွင်းပဋိပက္ခကို လေ့လာခြင်းဖြစ်တယ်" လို့ လီနင်က အဘိဓမ္မာမှတ်စုမှာ ဖွင့်ဆိုပါတယ်။ အနုပဋိလောမနည်းအရ လောကကို လေ့လာရာမှာ အတိအကျရှုမြင်တဲ့နည်းပဲဖြစ်တယ်။ ရုပ်ပစ္စည်း၊ ရုပ်သဘာဝရဲ့ အတွင်းမှာရှိတဲ့ ဆန့်ကျင်ဘက်နှစ်ခု (အတွင်းပဋိပက္ခ) ကို တစ်ဖက်တည်းကိုမကြည့်ဘဲ နှစ်ဖက်ကြည့်တဲ့နည်းပဲဖြစ်တယ်။ တိုးတက်ပြောင်းလဲမှုကို မြင်နိုင်စွမ်းရှိတယ်။
တက္ကဗေဒဟာဆိုရင် တစ်ဖက်ပဲကြည့်တဲ့ အမြင်ဖြစ်တယ်။ လောကကို လေ့လာတဲ့အခါ တစ်ခုနဲ့တစ်ခု ဆက်စပ်မကြည့်ဘဲ သီးခြားသာကြည့်ရှုတယ်။ လောကကြီးဟာ ပြောင်းလဲတိုးတက်ဖြစ်တည်မှုမရှိဘဲ ပုံသေတည်ရှိတယ်လို့ ယူဆတယ်။ အတွင်းပိုင်းပဋိပက္ခကို မမြင်ကြ။ သာဓကဆိုရလျှင် စစ်ပွဲတစ်ပွဲကို ရှုမြင်ကြပါစို့။ သိသာထင်ရှားစွာဆိုရလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ကြည့်ကြပါစို့။ တက္က‌ဗေဒအမြင်အရ တစ်သမတ်တည်း ရှုမြင်ပြီး စစ်ဟူသမျှ မကောင်းဆိုပြီး အမြင်ရှိကြတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အကြောင်းစာအုပ်တွေ၊ ကဗျာတွေ၊ သိချင်း အများအပြားမှာ နှစ်ဖက်အတ္တကြောင့်ဆိုပြီး ပြောကြတာပဲဖြစ်တယ်။ သူတို့ဟာ စစ်ပွဲတွေကို စိတ္တဇအမြင်နဲ့သာ ကြည့်ရှုကြတာဖြစ်တယ်။ အဖိနှိပ်ခံတိုင်းရင်းသားတွေက ဖိနှိပ်သူကို တွန်းလှန်တဲ့ တော်လှန်စစ်၊ တရား‌သော စစ်လို့ မမြင်နိုင်ကြဘူး။ ဒါဟာ တရားသေမြင်တတ်တဲ့၊ တစ်ခုနဲ့တစ်ခုကို ဆက်စပ်မတွေးတတ်တဲ့ တက္ကဗေဒအမြင်ကြောင့်သာ ဖြစ်တယ်။
ဒီလို အနုပဋိလောမနည်းနဲ့ ရုပ်ဝါဒအဘိဓမ္မာကို စနစ်တကျ ပေါင်းစပ်လိုက်တဲ့အခါမှ လောကကို အမှန်အတိုင်းမြင်နိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

#မြတ်မင်းမောင်မောင်
#ဆက်လက်ဖော်ပြပါမည်

ကျွန်တော်ပြောင်ပဲမေးမယ် စစ်အစိုးရမှိုင်းတွေမိနေတုန်းလား (၂)................................................................
06/08/2021

ကျွန်တော်ပြောင်ပဲမေးမယ် စစ်အစိုးရမှိုင်းတွေမိနေတုန်းလား (၂)................................................................

