Lut Latt Soe

Lut Latt Soe Writer, Journalist, Life Style Discussioner, Minimalist

19/02/2026

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

10/01/2021

Change Depends on Your Choice.

လူမှာ စိတ်က ဦးဆောင်နေတယ်လို့ ပြောကြတယ်။  ကံ- စိတ်- ဥတု- အာဟာရ မျှတမှသာ လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဘဝနေထိုင်မှုရေး၊ ပေါင်း...
12/12/2020

လူမှာ စိတ်က ဦးဆောင်နေတယ်လို့ ပြောကြတယ်။
ကံ- စိတ်- ဥတု- အာဟာရ မျှတမှသာ လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဘဝနေထိုင်မှုရေး၊ ပေါင်းသင်းဆက်ဆံရေးစတာတွေ အဆင်ပြေဖို့ရှိပါတယ်။ ဒါကို လူတိုင်းနီးပါး လက်ခံထားကြပေမယ့် တကယ်တမ်း အတိအကျ လိုက်နာဖို့က ခက်ခဲတတ်ကြတယ်။ ဥပမာဆိုပါစို့ - ခုလို ကိုဗစ်ကပ်ရောဂါကာလမှာ လူတိုင်းဟာ အိမ်တွင်းမှာသာ နေထိုင်ကြရ၊ အိမ်တွင်းမှာသာ အလုပ်လုပ်ကြရတယ်။ မပျော်လည်း နေရ၊ လုပ်ရတယ်။ တပြေးညီလိုက်နာရမယ့်အခြေအနေတွေကို လက်ခံကြရတယ်။ ဒီအခါမှာ လူ့စိတ်သဘာဝအရ စိတ်သွားတိုင်း ကိုယ်မပါတဲ့အနေအထားမှာ စိတ်တွေ ကျဉ်းကျပ်ကြတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်နေကျလူတွေဟာ နေ့စဉ် လူနေမှုစနစ်ကြီးကို လုံး၀ ပြောင်းလဲလိုက်ရတဲ့အခါ စိတ်ဖိစီးမှုတွေ များလာတယ်။ ဒီတော့ လူတိုင်းနီးပါး ကလေးငယ်တွေကအစ စိတ်ဖိစီးမှုတွေ များလာတယ်။ ကိုယ် တဦးတည်း ရင်ဆိုင်နေရတဲ့အရာ မဟုတ်ဘူးဆိုသော်လည်းပဲ လက်ခံဖြေရှင်းဖို့က ခက်ခဲကြတာ မြင်နေရပါတယ်။
ဒီစိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့က စိတ်ခံစားမှုကျန်းမာရေးအကြောင်းကို သိရှိ နားလည်ပြီး လက်သင့်ခံ၊ ဖြေရှင်းဖို့ စိတ်အားထက်သန်ဖို့လည်း လိုအပ်ပါတယ်။ ခု တင်ပြနေတဲ့ထဲမှာကို စိတ်က ဦးဆောင်တယ်ဆိုတဲ့ အရာက ထင်ထင်ရှားရှားဖြစ်နေပါပြီ။
Emotion ဆိုတဲ့ စိတ်ခံစားမှုဟာ လူသားတွေမှာချည်း ရှိတာမဟုတ်ပဲ သက်ရှိသတ္တဝါ အားလုံးမှာ ရှိကြတာဖြစ်တယ်။ ဇီဝသဘာဝတ္တပညာရှင် ချားလ်စ်ဒါဝင်က စိတ်ခံစားမှုအားလုံးဟာ ရုပ်တရားပေါ်အခြေခံတယ်လို့ ဆိုပါတယ်။ အနောက်တိုင်းက စိတ္တဗေဒပညာရှင်တွေက စိတ်ခံစားမှုကို နည်းအမျိုးမျိုးနဲ့ သုတေသနပြု လေ့လာကြသလို ဗုဒ္ဓအဘိဓမ္မာကတော့ နှစ်ပေါင်း နှစ်ထောင်ကျော်သက်တမ်းကတည်းက ရှာဖွေ ဖော်ထုတ် သိရှိထားပြီးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ စိတ်တခု ယုတ်(ရုပ်မဟုတ်ပါ) ၉၀ ဆိုတဲ့အတိုင်း စိတ်ကို အဆပေါင်းများစွာ အသေးစိတ် ထပ်ခွဲထားတာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီလောက် အသေးစိတ်တွေ မသွားလိုပါ။ အဓိက ပြောချင်တာက စိတ်နဲ့ ရုပ်ခန္ဓာက ဆက်စပ်နေတယ်ဆိုတာပါပဲ။
