Love Letter

Love Letter ဘာမေးမေး မေတ္တာရှိတယ်လို့ ဘဲဖြေတဲ့။

25/11/2025

❝ မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန် ❞

ဒီက​နေ့ နိုဝင်ဘာ ၂၅ ရက် မနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဆရာကြီးကို အဖ မြန်မာ တိုင်းရင်း သမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့မှ မွေးဖွားခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် မွေးဖွားသည်။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာနှင့် ဘုတလင်မြို့နယ်၊ စည်ပါရွာတို့တွင် ကြီးပြင်းသည်။

မုံရွာမြို့၊ အမှတ် (၂) အထကမှ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို တနိုင်ငံလုံး၌ တဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင် အဖြစ် အောင်မြင်ခဲ့သည်။ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသိန်းဖေမြင့်၏ "စာဆိုမောင်ဆု" ငွေဒိုင်းကို ချီးမြှင့်ခြင်း ခံရသည်။

အသက် ၁၇ နှစ်သားမှ စ၍ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများကို ရေးသားခဲ့သည်။ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း၏ အတွင်းရေးမှူး အဖြစ် တကြိမ်၊ ဥက္ကဋ္ဌ အဖြစ် နှစ်ကြိမ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ မန္တလေး တက္ကသိုလ် ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆု ၁၁ ဆု ရရှိခဲ့ဖူးသည်။ အတန်းအသီးသီး၌ မြန်မာစာဂုဏ်ထူး ရရှိခဲ့သည်။

အထက်မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ အမှုဆောင် အဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်များကို အဆင့်ဆင့် ယူခဲ့ရသည်။ နိုင်ငံတော်၏ အမြင့်ဆုံး စာပေဆု ဖြစ်သော အနုပညာ စာပေ တတိယဆုကို "မြန်မာ့ဇာတ်သဘင်သမိုင်း" ဖြင့် ၁၉၆၃ ခုနှစ်တွင် လည်းကောင်း၊ အမျိုးသား စာပေဆုကို "မြန်မာ့ရုပ်စုံသဘင်" ဖြင့် ၁၉၆၅ ခုနှစ်တွင် လည်းကောင်း၊ ရရှိခဲ့သည်။ မြန်မာစာပေ သင်ကြားသော နိုင်ငံခြား တက္ကသိုလ် အချို့၌ ပြဋ္ဌာန်းသော "မြန်မာစာဋီကာ" ကျမ်းကို ၁၉၆၈ ခုနှစ်၌ ထုတ်ဝေခဲ့သည်။

"မြန်မာစာပေတွင် ဆရာတော် အရှင်မဟာရဋ္ဌသာရ၏ အခန်းကဏ္ဍ"၊ "မြန်မာ့ တောင်သူလယ်သမား ဝတ္ထုတွေထဲက ဇာတ်ကောင်များ"၊ "ယနေ့ မြန်မာ စကားပြေ အရေးအသား"၊ ဆရာကြီး မြမျိုးလွင်၏ ဝတ္ထုများ လေ့လာချက် စာတမ်း ဟူသော စာတမ်းများကို ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်များတွင် မန္တလေးမြို့၊ အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်၌ ကျင်းပသော အထက်မြန်မာနိုင်ငံ စာရေး ဆရာများ အသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် တင်သွင်း ဖတ်ကြားခဲ့သည်။ "မြန်မာ့ရုပ်သေး ဆင့်ကဲဖြစ်စဉ်" စာတမ်းကို ၁၉၈၇ ခုနှစ်တွင် စာပေဗိမာန်၌ ဖတ်ကြား တင်သွင်းခဲ့သည်။

မန္တလေး သက်ကြီး တက္ကသိုလ်၊ မုံရွာ တက္ကသိုလ်တို့၌ မြန်မာစာ ကထိကနှင့် ဌာနမှူး၊ မန္တလေး ဆေးတက္ကသိုလ်၊ မန္တလေး စိုက်ပျိုးရေး တက္ကသိုလ်တို့၌ မြန်မာစာ ဆရာ အဖြစ် နှစ်ပရိ​စ္ဆေဒ ကြာမြင့်စွာ ထမ်းရွက်ခဲ့သည်။

၁၉၆၈ ခုနှစ်မှ စ၍ မန္တလေး၌ "စေတနာ မြန်မာစာနည်းပြ" ကို တည်ထောင်ခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ မန္တလေး-ရန်ကုန်ကို လေယာဉ်ဖြင့် စုန်ဆန် ပို့ချနေခဲ့ပါသည်။

ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ဟာကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်ကြောင်း သိရပါသည်။

Credit - wikipedia
ဓါတ်ပုံ - ​ရွှေအင်းသားခင်​မောင်ဝင်း

FYI
12/11/2025

FYI

📝“သင့်ကလောင်လက်ရာနဲ့ ရပ်ရွာလူထုကို PSEA အသိပညာဖြန့်ကျက်ရင်း အကာအကွယ်ပေးကြစို့”
================================
📣ပြိုင်ပွဲအခွင့်အလမ်းကောင်းကြီးတစ်ရပ်ကို M-LEN မှ ယူဆောင်လာခဲ့ပါပြီ။

☘ Protection of Sexual Exploitation and Abuse (လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းမှ ကာကွယ်ခြင်း) ခေါင်းစဉ်အောက်ကနေ ဆောင်းပါး၊ ဝတ္ထုတို၊ စာစီစာကုံး၊ ကဗျာ ဒါမှမဟုတ် ကာတွန်းသရုပ်ဖော်ပုံ စသဖြင့် မိမိတို့ရဲ့ အနုပညာလက်ရာတွေကို ချပြခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်။ မိမိတို့ရဲ့ ကလောင်အစွမ်းကို ထုတ်ဖော်ပြသရင်း ရပ်ရွာလူထုကို PSEA နဲ့ပတ်သက်ပြီး အသိပညာမျှဝေခွင့် အပြည့်အဝလည်း ရရှိသွားမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

‼ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး ဝန်ထမ်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီးတော့ ယှဉ်ပြိုင်သူများမှ ပေးပို့လာတဲ့ လက်ရာများကို PSEA networkထဲမှ အသိပညာ၊ အတတ်ပညာရှင်များမှ ရွေးချယ်စိစစ်ပြီး -

🥇ပထမဆု - (၁၀)သိန်းကျပ်
🥈ဒုတိယဆု - (၅) သိန်းကျပ်
🥉တတိယ ဆု - (၃) သိန်းကျပ်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားဦးမှာ ဖြစ်ပါတယ်။

🔶မိမိတို့ရဲ့ အနုပညာလက်ရာများကို နိုဝင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး
[email protected] နဲ့ [email protected] ကို မိမိရဲ့ အနုပညာလက်ရာ၊ အမည် (သို့) ကလောင်အမည်၊ ဖုန်းနံပါတ်များကို အီးမေးလ်ပေးပို့နိုင်ပါတယ်။ အနိုင်ရရှိသူများကို ဒီဇင်ဘာ (၁) ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပြီးတော့ အနိုင်ရသူများရဲ့ လက်ရာများကိုလည်း M-LEN page မှာ ပြန်လည်မျှဝေပေးသွားဦးမှာ ဖြစ်ပါတယ်ရှင်။

👉 မိမိတို့ရဲ့ ကလောင်လက်ရာကို အစွမ်းကုန်ချပြခွင့်လည်းရမယ်.....
👉ရပ်ရွာလူထုကိုလည်း PSEA နဲ့ပတ်သက်ပြီး အသိပညာမြှင့်တင်ပေးခွင့်ရဦးမယ်....
👉 စိတ်ဝင်စားစရာ ဆုလက်ဆောင်တွေလည်း ရရှိဦးမယ်....

ဒီလို အခွင့်အရေးကောင်းကြီးတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးရခြင်းမရှိအောင်လို့ မိမိတို့ရဲ့ ကွန်ရက်များ၊ အဖွဲ့အစည်းများအတွင်းမှာ ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။

02/09/2025
ကျောင်းသားဘဝက သောက်ခဲ့ဖူးတဲ့ ဦးချစ်လက်ဘက်ရည်ကို သတိရလျက် လူရွှင်တော်ပိန်ပိန်ရေးသားခဲ့သော ဦးချစ်အင်တာဗျူးအစအဆုံးအားကူးယူဖ...
20/08/2025

ကျောင်းသားဘဝက သောက်ခဲ့ဖူးတဲ့ ဦးချစ်
လက်ဘက်ရည်ကို သတိရလျက် လူရွှင်တော်ပိန်ပိန်
ရေးသားခဲ့သော ဦးချစ်အင်တာဗျူးအစအဆုံးအား
ကူးယူဖော်ပြပါသည်။