အပိုင်း (၁) မှာ ရုပ်ပတ်ဝန်းကျင်အခြေအနေအရ စစ်အစိုးရရဲ့မှိုင်းမိတာကို ပြောခဲ့ပြီးပါပြီ။ နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိ ရိုက်သွင်းထားတဲ့အတွေးအခေါ်ပါပဲ။ ပေါက်လွှတ်ပဲစားစကားတွေဖြစ်တဲ့ "လူသားစားတာ" ဘာညာသာရကာတော့ ထားတော့။ အဓိကပြဿနာထဲကတစ်ခုဖြစ်တဲ့ ဘာသာရေးပြဿနာပါပဲ။ ဘာသာမရှိနဲ့ကောင်‌တွေ၊ ဓမ္မန္တရာယ်တွေပေါ့။ ဒါကတော့ ငြင်းရလိမ့်မယ်။ ကျန်တဲ့ဘာသာသာသနာတွေထားတော့။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာအမြင်နဲ့ပဲ ရေးပါ့မယ်။ ပထမဆုံးတစ်ခုက ဗကပတည်တဲ့ဘုရားရှိပါတယ်။ ဘာသာရေးဖျက်တဲ့ကောင်က ဘုရားမတည်လောက်ပါဘူး။ စစ်အစိုးရတွေတော့ ထားတော့။ ဒီကောင်တွေက ယုံကြည်ကိုးကွယ်လွန်းလို့ လုပ်နေတာမှမဟုတ်ဘဲ။ သူတို့အကျိုးစီးပွားအတွက် ဘာသာရေးဗန်းပြရုံသက်သက်ပဲ။ ထားပါ။
ဗုဒ္ဓဘာသာနဲ့ မာ့က်စ်ဝါဒမှာ အခြေခံတူညီမှုတွေ ရှိပါတယ်။ မာ့က်စ်ဝါဒီ၊ တစ်နည်းအားဖြင့် ကွန်မြူနစ်တွေက စိတ်ဝါဒကို လက်မခံဘူးလို့ အများသိကြတယ်။ ဒါကခပ်လွယ်လွယ်စကားဖြစ်လို့ အမြင်မှားကြတာလို့ ယူဆမိတယ်။ မာ့က်စ်ဝါဒက စိတ်ဝါဒကိုပဲ ပစ်ပယ်တာဖြစ်တယ်၊ စိတ်ကိုမပစ်ပယ်ခဲ့ဘူး။ ရုပ်နဲ့စိတ်မှာ ရုပ်ကသာ ပဓာနကျတယ်လို့ ယူတာဖြစ်တယ်။ စိတ်ဆိုတာ ရုပ်ဖြစ်တဲ့ ဦးနှောက်ကနေ ထွက်ပေါ်လာတဲ့ အထွက်ပစ္စည်းပဲ။ ပြောရရင် စိတ်က ရုပ်ကိုမှီပြီး ပေါ်လာတဲ့ပစ္စည်းပဲဖြစ်တယ်။ ဒါ့ကြောင့် မာ့က်စ်ဝါဒီတွေက စိတ်ရဲ့ မူလဇစ်မြစ်က ရုပ်ဖြစ်လို့ ရုပ်ကသာ ပဓာနလို့ခေါ်တာပါပဲ။ မာ့က်စ်ဝါဒတွေပစ်ပယ်တာက Idealismလို့ခေါ်တဲ့ စိတ်ကူးယဉ်ဝါဒပါပဲ။
ဟုတ်ပြီ။ ဗုဒ္ဓဘာသာကရော ဘယ်လိုလဲ။ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောကို ရှင်းရှင်းကြီးပြောရရင် ရုပ်အခြေအနေကြောင့် ပေါ်လာတဲ့စိတ်ကို ထိန်းဖို့ပါပဲ။ ရူပါရတနံ စက္ခုဝိဉာဏဓာတုယာတဲ့။ ရုပ်ဆိုတာဟာ မျက်လုံးကိုလာရိုက်ရင် မြင်သိစိတ်ဖြစ်တယ်။ မျက်လုံးဆိုတဲ့ရုပ်နဲ့ ဦးနောက်ဆိုတဲ့ရုပ် နှစ်ခုပေါင်းမှ မြင်တယ်ဆိုတဲ့ စိတ်ကလေးဖြစ်လာတာပါပဲ။ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို မူတည်ပြီး စိတ်တွေအမျိုးမျိုးကွဲတယ်။ စိတ် တစ်ခုယုတ်ကိုးဆယ်တဲ့။ စိတ်က (၈၉) ပါးရှိတယ်။ အနီးစပ်ဆုံးတရားထိုင်တာနဲ့ကြည့်။ လေက ဘယ်ကိုလာရိုက်သလဲ။ နှာခေါင်းဆိုတဲ့ရုပ်ကို လာရိုက်တယ်။ အဲဒီနှာခေါင်းဆိုတဲ့ရုပ်ကနေ အာရုံကြောဆိုတဲ့ရုပ်ကတစ်ဆင့် ဦးနောက်ဆိုတဲ့ရုပ်ဆိုပို့တယ်။ အဲ့ဒီကနေ အထွက်ပစ္စည်းဖြစ်တဲ့ လေတိုးတယ်ဆိုတဲ့စိတ်က ပေါ်လာတာ။ တစ်ခါအဲ့ဒီအခါကျလည်း ဖြစ်ပျက်၊ ဖြစ်ပျက် ဒါမှမဟုတ် ပေါ်သိပျက်၊ ပေါ်သိပျက် ဘယ်လိုမှတ်မှတ် တရားမှတ်ကြတယ်မဟုတ်လား။ တရားမှတ်တာက စိတ်ကိုစောင့်ပြီးဖမ်းတာပဲ။ စိတ်ကိုဖမ်းဖို့ အရင်ဆုံး ရုပ်ကိုချုပ်ရတယ်။ မျက်စိမှိတ်ထားတယ်ပေါ့။ အဲ့ဒါအခါ မျက်စိဆိုတဲ့ ဒွါရပေါက်ကို အမြင်အာရုံလာမရိုက်တော့ဘူး။ နားဆိုတဲ့ ဒွါရပေါက်၊ အနံ့ဆိုတဲ့ ဒွါရပေါက်၊ အသံဆိုတဲ့ဒွာရပေါက်ပဲကျန်တယ်။ ဒါ့ကြောင့် တရားထိုင်ရင် အလှမပြင်ဖို့၊ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ဖို့ ပြောကြတာပဲ။ ရှင်းရှင်းလေး ရုပ်တွေဖြစ်တဲ့ ဒွါရပေါက်တွေ ရသလောက်ပိတ်ပြီး စိတ်ကိုလိုက်ဖမ်းတာပေါ့။
