22/09/2026
မှတ်တမ်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းနှင့် အခမ်းအနားမှူး သင်တန်းများဖွင့်လှစ်ပို့ချ
နေပြည်တော် စက်တင်ဘာ ၂၁
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသည့် သတင်းဓာတ်ပုံ၊ ဗီဒီယိုနှင့် သတင်းမှတ်တမ်းများရရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ မှတ်တမ်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းနှင့် အခမ်းအနားမှူးသင်တန်းများကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဒေါ်ခင်ရတနာ၊ စာတည်းမှူးက “သတင်းရေးသားခြင်း”နှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချသည်။
သင်တန်းတွင် စာရေးခြင်းနည်းလမ်းများနှင့် သတင်းစာပညာ၊ ဆောင်းပါးရေးသားခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းဆောင်းပါးရေးသားခြင်းဆိုင်ရာများနှင့် စပ်လျဉ်းသည့် ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပို့ချပြီး သင်တန်းသား၊ သင်တန်းသူများကို အုပ်စုဖြင့်လည်းကောင်း၊ တစ်ဦးချင်းဖြင့်လည်းကောင်း လက်တွေ့သတင်းများရေးသားစေသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း (၃၆)ဦးတက်ရောက်လျက်ရှိပြီး ၂၁-၉-၂၀၂၆ ရက်နေ့မှ ၃၀-၉-၂၀၂၆ ရက်နေ့အထိ (၈)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။