21/07/2021
ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်
ရေးသူ - သန်းထွန်း (သခင်သန်းထွန်း)
From the Leftist Youth Association - Patheingyi
(၁)
ဗမာပြည်၌ ဆိုရှယ်လစ်ဝါဒဟု ပြောဆို လာကြသည်မှာ မကြာသေးပေ။ ရှေးအခါကပင် လူငယ်များ ပြောဆိုလာခဲ့ကြသော်လည်း ၁၉၃၆ -ခု၊ဧပြီလတွင် အိန္ဒိယပြည် လက်ကနောင်မြို့ ကွန်ကရက် အစည်းအဝေးကြီး၌ ဥက္ကဌ ပန်ဒစ်ဂျဝါဟာလာ နေရူးက ဆိုရှယ်လစ်ဝါဒသာလျှင် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုသည့်အခါမှ စ၍ သာ၍ အပြောအဆိုများလာတော့၏။
ဆင်းရဲသားအတွက် အကျိုးဆောင်ခြင်းကိုလည်း ဆိုရှယ်လစ်၊ ဆင်းရဲသားအကြောင်းရေးခြင်း၊ ပြောခြင်းကိုလည်း ဆိုရှယ်လစ်၊ စသည်ဖြင့် ယူဆကြ၏။
အချို့ကလည်း ဆိုရှယ်လစ်ဆိုတာ မဖြစ်နိုင်ဘူးဟူ၍ တထစ်ချ ပြောကြ၏။ ဆိုရှယ်လစ်ဆိုတာ ဘာလဲဟု တဆင့်တက်၍ မေးပါက ကျကျနန မဖြေတော့ချေ။ ဖြေပါကလည်း လူတိုင်း ပြောနေကျစကားမျိုးသာကြားရ၏။
အချို့ကလည်း ဆိုရှယ်လစ်ဝါဒသည် ဘာသာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုကြ၏။ ထိုသို့ဆိုသူများပင် ဘာသာတရား၏ သဘောကို ကျကျနန သိသူ မတွေ့ရ။ ဆိုရှယ်လစ်ဝါဒ၏အဓိကရည်ရွယ်ချက်သည် ဘာလဲဟု မစူးစမ်းတော့။ ဝါးလုံးရှည်နှင့် သိမ်းလိုက်ခြင်းမျှသာ ဖြစ်ပေ၏။
ဆိုရှယ်လစ်ဝါဒမှာ စင်စစ်အားဖြင့် တိုင်းရေး ပြည်ရေး စီးပွါးရေးတို့နှင့်သာ သက်ဆိုင်သော ဝါဒလည်း မဟုတ်ပေ။ လူတို့၏ တွေးပုံခေါ်ပုံ ၊ စိတ်နေစိတ်ထား သဘာဝဓမ္မ ပြောင်းလဲပုံ၊ ရာဇဝင်၏သဘောတရား၊ အတိတ်ပစ္စုပ္ပန်၊အနာဂတ်အားလုံးနှင့် သက်ဆိုင်သော ဝါဒဖြစ်၏။
(၂)
ဆိုရှယ်လစ်ဝါဒ၏ ပဋ္ဌမအခြေခံကား ရာဇဝင်၏ သဘောတရားကို လေ့လာခြင်းပင် ဖြစ်၏။ ရာဇဝင်ဆိုသော စကားသည် ရာဇဝံသဟူသော စကားမှ ဆင်းသက်လာသဖြင့် မင်းဆွေမင်းမျိုးတို့နှင့်သာ သက်ဆိုင်သကဲ့သို့ ဖြစ်နေပေ၏။ ယခုအခါ ရာဝဝင်ဟုဆိုလျှင် ရှေးကဖြစ်ပျက်လောက်ဟုသာ တွေးကြ၏။
ဆိုရှယ်ဝါဒအရဆိုလျှင် ရာဇဝင်ဆိုသည်ကား ရှေးကဖြစ်ပြီး ယခုဖြစ်ဆဲ အကြောင်းသာမက နောင်ဖြစ်လတ္တံ့သော အကြောင်းတို့ကိုပါ သက်ဆိုင်နေပေ၏။