နောက်တစ်ခုအနေနဲ့ ကွန်မြူနစ်တွေက ဘာသာရေးကို ဖျက်ဆီးနေတယ်ဆိုတာကို ပြောဖို့လိုလာရော။ ဖြစ်ခဲ့ဖူးသမျှ ကွန်မြူနစ်ဝါဒကို အခြေခံတဲ့နိုင်ငံတွေမှာ ဘာသာရေးအဆောက်အဦးတွေကို အကုန်ဖျက်ဆီးတာမျိုး၊ ဘာသာရေးကျမ်းဂန်တွေ ဖျက်ဆီးတာမျိုး လုပ်ခဲ့သလား။ မရှိခဲ့ပါဘူး။ တစ်ခါ တစ်နိုင်ငံလုံးကို ဘာသာမဲ့လုပ်ဖို့ အမိန့်ပေးခဲ့သလားဆိုတော့လည်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း ပြန်ကြည့်မယ်ဆိုရင် ၄၈၂၈ ဒေသကော်မတီဝင်တွေ အခုထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ တော်တော်များများက ဘုရားတရားသိပ်ကြည်ညိုကြတဲ့ သူတွေချည်းပါပဲ။ သူတို့သာ ဘာသာရေးပို ဖျက်ဆီးသူတွေဆိုရင် အိမ်မှာ ဘုရားစင်တောင် ရှိမယ်မထင်ပါဘူး။
နောက်တစ်ခုက ဝါဒပိုင်းအရ ဝေးနေတယ်။ ကွန်မြူနစ်နိုင်ငံလို့ပြောရင် တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားလို့ပဲ မြင်ကြပါတယ်။ တရုတ်ရော၊ ရုရှားရောက ကွန်မြူနစ်စစ်တွေ မဟုတ်ပါဘူး။ ဟိုအရင်ကတည်းက ဗကပဟာ ဆိုဗီယက်နယ်ချဲ့လို့ ပြောခဲ့ဖူးပါတယ်။ တရုတ်ကလည်း နိုင်ငံတော်ဖြစ်တဲ့ CCP ဟာ ဖောက်ပြန်တဲ့ပါတီတစ်ရပ်လို့ပဲ ဆိုရလိမ့်မယ်။ အဓိကအားဖြင့် CCP ဟာ စီးပွားရေးမူအရ ကျန်တဲ့နိုင်ငံ‌ငယ်လေးတွေကို ဂုတ်သွေးစုပ်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒီတော့ တစ်ခုခုပြောဖို့ဆိုရင် သေချာလေ့လာကြဖို့ လိုပါမယ်။
နောက်တစ်ခုက ကွန်မြူနစ်တွေက အဖေမရှိ၊ အမေမရှိ၊ ဆွေမျိုးသားချင်းမရှိဆိုတာပါပဲ။ ကွန်မြူနစ်တွေရဲ့သမိုင်းမှာ အမှားကြီးမှားခဲ့တာတွေ ရှိခဲ့တယ်။ ဒါဝန်ခံရမှာပါပဲ။ ကျွန်တော်တို့နယ်က အလံနီနယ်ပါ။ အလံနီခေတ်တုန်းက အလံနီတွေကလေးမွေးရင် တွေ့ရာလူကို မွေးစားဖို့ ပေးခဲ့ကြတာပါပဲ။ ဒါကတော့ တကယ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် တစ်ခုပြောလိုတာက တောခိုပြီဆိုကတည်းက သေချာတဲ့အချက်က သူကဝါဒပိုက်းဆိုင်ရာကျေမှ ငါတို့အဖွဲ့ထဲဝင်ရယ်လို့ မရှိပါဘူး။ အမိန့်နာခံရင် ဆပ်ထဲကောက်ထည့်တာပါပဲ။ ဒါ့ကြောင့် အောက်ခြေအဆင့်မှာ ဖြစ်ချင်ရာတွေ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးဆိုချင်တာက လွန်ခဲ့တဲ့တစ်လကျော်လောက်က လယ်သမားတစ်စုဆီ ရောက်ခဲ့ပါတယ်။ တကယ့်လယ်သမားစစ်စစ်၊ ကိုယ့်ဆန်ကိုယ်စား၊ ကိုယ့်ဆီကိုယ်ကျိတ်တဲ့ လယ်သမား သုံးဦးနဲ့ စကားပြောဖြစ်တော့ အသက် (၇၀) လောက်ရှိတဲ့ လယ်သမားကြီးက တစ်ခွန်းပြောခဲ့ပါတယ်။ "ဒီအချိန် ဗကပရှိရင် ကောင်းမယ်။ စစ်အစိုးရကို တကယ်တွယ်တာ ဗကပပဲရှိတယ်" တဲ့။ ဒီနေ့တော့ ဒီလောက်ပါပဲ။

