27/01/2021
တပည့်တို့ရေ
ဆရာဆရာမတွေ က
မင်းတို့ကို တပည့်လို သားသမီးလို သဘောထားပြီး နွေးနွေးထွေးထွေးဆက်ဆံနေတဲ့အပေါ်
ငါ့တပည့်တို့က ဆရာဆိုတဲ့ အသိနဲ့ လေးစားစေချင်တယ်
သူငယ်ချင်းပေါင်း မပေါင်းစေချင်ဘူး
ရင်းနှီးတာနဲ့ မလေးစားတာ မတူ တာကြောင့် မိမိကိုယ်ကို တပည့် တစ်ဦးအနေနဲ့ ဆရာဆရာမတွေ အပေါ် စကားအပြောအဆို ဆင်ခြင်ကြပါ ငါ့တပည့်တို့ ။
#ဆရာဆိုတာတပည့်ကသက်မှတ်သည်
"ဆရာတပည့်"ဟူသည်
ဆရာဖြစ်သူ သက်မှတ်၍မရ
တပည့်ဖြစ်သူ သတ်မှတ်မှရလေ၏။
ဆရာဖြစ်သူသည်
"ငါ့ဆီမှာပညာသင်ယူခဲ့ဖူးတယ် ငါ့တပည့်ပဲ"ဟု
ဆရာတပည့်အဖြစ် သက်မှတ်ထားသော်လည်း
တပည့်ဖြစ်သူသည် ဆရာအဖြစ် မသက်မှတ်သောအခါ ဆရာတပည့်ဆိုသောဝါဟာရသည် အသက်မဲ့သွား၏။
တပည့်ဖြစ်သူ၏အသိဥာဏ်နည်းမှုကြောင့်
ဆရာတပည့် ဖြစ်မလာတော့ပေ။
တပည့်ဖြစ်သူသည်"ဒီဆရာဆီမှာ
ပညာသင်ဖူးတာပဲ"ဆိုပြီး
ပညာသင်ပေးခဲ့ဖူးသောဆရာကို
ဆရာအဖြစ် အသိအမှတ်ပြုသောအခါ
ဆရာတပည့်ဝေါဟာရသည် အသက်ဝင်ပြီး
အဓိပ္ပါယ်ရှိသွား၏။
ဆိုလိုချင်တာက ဆရာတပည့်ဆိုတာ
တပည့်ရဲ့အသိဥာဏ်ကြောင့်သာဖြစ်လာတယ်။
တပည့်က သက်မှတ်မှရမယ်လို့ ဆိုလိုချင်တာပါ။
#ဆရာဆိုတာစွန်လွှတ်သူနှင့်တူပြီးတပည့်ဆိုတာစွန်နှင့်တူ
ဆရာဟူသည် စွန်လွှတ်သူနှင့်တူပြီး
တပည့်ဟူသည် စွန်နဲ့တူလေ၏။
ထက်ကောင်ကင်ယံ
လွှတ်တင်လိုက်သောစွန်သည်
အပေါ်မြင့်မြင့်သို့ ရောက်သောအခါ ချီးမွှမ်းခြင်းကို ခံရ၏။
"ဟာ စွန်အနီရောင်ကတော့
အမြင့်ဆုံးပဲ ကောင်းလိုက်တဲ့စွန် ... "စသည်ဖြင့်
မြင်ရသူအပေါင်းသည် စွန်ကိုသာ ချီးကျူးထောပနာပြုပြီး
စွန်လွှတ်တင်ပေးသူ၏ အရည်အချင်းကို
မေ့ထားကြပြီး စွန်လွှတ်တင်သူကို
မည်သူမျှမချီးမွှမ်းကြသကဲ့သို့ တပည့်ဖြစ်သူသည်
လောက ကောင်ကင်ယံထက်မှာ အမြင့်ပန်းကို
ဇွတ်ခူးရယူ အောင်ပန်းဆင်နေသောအခါ
တပည့်ဖြစ်သူကိုသာ ချီးကျူးဂုဏ်ပြုကြလေ၏။
ပြုစုပျိုးထောင်ပေးခဲ့သူ ဆရာကိုကား
မည်သူမျှ ချီးကျူးဂုဏ်ပြုမှုမပြုကြပေ။
သို့သော် စွန်လွှတ်လိုက်သူ၏ စွန်သည်
ကောင်ကင်ယံမတက် ကြိုးပြတ်ကျသောအခါ "
စွန်လွှတ်လိုက်တဲ့သူ ညံ့လိုက်တာ ဖျင်းလိုက်တာ "
စသည်ဖြင့် စွန်လွှတ်သူကိုသာ အပြစ်တင်ကြလေ၏။
လောကအလယ်မှာ တပည့်ဖြစ်သူ ကျရှုံးတဲ့အခါ
"ဘယ်သူ့တပည့်လေ "စသည်ဖြင့် "တပည့်မကောင်း
ဆရာ့ခေါင်း "ဆိုသကဲ့သို့ မြင်သူအပေါင်းသည်
ဆရာကိုသာ အပြစ်တင်လေ၏။
စွန်လွှတ်တင်သူသည် မိမိ၏စွန်သည် အမြင့်သို့ရောက်လေလေ ပျော်ရွှင်မှုဖြစ်လေလေ ဖြစ်သကဲ့သို့ ဆရာဖြစ်သူသည် တပည့်ဖြစ်သူ အမြင့်ရောက်ပြီးအောင်မြင်မှုရလေလေ ပျော်ရွှင်မှုဖြစ်လေလေ ဖြစ်ပေသည်။
စွန်ပြတ်ကျသောအခါ စွန်လွှတ်တင်သူ ဝမ်းနည်းစိတ်မကောင်းဖြစ်သကဲ့သို့ပင် တပည့်ဖြစ်သူကျရှုံးနေသောအခါ ဆရာဖြစ်သူသည် ဝမ်းနည်းစိတ်မကောင်းဖြစ်ရလေ၏။
(မြောက်ဒဂုံ မစိုးရိမ်ကျောင်းတိုက်ဆရာတော်ထံမှ မှတ်မိသမျှသြဝါဒအနည်းငယ်ကို မိမိနားလည်သလောက် ထပ်ဆင့်မျှဝေခြင်းဖြစ်ပေသည်။ )
ဥာဏိဿရ{ဒီပဲယင်း}