ဗမာရာဇဝင်ကို သာမန်မျက်စိနှင့် ပြန်လည်သုံးသပ်ပါက ကပ္ပိလဝတ်ပြည်မှ အဘိရာဇာတို့ ပြေးခဲ့ပုံ၊ တကောင်းပြည်ကြီး တည်ထောင်ပုံ၊ မြတ်စွာဘုရားလက်ထက် ဝိဋဋူပဘေးရန်ကြောင့် ဓဇရာဇာတို့ ပြေးလာပုံ၊ ဒုတိယတကောင်းပြည် တည်ထောင်ကြပုံ၊ စူဠသမ္ဘဝ မဟာသမ္ဘဝ၊ ဘေဒါရီနှင့် ရသေ့ပြည် တည်ထောင်ကြပုံ၊ ပြူ-ကမ်းယံ-သက်တို့ ကွဲပြီးနောက် သမုဒ္ဒရာဇ်မင်း ရွာ (၁၉) ရွာကို ပေါင်းစုကာ ပုဂံပြည် တည်ထောင်ပုံ၊ ပြူစောထီး ငှက်ကြီးခွင်းပုံ၊ အလောင်းစည်သူ တိုင်းခန်းလှည့်လည်ပုံ၊ နရသီဟပတေ့မင်း ဟင်းခွက်သုံးရာ စားပုံ၊ တရုပ်တို့ ချီတက်လာသဖြင့် အောက်ပြည်သို့ ပြေးပုံ၊ စစ်ကိုင်း, အင်းဝ, ပင်းယတွင် တိုင်းသစ်ပြည်သစ် တည်ထောင်ကြပုံ၊ တပင်ရွှေထီး ပဲခူးကို သိမ်းပြီး ယောက်ဖတော် ကျော်ထင်နော်ရထာနှင့် တိုင်းသစ် ထူထောင်ပုံ၊ ဟံသာဝတီပါမင်း လက်ထက် တလိုင်းတို့ ချီတက်တိုက်ခိုက်ပုံ၊ မုဆိုးဖိုမှ အလောင်းဘုရား ထပုံ၊ ရှင်ဖြူရှင်လက်ထက် တရုပ်တို့နှင့် လေးကြိမ်တိုက်ပုံ၊ ဘကြီးတော်ဘုရားလက်ထက် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပြီး ရခိုင်တနင်္သာရီတို့ ပါသွားပုံ၊ ပုဂံမင်းလက်ထက် သရက်မြို့ တောင်ငူမြို့အထိ အောက်မြန်မာပြည် ပါသွားပုံ၊ မင်းတုန်းမင်းတရားကြီး မိဖုရားမှားပုံ၊ အလယ်နန်းမတော် မိဖုရား သမက်တော် သီပေါမင်းသားကို နန်းတင်လိုသဖြင့် အခြားမင်းသားနားကို လည်ဆယ်ပြီး သတ်ပစ်ပုံ၊ သီပေါမင်းကို စလေဒင် ခေါ်သွားပြီး ရတနာဂီရိတွင် နတ်ရွာစံပုံ စသည်တို့ကို တွေ့ရပေမည်။
ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ဗမာရာဇဝင်ကို မင်းဆွေမင်းမျိုးများ အကြောင်းချည်းဟု သဘောမထားချေ။ အမျိုးလေးပါးဟုဆိုအပ်သော ရဟန်း၊ မင်း၊ မှူးမတ်၊ သူဌေးသူကြွယ်၊ တောင်သူလယ်လုပ် ဆင်းရဲသားတို့ တမျိုးနှင့် တမျိုး အာဏာလုရာ စစ်တလင်းဟု ယူဆကြပေ၏။
(၃)
ရှေးဦးပထမ ဗမာပြည်တွင် တောတောင်နှင့် ပြွမ်းလျက် နေခဲ့၏။ နေရာတကာတွင် စိမ့်ကြီးမြိုင်ကြီးများ ဖုံးလွှမ်းလျက်ရှိပေ၏။ ဗမာပြည်၌ ပထမဦးဆုံး ရောက်လာသူတို့မှာ ခက်ခက်ခဲခဲ နေခဲ့ကြရ၏။ တောရိုင်း တိရိစ္ဆာန်တို့၏ ဘေးရန်ကလည်း ကြီးမားလှသဖြင့် လက်နက်များကို ဖန်တည်းလာကြ၍ အပြင်အပရန်ကြောင့် စုရုံး၍ နေကြသူတို့မှာ တသွေးတည်း တစိတ်တည်း ရှိခဲ့ကြ၏။
မြေပေါ်တွင် အလိုအလျောက် ပေါက်သော အနှံများ၊ သစ်သီးသစ်ဖုများကိုသာ သုံးခဲ့ရ၏။ သားရဲတို့ ဘေးရန်ကို အဆင်သင့်ကာကွယ်ရန် သစ်ပင်,နွယ်,ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းလာကြရ၏။
အနီးအနားပတ်လည်တွင် အလိုအလျောက် ပေါက်သော အသီးအနှံတို့ ကုန်ခမ်းလာသဖြင့် မိမိတို့၏ လက်စွမ်းဖြင့် လယ်ယာစိုက်ပျိုးလာကြ၏။