#မြတ်မင်းမောင်မောင်

ကျွန်တော်ပြောင်ပဲမေးမယ် စစ်အစိုးရမှိုင်းတွေမိနေတုန်းလား (၁)................................................................
05/08/2021

ကျွန်တော်ပြောင်ပဲမေးမယ် စစ်အစိုးရမှိုင်းတွေမိနေတုန်းလား (၁).................................................................

ကျွန်တော်တို့လက်ဝဲလူငယ်တွေကို မကြာခဏပြောကတာက "ဒီကောင်တွေက ကွန်မြူနစ်မှိုင်းမိနေတာ" ဆိုတာပါပဲ။ ကျွန်တော်ကလည်း ပြန်မေးလိုက်ချင်တယ်။ "ခင်ဗျားတို့ရော စစ်အစိုးရမှိုင်းတွေ မိနေတုန်းလား"။ ဒါဘာလို့မေးတာလဲဆိုရင် ကျွန်တော်ဆက်ဖြေပေးပါ့မယ်။
ပထမတစ်ခုက ဒီလိုမေးသမျှလူ တော်တော်များများဟာ ကွန်မြူနစ်ဝါဒကဘာလဲ၊ ဘယ်အယူအဆကိုအခြေခံသလဲဆိုတာ သိလွန်းကြလို့မဟုတ်ဘူး။ တစ်ခုက ဘဝအတွေ့အကြုံ ရုပ်အခြေအနေနဲ့ နောက်တစ်ခုက စစ်အစိုးရအဆက်ဆက် ရိုက်သွင်းမှုပါ။
ပထမတစ်ခုကို ကျွန်တော့်အတွေ့အကြုံနဲ့ ရှင်းပြပါ့မယ်။ ကျွန်တော်မြိုင်မြို့နယ်၊ ဗဟင်းသားပါ။ အလံနီနဲ့ ပျူစောထီးနယ်ပေါ့။ မြိုင်-ဗဟင်းလမ်းကနေ တောင်ခြမ်း၊ မြောက်ခြမ်းခွဲလိုက်ရင် မြောက်ခြမ်းက အလံနီ၊ တောင်ခြမ်းက ပျူစောထီးပါပဲ။ ကျွန်တော့် အမေဘက်က အဘွားရဲ့ အဖေ၊ ကျွန်တော့်အဘေးက ထနောင်းကုန်းရွာသူကြီး ဦးမင်းမောင်ပါပဲ။ ပြောရရင် မဆလခေတ်က သူကြီးပေါ့။ ဒါ့ကြောင့် အလံနီက ထနောင်းကုန်းရွာအပြင်က မန်ကျည်းပင်ကြီးအောက်မှ ဓားနဲ့ခုတ်ပြီး သတ်လိုက်တယ်။ ဘာလို့သတ်သလဲဆိုတော့ စစ်အစိုးရရဲ့ ဗျူရိုကရက်တစ်ဖြစ်နေလို့ပါပဲ။ ပိုရှင်းအောင်ပြောရရင် PDFတွေ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို သတ်သလိုပေါ့။ ဒါပေမယ့် စစစ်အစိုးရကတော့ အလံနီက လူသတ်တယ်ဆိုပြီး သတင်းလွှင့်တယ်။ အဖျက်လုပ်ရပ်တွေ လုပ်နေပါတယ်ပေါ့။
နောက်တစ်ခုက ရွာတွေဝင်စီးတယ်။ အစိုးရလူလို့ ယူဆတဲ့သူ (အခုလိုဆို ဒလန်ပေါ့) တွေကို သတ်တယ်။ အဲဒီမှာ ပြည်သူတွေက ကြောက်လာရော။ အစိုးရကလည်း အဲ့ဒီအကြောက်တရားကို အသုံးချပြီး မှိုင်းတိုက်တယ်။ အခုခေတ်လို သတင်းစီးဆင်းမှုက အားမကောင်းတော့ အစိုးရကပဲ သာတယ်။ အခုကတော့ တော်လှန်ရေးအဖွဲ့မှန်သမျှ သတင်းပြန်ကြာရေးစာမျက်နှာတွေရှိတယ်။ အဲဒီခေတ်ကတော့ တော်လှန်ရေးအဖွဲ့တွေမှာ ဘယ်ပြန်ကြားရေးရှိမလဲ။ အစိုးရက ဝါဒဖြန့်သမျှ ခံခဲ့ကြရတာပေါ့။