ဦးချစ် (လက်ဖက်ရည်ဆိုင်)နှင့် ဗျူးခဲ့စဉ်က
အင်တာဗျူး, အမှတ်တရ
==============================
တစ်ခါက ကံ့ကော်တောများ
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ်သွားခဲ့ပါတယ်။ အဓိပတိလမ်းမ ဂိတ်ဆီကနေ ၀င်လိုက်တော့ ကျွန်တော် ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန် ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။ တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်း သတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ၀င်နားကြတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မရောက်တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်ဝိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ ဖူးပြီး၊ သူမတို့က အတန်းငယ်တွေ ဖြစ်သော် လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိက ဆရာမတစ်ဦး အဖြစ်နဲ့ ပြန်လည် တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင့် တက်နေ ကြောင်းသိရတယ်။ မြန်မာစာမှာ ပထမဆုံးပါရဂူဘွဲ့ရတဲ့ ဒေါက်တာ အောင်မြင့်ဦးက ကျွန်တော် ပထမနှစ် ဖရက်ရှာတုန်းက မဂ္ဂဇင်း ကော်မတီမှာ ကျောင်းသားအမှုဆောင်တွေအဖြစ် အတူတူ လုပ်ခဲ့ကြတာပေါ့။ ခေတ်တွေပြောင်း၊ စနစ်တွေ ပြောင်းလာတဲ့အလျှောက် ကံ့ကော်မြေမှာလည်း ပြောင်းလဲခြင်းတရားများစွာတွေ သတိပြုမိ ရပါတယ်။ မထိပ်တန်ဟင်က ဟိုစဉ်တုန်းက အနုပညာအသင်းမှာ ကျောင်းသူ ကျောင်းသား ဘ၀ ကခဲ့ခုန်ခဲ့တာတွေ ပြန်ပြောပြတယ်။ ၁၉၈၃ တုန်းက ဝိဇ္ဇာခန်းမမှာ မြန်မာစာအသင်း နှစ်ပတ်လည် မိတ်ဆုံစားပွဲအဖြစ် အငြိမ့်က ခဲ့ကြစဉ်က မထိပ်တင်ဟန်နဲ့ မသီတာကြွယ် (ပဲခူး) တို့က အငြိမ့်မင်းသမီးတွေဖြစ်ကြပြီး စုတ်ချွန်း၊ ကြွက်ပြုံး၊ ပိန်ပိန်၊ ပေါ်ပေါ်၊ အရိုင်း၊ ကင်းကောင်တို့က ကျောင်းသား လူရွှင်တော် တွေပေါ့။
ချစ်တယ်
မြန်မာစာဆိုတာက တောင်ငူဆောင်က မိခင်ဂေဟာကြီးပေါ့။ အဲသည်ကာလကလည်း စာပေကိစ္စ၊ အနုပညာကိစ္စတွေရှိရင် တောအုပ်လေးထဲက ဦးချစ်ဆိုင်မှာပဲ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြပေါ့။ အဲသည်တုန်းက ဦးချစ်ဆိုင်ဆိုတာက မူလ ဦးချစ်ဆိုင်ဖြစ်တဲ့ ရာမညဆောင်ရဲ့ မြောက်စူးစူး ရန်ကုန်တက္ကသိုလ်ရဲ့ ခြံစည်းရိုးထောင့်က တစ်ထပ်တိုက်ပြားကလေးဖြစ်ပါတယ်။ တောင်ပိန္နဲပင်တွေ အုံ့ဆိုင်းနေတဲ့ တောအုပ် ကလေးထဲက ဦးချစ်ဆိုင်ဆီကို တောင်ငူဆောင် ဆီက ဖြတ်လမ်းအတိုင်း လျှောက်သွားသူတိုင်း သတိပြုရတာကတော့ သစ်တိုပင်ကြီးတွေဆီက ကြွေကျလာတဲ့ သစ်တိုသီး ညိုတိုတိုတွေဟာ ပင်မြင့်ဆီမှာ အမှည့်မြန်သလို၊ လေအဝှေ့ မှာလည်း အကြွေမြန်တာမို့ သစ်တိုသီးတွေကို ရှောင်လင်သိုင်းကွက်ပမာ ကျောင်းသား ကျောင်းသူတွေသာမက ဆရာ၊ ဆရာမတွေပါ ရှောင်ရှားရတာ ချစ်စရာ ဓလေ့ကလေး တစ်ခုရယ်လို့ အားလုံးက မှတ်ယူထား ခဲ့ကြလေရဲ့။
အမှန်ဆိုရရင် စာနယ်ဇင်းဘ၀ ရပ်တည်မှုနဲ့ များမြောင်လှတဲ့ ကိစ္စတွေကြောင့် ကံ့ကော်မြေကို နှစ်များစွာ မရောက်ဖြစ်ခဲ့ပါဘူး။ ခုတော့ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ကျောင်းထဲကို ရောက်ဖြစ်ပြီး ဦးချစ်ဆိုင် (နေရာသစ်) ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖြစ်ရလို့ အတိတ်ကာလ ကိုယ်တို့ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ပြန်လည်သတိရဖြစ်မိရတာပေါ့လေ။
ကျွန်တော်က ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး၊ အဲဒီခေတ်ဆီက တက္ကသိုလ်ကောလိပ်မှာ နေခဲ့သူပါ။ ဘူမိဗေဒ အဓိက ကျောင်းသားဖြစ်ပြီး တက္ကသိုလ်သက်ကတော့ (၁၉၇၇) ခုနှစ်မှသည် (၁၉၈၆) ခုနှစ်ထိပေါ့။ ကျောင်းပြီးသွား တာတောင် ကျောင်းသံယောဇဉ်တွေနဲ့ တက္ကသိုလ်နယ်မြေမှာ တဝဲလည်လည် ရှိခဲ့ပါတယ်။ ကျွန်တော် အဓိပတိကိုလည်း ချစ်တယ်။ ဘွဲ့နှင်းသဘင်ကြီးကိုလည်း ချစ်တယ်။ သစ်ပုပ်ပင်ကြီးကိုလည်း ချစ်တယ်။ အပန်းဖြေရိပ်သာကိုလည်း ချစ်တယ်။ ပြီးတော့ ဦးချစ်ဆိုင်ကိုလည်း ချစ်တယ်။ နောက်… အင်းလျားကန်စပ်ဆီက ပုဏ္ဍရိတ်ချုံလေး တစ်စုကိုလည်း ချစ်တယ်။ ပြီးတော့.. သစ်တိုပင်ဖြတ်လမ်းကလေးကိုလည်း ချစ်တယ်။
ရှိခဲ့ကြဖူးပါတယ်
လက်ဖက်ရည်ဆိုင်ဆိုတာ “၀စနာလင်္ကာရ ဆရာတွေ ဆုံလေ့ရှိတဲ့ ခေါမပြည်ရဲ့ အေသင်မြို့လမ်းထောင့်” လို့ ဆရာငြိမ်းကျော်က ကျွန်တော့်ကို ပမာပြု ပြောပြခဲ့ဖူးပါတယ်။
ဦးချစ်ဆိုင်မှာ ဆရာသမားတွေဖြစ်တဲ့ ဆရာဦးမြင့်ကြည်၊ ဦးဖိုးကျော်မြင့်၊ တက္ကသိုလ်မင်းမော်၊ ဆရာဦးအောင်သင်း၊ တက္ကသိုလ်၀င်းမွန်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာဇော်ဇော်အောင်တို့လည်း သမားချင်းချင်း သတင်းလွေ့လွေ့ ရှိခဲ့ဖူးကြပါတယ်။
မောင်ဆွေတင့်၊ မောင်ဟုန်၀မ်၊ မောင်၀ဏ္ဏ၊ ကိုတင်၀င်းလှိုင်၊ ကိုအောင်စိုး(ဦး)၊ ကိုကီဝီ တို့လည်း ရသများစွာကို အလင်္ကာပြုခဲ့ကြ ဖူးပါတယ်။
ကိုငြိမ်းကျော်၊ ကိုအောင်ပြည့်၊ ကိုမြတ်သစ်၊ ကိုမြင့်စိုးလှိုင်တို့လည်း “ဝေဖန်စာပေ” အကြောင်းတွေ ပဲ့တင်ထပ်ခဲ့ကြဖူးပါတယ်။
ကိုငွေစိုး၊ ကိုဖေမြင့်၊ ကိုကျော်ဇေယျတို့လည်း “မှုခင်းနဲ့ဆေးပညာ” အကြောင်းတွေ ရိုးမယ်ဖွဲ့ဖူးကြမှာပါ။
ကိုမင်းလူ၊ မောင်သာချို၊ ဇောင်းထက်၊ နေစိမ့်၊ မျိုးမြတ်သူ၊ နန္ဒာမိုးကြယ်၊ အောင်ဆင့်၊ မင်းသိုက်မွန်၊ ချစ်၀င်းမောင်၊ ဇေယျာလင်း တို့ကလည်း ကဗျာလေးတွေ ရွတ်ဖူးခဲ့ကြမှာပါ။
စိုင်းထီးဆိုင်၊ နွဲ့ယဉ်၀င်း၊ တူးတူး၊ ခိုင်ထူး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ၊ အောင်နိုင်၊ စိမ်းမို့မို့၊ ထွန်းအိနြ္ဒာဗိုတို့လည်း တေးချင်းကျူးလို့ ဘ၀င်မူးခဲ့ကြဖူးမှာပါ။
အကယ်ဒမီစန္ဒာ၊ စင်ရော်မောင်မောင်၊ မောင်မြတ်ဆွေ၊ စန္ဒာလင်း၊ ဘိုမြင့်ရှိန်၊ ခိုင်ခင်ဦး၊ သျှန်ထွဏ်း၊ သီတာ၀င်း၊ တင့်တင့်ထွန်း၊ ချစ်ချစ်ဇော်၊ စုတ်ချွန်း၊ ကြွက်ပြုံး၊ တက်တူ၊ ပိန်ပိန်၊ ညောင်ညောင်၊ မောင်မေတ္တာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ကိုထူးသာ၊ ကို၀င်းနိုင် (နဂါးလေး)၊ ကိုချစ်စရာနဲ့ တက္ကသိုလ်ဂွမ်းပုံတို့ တောင် ပြက်လုံးတွေ ဖောင်ခဲ့ကြဖူးပါတယ်။
