Ministry of Health, Myanmar

Directions Contact the organization

Ministry of Health, Myanmar Ministry of Health, Myanmar

The Ministry of Health, Myanmar is the major organization responsible for raising the health status of Myanmar people and accomplishes this through provision of comprehensive health services, viz promotive, preventive, curative and rehabilitative measures.

ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ...
07/10/2026

ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၆

တက္ကသိုလ်များအနေဖြင့် အတိုင်းအတာတစ်ခုအထိ Digital Information System ကို ဆောင်ရွက်ထားပြီးဖြစ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နည်းပညာအကူအညီများရယူပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် (၆-၁၀-၂၀၂၆)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် Digital Student Information Management System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ Data Security နှင့်ပတ်သက်၍ အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Hospital Information System ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆေးရုံကြီးများတွင် Telemedicine System ကိုလည်းကောင်း၊ FDA အနေဖြင့် e-submission, Digital Payment System များကိုလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်စာကြည့်တိုက် များအားလုံးကို e-Library အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်အလိုက် လက်ရှိဆောင်ရွက်နေမှုများ၊ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို အချင်းချင်းအတွေ့အကြုံများဖလှယ်ပြီး ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးရမည့် အချက်များကိုပါ တင်ပြဆွေးနွေးစေလိုကြောင်းနှင့် လိုအပ်သည်များ ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးသည် Digital Information System အကောင်အထည်ဖော်ရန် ချိတ်ဆက်ဆောင်ရွက်သင့်သည့်အစီအစဉ်များ၊ တက္ကသိုလ်တစ်ခုစီတွင် ကိုယ်စားလှယ်ထားရှိနိုင်ရေးနှင့် Data Security ပိုင်းအတွက် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ အသိအမှတ်ပြုထားသော ကုမ္ပဏီများဖြင့်သာ ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများသည် မိမိတို့တက္ကသိုလ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-library System, Webpage, Learning Management System, Student Information System များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်နိုင်ရေးဆွေးနွေး ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များသည် Naypyitaw State Polytechnic University(NSPU) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Campus Monitoring System, Moodle Learning Management System တို့ကို သွားရောက်လေ့လာကြသည်။

အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်များတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံများပြန်လည်ဖွင့်လှစ်...
06/10/2026

လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်များတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံများပြန်လည်ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေး ရွာများအတွင်း ရေဖြတ်သန်းစီးဆင်း ဝင်ရောက်မှုဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နယ်နှင့်ရေကြည်မြို့နယ်များရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အဆိုပါမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်ဆေးရုံ၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းတိုက်နယ် ဆေးရုံများပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

အဆိုပါ ရေဝင်ရောက်ခဲ့သော လေးမျက်နှာမြို့နယ် အမှတ် (၁) ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရေဝင်နစ်မြုပ်ခဲ့သော ရေထွက်ပင်ရင်းများအား ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ကလိုရင်း (၃) ကြိမ် ခတ်ထားပြီးသော ရေထွက်ပင်ရင်းများမှ ကောက်ယူထားသော ရေနမူနာများ၏ ကလိုရင်းအကြွင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

လေးမျက်နှာမြို့နယ်တွင် ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများအား (၄-၁၀-၂၀၂၆)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာရဲမြင့်နှင့်အဖွဲ့သည် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံရှိ ဆေးစတိုတွင် အရေးပေါ်နှင့် အခြေခံဆေးဝါးများ အလုံအလောက် ပြန်လည်ဖြည့်တင်းထားရှိရေး၊ အရေးပေါ်ခွဲစိတ်ခန်း၊ သားဖွားခန်းနှင့် ဓာတ်မှန်ခန်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လတ်တလောပြုပြင်နေစဉ်အတွင်း အရေးပေါ် ခွဲစိတ်လူနာများအား အချိန်နှင့်တပြေးညီ လွှဲပြောင်းပေးနိုင်ရေး လူနာတင်ယာဉ်များ စီစဉ်ပေးခဲ့ပါသည်။

အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာနိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
05/10/2026

အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာနိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ...
03/10/2026

ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂

၂၀၂၆ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို (၂-၁၀-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ကျင်းပပြီး နေရာဒေသတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းသွားလာနေထိုင်ရသူများ၊ ခရီးသွားလာရသူများနှင့် အရေးပေါ်အခြေအနေကြောင့်နေရာရွှေ့ပြောင်းသွားလာနေရသူများအား အထူးဦးစားပေးပြီး၎င်းတို့၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များ၊ ထိခိုက်ဒဏ်ရာရရှိမှုများကို ရှေးဦးပြုစုခြင်းဖြင့် အချိန်မီ ကူညီနိုင်ရန်အတွက် ရည်ရွယ်ကြောင်းသိရသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် လူတိုင်းအတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေးကို အခြေခံထားသည့် Universal Health Coverage (UHC) ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်းလုပ်ငန်းသည် ကျန်းမာရေးစနစ်နှင့် ရပ်ရွာလူထုကြား အရေးပါသောပေါင်းကူးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်းပြောကြာပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတံခွန်စိုက်ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် တာဝန်ရှိသူများကရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအတွက် ဆုများကိုလည်းကောာင်းပေးအပ်ကာ ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြခန်းငယ်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၏ သရုပ်ပြခြင်းတို့ကို ကြည့်ရှုအားပေးသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် (တာဝန်) Dr. Sara Ellithyတို့က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား များကို ၂၀၀၃ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ယခုနှစ် အခမ်းအနားသည် (၂၄)ကြိမ်မြောက် အဖြစ်ကျင်းပသည့် အခမ်းအနားဖြစ်ပါသည်။

ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိုးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြန်ဆက်သည့် ခွဲစိတ်ကုသမှု အောင်မြင်နေပြည်တော်၊ စက်တင်ဘာ ၂၈ ...
30/09/2026

ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိုးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြန်ဆက်သည့် ခွဲစိတ်ကုသမှု အောင်မြင်

နေပြည်တော်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင်သော အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ် ၁၁ ရက် ညနေ ၄နာရီ ၄၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မှုကြောင့် ဘယ်ဘက်လက်ညှိုးပြတ်တောက်သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ည ၇ နာရီ ၁၅ နာရီအချိန်တွင် ရောက်ရှိလာခဲ့ရာ တာဝန်ကျ အရိုးအထူးကုဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကနဦး ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ဘယ်ဘက်လက်ညှိုး ပြန်ဆက်သည့် ခွဲစိတ်ကုသမှု (Replantation Surgery) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ခွဲစိတ်ခန်း၌ အဆိုပါနေ့ ည ၈ နာရီ ခွဲတွင် စတင်ခွဲစိတ်မှု ပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်ကုသမှုအောင်မြင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့၊ မေ့ဆေးအထူးကုဆရာဝန်များအဖွဲ့၊ ကျွမ်းကျင်သူနာပြုကြီး/သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများမှ အထောက်အကူပြု ဓာတ်ခွဲ၊ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းများ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူနာ၏ ပြန်ဆက်ထားသော ဘယ်ဖက်လက်ညှိုးမှာ မူလအတိုင်းကောင်းစွာ လှုပ်ရှားနိုင်ပြီ ဖြစ်သဖြင့် ခွဲစိတ်ပြီး (၂၉)ရက်မြောက်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရရှိပြီး လိုအပ်သော လေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံ ပြန်ဆက်ခွဲစိတ်သူ တစ်ဦး၊ ၂၀၂၃ ခုနှစ် တွင် လက်မောင်း ပြန်ဆက်ခွဲစိတ်သူ တစ်ဦး နှင့် လက်မ ပြန်ဆက်ခွဲစိတ်သူ တစ်ဦး ၊ ၂၀၂၄ ခုနှစ်တွင် လက်မ ပြန်ဆက်ခွဲစိတ်သူ တစ်ဦး ၊ ၂၀၂၅ ခုနှစ်၊ လက်ဖဝါး နှင့် လက်မ ပြန်ဆက်ခွဲစိတ်သူ နှစ်ဦး၊ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ လက်ညှိုး ပြန်ဆက်ခွဲစိတ်သူ တစ်ဦး စုစုပေါင်း ခုနှစ်ဦးအား ပြန်ဆက် ခွဲစိတ်ကုသမှု (Replantation Surgery) ဆောင်ရွက်ပေးခဲ့ပါသည်။

(၂၀၂၆) ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်နေပြည်တော်၊ စက်တင်ဘာလ (၂၉...
30/09/2026