ရှေးအခါက အလေ့ကျပေါက်သော အသီးအနှံကို အားလုံးဝိုင်းဝန်း စားသောက်ရာ၌ ဘုံပစ္စည်းသဘောထားကြသဖြင့် မည်သို့မျှ မဖြစ်သော်လည်း ယခုအခါ ငါ့လုပ်စာ သူ့လုပ်စာ စသည်ဖြင့် ခွဲခြားလာကြ၏။
ငါလုပ်သည့်လယ်နှင့် သူလုပ်သည့်လယ် ခွဲခြားမှဘဲဟု သဘောထားကာ မိမိတို့လယ်ကို ကန်သင်းတို့ဖြင့် ၎င်း၊ ခြံကာခြင်းဖြင့် ၎င်း၊ ခွဲခြားလာတော့၏။
ဤနည်းဖြင့် ငါ့ဟာ သူ့ဟာ ခွဲခြားသော ပုဂ္ဂလပစ္စည်းသည် ပေါ်ပေါက်လာတော့၏။ ပုဂ္ဂလပစ္စည်း အစွဲအလမ်းကြောင့် ရှေးက တညီတညွတ်တည်း နေလာခဲ့ကြရသော လူတစုမှာ စိတ်ဝမ်းကွဲပြား လာကြတော့၏။
ရှေးအခါက ဗြဟ္မာကြီးများကဲ့သို့ အကျင့်ဖြူစင်သူများအကြားဝယ် ခိုးမှုဝှက်မှုတို့သည် ပေါ်ပေါက်လာကြတော့၏။
အချင်းချင်းပဋိပက္ခဖြစ်မှုတို့ကို ပပျောက်စေရန် ရည်သန်ပြီးသကာလ တရားနှင့်အညီ ဖြစ်စေရန် ဆုံးဖြတ်စေရန်ဟု အကြီးအကဲတယောက်ကို တင်မြှောက်လာခဲ့ကြ၏။ ထိုသူအားမူ မိမိ၏ ဝမ်းစာအတွက် ကိုယ်ထိလက်ရောက် မဆောင်ရွက်စေတော့ဘဲ အများအကျိုးကို သည်ပိုးရွက်ဆောင်သည်ဟု ယူဆကာ မိမိတို့ လုပ်စာမှ ဆယ်ဖို့တဖို့ကို ထိုသူအား ဝိုင်းဝန်းပေးလာကြ၏။ ထိုအကြီးအကဲဖြစ်သူ သေဆုံးသည့်အခါ၌မူ နောက်ထပ်အကြီးအကဲတယောက်ကို ရွေးချယ်ရာ၌ အစွမ်းရှိသူ အရည်အချင်းရှိသူကို ထပ်မံ၍ မရွေးချယ်တော့။ ပဌမအကြီးအကဲဖြစ်သူ၏ သားတို့ကိုသာ ရွေးချယ်လာကြတော့၏။ ဤနည်းဖြင့် အစိုးရ၊ မင်းဆွေမင်းမျိုးစသည်တို့ ပေါ်ပေါက်လာခဲ့၏။
(၄)
မင်းအစိုးရတို့သည် လူတို့အပေါ်၌ ဩဇာလွှမ်းမိုးနိုင်သော်လည်း လူတို့၏စိတ်ကို မလွှမ်းမိုးနိုင်ချေ။ တောတောင်ချံပိတ်ပေါင်းတို့၊ သားရဲတို့ ဝန်းရံခြင်း ခံရသော လူတို့၊ တောတောင်ချံပိတ်ပေါင်း တည်းဟူသော သဘာဝတရားကြီးကို ကြောက်ရွံ့လျက် နေကြပေတော့၏။ လူတို့သည် ပညာဉာဏ်မျက်စိ နည်းပါးရကား သစ်ပင်ကိုးကွယ်၊ အသီးအနှံကိုးကွယ်ခြင်း စသည့်အမှုတို့ကို ပြုလာကြကုန်၏။
အနည်းငယ်ပါးနပ်သော လူတို့လည်း သူတို့၏ အသိဉာဏ်နည်းခြင်းကို အမှီပြုကာ စားပေါက်ရှာလာကြကုန်၏။ ဒါတွေ မကြောက်ကြနဲ့၊ ဒါတွေ ပျောက်အောင် လုပ်ပေးမယ်။ တို့ကို ကန်တော့ကြစသည်ဖြင့် ဆိုလာကြ၏။ ဤနည်းဖြင့် လူတို့ အသိဉာဏ်ပေးသော တနည်းအားဖြင့် လူတို့၏ အသိဉာဏ်မဲ့ခြင်းကို အမှီပြုပြီး စားလမ်းရှာသော လူတမျိုးသက်သက်ပေါ်ပေါက်လာခဲ့၏။
မိမိတို့ အချင်းချင်း မသင့်မြတ်သည်ကို မင်းအစိုးရက ကာကွယ်နိုင်၏။ သို့ရာတွင် မိမိတို့၏ ဧရာမတန်ခိုးကြီးလာသော သဘာဝဓမ္မတို့၏ ဘေးရန်ကိုမူ ရဟန်းပုဏ္ဏားဆိုသူတို့က ကာကွယ်နိုင်၏။ ဤသို့အားဖြင့် လူတို့အပေါ်တွင် မင်းဆရာဖြစ်သော ရဟန်းပုဏ္ဏားတို့က မင်းအစိုးရထက် ဩဇာလွှမ်းမိုးလျက် နေပေတော့၏။
