13/10/2021
📖🥱😴 ကလေးတွေ ဘာကြောင့် စာဖတ်ပျင်းကြသလဲ 📖🥱😴
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
"သားသားက စာဖတ်ဝါသနာ မပါဘူး"
"သမီးက စာဖတ်ဖို့ သိပ်ပျင်းတာ"
"ကလေးက စာဖတ်ခိုင်းရင် ပတ်ပြေးနေရော"
မိဘတွေကြားထဲမှာ ဒီလိုညည်းညူသံတွေ မကြာခဏ ကြားရတတ်ပါတယ်။ ကလေးတွေ စာဖတ်နည်းလာတာ စိုးရိမ်စရာ အခြေအနေတစ်ခုပါ။ စာဖတ်တာ နည်းလွန်းရင် မသိတဲ့ စာလုံးတွေ တဖြည်းဖြည်း များလာမယ်၊ စာဖတ်စွမ်းရည် ကျလာမယ်၊ ဗဟုသုတ အားနည်းလာမယ်၊ သက်တူရွယ်တူ သူငယ်ချင်းတွေ ဖတ်တဲ့စာအုပ်တွေကို လိုက်မဖတ်နိုင်တော့ပဲ နောက်ကျကျန်ခဲ့မယ်၊ စာဖတ်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့ဘဲ စိတ်ဓာတ်တွေ ကျလာမယ်၊ ကြာတော့ ကလေးက စာဖတ် ပျင်းရုံတင်မကဘူး၊ စာဖတ်ရမှာ ကြောက်တဲ့ အဆင့်အထိပါ ရောက်လာပါလိမ့်မယ်။
ဒီပြဿနာအတွက် ကလေးကို ဆူပူမာန်မဲတာ၊ အတင်းအကျပ် စာဖတ်ခိုင်းတာတွေဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ကလေးက ဘာကြောင့် စာမဖတ်ချင်တာလဲ ဆိုတာ အရင်သိအောင် ကြိုးစားရပါမယ်။ ဒါမှ သားသားမီးမီးတို့ စာဖတ်ပျော်လာအောင် ကူညီပေးနိုင်မှာပါ။
1️⃣ ဂိမ်းတွေ၊ YouTube တွေ၊ TV တွေပဲ သားသားကကြိုက်တာ။
မိဘတွေအနေနဲ့ ကလေးတွေကို screen time သတ်မှတ်ပေးထားသင့် ပါတယ်။ တစ်ပတ်ဘယ်နှစ်နာရီ ဆိုတာမျိုး ပြတ်ပြတ်သားသား သတ်မှတ်ထားရပါမယ်။ စည်းကမ်းသတ်မှတ်ပြီးရင် တိတိကျကျ လိုက်နာခိုင်းရပါမယ်။ မိဘတွေကိုယ်တိုင်လည်း ကလေးရှေ့မှာ ဖုန်းသုံးတာ၊ ဂိမ်းကစားတာတွေကို ဆင်ခြင်သင့်ပါတယ်။
2️⃣ သားသားကြိုက်တဲ့ စာအုပ်မှ ပေးမဖတ်ဘဲ။
ကလေးတစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူပါဘူး။ ကလေးရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုကိုလိုက်ပြီး စာအုပ် ရွေးချယ်ပေးသင့်ပါတယ်။ ပန်းချီ၊ အားကစား၊ ဖက်ရှင်၊ ဂီတ စသဖြင့် ရွေးစရာ စာအုပ်တွေ အများကြီးရှိပါတယ်။ တချို့ မိဘတွေက 'ဒီစာအုပ်က ကျောင်းစာနဲ့ မဆိုင်ဘူး၊ ဗဟုသုတ မရဘူး' ဆိုပြီး ကလေးအကြိုက်ကို လိုက်ပိတ်ပင်တတ် ကြပါတယ်။ စာအုပ်ချစ်တဲ့ ကလေးလေး ဖြစ်လာဖို့ဆိုရင် သူချစ်တဲ့ စာအုပ်လေးတွေကို လွတ်လွတ်လပ်လပ် ချစ်ခွင့်ပေးရပါမယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်ကို ရွေးချယ်တတ်တာလည်း အရည်အချင်း တစ်ခုပါပဲ။ ဒါကြောင့် ကလေးကို စာမဖတ်တတ်ခင်ကတည်းက စာအုပ်ဆိုင် ခေါ်သွားပြီး စာအုပ်ရွေးခိုင်းတာမျိုး ပေးလုပ်သင့်ပါတယ်။
3️⃣ စာဖတ်ရတာ ပျင်းစရာကြီး။