နုသစ်ဝေပျို ပန်းတက္ကသိုလ်
ကျွန်တော်ဟာ တက္ကသိုလ်သက် ရှည်လျားခဲ့တဲ့ အလျောက် အနုပညာအသင်းက အပေါင်း အသင်းတွေ၊ တက္ကသိုလ်မဂ္ဂဇင်း ကော်မတီက လုပ်ဖော်ကိုင်ဖက်တွေ၊ ဘူမိဗေဒအဓိကရဲ့ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်မှာ နှစ်ရှည်လများ ကျောက်ချဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုးသမျှ၊ နွဲ့သမျှကို ဦးချစ်မိသားစုက ဆွေမျိုးသားချင်းလို သဘောထားခဲ့ကြပါတယ်။ တစ်ချိန်သော ကာလက ဦးချစ် (လက်ဖက်ရည်) မူလဘူတ အော်ရီဂျင်နယ်ဆိုင်ကလေးနဲ့၊ ဒီဆိုင်ကလေး ရှိရာ တောအုပ်မြိုင်ကလေးကို ကြံဖူးသူတိုင်း အခုလို အကြောင်းတိုက်ဆိုင်လာရင် ပြန်ပြီး လွမ်းဖြစ်ကြမှာပဲလေ။
ကျွန်တော်တို့က ကျွန်တော်တုိ့ခေတ်ရဲ့ ချိုးကပ်ကျောင်းသားကြီးတွေမို့ ဦးချစ်ဆိုင်မှာ ကိုယ့်အိမ်ကိုယ့်ရာလို နေခဲ့ကြတာပါ။ ကျွန်တော်တက်ခဲ့တဲ့ မန္တလေးဆောင်၊ ကျွန်တော် ကွန်းခိုဖူးခဲ့တဲ့ ဒဂုံဆောင်တို့ဆိုတာ ဦးချစ်ဆိုင်နဲ့ တစ်ခေါ်လောက်သာ လှမ်းပါတယ်။ နေ့လည်းဦးချစ်၊ ညလည်းဦးချစ်မို့ တစ်ခါတစ်ခါ ရေနွေးကြမ်ိးုးကလေးတွေဟာ “သောက်တော်ဘူး” တွေဖြစ်ဖြစ် သွားခဲ့တာ ခုချိန်မှာတော့ ၀န်ခံဝံ့ပါပြီလေ။
တက္ကသိုလ်ကောလိပ်မဂ္ဂဇင်းတွေနဲ့ သတင်းစာစောင်တွေ၊ နံရံကပ် စာစောင်တွေစတဲ့ တက္ကသိုလ် စာနယ်ဇင်း အတွေ့အကြုံ (၁၀)နှစ်ခန့်ရှိခဲ့ပြီးနောက် ပြန်ကြားရေးဌာနမှာ ၀န်ထမ်းအယ်ဒီတာ မဖြစ်မီစပ်ကြား ၁၉၈၆-၈၇ ခုနှစ်က “ပန်းတက္ကသိုလ်” ဆိုတဲ့ မဂ္ဂဇင်းမှာ ကျွန်တော် တာ၀န်ခံအယ်ဒီတာ စလုပ်ပါတယ်။ “ပန်းတက္ကသိုလ်” မဂ္ဂဇင်းဟာ စကားလုံး အရင်းအမြစ် အဓိပ္ပာယ်အတိုင်း တက္ကသိုလ် ကောလိပ် ပေါင်းစုံရဲ့ စာပေ၊ အနုပညာ၊ အားကစား၊ လူမှုရေးရာ အဖြာဖြာတို့ကို ထင်ဟပ်တင်ဆက်ခဲ့တဲ့ မဂ္ဂဇင်းပါ။ အမှုဆောင် အယ်ဒီတာက တက္ကသိုလ်ဇော်ထူးဦး၊ အဖွဲ့၀င်အယ်ဒီတာက မောင်တင်ဝေ (ဓာတုဗေဒ) တို့ ဖြစ်ပါတယ်။ အုပ်ချုပ်မှု အယ်ဒီတာကတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၊ ကထိက ဆရာဦးထွန်းကြည် (ကွယ်လွန်) တို့ ဖြစ်ပါတယ်။
ပန်းတက္ကသိုလ်ဟာ ရန်ကုန်မှာရှိတဲ့ ရန်ကုန် တက္ကသိုလ် (ပင်မ)၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုလက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ (၂)၊ လုပ်သားကောလိပ် အစရှိတဲ့ တက္ကသီလာ ညီအစ်ကို မောင်နှမများရဲ့ အလှကြေးမုံတစ်ခုလို့ ဆိုရပါမယ်။
ဦးလေးချစ်ကို ဗျူးဖြစ်ခြင်း
ဒီမဂ္ဂဇင်းမျာ တက္ကသိုလ်စုံရဲ့ အခန်းကဏ္ဍ စုံအောင် တင်ဆက်ကြရတာမို့ ထူးသစ်ပြီး တက္ကသိုလ်ပရိသတ်တွေ စိတ်၀င်စားစေမယ့်၊ တက္ကသိုလ်ဘ၀ကိုလည်း ထင်ဟပ်စေတဲ့ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ပန်းချီ၊ ဓာတ်ပုံ တို့ကို တင်ဆက်ကြတဲ့အခါ (၁၉၈၇) ပြင်ပလောကရဲ့ စာနယ်ဇင်းတွေမှာ တွေ့ဆုံခြင်းအခန်း၊ အင်တာဗျူးတဲ့အခန်းတွေက မဂ္ဂဇင်းကြီးတွေမှာ စတင်ခေတ်စားစပြုတဲ့ ကာလဖြစ်တော့ အပြိုင်ဗျူးတွေ တွေ့နေ ရပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ ဦးချစ်ဆိုင်မှာပဲ ပန်းတက္ကသိုလ်မဂ္ဂဇင်းရဲ့ တိုက်ထိုင်အလုပ်တွေကို စားပွဲတစ်ဝိုင်း အပိုင်ယူထားပြီး အဖိုးအခပေးစရာ မလိုဘဲ မဂ္ဂဇင်းတိုက် လုပ်ခဲ့ပါတယ်။ စာမူရွေးတာ၊ သတ်ပုံစစ်တာ၊ ဒီဇိုင်းအပ်တာ၊ ဒမ်မီချတာ၊ ပရုဖတ်တာ စသဖြင့်ပေါ့။ ပါ၀င်သူတွေက မျက်နှာဖုံးက တင့်တင့်ထွန်း (မင်းသမီး မဖြစ်သေး) ကို လက်ချာဖိုင်နဲ့ ဒေါက်ဖိနပ်ကို ကိုင်ခိုင်းပြီး အင်းလျားကန်စပ်မှာ လျှောက်ခိုင်း တဲ့ပုံလေ။ အထဲမှာကတော့ ငြိမ်းကျော်၊ မင်းလူ၊ နွမ်ဂျာသိုင်း၊ စောမဉ္ဇူ (ဖျာပုံ)၊ တက္ကသိုလ်လဲ့လဲ့၊ မေခလာ၊ အောင်ထွန်းလေး၊ ဟေမာနေ၀င်း၊ တက္ကသိုလ်နှင်းဝေနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသားတွေရဲ့ လက်ရာတွေဖြစ်ပြီး အင်တာဗျူးကဏ္ဍအတွက် ဦးနှောက်စားခဲ့ ကြပါတယ်။ ဖောင်ပိတ်ရက်ကလည်း နီးနေပြီ၊ ဒီကြားထဲ အဘဦးချစ်က ကျန်းမာရေး မကောင်း တဲ့ကိစ္စတွေ နေ့စဉ်သိနေရတော့ အဝေးဆုံးကို ရှာနေတဲ့ ဗျူးအိုင်ဒီယာဟာ နောက်ဆုံး ရွှေဥာဏ်တော်တွေ စူးရှကြပြီး အနီးဆုံးမှာ ရှိတဲ့ အဘချစ်ကို ဗျူးကြဖို့ စိတ်ကူးရကြတော့တာပါပဲ။ အကြောင်းသိဖြစ်တဲ့ အရင်းနှီးဆုံး ကိုမြင့်ဦးမြင့်မြင့်၊ ဆရာစိန်ခင်မောင်ရီ၊ မဟေသီဦးခင်မောင်မြင့်၊ ရာမ (ပန်းရည်ဘဏ်တိုက်) တုိ့က အထူး ထောက်ခံကြတယ်။ မြန်မာစာဌာနက ဆရာကြီးဦးစံတင်၊ ဦးအောင်ဇော်၊ ဦးမျိုးသန့်၊ ဦးလူမောင်တို့ကလည်း အားပေးကြတယ်။
ရင်ထဲက လှည်းတန်း
အဲဒီကာလဖြစ်တဲ့ (၁၉၈၆-၈၇) လောက်တုန်းက ကျောင်းထဲက တောင်ပိန္နဲတောလေးမှာ ဦးချစ် (လက်ဖက်ရည်) ဆိုင်ဆိုပြီးဖွင့်သလို၊ လှည်းတန်းလမ်းမကြီးဘေး၊ လှည်းတန်း လမ်းဆုံအနီးမှာ စေတနာရှင်လက်ဖက်ရည်ဆိုင် ဆိုပြီး အဘဦးချစ်တို့ရဲ့ အိမ်အောက်ထပ်မှာ ဖွင့်ထားတယ်။ (ဆိုင်နှစ်ဆိုင်) အပေါ်ထပ်မှာ အဘချစ်တို့ မိသားစုတွေ နေကြတယ်။ အဲဒီကာလ စေတနာရှင်ဆိုင်ရဲ့ တည်နေရာ ဟာ ၀င်းဆံသ၊ ရှမ်းတောင်တန်း၊ အိမကျောက်ကျော၊ အလိမ္မာစာပေ၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ ဗဟိုစည် ထမင်းဆိုင်၊ ကိုယုန်ခေါက်ဆွဲ၊ ရတနာထွန်း စတိုးဆိုင်၊ ဖြိုးဝေလက်ဖက်ရည်ဆိုင်တွေရဲ့ အလယ်မှာပေါ့။ ခုများတော့ ဒီမြင်ကွင်းတွေဟာ အတိတ်ပုံရိပ် ဟောင်းတွေ ဖြစ်ခဲ့ပြီပေါ့လေ။
တကယ်တော့ ကျွန်တော်တို့ ပထမနှစ် မောင်သစ်လွင်ဘ၀ကတည်းက အဘဦးချစ်ဟာ ဆီးချိုရောဂါနဲ့ တရှောင်ရှောင် ဖြစ်နေတာပါ။ အဲဒီကာလက ရန်ကုန်တက္ကသိုလ်၏ သက်ကြားအို အဘသုံးဦးဆိုပြီး ဓာတ်ပုံကို ကျွန်တော် တွေ့ခဲ့ရဖူးတယ်။ အဲဒီသုံးဦးကတော့ ဆရာကြီးဦးဖေမောင်တင်ရယ်၊ အဘဦးကံသိန်းရယ်၊ အဘဦးချစ်ရယ်ပဲ ဖြစ်ပါတယ်။ စာစောင်တစ်ခုထဲမှာ မှတ်မှတ်ရရ မြင်ဖူးတာပါ။ တက္ကသိုလ်ရွှေရတု၊ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ထုတ်ခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖြစ်နိုင်ကောင်းပါတယ်။