ရဟန်းဆိုသူတို့သည် တုံးခုန် -ရေချိုး - မီးလှုံ - စသည့် ထူးမြတ်သော အကျင့်ကြီးများကို ကျင့်ကာ လူတို့အား တရားဒေသနာ ဖြန့်ဖြူးလာကြ၏။ လက်ထပ်ခါနီးဆဲ အမျိုးသမီးတို့အားလည်း လက်မထပ်မီ တညတွင် ပန်းဦးပန်ရန် မိမိတို့ထံ လွှတ်စေခဲ့၏။
(၅)
အသိဉာဏ်ရှိသော မင်းတို့သည် ရဟန်းဆိုသူတို့က မိမိတို့၏ ဩဇာကို အလွဲသုံးစား ပြုနေကြောင်း ရိပ်မိလာကြကုန်၏။ သို့ရာတွင် မိမိတို့ ဩဇာထက် ရဟန်းတို့ဩဇာက ကြီးမားလာသဖြင့် မည်သို့မှ မလုပ်ရဲကြ။
အနော်ရထာမင်းစောသည် ငယ်စဉ်ကပင် ၎င်းရဟန်းဆိုးတို့၏ ဩဇာအာဏာကို ဖြိုဖျက်အံ့ဟု စိတ်ပိုင်းဖြတ်ခဲ့၏။ အထွဋ်သို့ရောက်သည့်အခါ၌ ဩဇာကို ဖြိုဖျက်သည့် နည်းလမ်းများ ရှာတွေ့ခဲ့၏။ ရှင်အရဟံနှင့် တွေ့သည့်အခါမှ စ၍ အရည်းကြီးရဟန်းတို့ ဩဇာကို အဆုံးသတ်ဖြိုဖျက်ခဲ့လေတော့သတည်း။ ထိုအခါမှစ၍ လူသူတို့အပေါ်တွင် မင်းဆွေမင်းမျိုးတို့၏ ဩဇာသည် လွှမ်းမိုးလာပေတော့သတည်း။
ရဟန်းတို့လည်း ခိုကိုးရာမဲ့ ဩဇာမဲ့ ဖြစ်ကြရာ အကျင့်ကောင်း ကျင့်လာကြကုန်၏။ သို့ရာတွင် မင်းဆွေမင်းမျိုးတို့ကို သင်ကြားပြသသူ မင်းဆရာဘွဲ့ခံကာ လူတို့အပေါ်တွင် ဩဇာလွှမ်းမိုးမြဲ လွှမ်းမိုးနေသေးတော့၏။ သို့ရာတွင် မင်းအစိုးရတို့လောက် အာဏာ မရှိတော့ပေ။
ရှေးအခါက တိုင်းသူပြည်သားတို့၏ ဆန္ဒနှင့် အာဏာရှင်အဖြစ်ရောက်သူ မင်းတို့လည်း ယခုအခါ မြေပိုင် - ရေပိုင် ဖြစ်လာကြကုန်၏။ ရှင်ဘုရင်တို့အား ရေမြေရှင်ဟူ၍ ခေါ်ဝေါ်သမုတ်ကြကုန်၏။
မင်းလုပ်သူသည် အပြောကျယ်လှစွာသော တိုင်းပြည်အား မိမိတဦးတည်း မအုပ်ချုပ်နိုင်၊ မြေယာကို စိပ်ခွဲကာ လုပ်ကြံဘက်ဖြစ်သူတို့အား အသီးသီးခွဲဝေ၍ အုပ်ချုပ်စေ၏။
နယ်စား,မြို့စား,ရွာစားတို့၏ တာဝန်ကား အရေးအကြောင်းပေါ်ခဲ့သော် ရှင်ဘုရင်အား စစ်သားမည်မျှ ပေးရန်၊ အခွန်အတုတ်ကိုလည်း သင့်လျော်သလို ဆက်သရန်၊ တခါတရံ ညီလာခံဝင်ရန်၊ သမီးကညာဆက်သရန်လောက်သာဖြစ်၏။ ရှင်ဘုရင်သည် ရေမြေ့ရှင်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် ပဒေသရာဇ်ကလေးများဖြစ်သော မြို့စားနယ်စားတို့သည် တကဲ့ရေမြေ့ရှင်များဖြစ်၏။ မိမိတို့ပင်လျှင် သက်ဦးစံပိုင် အာဏာရှင်ကလေးများ ဖြစ်၏။ မိမိတို့ဘာသာလယ်ယာ လုပ်ကိုင်စားသောက်သော သူတို့သည်၎င်း၊ ပညာနှင့် အသက်မွေးသော သူတို့သည်၎င်း၊ အားလုံးရေမြေ့ရှင်များ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြ၏။ ရှင်ဘုရင်လုပ်သူ မင်းဆွေမင်းမျိုး၊ မြို့စားနယ်စားတို့က ငါ ဟူသော အသုံးနှုန်းသုံးကြစေကာမူ မိမိတို့ အစွမ်းဖြင့် နဖူးမှ ချွေး၊ ခြေမကျအောင် လုပ်ကိုင်စားသောက်ရသူများက ဘုရားကျွန်တော်မျိုး စသည်ဖြင့် သံတော်ဦးတင်ကြရကုန်၏။