မြန်မာဆိုရိုးထဲက "စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု"ဆိုတဲ့ စကားကလည်း စိတ်ခံစားမှုနဲ့ ရုပ်ခန္ဓာ တွဲဖက်နေတယ်ဆိုတာကို ပြောပြနေသလိုပါပဲ။ Emotion လို့ခေါ်တဲ့ စိတ်ခံစားမှုက အဲဒီလောက်တောင်ပဲ အရေးကြီးပါတယ်။
Emotion ကို Positive Emotion, Negative Emotion နဲ့ Mixed Emotion ဆိုပြီး အလွယ်ဆုံး ၃ မျိုး ခွဲထုတ် ပြောပြချင်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိတာ၊ ဝမ်းသာတာ၊ ချစ်ခင်တာ၊ လုံခြုံမှုရှိတာ ဒါတွေက Positive Emotion ဖြစ်ပါတယ်။
Negative Emotion ကတော့ ဒေါသ၊ မနာလိုဝန်တိုမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ အကြောက်တရားတွေ ထင်ရှားစွာဖြစ်ပေါ်နေတာကို ခေါ်ပါတယ်။
Mixed Emotion ကတော့ အပေါ်မှာ ပြောခဲ့တဲ့ စိတ်ခံစားမှု ၂ခုလုံး တလှည့်စီ ရောထွေး ကူးယှက်နေတတ်တာကို ခေါ်ပါတယ်။ ဝမ်းသာစရာတွေ့နေ ခံစားနေရချိန်မှာ ချက်ချင်းပဲ ဝမ်းနည်းစရာကို တွေးလိုက်မိပြီး ရုတ်တရက် စိတ်တွေ ညှိုးနွမ်းသွားတတ်တာမျိုးပါ။
ရောနှောနေတဲ့ စိတ်ခံစားမှုအနေအထားဖြစ်တာကြောင့် မိမိစိတ်ကို မြင်အောင် ကြည့်တတ်တဲ့ အလေ့အကျင့် မမွေးမြူထားသူဟာ အဲဒီလို စိတ်အပြောင်းအလဲ မြန်ခြင်းကို ပြုပြင်ပြောင်းလဲပစ်ဖို့မဆိုထားနဲ့ အဲဒီစိတ်ပြောင်းလဲမှုကိုတောင် သတိထားမိနိုင်ဖို့ ခက်ပါတယ်။
ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့၊ စိတ်ထောင်းလို့ ကိုယ်ကြေသူတယောက်မဖြစ်ဖို့ ကိုယ့်ရဲ့ စိတ်အတွေးတွေ ဘယ်ကို ဦးတည်နေပြီလဲဆိုတာကို သိဖို့ မြတ်စွာဘုရား သင်ပြ လမ်းညွှန်ခဲ့တဲ့ သတိပဌာန်တရားက ညွှန်ပြပါတယ်။ တကယ်တော့ သတိပဌာန်တရားဟာ မိမိရဲ့ စိတ်က ဘယ်ခံစားမှုမှာ ရောက်နေပြီလဲဆိုတာကို အရှိအတိုင်း စောင့်ကြည့်တဲ့ အလေ့အကျင့်ပါပဲ။ အင်မတန်ကို ရှင်းလင်းပါတယ်။ ဒါကို သတိရားရှိခြင်း Mindfulness လို့ ခေါ်ပါတယ်။ အဲဒီစိတ်ခံစားမှုတွေကို စောင့်ကြည့်ဖြစ်တဲ့အခါ စိတ်ရဲ့ ပြောင်းလဲမှုတွေကို ဆင်ခြင်မိလာနိုင်ပါတယ်။ စိတ်ခံစားမှုတွေကို အရှိအတိုင်း မြင်လာပါတယ်။ မတည်ငြိမ်ပဲ အစဉ်အမြဲ ပြောင်းလဲနေတဲ့ စိတ်အာရုံတွေက တဖျတ်ဖျတ် ပေါ်နေတာ မြင်လာပါတယ်။ ဒါဟာ မိမိကိုယ်ကို တစိတ်တပိုင်း သိရှိလာခြင်းရဲ့ အဦးအစလို့လည်း ပြောလို့ရနိုင်ပါတယ်။
ချစ်ခင် လေးစားစွာဖြင့်
လွတ်လပ်စိုး
၁၂ ၁၂ ၂၀၂၀