ဒီလိုနဲ့ပဲ ဦးချစ် (လက်ဖက်ရည်) အင်တာဗျူး ရနိုင်ဖို့ အဘချစ်ရဲ့ ဇနီးဖြစ်သူ အဒေါ် အုန်းကြီးကို အပူကပ်ရတယ်။ အဖျော်ဆရာ ဦးချစ်ရဲ့ သားအငယ်လေးကိုလည်း နားပူ နားဆာ လုပ်ကြတယ်။ ဒီလိုနဲပဲ အဘချစ်ကို နေမိုးသာယာပြီး ခြေခင်းလက်ခင်း ဆန့်ပျော်စေတဲ့ တနင်္ဂနွေနေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်ရယ်၊ တက္ကသိုလ်ဇော်ထူးရယ်၊ ဓာတ်ပုံမောင်တင်ဝေ (ဓာတုဗေဒ) ရယ်၊ လှည်းတန်းက စေတနာရှင်ဆိုင်ရဲ့ အပေါ်ထပ် အဘချစ်နေအိမ်ရဲ့ ဧည့်ခန်းမှာ အဘချစ်နဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းတို့ကို တွေ့ဆုံပြီး ကျောင်းသားတွေလို နွဲ့ဆိုးမဆိုးကြဘဲ စာနယ်ဇင်းသမားကြီးတွေလို ဣနြေ္ဒသံ ပတ္တလားတွေနဲ့ မေးဖြေ အင်တာဗျူးတစ်ခုကို ရှားရှားပါးပါး ရခဲ့ကြပါတော့တယ်။
အဲဒီအင်တာဗျူးလေးဟာ အဘချစ်လည်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပြီမို့ ပြန်မရ နိုင်တော့တဲ့ ဘယ်စာနယ်ဇင်းကမှလည်း စိတ်ကူးမပေါက်ခဲ့တဲ့ ဗျူးတစ်ခုအဖြစ် ခုချိန်မှာ….။
စိတ်၀င်စားကြမှာပါ
ရန်ကုန်တက္ကသိုလ်ကြီးထဲက ဦးချစ်ဆိုင်မှာ ကက်ဆက်သီချင်းသံလေးတွေက အမြဲ လွင့်ပျံနေတတ်တယ်။ အဲ့ဒီကာလတွေက ၁၉၈၆/၈၇ ကာလဆိုတော့ ကျောင်းသား ပရိသတ်တွေ ကြိုက်တဲ့ ခိုင်ထူး၊ အောင်နိုင်၊ တူးတူး၊ ခင်မောင်ထူး၊ စိုင်းထီးစိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ သီချင်းတွေ ခေတ်စား ခဲ့ပါတယ်။ ဆိုင်ထဲက နံရံတွေမှာတော့ စီးရီးကြော်ငြာ၊ ကျူရှင်ကြော်ငြာ၊ ဖယောင်း လက်ရေး ကဗျာစာအုပ် ပိုစတာ၊ ရေကူး သင်တန်း၊ စကားပြောသင်တန်း ပိုစတာတွေ ရှိနေတတ်တယ်။ ဆိုင်ဘေးမြေတလင်းမှာ ခြင်းဝိုင်းလေးတွေ ခေတ်နေတတ်တယ်။ ဆိုင်ထဲက ရှေးဟောင်းလက်လှည့် မီးခြစ်ကြီးတို့၊ စကားတတ်တဲ့ ကြက်တူရွေးလေးတို့ကို စိတ်၀င်စားကြတယ်။ သစ်ရိပ်အောက် စားပွဲဝိုင်းလေးတွေမှာတော့ အုပ်စုလိုက် ကျောင်းသူကျောင်းသားတွေ၊ ချစ်သူ စုံတွဲလေးတွေ၊ ဆရာ ဆရာမတွေဟာ ကျောင်းသင်ခန်းစာကိစ္စ၊ ဘဝရေးရာ ကိစ္စ၊ စာပေအနုပညာကိစ္စ၊ နှလုံးသားရေးရာ ကိစ္စတွေနဲ့ ရှိတတ်ကြပြီး သဘောကောင်းတဲ့၊ အလိုက်သိတဲ့ စားပွဲထိုးလေးတွေကလည်း ကျေးဇူးတင်စရာ ကောင်းလှပါတယ်။
လှည်းတန်းစေတနာရှင် လက်ဖက်ရည်ဆိုင် အပေါ်ထပ်ကို ရောက်တော့ အဘချစ်ရယ်၊ အဒေါ်အုန်းရယ် ထိုင်လျက်။ သားဖြစ်သူ သမီးဖြစ်သူတွေက ကျွန်တော်တို့ သုံးဦးကို နေရာထိုင်ခင်း ချပေးပါတယ်။ အဘချစ်ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာ ထိုင်လို့ ဆီးချိုရောဂါ ဝေဒနာနဲ့ ယခုဗျူးတဲ့ (၁၉၈၆/၈၇) မှာ (၇၃) နှစ် ရှိပြီဖြစ်တဲ့ ဇရာရဲ့ အရိပ်တွေ သန်းလို့ပါ။ တကယ်တော့ ဒီနေ့ဗျူးက ဦးချစ်ကို ဗျူးတာ မှန်ပေမယ့် တကယ်တမ်း ဦးချစ်နဲ့ သူ့လက်ဖက်ရည်ဆိုင်အကြောင်း၊ မိသားစု အကြောင်းတွေကို ဦးဆောင် ပြောသွားတာက ဦးချစ်ဇနီး ဒေါ်ဒေါ်အုန်းကြီးပဲ ဖြစ်ပါတယ်။ ဦးလေးချစ်ကြီးက ဝေဒနာ တွေကြောင့် စကားမပြောနိုင်ရှာပါဘူး။ ဒါပေမယ့် ထိုင်နေတဲ့ သူ့အမူအရာတွေဟာ စကားတွေလိုပါပဲ။ ကျောင်းသူကျောင်းသား အများစုနဲ့ ဦးချစ်ဆိုင်ရဲ့ သောက်သုံးသူ အများစုဟာ ဦးချစ်ဆိုင်မှာ ရင်းနှီးစွာ သောက်သုံးနားနေခဲ့ကြပေမယ့် ဦးချစ် အကြောင်းကို မသိကြသူက များပါတယ်။ အကြောင်းတိုက်ဆိုင်လာရင်တော့ စိတ်၀င် စားကြပါတယ်။ ဒါကြောင့်လည်း ဦးချစ်နဲ့ အင်တာဗျူးကို ကျွန်တော်တို့ ပန်းတက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ပရိသတ်တွေ အတွက် ဆောင်ရွက်ပေးကြတာပါ။ စိတ်၀င်စားကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်ဒေါ်အုန်းကြီး ပြောတဲ့ ဦးချစ်အကြောင်းကို နားဆင်ကြပါဦးစို့လားခင်ဗျာ။ ဦးချစ်ကတော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သူ့ဇနီး ပြောနေတာကိုသာ ခေါင်းတညိတ်ညိတ်နဲ့ ရှိခဲ့ပါတယ်။ စကားတောင် သိပ်မပြောနိုင် ရှာတော့ပါဘူး။ (ကျွန်တော်တို့ ၁၉၈၆/၈၇ ဆီကို ခဏလောက် သွားကြစို့….)
ဦးချစ်ဇနီးသည် ဒေါ်ဒေါ်အုန်းရဲ့ အပြောများ
အဘချစ်နဲ့ ပတ်သက်ပြီး ဦးချစ် (လက်ဖက်ရည်) ဆိုင်နဲ့ အဒေါ်တို့ရဲ့ တက္ကသိုလ်ကြီးနဲ့စပြီး ပတ်သက်ခဲ့ပုံတွေ ပြောပြပေးပါခင်ဗျာ။
ဒေါ်အုန်း။ ။ အဒေါ်တို့က မန္တလေးမျာ ဟို ယခင်တုန်းက အညာထည်တွေ လက်ကား ရောင်းတယ်၊ ကိုချစ်က ရွှေဘိုဇာတိ။ အညာ ထည်တွေကို စျေးချိုတို့၊ မဟာမြတ်မုနိ ဘုရားစျေးတို့၊ ရန်အောင်စျေးတို့မှာ ရောင်းရင်း၊ အမေနဲ့ အိမ်ထောင်ကျတာပေါ့။ အဲ့ဒီတုန်းက ကိုချစ်က (၃၆) နှစ်၊ အမေက (၁၆) နှစ်၊ မန္တလေးမှာပေါ့။ အညာထည်တွေကို ရောင်းကောင်းနေတုန်း အစိုးရ ချည်မျှင်နဲ့ အထည်စက်ကြီး ဆောက်လုပ်ပြီးတာနဲ့ အညာထည်တွေ ရောင်းကောင်းမှာ မဟုတ်ဘူးထင်ပြီး အလုပ်အကိုင် ပြောင်းလုပ်ဖို့ ကြိုးစားတယ်။
မီးပန်းနဲ့ထမင်း
ဦးချစ်။ (ကျွန်တော်တို့ကို ကြည့်ပြီး ခေါင်းညိတ်နေပါတယ်။)
ဒေါ်အုန်း။ ။ အဒေါ့်ကိုတော့ မန္တလေးမှာထားပြီး ကိုချစ်က ရန်ကုန်သွားတော့ အဲဒီမှာ ဟင်္သာတသား ဦးဘရှင်နဲ့ တွေ့တယ်။ သူက မီးပန်းလုပ်ငန်းလုပ်ဖို့ တိုက်တွန်းတယ်။ မီးပန်းဆိုတာက သီတင်းကျွတ် တန်ဆောင်မုန်းပွဲတော်ကာလမှာ ကလေးတွေ ကစားလေ့ရှိကြတာလေ။ ဒီလိုနဲ့ အဲဒီလုပ်ငန်းလုပ်တော့ အဒေါ်လည်း ရန်ကုန်လိုက်လာရပြီး၊ ၁၉၅၀ လို့ထင်တယ်။ စမ်းချောင်း မကြီးကြီးလမ်းထိပ်မှာ မီးပန်းအလုပ်ရုံ ဖွင့်ဖြစ်တယ်။ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူလိမ်ခံရပြီး အတော်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုဖြစ်တာကြောင့် အဒေါ့်အမေက မန္တလေးကို ပြန်တက်ဖို့ ပြောတယ်။ ကိုချစ်က “အထည်သည်ချင်း ပြိုင်မတိုက်နိုင်ရင် မလိုက်ချင်ဘူး” လို့ပြောတယ်။ ရန်ကုန်မှာ တခြားစီးပွား ရှာစားမယ်ပေါ့။
အဲဒီတော့ လက်ဖက်ရည်ဆိုင် စဖွင့်ဖြစ်သွားတာလား ခင်ဗျာ။