ပြည်သူတွေက အလံနီပဲရှိတာလားဆိုတော့ မဟုတ်ပါဘူး။ ပျူစောထီးရှိတယ်။ ကျွန်တော့်အမေဘက်က အဘက ပျူစောထီးပါ။ ဗဟင်းနယ်မှာ ပထမဆုံးပျူစောထီးထောင်တာလို့ ကြားဖူးပါတယ်။ ပျူစောထီးကလည်း ရွာတွေစီးတယ်၊ အလံနီသတင်းပေးလို့ထင်ရင် သူတို့လည်းသတ်တာပဲ။ နောက်ကျ အဘိုးက ရဲဖြစ်တယ်။ ရဲကနေ စစ်သားဖြစ်တယ်။ နောက် မန္တလေးနန်းတွင်းမှာ ထောင်လေးလအကျခံပြီး စစ်သားကနေ ထွက်လိုက်တယ်။
အလံနီရယ်၊ ပျူစောထီးရယ်ပဲ ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ ဌာနဆိုတာ ရှိပါသေးတယ်။ ဌာနဆိုတာ ဟိုခေတ်က ရဲစခန်းကို ခေါ်တာပါ။ ကျွန်တော့်အဖေဘက်က အဘိုးက ရဲတပ်ကြပ်ပါ။ နောက်ပိုင်းကြားရသမျှ အဘိုးရွာထဲလာရင် လူတွေက ကြောက်ကြတယ်။ သူအမြင်မတည့်ရင် ဖိနပ်နဲ့ ကန်ရင်ကန်တယ်၊ ပါးရိုက်ချင်ရိုက်တယ်၊ ထိုးချင်ထိုးတယ်။ အရင်ကဆို ဌာနရှေ့ကတောင် ရဲရဲမဖြတ်ရဲဘူးလို့ ဆိုပါတယ်။
အဲဒီလိုအကြောက်တရားများနေတော့ ရွာထဲကဌာနကိုတော့ ရှိပါစေ။ ရွာပြင်က အကြောက်တရားတွေ ရွာထဲဝင်မလာအောင် ဆူးခက်တွေ၊ ဝါးညောင့်တွေနဲ့ ရွာကို ကာထားရပါတယ်။ အဲ့ဒီအခါမှာ အလံနီနဲ့ ပျူစောထီး၊ အလံနီနဲ့ ဌာန ပစ်ကြခတ်ကြတာပေါ့။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက် တစ်ရွာကျော် ဆိတ်ချေးရွာ (မင်းရဲကျော်စွာရဲ့ အမေ့ရွာ) ရဲ့ အရှေ့တစ်မိုင်လောက်က ကျစ်တက် (ကောင်းဇော်ဟိန်းရေနံကုမ္ပဏီနေရာ) မှာဆိုရင် အလံနီတွေ၊ ပျူစောထီးတွေ (၅၀) လောက် သေခဲ့တယ်။ ရွာရဲ့မြောက်ဘက် နှစ်ဖာလုံလောက်က မြေနီကုန်းလို့ခေါ်တဲ့ ခင်တန်းမှာဆိုရင် အလဲနီက ပျူစောထီးရာနဲ့ချီပြီး သတ်ခံရတာတွေရှိတယ်။ အလံနီလူသတ်ကုန်းလို့ ခေါ်ပါလေရော။ အရင်ခေတ်က မနက်လင်းရင် ဘယ်ရွာမှာ ဘယ်သူကို ဘယ်အဖွဲ့က သတ်သွားတယ် စတဲ့ သတင်းတွေအမြဲကြားနေရတယ်။ နေ့တိုင်းမှာ သေနတ်သံ၊ လူသတ်သတင်းသံ ဒါပဲကြားနေရတော့ အကြောက်တရားက အားကြီးလာတယ် အဲဒီအခါမှာ အစိုရမှိုင်းတိုက်သမျှ ဝင်နေတော့တာပါပဲ။
အစိုးရက ဘာလို့မှိုင်းတိုက်သလဲ။ အဲဒီခေတ်အခါက အစိုးရရဲ့ အတိုက်အခံအင်အားစုဟာ လက်ဝဲအင်အားစုပဲ ဖြစ်ပါတယ်။ ဒီလက်ဝဲအင်အားစုသာ မရှိတော့ရင် အစိုးရက ‌အဆင်ပြေပြေ အုပ်ချုပ်လို့ရမယ့် အနေအထားပါပဲ။ အဲ့တော့ အစိုးရက ပြည်သူနဲ့ တစ်လှည့်ပြန်ပြီ တိုက်တာပါပဲ။