(၂၀၂၆) ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်

(၂၀၂၆) ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် (၂၉-၉-၂၀၂၆) ရက်နေ့ ၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းမှာ နှလုံးနှင့် သွေးကြောရောဂါ များကြောင့် နှစ်စဉ် လူဦးရေ (၁၉.၈)သန်း ကျော် သေဆုံးနေရပြီး အဆိုပါသေဆုံးမှုများရဲ့ (၈၅) ရာခိုင်နှုန်းဟာ နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်းနှင့် ဦးနှောက် သွေးကြောပိတ်ခြင်းကြောင့် လည်းကောင်း၊ ဦးနှောက် သွေးကြောပေါက်ခြင်းကြောင့် လည်းကောင်း၊ လေဖြတ်ခြင်းကြောင့်လည်းကောင်း သေဆုံးနေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် (၂၀၂၄) ခုနှစ်က ကောက်ယူခဲ့သည့် မကူးစက်နိုင် သောရောဂါများ ဖြစ်ပွားစေသည့် အကြောင်းအရင်းများကို ကောက်ယူသည့်စစ်တမ်း (STEPS Survey) အရ အရွယ် ရောက်သူ (၂၄.၄) ရာခိုင်နှုန်းတွင် သွေးတိုးရောဂါရှိကြောင်း အသက် (၄၀)နှစ်မှ (၆၉)နှစ်အရွယ် များတွင် နှလုံးနှင့် သွေးကြောရောဂါရှိသူ (၁၃.၄)ရာခိုင်နှုန်းရှိနေသည့်အပြင် လာမည့် (၁၀)နှစ်အတွင်း နှလုံးနှင့် သွေးကြောရောဂါ ဖြစ်လာနိုင်ခြေ (၂၀)ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း ယခု (၂၀၂၆) နှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် “Don’t Miss A Beat” ဖြစ်ပြီး “နှလုံးခုန်သံတိုင်းကို သတိပြုလို့၊ နှလုံးကျန်းမာရေး ဂရုစိုက်စို့” လို့ မြန်မာလို ဘာသာပြန်ဆိုထားပါကြောင်း၊ နှလုံးကျန်းမာရေးဟာ အလွန်အရေးကြီးတဲ့အတွက် နှလုံးရောဂါ ၏ လက္ခဏာများကို မလွတ်စေဘဲ စောစီးစွာသတိပြုခြင်း၊ စစ်ဆေး ကုသခြင်းနှင့် နှလုံးကျန်းမာရေးကိုဂရုစိုက်ရန် တိုက်တွန်းသော အသိပညာပေး သတင်းစကားဖြစ်ကြောင်း မကူးစက်နိုင်သော ရောဂါများအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မှာ နှလုံးနှင့် သွေးကြော ရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများကြောင့် အသက်(၃၀)မှ (၇၀)နှစ် အတွင်း အချိန်မ တန်မီ သေဆုံးမှုကို သုံးပုံတစ်ပုံ လျှော့ချရန် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုနှင့် အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုနည်း နိုင်သမျှနည်းအောင် ပြုမူနေထိုင်ခြင်းတို့ဖြင့် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ပါကြောင်း၊ မိမိတို့ရဲ့ နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပြီး ရောဂါ တွေ့ရှိပါက အချိန်မီကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နှလုံးနှင့် သွေးကြောရောဂါများ အပါအဝင် အခြားမကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုကို လျော့ချနိုင်ရေး အတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း ကျေးလက်ကျန်းမာရေး ဌာနခွဲအဆင့်မှစပြီး မကူးစက်နိုင်သော ရောဂါများကို စစ်ဆေးကုသပေးသည့် ဆေးခန်းများအား ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေး လျက်ရှိကြောင်း၊ ကုသမှုအတွက် လိုအပ်သော အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း ပြည်သူများကို အခမဲ့ ဖြန့်ဝေပေးလျက်ကြောင်း ခုတင်(၂၀၀)နှင့် အထက် ဆေးရုံအားလုံးမှာ အရေးပေါ် နှလုံးဆေးကုသမှုများအတွက် အထူးကုသမားတော်များ ဦးဆောင်တဲ့ နှလုံးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးခြင်း၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါကြောင်း နှလုံးရောဂါ အန္တရာယ် အကဲဖြတ်စနစ် စီမံကိန်းကိုလည်း‌ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။
အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း တို့မှ ဥက္ကဌ နှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူးများ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၆ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အဖြစ် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) နှလုံးကြပ်မတ် ကုသဆောင်တွင် လူဦးရေ ၁၀၀ ဦးအား AI ECG vest တပ်ဆင်နေမှုကို ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် အတူ သွားရောက်ကြည့်ရှု အားပေးသည်။ ထို့အတူ ကမ္ဘာ့ နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၃၀၀၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၂၅၀ နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၂၅၇ဦးတို့ကို AI ECG vest တပ်ဆင်ပေးခဲ့ပြီး နှလုံးကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၈-၉-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စ...
28/09/2026