ဦးချစ်။ ။ မဟုတ်သေးဘူး…… (အဘချစ်က စကားကို တစ်ခွန်းချင်း အားယူပြောနေတာကို တွေ့ရတော့ အားနာမိတယ်)
ဒေါ်အုန်း။ ။ ဒီလိုနဲ့ နေလာလိုက်ကြတာ… တစ်နေ့ မကြီးကြီးလမ်းထိပ်မှာ ဦးလေးဦးညွှန့်ဖေကြီးနဲ့ သွားတွေ့ပါရော။ ဦးညွှန့်ဖေက ကိုချစ်နဲ့ သူငယ်ချင်း။ မန္တလေးမှာ အထည်ရောင်းဖော်ရောင်းဖက်လေ။ ချစ်ဒုက္ခဦးဘညွှန့် (တက္ကသိုလ်ပါမောက္ခ)ရဲ့ ယောက်ဖပေါ့။ တက္ကသိုလ်နယ်မြေထဲက ဦးဘညွှန့်အိမ်မှာ သူက နေတယ်။ သူက “ကိုချစ် ..ခင်ဗျား မန္တလေး မပြန်တော့ဘူးဆိုရင်၊ ကျုပ်တို့ နေတဲ့ တက္ကသိုလ်နားမှာ ထမင်းလာရောင်းပါလား။ ကျောင်းလဲ ပိတ်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ အရမ်းရောင်းကောင်းတာဗျ” လို့ တိုက်တွန်းတော့ ကိုချစ် အရမ်းစိတ်၀င်စားသွားတယ်။ မကြာပါဘူး။ တက္ကသိုလ်ရှေ့မှာ ထမင်းဆိုင် စရောင်းတော့တာပါပဲ။
ရောင်းတော့ တက္ကသိုလ်ထဲက ဘယ်နေရာမှာလဲခင်ဗျ။ (၁၉၇၆/၇၇) ခုလက်ဖက်ရည်ရောင်းတဲ့ တစ်ထပ်တိုက်လေးမှာပဲလား။
ဒေါ်အုန်း။ ။ စရောင်းတော့ ၁၉၅၉ ခုနှစ်ပေါ့။ တက္ကသိုလ်ဓမ္မာရုံရဲ့ ရှေ့မျက်နှာစာလမ်းမကြီးဘေးမှာ တဲတန်းတွေ ရှိတယ်။ ထမင်းဆိုင်၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေပေါ့။ ဆိုင်တစ်ဆိုင်ကို တစ်နှစ် (၈၀၀) ကျပ်ပေးရတယ်။ ထမင်းစရောင်းမယ်ဆိုတော့ ဦးညွှန့်ဖေကိုယ်တိုင် အင်္ဂလန်လုပ် ပန်းကန်ခွက်ယောက်တွေ လိုက်၀ယ်ပေးထားတယ်။ အဲဒီတုန်းက အဲဒီလမ်းမကြီးမှာ “နဂါးကားလိုင်း” ရှိတယ်။ ကျောင်းသားတွေ၊ ခရီးသည်တွေ၊ နဂါးကားလိုင်းက ဒရိုင်ဘာတို့၊ စပယ်ယာတို့ဆိုတာ ဖောက်သည်တွေပေါ့။ ကိုချစ်က အဲဒီမှာ ထမင်းရောင်းတဲ့ ကိစ္စတွေကို ဒိုင်ခံလုပ်တယ်။ အဒေါ်ကတော့ အပြင်မှာ စျေးထွက်၀ယ်တယ်။ ဆိုင်အတွက် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံပေါ့။ နောက်ပြီး ကိုယ်တိုင်လည်း ခေါင်းမှာ ရွက်သယ်ပြီး ထမင်းဟင်းရောင်းခဲ့တယ်။ ကိုချစ်ကလည်း ညွှန်ကြားပေးတာပေါ့။ ဒါပေမယ့်….။
အကျပ်ရိုက်ပြန် နောက်တစ်ဖန်
ဦးချစ်။ (ဘာမှ မပြောသော်လည်း အနည်းငယ်ပြုံးသွားပါတယ်။)
ကျောင်းဖွင့်ရက်တွေရောက်တော့ ရောင်းအားက ဘယ်လိုနေလဲ။
ဒေါ်အုန်း။ ။ အစပိုင်း ထမင်းရောင်းနေရာက ကျောင်းဖွင့်ချိန်ရောက်တော့ အဲဒီထမင်းဆိုင်ထဲမှာပဲ လက်ဖက်ရည် စရောင်းကြည့်တယ်။ ကျောင်းသားအများစုက နေ့စဉ် ထမင်း၀ယ်မစားရင်သာ နေမယ်၊ နေ့စဉ် လက်ဖက်ရည်တော့ သောက်တတ်ကြတဲ့ သဘာ၀ကို ကိုချစ်က ရိပ်စားမိသွားပြီး သူများနဲ့လည်း အပြိုင်မရှိတဲ့ အချိန်မှာ ရောင်းတော့ မကြာပါဘူးကွယ် “ဦးချစ်လက်ဖက်ရည်… ဦးချစ်လက်ဖက်ရည်” ဆိုပြီး ကျောင်းသားတွေ ပါးစပ်ဖျားက ကင်ပွန်းတပ်ပေးလိုက်တဲ့ နာမည်ကို ရခဲ့တယ်။
အဲဒီတုန်းက လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတဲ့စျေးနှုန်းတွေက ခုခေတ်နဲ့ ကွာမှာပေါ့နော်။
ဒေါ်အုန်း။ ။ ဒါကတော့ သူ့ခေတ်နဲ့သူဆိုတော့ ကွာတယ်ပေါ့ကွယ်။ အဲဒီတုန်းက ဟောလစ်၊ အိုဗာတင်းတစ်ခွက်ဆို ပြားလေးဆယ်၊ အိုဗာတင်း တစ်ဘူးဆို (၁၆) ခွက်လောက် ရပါတယ်။ ကြက်ဥတစ်လုံးကို တစ်မတ်၊ ဟောလစ်တိုင်ကီ (ဖန်ခွက်ရှည်) တစ်ခွက်ကို ပြားခွန်နှစ်ဆယ်၊ ကြက်ဥပါရောရင် (၉၅) ပြား၊ တစ်ကျပ် ရောင်းတယ်။ ကျောင်းသားတွေ သောက်နိုင်အောင် ကြိုက်အောင်လုပ်ရတာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပေါ့။ အဲဒီအချိန်က “လူထုစီးကရက်” ကို သောက်ကြတယ်။ ဟောလစ်ပေါင်ဘူး တစ်နေ့ကို (၅) လုံးကုန်တယ်။ ဒီလိုနဲ့ တက္ကသိုလ် ဓမ္မာရုံရှေ့က ဆိုင်တန်းတွေကို မြူနီစပယ်က ဖယ်ခိုင်းတဲ့အတွက် ဖယ်ကြရတယ်။ ဆိုင်ခန်းအတွက် အစားပေးတာက ကြည့်မြင်တိုင် သံတံတားလမ်းမှာဆိုတော့ ဒေါ်ဒေါ်တို့ ကိုချစ်တို့ အတော်အကျပ်ရိုက်ကြတာပေါ့။
အဲဒီအခက်အခဲအတွက် တက္ကသိုလ်မြေထဲကို ရောက်လာတာလားအဒေါ်။
ဦးချစ်။ ။ (ဦးချစ်က ခေါင်းခါလျက် အဒေါ်အုန်းကို ကြည့်နေသည်။ အဒေါ်အုန်းကလည်း အလိုက်သိဟန်ဖြင့်….)
တွန်းလှည်းကလေးနဲ့ စေတနာရှင်
ဒေါ်အုန်း။ ။ အောင်မြင်ဖို့ အဆင်ပြေဖို့ဆိုတာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံကို ကိုချစ်က သိနေတော့ သူတစ်မျိုး အကြံထုတ်လိုက်တယ်။
ဘယ်လိုများပါလဲ… စိတ်၀င်စားစရာပါပဲဗျို့။
ဒေါ်အုန်း။ ။ မင်းတို့ဦးလေးချစ်က လက်သမားခေါ်ပြီး သူကိုယ်တိုင်ပါ တူတွေ၊ လွှတွေ၊ သံတွေနဲ့ ဘာလုပ်လိုက်တယ် ထင်သလဲ….။
စားပွဲဝိုင်းတို့၊ ကုလားထိုင်တို့ ထင်တာပဲ။
ဒေါ်အုန်း။ ။ (ခေါင်းခါလျက်) မဟုတ်ဘူး။ “လက်တွန်းလှည်းကလေး” ကွဲ့။
ဟာ… ဟုတ်လိုက်လေဗျာ။ အကြံကောင်းပဲ။
ဒေါ်အုန်း။ ။ “လက်တွန်းလှည်းကလေးနဲ့ ဦးချစ်လက်ဖက်ရည်”လို့ ကျောင်းသားတွေက ထပ်ကင်ပွန်းတပ်ပြီး အားပေးကြတော့တာပါပဲ။ ဒါပေမယ့် ကြမ္မာက ပြန်ငင်ချင်တော့ ကမာရွတ်လှည်းတန်း တစ်ဝိုက်ကြီးကို မီးကြီးလောင်ပါလေရောလား။ အဒေါ်တို့ ဖောက်သည်တွေလည်း (အရပ်ထဲကလူတွေ) ပါကုန်ကြတယ်။ လှည်းတန်းမီးလောင်ပြီးတဲ့နောက် လှည်းတန်း (၂) လမ်းမှာ နေသေးတယ်။ စီးပွားကျနေကြတာမို့ လက်စွပ်ဖြုတ်ပြီး ကော်ဖီမှုန့်၀ယ်ရတဲ့ထိ ဖြစ်သွားတယ်။ အဲဒီနောက် လှည်းတန်း (၇) လမ်းမှာ အိမ်ငှားပြီးတော့ပဲ နေကြတော့တယ်။
လှည်းတန်းမီးဘေးအပြီးမှာ အဘချစ်တို့မှာ သားသမီး ဘယ်နှဦး ထွန်းကားပြီလဲ။
ဒေါ်အုန်း။ ။ အဲဒီအချိန်မှာ သားသမီးငါးယောက်ရပြီ။ ကလေးတွေ တွဲလောင်းတွဲလောင်းနဲ့ လက်တွန်းလှည်းကလေးကို တွန်းကြပြီး၊ လက်ဖက်ရည်ဆိုင်ကလေး ထွက်ခဲ့ကြရတယ်။ ဆိုင်နဲ့ကနားနဲ့ မဖြစ်သေးတဲ့ အချိန်ဆိုပါတော့။ ကိုချစ် စကားပြောနိုင်ရင် သူ့ရာဇ၀င်ကို သိပ်ပြောတတ်တာ။ အခုတော့ တစ်ခွန်းစ.. နှစ်ခွန်းစကွယ်….။
တွန်းလှည်းလေးဘ၀ကနေ ဆိုင်ခန်းဘ၀ ဖြစ်လာပုံကလေးလည်း သိပါရစေ။
ဒေါ်အုန်း။ ။ ကံကြမ္မာဆို အတော်ဆန်းကြယ်တယ်။ ဒီလိုကလေးတွေနဲ့ ကိုချစ်ဟာ အဒေါ်နဲ့အတူ ရုန်းကန်နေစဉ်မှာ တစ်နေ့… မိတ်ဆွေ (မည်သူမည်ဝါဟုမဆို မပြောပါ)။ တစ်ယောက်အကူအညီနဲ့ လှည်းတန်းလမ်းမကြီးပေါ်က (အခု ဒီအိမ်မဟုတ်သေးဘူး) ရွှေဝါဖူး ဓာတ်ပုံတိုက်ရှေ့မှာပေါ့။ အိမ်ကို ၀ယ်ပြီး “စေတနာရှင်”ဆိုပြီး ဆိုင်ဖွင့်လိုက်တယ်။ ဆိုင်နာမည်ရဲ့ ဓာတ်တွေနဲ့ ရောင်းတာဆိုတော့ တက္ကသိုလ်ကျောင်းသားတွေ၊ မြင်းလှည်းသမားတွေ၊ ဆိုက်ကားသမားတွေ၊ ဖောက်သည်တွေ ဖြစ်လာကြပြီး လာအားပေးကြတာလေ။ ကံတက်လာတယ်လို့ပဲ ပြောရမလား မသိဘူး။