တော်တော်များများက ပြောကြတာနောက်တစ်ခုက ဗကပဆိုတာပါပဲ။ ဗကပရဲ့ပတ်သက်ပြီး နည်းနည်းပြောရမယ်ဆိုရင် ဗကပရဲ့ ပထမဆို အထွေထွေအတွင်းရေးမှူးနဲ့ တည်ထောင်သူတစ်ယောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာပါပဲ။ ဒီရှေးရှေးနှောင်းနှောင်းကိစ္စတွေကိုထား အနီးဆုံး (၈၈) သမိုင်းကို ပြန်ပြောချင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မဖြစ်ခင်ကာလမှာ ဗကပဟာ ၄၈၂၈ ဒေသကော်မတီကို ဖွဲ့စည်းပါတယ်။ နောက် ဒေသအလိုက် လူမှုစီးပွားစစ်တမ်းတွေကို UG တွေ ကနေတစ်ဆင့် ကောက်ပါတယ်။ အဲ့လိုကောက်တဲ့အခါမှာ ချမ်းသာ‌တဲ့မိသားစုကနေ မကောက်ရဘူး။ ချမ်းသာတဲ့သူတွေဆီကနေ ကောက်ရင် တော်လှန်ရေးကြာမယ်လို့ ကောက်ချက်လွဲနိုင်တယ်။ ဆင်းရဲတဲ့မိသားစုတွေကနေ မကောက်ရဘူး။ အဲဒါဆိုရင် တော်လှန်ရေးမြန်မယ်လို့ ကောက်ချက်ချနိုင်တယ်။ ဒီလိုအစွန်းနှစ်ဖက်ကို ရှောင်ပြီး ကောက်တဲ့အခါ နောက်ဆုံး ပြည်သူလူထုရဲ့ အထွေထွေအကျပ်အတည်းကြောင့် မကြာခင်မှာ တော်လှန်ရေးပေါ်လာမယ်လို့ ကောက်ချက်ကျပါတယ်။ ဒါ့ကြောင့် ဗကပဟာ တော်လှန်ရေးအတွက် ပြင်ဆင်ပါတော့တယ်။ တော်လှန်ရေးတောက်းဆိုချက်အတွက် ပါတီစုံဒီမိုကရေစီရရှိရေးဆိုတာဟာ ဗကပကစပြီး ထုတ်ခဲ့တာပါ။ အဲ့ဒီနောက် ကျောင်းသားUGတွေ မွေးတယ်။ ကျောင်းသားသမဂ္ဂတွေထဲကို ပို့တယ်။ နောက်ဆုံး ပေါ်ပေါက်လာသမျှ လက်ငင်းအဖြစ်အပျက် အခြေအနေတွေကို အသုံးချပြီး အရေးတော်ပုံကို ပေါ်ပေါက်စေတာပါပဲ။
နောက်တစ်ခုအနေနဲ့က ဗကပနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် ပုခုံးထမ်းတင်ခဲ့တာ ဗကပပါပဲ။ ဗကပအနေနဲ့ လူထုကိုဦးဆောင်မယ့် Public figureကို ရှာတဲ့အခါ ကနဦးက ဒေါ်နေရီဗဆွေကို ရွေးပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို ပြန်ရောက်လာတဲ့အတွက် ဒေါ်အောက်ဆန်းစုကြည်ကို တင်မြှောက်ဖို့ ကြိုးစားခဲ့ကြတာပါပဲ။ နောက်ပြီး NLDပါတီထဲမှာ လက်ဝဲနိုင်ငံရေးသမားတွေ ဥပမာ ဦးဝင်းတင်တို့ ရှိတယ်။ နောက် ဗကပရဲ့ ၄၈၂၈ ကော်မတီဝင်တွေ ဝန်ကြီးတွေ၊ အမတ်တွေအထိ ရှိပါတယ်။ ဒါကို ပြန်သုံးသပ်ကြဖို့လို့ပါတယ်။