မင်း,မူးမတ်,မြို့စား,နယ်စားတို့လည်း မဟာကုသိုလ်တော်ကြီးများ ရလိုသဖြင့် ဘုရားကျောင်းကန် တန်ဆောင်းတို့ တည်ဆောက်ကြ၏။ သို့ရာတွင် ကိုယ်တိုင် ဘာမျှ မလုပ်ကြ။ တိုင်းသူပြည်သားတို့မှာ မိမိတို့ ဝမ်းစာအတွက် လုပ်သည့် အလုပ်အကိုင်များကို ဖျက်ခါ ဘုရင်မင်းမြတ်များ ဘုရားတကာဘွဲ့ခံယူစေရန် လာရောက် တည်ပေးကြကုန်၏။
သေသည့်အခါ ဘုရင်မင်းမြတ်များ နတ်ရွာလားကြကုန်၏။ တိုင်းသူပြည်သားတို့မှာ ဘယ်ရောက်သည်ဟူ၍ ရာဇဝင်များတွင် မတွေ့။
ထိုခေတ်ထိုအခါက ထွန်းကားသောစာပေတို့မှာလည်း ရှေးဘုရင်အကြောင်း၊ မိဖုရားအကြောင်း၊ မင်းသမီးအကြောင်း၊ နန်းတော်အတွင်း မည်ကဲ့သို့ နေကြပုံ၊ ဘုရင်ဧကရာဇ်ကြီး ယိုးဒယားသို့ ချီခဏ်းစသည်တို့ကို ဖွဲ့နွဲ့ကာ သီဆိုထားကြကုန်၏။
ပဒေသရာဇာရေး ထန်းတက်သမားအကြောင်း၊ စလေဦးပုညရေး ကာကဝလ္လိယတို့အကြောင်း ဆိုသည်မှာလည်း အနှစ်တရာမှ တခါပေါ်သည့် စာမျိုးသာ ဖြစ်၏။ သို့ရာတွင် ထိုစာတို့မှာ အာဏာရှင်များက သနားတတ်ပုံတို့လောက်သာ တွေ့ရ၏။ ဆင်းရဲသည်ဆိုသည်မှာလည်း ဘဝက အကုသိုလ်ကြောင့် ဆင်းရဲတာ ဟူသောသဘော သက်ရောက်စေသည့် စာမျိုးပင် ဖြစ်၏။ အာဏာရှင်များက အခမဲ့ခိုင်းပုံ၊ ဆင်းရဲသားတို့အား အသိဉာဏ်ပိတ်ပင်ထားပုံတို့ကို မတွေ့။
ဤနည်းအားဖြင့် မင်းဆွေမင်းမျိုးတို့ လွှမ်းမိုးလာလိုက်သည်မှာ သီပေါမင်းတရားလက်ထက်တိုင်တိုင်ဖြစ်၏၊
ရှမ်းပြည်ရှမ်းရွာတို့၌မူ ဤကဲ့သို့ စံနစ်မျိုး ယခုထက်တိုင် လွမ်းမိုးလျက်ပင် ရှိသေး၏။ စော်ဘွားအမျိုးအနွယ်တို့ကို သခင်၊ သခင်မဟူ၍၎င်း၊သံတော်ဦးတင်ကြရ၏။ စော်ဘွားများက မိမိတို့နယ်တွင်းရှိ တောင်သူလယ်လုပ်များအား ခေါ်လျှင် ဘုရားထူးကြရ၏။
ဗမာပြည်၌ အစိုးရအရာရှိများ၊ ဘုရားထူးခံနေကြခြင်းကား ကုန်လွန်ပြီးသော မင်းဆွေမင်းမျိုးခေတ်၏ ထုံးစံကို အမွေခံခြင်းမျှ ဖြစ်၏။ ဗမာရှင်ဘုရင်တို့၏ အသားယူမှုကြောင့် ကျိုးနွံလျက်ရှိသော ဗမာလူမျိုးတို့၏ စိတ်ဓာတ်ကို မိမိတို့ အကျိုးရှိစေရန် အသုံးချခြင်းမျှသာ ဖြစ်၏။
(၆)
သီပေါမင်း အင်္ဂလိပ်လက်ပါသွားပြီးနောက် ဗမာပြည်သို့ ဓနရှင်စံနစ် ဆိုက်ရောက်လာခဲ့၏။