အတည်တကျ ဆိုင်နဲ့ကနားနဲ့ အခြေတကျဖြစ်ပြီး ပထမဆုံးပေးတဲ့ဆိုင်အမည်က “စေတနာရှင်” ပေါ့နော်။
ဦးချစ်။ ။ (ဘာမှ မပြောဘဲ အဒေါ်အုန်းကို တစ်ချက်ကြည့်ပါတယ်။)
ဒေါ်အုန်း။ ။ အဲ.. ကျောင်းသားတွေ နှုတ်နဲ့ပေးတာကတော့ “ဦးချစ်လက်ဖက်ရည်”ပေါ့။ နောက်တော့… ။ “တွန်းလှည်းလေးနဲ့ ဦးချစ်လက်ဖက်ရည်” ပေါ့။ ခု.. နှစ်ထပ်အိမ်အောက်ထပ်မှာ ရပ်ကွက်ထဲ (လှည်းတန်းစျေးနဲ့ လှည်းတန်းအဝိုင်းကြား၊ တက္ကသိုလ်နယ်မြေအနီး အိမ်ဆိုင်) ဖွင့်တော့ “စေတနာရှင်” ပေါ့။ စေတနာတွေ ရှေ့တန်းတင်၊ အမြတ်အစွန်းပေါ် လောဘမထားဘဲ ရောင်းတာ၊ ကိုချစ်က သောက်တဲ့သူ မကြိုက်သေးဘူးဆိုရင် ကြိုက်တဲ့အထိ ဖျော်ပေးတယ်။ ခွက်မှောက်သွားတာတို့၊ ကွဲသွားတာတို့ ကြုံခဲ့ရင် “မတော်တဆ ဖြစ်ရတာပါ”လို့ ပြောပြီး ထပ်ဖျော်ပေးတယ်။ ရှုံးတာ မြတ်တာဖယ်ထား။ ဒီလိုဆက်ဆံတယ်ဆိုတော့ အားလုံးက ကျေနပ်ကြတယ်။ စေတနာရောင်ပြန်ဟပ်တယ်လို့ ဆိုရမလားပဲ၊ ခုချိန်ထိ ကျောင်းသားရော၊ အရပ်သားပါ ဦးချစ်မှ ဦးချစ်ပါပဲလေ။ ကျောင်းသားတွေက လက်ဖက်ရည်အပြင် အဆာပြေ စားစရာတချို့လုပ်ပါဗျာလို့ ပြောလာတော့ အဲဒီဆိုင်မှာပဲ ခရမ်းချဉ်သီးသုတ်၊ ခါးပတ်၊ ခါးနာ၊ ကီးမားပလာတာ၊ ကုလားထမင်းကြော်တွေလည်း တွဲရောင်းသေးတယ်။ ကျောင်းသားတွေက ညညဆို (၁၂) နာရီ၊ တစ်ချက်တီးအထိ ပျော်ပျော်ပါးပါး လာစားကြရင်း တချို့ဆို ဆိုင်မှာပဲ စာအုပ်နဲ့ မျက်နှာ မခွာဘဲ လက်ဖက်ရည်သောက်၊ မုန့်စားကြပါတယ်။
ဦးချစ်။ ။(မျက်နှာမှာ ပြုံးရိပ်သန်လျက်…) ဒီလိုကွဲ့။
အဲဒီတုန်းက တက္ကသိုလ်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ မရှိဘူးလား အဒေါ်….။
ဒေါ်အုန်း။ ။ အဲဒီတုန်းက … တခြားလက်ဖက်ရည်ဆိုင်တွေ မရှိဘူး။ ယူနီယံထဲမှာပဲ ရှိတယ်။ အဲဒီထဲမှာ ပန်းချီဆရာကြီး ဦးနန်းဝေရဲ့ အစ်မတွေဆိုင်ပဲ ရှိတယ်။ နောက်ပြီး ဂရမ်နီ ကုလားကြီးဆိုင်၊ နောက် ပိန်ချန်းစားသောက်ဆိုင်တွေလောက်ပဲ ရှိသေးတယ်။ ခုခေတ်လို တက္ကသိုလ်ထဲမှာ စားသောက်ဆိုင်ကြီးတွေ အပြိုင်းအရိုင်း မရောင်းကြသေးဘူး။ ကျောင်းသားတွေ စားသောက်ချင်ရင် အပြင်ထွက်ပြီး စားကြတယ်။ အဒေါ်တို့ဆိုင်ကိုပဲ လာကြတယ်ဆိုပါစို့။
ဒါဆို လှည်းတန်းက စေတနာရှင်ဆိုင်ကနေ ကျောင်းထဲက မူလ ပထမတစ်ထပ်တိုက်ကလေးမှာ ဆိုင်းဘုတ်တပ်မထားပေမယ့် “ဦးချစ်ဆိုင်” ဆိုပြီး ဖြစ်ပေါ်လာပုံကရော အဒေါ်။
ဦးချစ်။ ။ (အဒေါ်အုန်းကို ခေါင်းညိတ်လျက်ကြည့်ပါတယ်။)
ဒေါ်အုန်း။ ။ ပြောရတာ ဂုဏ်ယူဖို့လည်းကောင်း၊ ကျေးဇူးတင်လို့လည်း မဆုံးပါဘူး။ ဒီလိုကွဲ…။
ကမာရွတ်လှည်းတန်း ဦးချစ်ဆိုင်မှာ
ဒေါ်အုန်း။ ။ အဲဒီကာလ (၁၉၆၀ လောက်မှာ) အဆောင်ဒင်နာတွေမှာ ဆရာကြီးတွေ၊ ကျောင်းသားတွေ တွေ့ဆုံတတ်ရင် “တပည့်တို့ကျောင်းဆောင် စည်းကမ်းအရ ညဥ့်နက်သန်းခေါင် ကျောင်းပြင်ပကို မထွက်ကြပါနဲ့။ ဆရာတို့မှာလည်း တာ၀န်ရှိပါတယ်။ ကျောင်းထဲမှာပဲ စာကြည့်ကြပါ။ လက်ဖက်ရည်၊ ကော်ဖီ သောက်ချင်ရင် ထမင်းစားဆောင်မှာ စီစဉ်ပေးပါမယ်”။ ဒီလို ပြောကြတဲ့အခါ ကျောင်းသားတွေကလည်း သူတို့ အပြင်ထွက်ချင်လို့ မဟုတ်ရပါဘူး။ ညည စာဖတ်နိုင်အောင် လက်ဖက်ရည်သောက်ပါတယ်။ မုန့်စားပါတယ်။ ကျောင်းစာကိုလည်း ကြည့်ကြပါတယ်လို့ ပြောတယ်။ ဆရာတွေက ဒါဆိုရင် ကျောင်းပရဝုဏ်ထဲမှာ လက်ဖက်ရည် ရောင်းပေးမယ်။ စီစဉ်ပေးပါမယ်လို့ ပြောတော့… ကျွန်တော်တို့ ဦးချစ်လက်ဖက်ရည်ဆိုင်ကိုပဲ ကြိုက်ကြပါတယ်။ ဦးချစ်ဆိုင်အပြင် ဘယ်ကိုမှ မသွားကြပါဘူး။ ဦးချစ်က စိတ်ရှည်တယ်။ ကျောင်းသားတွေကို သည်းခံတယ်။ ဆရာတို့ ကျောင်းထဲမှာ စီစဉ်ပေးတာ ဦးချစ်လက်ဖက်ရည်လို ကောင်းချင်ကောင်းမယ်၊ ဦးချစ်လိုတော့ စိတ်ရှည်သည်းခံဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ ဦးချစ်လက်ဖက်ရည်ဆိုင်ကို ကျောင်းထဲသွင်းဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံကြတယ်။
ဦးချစ်။ ။ (မျက်လုံးမှိတ်ပြီး အဒေါ်အုန်းပြောတာကို နားထောင်နေပါတယ်)
အဲဒီတော့ ဆရာကြီးတွေက ဘယ်ပုံဘယ်နည်းနဲ့ စီစဉ်ပေးကြတာလဲခင်ဗျာ။ ကြုံတောင့်ကြုံခဲပါပဲ။
ဒေါ်အုန်း။ ။ ဟောလ်တစ်ခုရဲ့ ညစာစားပွဲမှာ ဆရာကြီးတွေက မင်းတို့ ပြောတာတွေဟုတ်၊ မဟုတ် ဆရာတို့ လေ့လာအကဲခတ်ကြမယ်။ ဧကန် ဟုတ်နေရင် ဆရာတို့ ကျောင်းသားတွေ အဆင်ပြေအောင် စည်းကမ်းနဲ့အညီ စီစဉ်ပေးမယ်လို့ ဖွင့်ပြော့သတဲ့။
အဲဒီတော့ ဆရာကြီးတွေ အဒေါ်အုန်းတို့ဆီ လာကြတာပေါ့နော်။
ဒေါ်အုန်း။ ။ ဟုတ်ပ…။ ဆရာကြီးတွေ ဆိုင်ကိုလာလေ့လာ အကဲခတ်ကြတယ်။ အဒေါ်တို့က ကျောင်းသားတွေကို ဆွေလိုမျိုးလို ချစ်တာပါ။ ကျော်ငးသားတွေက သူတို့ညဥ့်နက်အောင် စာကျက်ကြမှာမို့ ဘာဟင်းချက်စားချင်လို့၊ ညာဟင်းချက်စားချင်လို့ဆိုရင် ငရုတ်သီး၊ ကြက်သွန်နီကအစ ပိုက်ဆံမယူဘဲ ချက်ပေးတယ်။ သူတို့က စာကြည့်နေကြတယ်။ ဆာချိန်တန်မှ စားကြတယ်။ ဆရာကြီးတွေက ဆိုင်ဘေးက လမ်းကလေးမှာ ကျောင်သားတွေ ဖျာခင်းထိုင်ပြီး စာကြည့်သူကြည့် လက်ဖက်ရည်သောက်သူ သောက်ပေါ့။ သူတို့ သဘာ၀အတိုင်းပဲ နေကြတာကို တွေ့သွားကြတယ်။ လက်ဖက်ရည် ဖျော်တဲ့နေရာကိုလည်း ကြည့်တယ်။ ဆိုင်ထဲမှာ လုပ်ကြကိုင်ကြတာကိုလည်း ကြည့်တယ်။ ၁၂ နာရီတစ်ချက်တီးအထိ အေးအေးဆေးဆေး စာကြည့်သူ၊ လက်ဖက်ရည်သောက်သူ၊ မုန့်စား ထမင်းစားသူ၊ အဆောင်ပြန်သူ စလို့ပေါ့ကွယ်။ ဒီလိုမျိုး ဆရာကြီးတွေ သုံးလေးခေါက်လောက် လာလာကြည့်ပြီး မကြာပါဘူးကွယ်။ ဘာတွေ ဘယ်လို သုံးသပ်ကြ ဆုံးဖြတ်ကြတယ် မပြောတတ်ပါဘူးကွယ်။ ကျောင်းရုံးကို ဦးချစ်နဲ့ ဇနီး ဒေါ်အုန်းတို့ ကြွပါလို့ ဆိုင်ကိုလာပြီး ဖိတ်ခေါ်တော့တာပါပဲ။ သွားကြရတာပေါ့။ စိတ်ထဲမှာလည်း တစ်ခုခုတော့ ကောင်းတာထူးမှာပဲလို့ ဦးချစ်ရော၊ အဒေါ်အုန်းပါ ထင်ကြပါတယ်။