#မြတ်မင်းမောင်မောင်

| အမှတ်တံဆိပ်   တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်) ၏ အမှတ်တံဆိပ်တွင် ကြက်သွေးရောင်အောက်ခံပေါ်တွင် အနီရောင်ရှ...
19/07/2021

| အမှတ်တံဆိပ်

တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်) ၏ အမှတ်တံဆိပ်တွင် ကြက်သွေးရောင်အောက်ခံပေါ်တွင် အနီရောင်ရှိသော မြိုင်မြို့နယ်မြေပုံရှိစေရမည်။ မြိုင်မြို့နယ်မြေပုံပေါ်တွင် တူနဲ့ တံစဉ်တို့ကို ကိုင်ဆောင်၍ ဆန့်တန်နေသော အဝါရောင် လက်ရုံးတစ်စုံကိုလည်းကောင်း၊ အဆင့်ဆင့်ထပ်လျှက်ရှိသော အဝါရောင် ကြယ်ကိုးလုံးကိုလည်းကောင်း ထားရှိစေရမည်။ ၎င်းကြက်သွေးရောင် အဝန်းအဝိုင်းကိုပတ်လျှက် မြန်မာဘာသာအားဖြင့် တိုးတက်သောလူငယ်များအစည်းအရုံး (မြိုင်မြို့နယ်) ဟူ၍ဖြစ်စေ၊ အင်္ဂလိပ်ဘာသာအားဖြင့် Progressive Youth Association - Myaing Township ဟူ၍ဖြစ်စေ ပါရှိစေရမည်။
တူနှင့် တံစဉ်ကို ကိုင်စွဲထားသော လက်ရုံးတစ်စုံသည် အလုပ်သမား၊ လယ်သမားနှင့် ပစ္စည်းမဲ့ထုကို ကိုယ်စားပြုသည်။ အဆင့်ဆင့်ထပ်လျှက်ရှိသော အဝါရောင်ကြယ်ကိုးလုံးသည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၁) ခုကို ရည်ညွှန်းသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဖြစ်မြောက်ရေးကော်မတီ
#တိုးတက်သောလူငယ်များအစည်းအရုံး_မြိုင်မြို့နယ်

Address

Myaing

Website

Alerts

Be the first to know and let us send you an email when Progressive Youth Association-Myaing Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share