ဓနရှင်စံနစ် ဆိုက်ရောက်သည်ဆိုစေကာမူ ရောက်စသာ ဖြစ်သေး၏။ အဆုံးတိုင်ရောက်သေးသည် မဟုတ်။
အင်္ဂလိပ်မင်းအစိုးရသည့်အခါမှစ၍ မင်းဆွေမင်းမျိုးတို့ လိုလားသည့် စိတ်ဓာတ်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။ ဗမာပြည်၌ ဩဇာလွှမ်းမိုးလာသူတို့မှာ ကုန်သည်မျိုး သူဌေးသူကြွယ်မျိုးတို့သာလျှင် ဖြစ်၏။
သို့ရာတွင် ဗမာပြည်၌ ဩဇာလွှမ်းမိုးနေသူတို့ အစစ်မှာ နိုင်ငံခြားသား ဓနရှင်များသာ ဖြစ်၏။
နိုင်ငံခြားသားဓနရှင်တို့၏ နိုင်ငံချဲ့အစိုးရကို ကြိုးကိုင်ကာ မိမိတို့ အမြတ်အစွန်းရမှုအတွက် ရေနံ၊ သစ်တော၊ ဆန်စပါး၊ သတ္ထုတွင်း စသည်တို့မှာ အဆီအနှစ်ကို ထုတ်ယူကြကုန်၏။ တိုင်းသူပြည်သားတို့မှာ ရှေးစိတ်ရှေးမူ ရှိသေးသည်တို့ကို ပြုပြင်ရန် စိတ်မကူးကြ။ တိုင်းသူပြည်သားတို့ စိတ်ပြောင်းလာပါက မိမိတို့ အမြတ်အစွန်းရဘို့ လမ်းမရှိတော့သည်ကို သိကြ၏။
မျက်စိပွင့်လင်းလာသော ဗမာကုန်သည် ဗမာပညာတတ်တို့လည်း မိမိတို့ စားကျက်ကို နိုင်ငံခြားဓနရှင်များ သိမ်းယူထားသည်ကို သိသဖြင့် မိမိတို့ အခွင့်အရေးကို တောင်းဆိုလာ၏။
ဤကား ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်လာခြင်းပေတည်း။
အုပ်ချုပ်ရေးကို ဘယ်နေရာပြင်ပေးပါဟု တောင်းဆိုလာကြခြင်းကား မိမိတို့ စားလမ်းဖောက်ရန် တောင်းဆိုခြင်းသာ ဖြစ်၏။
ဗမာဆင်းရဲသားတို့ အဘို့ရာမှာကား အထူးပြောဘွယ် မလိုပေ။ စားသောက်ရသည်မှာလည်း အဟာရဖြစ်စေသည့် အစာကို မစားရ။ နပ်ကျော်စားရသူတို့မှာလည်း အနတက္ကမ။ ထန်းလက်ကာ ကျူရိုးတိုင်ထူပြီး နေကြရသူတွေမှာလည်း ဒုနဲ့ ဒေး။ အရှက်ကို ဖုံးလွှမ်းစေရန် အပူအဧမှ ကာကွယ်ရန် မျှတသည့် အဝတ်အစားကို မဝတ်ကြရ။
တွေးပုံခေါ်ပုံ ပြောင်းလဲစေမည့် ပညာမျိုးလည်း မသင်ကြားရ။ လက်ရှိအခြေအနေနှင့် တင်းတိမ်စေမည့် ဓနရှင်များကို ကျေးဇူးတင်စေမည့် ပညာမျိုးသာ သင်ကြရကုန်၏။
ခေတ်မှီသည့် သူနာပြုစုမှု မထွန်းကားသဖြင့် ကလေးသူငယ်များမှာလည်း မသေတန်ဘဲ သေကြရကုန်၏။
ပညာတတ် အလုပ်လက်မဲ့၊ အလုပ်ကြမ်းသမား အလုပ်လက်မဲ့တို့မှာလည်း တနေ့တခြား [ပေါ်များလာချေတော့၏။
လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတို့မှာလည်း တနှစ်လျှင် (၆)လခန့်သာ အလုပ်လုပ်ရပြီး ကျန် (၆)လမှာ ခိုးခြင်း တိုက်ခြင်းဖြင့် အသက်မွေးလာကြ၏။