မြန်မာတွေ အိမ်ခင်တတ်တယ်ဆိုတဲ့ အစဥ်အလာယူဆချက်ကို ဖီလာပြုပြီး မြန်မာတွေ နိုင်ငံရပ်ခြားကို ထွက်ခွာကြတာဟာ ၂၀၂၁ ကမှ မဟုတ်ဘဲ ၁...
04/03/2025

မြန်မာတွေ အိမ်ခင်တတ်တယ်ဆိုတဲ့ အစဥ်အလာယူဆချက်ကို ဖီလာပြုပြီး မြန်မာတွေ နိုင်ငံရပ်ခြားကို ထွက်ခွာကြတာဟာ ၂၀၂၁ ကမှ မဟုတ်ဘဲ ၁၉၆၂ နောက်ပိုင်းမှာလည်း တကြိမ်ထွက်ခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်ခေတ်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အစစအရာရာမှာ ဖိနှိပ်ကျပ်တည်းမှုတွေ များလာတဲ့အတွက် မြို့ပြလူလတ်တန်းစားနဲ့ အထက်လွှာပိုင်းက လူတွေ ပြည်ပထွက်တာတွေ ရှိခဲ့ပါတယ်။

ပတ္တမြားခင်လို့ မြန်မာစာပေလောကမှာ လူသိများတဲ့ ဒေါ်ခင်မကြီးကို အရင်နှစ် ၁၀၀ ကျော်က မန္တလေးမှာ မွေးဖွားပြီး ထိုင်းနဲ့ သြစတြေးလျသွေးနှောတဲ့ မြန်မာမိသားစုမှာ ကြီးပြင်းခဲ့ပါတယ်။