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၈-၉-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၆) အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီ တိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် သို့မဟုတ် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း၊ မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်နိုင်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ထိရောက်စွာ ထိန်းချုပ်နိုင်ရေး၊ ထိခိုက်ဆုံးရှုံးမှုနည်းပါးပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများ ထိခိုက်မှုနည်းပါးစေရေးအတွက် လိုအပ်သည့်လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၈-၉-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး မုန်တိုင်းငယ်နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center)အား ၂၄ နာရီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀တွင် စုပေါင်း...
21/09/2026

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်မှုအား ကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ ၁၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝန်ထမ်း (၆၆၀) ဦးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၁၀၀၀ မှ ဝန်ထမ်းအင်အား (၁၂၀) ဦးတို့ဖြင့် အရေးပေါ်ဌာန၊ ဓာတ်မှန်ဆောင်၊ ခွဲစိတ်ဆောင်၊ သွေးလှူဘဏ်၊ အရိုးဆောင်ပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်ပြီး ရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံအတွင်း လျှပ်စစ်မီးကြိုးများ၊ Internet Fiber ကြိုးများ သွယ်တန်းထားရှိမှုကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နေမှုများ၊ မီးသတ်တပ်ဖွဲ့ဝင်များ အကူအညီဖြင့် ဆေးရုံအတွင်း အန္တရာယ်ရှိ သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ အဆောက်အဦမျက်နှာစာများ အမြင်တင့်တယ်‌လှပစေရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနှင့် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှုးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်အားပေးကြည့်ရှုကြပြီး တပ်ဖွဲ့ဝင်များအား အားပေးစကားပြောကြားခဲ့ပါသည်။

Website တွင် ဖတ်ရှုရန် : https://www.moh.gov.mm/?p=6943

လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲစည်းထားရှိ နေပြည်တော်၊ စက်တင်ဘာ ၁...
19/09/2026

လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲစည်းထားရှိ

နေပြည်တော်၊ စက်တင်ဘာ ၁၈

တတိယအကြိမ်ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကျန်းမာရေးနှင့်အစားအသောက်စစ်ဆေးရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ကျန်းမာရေးနှင့်အစားအသောက်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေး၊ အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ကူးစက်ရောဂါများကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို လွှတ်တော်အဆောက်အအုံနှင့် တည်းခိုနေထိုင်ရာနေရာများတွင် လွှတ်တော်မကျင်းပမီမှစတင်၍ ကျင်းပစဉ်တစ်လျှောက် လုပ်ငန်းအဖွဲ့အလိုက် စနစ်တကျ ပုံမှန်ဆောင်ရွက်နိုင်ရန်၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သည့်အချိန်တွင် ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-up)နှင့် လိုအပ်သောကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးရန်၊ လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေး အတွက် လုပ်ငန်းအဖွဲ့အလိုက် Checklist များဖြင့် ဆောင်ရွက်ရန်၊ အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အစားအသောက်စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြပြီး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း အဖွဲ့များမှ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အစားအသောက်စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်ဌာနများအလိုက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
Website တွင် ဖတ်ရှုရန် : https://www.moh.gov.mm/?p=6918

စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘ...
18/09/2026

စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့် တက်ရောက်ပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်၊ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခအထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာ၌ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အခြေခံအဆောက်အအုံများဖြည့်ဆည်းမှုအပြင် လူနာဘေးကင်းလုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူနာဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီမှစတင်ကာ ကျန်းမာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်သူများ အထိ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်သူ့ဆေးရုံကြီးများ၌ ဆောင်ရွက်ခဲ့သော ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများမှတ်တမ်း Video ကို ပြသခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူနာ ဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသော ဗဟိုအဆင့်ဆေးရုံများမှ ဆေးရုံအုပ်ကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ (World Patient Safety Day) ကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း ကျင်းပလျက်ရှိပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့အတွက် “Safe care for noncommunicable diseases” ကို အဓိကဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပြီး “Safe care for life!” ဟူသော ဆောင်ပုဒ်ခွဲဖြင့် နာတာရှည် မကူးစက်နိုင်သောရောဂါ (Noncommunicable Diseases – NCDs) ရှိသူများအား ဘဝတစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးကို အလေးထားဆောင်ရွက်နိုင်ရန် တိုက်တွန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Address

Nay Pyi Taw
Pyinmana
15011

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Website

Alerts

Be the first to know and let us send you an email when Ministry of Health, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Health, Myanmar:

Shortcuts

Share