ငရဲတမျှကြီးလှသော ဤဒုက္ခမှ လွတ်မြောက်ရန်နည်းကား ဗမာတမျိုးလုံးအား ဆင်းရဲဒုက္ခ ရောက်စေသော နိုင်ငံခြားသား ဓနရှင်ကြီးများနှင့် ၎င်းတို့အား အားပေးနေသော နိုင်ငံချဲ့စံနစ် လက်အောက်မှ ထွက်ခွာရန်သာ ဖြစ်တော့၏။
ဤသို့အားဖြင့် ဆင်းရဲသားအပေါင်းတို့လည်း နိုင်ငံရေးလုပ်လိုသူတို့၏ နောက်သို့ လိုက်ကြကုန်၏။ သို့ကြောင့်လည်း ရှေးအခါက ဂျီ-စီ-ဘီ-အေ ထွန်းကားကြီးကျယ်ခြင်း ဖြစ်၏။
နိုင်ငံချဲ့သမားတို့လည်း ဆင်းရဲသားတို့၏ ဘေးရန်မှ ရှောင်ခွာရန် ပညာတတ်များကို အလုပ်ပေးကြ၏။ ရာထူးပေးကြ၏။ ကုန်သည်ကလေးများကို ရှယ်ယာအစုများပေးကာ ဓနရှင်ပေါက်စကလေးတွေဖြစ်အောင် ဖန်တီးပေးလာကြကုန်၏။
ဤနည်းဖြင့် အမျိုးသား လွတ်လပ်ရေး လုပ်ငန်းမှာ ဖရိုဖရဲ ဖြစ်လာခဲ့၏။ သို့ရာတွင် မကျေနပ်သော သူများလည်း ဆက်လက်ဆူပူဆဲ ဖြစ်တော့၏။ အစဉ်သဖြင့် နာနေသော ဆင်းရဲသား ပစ္စည်းမဲ့ , အိုးမဲ့, အိမ်မဲ့တို့လည်း လူဆူ လူပူတို့နောက် အမြဲလိုက်နာနေတော့၏။
(၇)
ဤအတိုင်းသာသွားခဲ့သော် တဖြည်းဖြည်း အင်အားကြီးလာသဖြင့် ဗမာပြည်သည် နိုင်ငံချဲ့စံနစ်၏ စက်ကွင်းမှ လွတ်မြောက်တော့အံ့။ နိုင်ငံခြား ဓနရှင်တို့ လက်အောက်မှ လွတ်မြောက်တော့အံ့။
သို့ရာတွင် ဆင်းရဲသားတို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်လာခဲ့သော ဗမာဓနရှင်တို့သည် ဓနရှင်ကြီးများ ဖြစ်လာတော့အံ့။
ထိုအခါ ဗမာနိုင်ငံသည် ဓနရှင်တို့ လွှမ်းမိုးသော နိုင်ငံဖြစ်လာအံ့။ သို့ရာတွင် တိုင်းပြည်တွင်း၌ ဆင်းရဲသားတို့မှာ ဆင်းရဲမြဲ ဆင်းရဲ၊ ငတ်မြဲ ငတ်နေသဖြင့် ဆင်းရဲသား ခေါင်းဆောင်အစစ်တို့သည် မိမိတို့ဆင်းရဲသားများအား အာဏာရမှု အတွက် လုံးပမ်းကြတော့မည်။
တနေ့တခြား လူဦးရေများလာသော အလုပ်သမားများ၊ လယ်သမားများနှင့် ဓနရှင်များ (ဗမာအချင်းချင်း) ပဋိပက္ခ ဖြစ်တော့မည်။ စစ်ပွဲများလည်း တိုက်ရပေမည်။
သို့ရာတွင် ဆင်းရဲသားတို့ အင်အားကြီးမားလာသဖြင့် နောက်ဆုံး၌ ဓနရှင်တို့ကို ဖြုတ်ချကာ ဆင်းရဲသားချင်း အစိုးရပေါ်ပေါက်လိမ့်မည်။
ထိုအစိုးရလည်း မိမိ၏ ရန်သူဖြစ်သော ဓနရှင်များ ဓနရှင်ပေါက်စများကို အပြင်းအထန် နှိမ်နင်းရပေလိမ့်မည်။
ဓနရှင်အမျိုးပြုတ်သွားသည်နှင့် အလုပ်လုပ်သောသူချည်း နေသော တိုင်းပြည်ဖြစ်လာတော့အံ့။ လူတို့သည်လည်း အခြေအနေ ပြောင်းလဲလာသဖြင့် စိတ်နေစိတ်ထား ပြောင်းလဲလာကြတော့အံ့။
လူ့တို့ တရားပြည့်ဝလာသည်နှင့် အစိုးရကိုလည်း လူတို့မလိုတော့။ အစိုးရလည်း အလိုအလျောက် ကွယ်ပျောက်သွားတော့အံ့။