အမေရိကန် ဖလော်ရီဒါ ပြောင်းပြီး လူလတ်တန်းစား အာရှ အိမ်ထောင်မဲ့မိခင်တယောက်ဘ၀နဲ့ သားသမီးတွေ ဘွဲ့ရပြီး အိမ်ထောင်ချပေးတဲ့အထိ ပတ္တမြားခင်ရဲ့ ဘ၀မုန်တိုင်းက ထန်ခဲ့ပါတယ်။

မြန်မာအိပ်မက်ကို အမေရိကန်မှာ မက်တဲ့ မန္တလေးသူ ဓာတ်ပုံဆရာမရဲ့ အလွမ်းစာများရေးတဲ့ ပတ္တမြားခင်လို့ မြန်မာစာ.....

သို့ မေတ္တာရှိသူများ ....- နှလုံးသားထဲက PODCAST -မေတ္တာစာမှ တင်ဆက်သည်။မကြာမီ လာမည်။(ဗမာ တပြည်လုံး အနှံ့)  #ဘာမေးမေးမေတ္တ...
12/02/2025

သို့
မေတ္တာရှိသူများ ....

- နှလုံးသားထဲက PODCAST -

မေတ္တာစာမှ တင်ဆက်သည်။
မကြာမီ လာမည်။

(ဗမာ တပြည်လုံး အနှံ့)


#ဘာမေးမေးမေတ္တာရှိတယ်လို့ဘဲဖြေတဲ့

05/02/2025

စာရေးဆရာ ညီပုလေး အမှတ်တရကျောက်တိုင်ကို တောင်သမန်အင်းစောင်းက တောင်လေးလုံးရင်ပြင်မှာ ဖေဖော်ဝါရီလ ၅ ရက် ၇၃ နှစ်ပြည့်မွေးနေ့ အမှတ်တရအဖြစ် ချစ်ခင်သူများက စိုက်ထူခဲ့ကြပါတယ်။

စာပေ ပရဟိတနဲ့ နိုင်ငံရေးလောကသား ညီပုလေးအကြောင်းကိုလည်း ဘီဘီစီမြန်မာပိုင်းမှာ ပြန်လည်ဖတ်ရှုနိုင်ကြပါတယ်။

https://www.bbc.com/burmese/articles/ckrmdjrx47ro

#ညီပုလေး #မန္တလေး #လူထုဒေါ်အမာ #ဝတ္ထု #နာဂဆရာဝန် #ဘီဘီစီမြန်မာပိုင်း

မြန်မာစာပေပညာရှင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် မြန်မာစာပေပညာရှိအဖြစ်ထင်ရှားတဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ဟာ ဇန...
28/01/2025

မြန်မာစာပေပညာရှင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
မြန်မာစာပေပညာရှိအဖြစ်ထင်ရှားတဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၈ ရက် ညသန်းခေါင် ၁၂ နာရီခွဲ အချိန်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ထုတ်ပြန်ပါတယ်။
အမည်ရင်း ဦးခင်အေးဖြစ်တဲ့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူဟာ) ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သလို မြန်မာစာပေနဲ့ ပတ်သက်ပြီး စာအုပ်နဲ့ ဆောင်းပါးပေါင်းများစွာကိုရေးသားခဲ့သူဖြစ်ပါတယ်။
၁၉၄၂ ခုနှစ် ၊ ဇန်နဝါရီ ၂ ရက် မှာ ဧရာဝတီတိုင်း၊ဓနုဖြူမြို့ ကျုံတစ်နီးကျေးရွာမှာမွေးဖွားခဲ့တဲ့ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။
ဆရာကြီးမောင်ခင်မင် ရဲ့ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ဟာ ထင်ရှားတဲ့စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရတဲ့စာအုပ်အဖြစ်ထင်ရှားပါတယ်။
မြန်မာစာပေနဲ့ မြန်မာကဗျာအပါအဝင် မြန်မာစာအသုံးနဲ့ ပတ်သက်ပြီး ရေးသားခဲဲ့တဲ့အထဲမှာ စကားပြေသဘော တရား၊ စကားပြေအတတ်ပညာ၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာစတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။
ဆရာကြီးဟာ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုတွေ အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

မြန်မာစာပေပညာရှင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေပညာရှိအဖြစ်ထင်ရှားတဲ့ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၈ ရက် ညသန်းခေါင် ၁၂ နာရီခွဲ အချိန်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ထုတ်ပြန်ပါတယ်။

အမည်ရင်း ဦးခင်အေးဖြစ်တဲ့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သလို မြန်မာစာပေနဲ့ ပတ်သက်ပြီး စာအုပ်နဲ့ ဆောင်းပါးပေါင်းများစွာကိုရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၄၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၂၄ ရက် မှာ ဧရာဝတီတိုင်း၊ဓနုဖြူမြို့ ကျုံတစ်နီးကျေးရွာမှာမွေးဖွားခဲ့တဲ့ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာကြီးမောင်ခင်မင် ရဲ့ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ဟာ ထင်ရှားတဲ့စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရတဲ့စာအုပ်အဖြစ်ထင်ရှားပါတယ်။

မြန်မာစာပေနဲ့ မြန်မာကဗျာအပါအဝင် မြန်မာစာအသုံးနဲ့ ပတ်သက်ပြီး ရေးသားခဲဲ့တဲ့အထဲမှာ စကားပြေသဘော တရား၊ စကားပြေအတတ်ပညာ၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာစတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။

ဆရာကြီးဟာ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုတွေ အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မောင်ခင်မင်(ဓနုဖြူ) #မြန်မာစာပေ

Address

Yangon

Telephone

+959789626617

Website

Alerts

Be the first to know and let us send you an email when Love Letter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category