စာအုပ်ဆိုရင် ကျောင်းစာနဲ့ဆိုင်တာတွေပဲ ဖတ်ခွင့်ရတဲ့ ကလေးမျိုးအတွက်တော့ စာဖတ်ခြင်းက ပျော်စရာမကောင်းနိုင်ပါဘူး။ ငယ်ငယ်လေးကတည်းက ဖေဖေမေမေနဲ့အတူ ကလေးကြိုက်စာအုပ်တွေ ဖတ်ဖူးမှ စာဖတ်ရတာကို ပျော်စရာလို့ ခံစားတတ်ပါမှာ။ စာအုပ်ထဲမှာ စီးမျောခံစားတတ်လာအောင် ပုံပြင်ဖတ်ပြရတဲ့ အရွယ်ကတည်းကစပြီး လေ့ကျင့်ပေးလို့ ရပါတယ်။ ပုံပြောတဲ့အခါ ဇာတ်ကောင်လေးတွေကို ဘယ်လိုမြင်လဲ၊ ဘာ ဆက်ဖြစ်မယ် ထင်သလဲ၊ သားသားက ဘယ်အခန်းကို အကြိုက်ဆုံးလဲ စသဖြင့် ကလေးရဲ့ ခံစားချက်တွေကို လမ်းဖွင့်ပေးရပါမယ်။ စာဖတ်ရတာ စိတ်လှုပ်ရှားစရာ ဖြစ်လာအောင် ကူညီပေးရပါမယ်။ စာအုပ်ပြီးသွားဖို့ စာဖတ်တာမျိုး မဟုတ်ဘဲ၊ ပျော်ရွှင်ဖို့၊ ကျေနပ်ဖို့၊ သိချင်တာတစ်ခုခု သိရဖို့၊ ခံစားဖို့ ဖတ်တာမျိုးဖြစ်အောင် လမ်းညွှန်ပေးရပါမယ်။
4️⃣ ဒီစာအုပ်ကြီးကခက်တယ် ဆက်မဖတ်ချင်တော့ဘူး။
ကလေးအသက်အရွယ်နဲ့ လိုက်ဖက်တဲ့စာအုပ်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ သူတစ်ယောက်တည်းဖတ်တဲ့အခါ လွယ်တဲ့စာအုပ်တွေ ပေးဖတ်ပြီး၊ နည်းနည်းခက်တဲ့စာအုပ်တွေ ဖတ်တဲ့အခါ မိဘက ကူညီပေးရပါမယ်။ ခက်တဲ့စာလုံးတွေကို အမြဲကျော်သွားရင်လည်း ကလေးက ဝေါဟာရ ကြွယ်မလာတော့ပါဘူး။ မိဘက အချိန်ယူရှင်းပြပေးမှ ကလေးက စာလုံးအသစ်တွေကို သင်ယူခွင့်ရမှာပါ။
5️⃣ အိမ်မှာ ဘယ်သူမှာမှ စာမဖတ်တာ သားသားလည်း မဖတ်ချင်ပါဘူး။
စာဖတ်ခြင်းအပေါ်ထားတဲ့ မိသားစုရဲ့ သဘောထားကလည်း ကလေးကို အများကြီး လွှမ်းမိုးနိုင်ပါတယ်။ မိဘတွေကိုယ်တိုင်က စာဖတ်ဖို့ မအားပါဘူး၊ အချိန်မပေးနိုင်ပါဘူး ပြောနေသရွေ့ ကလေးက စာဖတ်ခြင်းကို အထင်ကြီးမှာ မဟုတ်ပါဘူး။ ကလေး စာဖတ်ချင်လာအောင်ဘယ်လောက် အချိန်ပေးခဲ့ဖူးသလဲဆိုတာ မိဘတွေကိုယ်တိုင် ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ကလေးကို နောက်ဆုံး ဘယ်တုန်းက စာဖတ်ပြခဲ့သလဲ၊ စာအုပ်ဆိုင် ခေါ်သွားဖူးလား၊ စာကြည့်တိုက် လိုက်ပို့ဖူးလား၊ အဲဒါတွေ မလုပ်ခဲ့ဘဲ တခြားကလေးတွေ စာဖတ်နေတာမြင်မှ ဆူပူတာ ကလေးအတွက် မတရားပါဘူး။
6️⃣ အိမ်မှာ ဒီစာအုပ်တွေရှိတာ သိမှမသိဘဲ။
ကလေးတွေမှာ အာရုံတွေက များပါတယ်။ စာအုပ်လေးတွေကို မြင်မနေရရင် သတိတရ ယူဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ စာအုပ်တွေ ဝယ်ပေးပြီး ဗီရိုထဲထည့်သိမ်းထားရင် အကျိုးမရှိပါဘူး။ ကလေးမြင်သာတဲ့ နေရာတွေမှာ စာအုပ်လေးတွေ ချပေးထားရပါမယ်။ လက်လှမ်းမီအောင် ထားရပါမယ်။
7️⃣ ဒီစာအုပ်ပဲ ထပ်ဖတ်ချင်တယ်။
တချို့ကလေးတွေက သူတို့ကြိုက်တဲ့ စာအုပ်လေးကိုပဲ ထပ်တလဲလဲ ပြန်ဖတ်နေတတ်ပါတယ်။ ဒီလောက်အများကြီး ဝယ်ပေးထားတာကို ဒါပဲ ဖတ်နေရလားဆိုပြီး ကလေးကို မချုပ်ချယ်သင့်ပါဘူး။ အကြိမ်များများ ဖတ်လေ၊ ကလေးက စာလုံးလေးတွေ ပိုမှတ်မိလေပါပဲ။
🥰 ပြီးပါပြီ 🥰
Credit: Dr May Mon page မှ ကူးယူဖော်ပြပါသည်။