ဤကား ဆိုရှယ်လစ်ဝါဒအရ ဗမာရာဇဝင်ကို ကြည့်ပုံတည်း။ ရှေးက ဖြစ်လာပုံ၊ နောက်ဖြစ်မည့် အခြေအနေကို စူးစမ်းခြင်းပေတည်း။
(၈)
ရာဇဝင်၏ သဘောတရားကို နားလည်ပါတယ်။ အခု ဘာလုပ်ရမလဲဟု ဆိုကြပေမည်။
ယခုအခါ၌ ဗမာတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်၏ စက်ကွင်းတွင် ရောက်နေပေ၏။
ဆိုရှယ်လစ်နိုင်ငံ(ဝါ) ဆင်းရဲသားမင်း ဆင်းရဲသားချင်း နိုင်ငံတည်ထောင်ရန်မှာ ဖြစ်နိုင်သည် မဖြစ်နိုင်သည်မှာ အပထား၍ ချက်ချင်းပြုလုပ်ရမည့် လုပ်ငန်းမဟုတ်။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ရာဝဝင်၏ သဘောတရားကို သိကြသူများ ဖြစ်သဖြင့် လက်ငင်းအလုပ်ကို လက်ငင်းလုပ်ကြ၏။ သို့ရာတွင် မိမိတို့ ရည်ရွယ်ချက်ကို အဓိကထားကြ၏။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗမာပြည်တွင် လက်ငင်းအလုပ်ကား ဗြိတိသျှနယ်ချဲ့စံနစ်မှ လုံးဝလွတ်လပ်ရန်ဟု သိကြ၏။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြင့် ကြွေးကြော်နေခြင်းကား ဝါဒပြန့်ပွားရေးသာဖြစ်ဖြစ်၏။ ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်ကြီး တည်တန့်နေသမျှ ကာလပတ်လုံး ဆိုရှယ်လစ်နိုင်ငံ မတည်ထောင်နိုင်ဟု သိကြ၏။
ဗြိတိသျှ နိုင်ငံချဲ့ စံနစ်မှ လွတ်လပ်လိုသူတို့ ဖြစ်သည့်အတိုင်း လုံးဝလွတ်လပ်ရေး လိုလားသူတိုင်း ပူးပေါင်းမည် ဖြစ်၏။
သို့ရာတွင် ဆိုရှယ်လစ်ဝါဒသမားတို့သည် အလုပ်သမား ဆင်းရဲသားတို့ကိုသာ အားကိုး၏။ နောင်အခါ၌ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရာ၌လည်း အလုပ်သမား၊ လယ်သမားများသာ တည်ထောင်မည် ဖြစ်၏။
ဗမာဓနရှင်တို့သည် ဗြိတိသျှနိုင်ငံချဲ့တည်တန့်ရာ တည်တန့်ကြောင်း ၊ အလုပ်သမား လယ်သမားတို့၏ အင်အားပျက်စီးရာ ပျက်စီးကြောင်းလုပ်ပါက ဆိုရှယ်လစ်တို့သည် ဗမာလူမျိုးဘဲဟူ၍ကား ညှာတာပေးမည် မဟုတ်၊ အပြင်းအထန် တိုက်ကြပေမည်။
သို့သော် လုံးဝလွတ်လပ်ရေး လိုလားသော ဗမာဓနရှင်တို့နှင့် ပူးပေါင်းမည်။
ရာဇဝင်သဘောတရားအရဆိုလျှင် လုံးဝလွတ်လပ်ပြီးသည့်အခါ ဗမာဓနရှင်များနှင့် ဗမာဆင်းရဲသားတို့ အိုးစားကွဲရချေမည်။
ဗမာပြည် လွတ်လပ်ပြီးသည့်အခါ ဓနရှင်နိုင်ငံ အဖြစ် ကျန်ရစ်မည်လော၊ သို့တည်းမဟုတ် ဆင်းရဲသားမင်း ဆင်းရဲသားချင်း နိုင်ငံဖြစ်လာမည်လော။
ဤပြဿနာတို့ကား ယခုအခါ လွတ်လပ်ရေးတိုက်ပွဲ ပါဝင်နေကြသော ဗမာဓနရှင်ပေါက်စတို့၏ အင်အား ဗမာအလုပ်သမား လယ်သမားတို့၏ အင်အားအပေါ်တွင် တည်ရှိနေပေတော့သတည်း။
သခင်သန်းထွန်း