29/02/2020

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိတဲ့ အရည်အချင်း ၅ ခု။
#ယုံကြည်မှုရှိသောအမျိုးသမီး

လိုက်နာဖို့ ခက်ခဲတဲ့ စိတ်ထား (သို့) မုဒိတာတရား....................................................................လက်ရှိ...
26/02/2020

လိုက်နာဖို့ ခက်ခဲတဲ့ စိတ်ထား (သို့) မုဒိတာတရား....................................................................

လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ ဖတ်ဖြစ်နေတဲ့အတွက် လူတွေကြားမှာ အများဆုံး ဖြစ်လေ့ရှိတဲ့ စိတ်အနေအထားတွေနဲ့ နှိုင်းယှဉ် စဉ်းစားမိပါတယ်။
ဟိုတလောက ကရုဏာတရားနဲ့ ပတ်သက်တဲ့ အောက်စဖို့ ဆရာတော်ရဲ့ တရားအတွေးကို မျှဝေဖြစ်တယ်။

ကရုဏာတရားဟာ လူတွေ ထားဖို့ သိပ်မခက်ခဲတဲ့ စိတ်ထားဖြစ်တယ်ဆိုတာ အလေ့အကျင့်လေး ရလာရင် အလိုလို လက်ခံလာပါလိမ့်မယ်။
ဒါပေမယ့် သူ့ထက် လိုက်နာဖို့ ခက်တာက မုဒိတာတရားပါ။

ဘာကြောင့်လဲ .... ကိုယ့်ထက် ပစ္စည်းဥစ္စာ၊ ပညာ စသဖြင့် အားနည်းသူကို ကူညီဖို့ ကရုဏာထားဖို့ မခက်ကြပေမယ့် ကိုယ်နဲ့ တန်းတူ ပညာ၊ ရာထူး အဆင့်အတန်း သိပ်မကွာသူတွေအပေါ် ဒါမှမဟုတ် ကိုယ့်ထက် ပညာ၊ ရာထူး၊ ဥစ္စာဓန သာလွန်သူတွေအပေါ်တော့ မုဒိတာဆိုတဲ့ စိတ် ထားဖို့ရာ အင်မတန် ခက်ခဲတတ်ပါတယ်။ မုဒိတာဆိုတာ အလွယ်ဆုံး အရှင်းဆုံး ပြောရရင် သူ့အောင်မြင်မှု၊ အဆင်ပြေမှုအပေါ် ကိုယ်က ၀မ်းသာပီတိ ဖြစ်တာ၊ ကြည်နူးတာ၊ သူ ဒီလို အောင်မြင်အောင် လုပ်နိုင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ချီးကျူး ဂုဏ်ပြုနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

လူတချို့က အဲဒီလို စိတ်ထား ထားနိုင်ကြပေမယ့် လူတစ်ချို့ကတော့ အပြင်ပန်းမှာ ဂုဏ်ပြုချင်ယောင်ဆောင်တတ်ပြီး အတွင်းစိတ်ထဲကနေ မနာလိုတတ်၊ မရှုစိမ့်ဖြစ်နေတတ်တာ များတယ်။

ဒီတော့ အဲဒီလို စိတ်မျိုး ကိုယ့်အတွင်းသဏ္ဍာန်မှာ ပေါ်လာတတ်တာကို မြင်အောင် အရင်ကြည့်တတ်အောင် လုပ်ပါ။ ပြီးရင် ငါ မနာလိုစိတ် ပေါ်နေပါလားလို့ မညှာမတာ ကိုယ့်ဘာသာ ဝေဖန်လိုက်ပါ။ ပြီးတာနဲ့ အဲဒီစိတ်ကို တည့်တည့်ပြန်ကြည့်ပြီး ဖျောက်နိုင်အောင် ကြိုးစားပါ။

အဲဒီစိတ်အစား သူ့ရဲ့ ကြိုးစားခဲ့ရမှုတွေ၊ ပေးဆပ်ခဲ့ရမှုတွေ တခုချင်း ပြန်တွေးကြည့်ပါ။ အဲဒီအခါ ကိုယ်နဲ့ တန်းတူအနေအထားကနေ ဘာကြောင့် သူက ရှေ့ကို ရောက်သွားတာလဲ၊ ဘာကြောင့် သူ အောင်မြင်တာလဲ ဆိုတာကို တွေ့လာပါလိမ့်မယ်။ အဲဒီအခါမှာလည်း မညှာမတာ ပြန်ဆင်ခြင်ပြီး ကိုယ်နိုင်သလောက် အတုယူပြီး ကြိုးစားဖို့ ပြင်ဆင်ပါ။ သူ့ရဲ့ ကောင်းကွက်တွေကို အတုယူပါ။ ကိုယ် မမြင်တဲ့ လမ်းကြောင်းကို သူက ရှေ့ကနေ ပြပေးနေတယ်လို့ နှလုံးသွင်းလိုက်ရင် စိတ်ကလေး ငြိမ်းချမ်းသွားပါလိမ့်မယ်။

အဲဒီလို စိတ်ထဲ ဖြစ်တာကို ပြင်ဆင်ဖို့ ကြိုးစားမှသာ ကိုယ့်အတွင်းစိတ်က သန့်စင်ပါလိမ့်မယ်။ ဒီလို သန့်ရှင်းကြည်လင်တဲ့ စိတ်ထား ရှိမှပဲ စိတ်ကြည်တော့ ရုပ်ကြည်တယ်ဆိုတဲ့အတိုင်း ရုပ်ရည်မှာပါ အတွင်းစိတ်က ရောင်ပြန်ဟပ်လာမှာပါ။

တချို့လူတွေ ရှိတယ်၊ မျက်မှောင်ကြီး တကျုတ်ကျုတ်နဲ့ .... တချို့ကျတော့ သူ့ကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ ရှင်းပြီး ကြည်လင်သွားတတ်တာမျိုး ခံစားဖူးကြမှာပါ။

မိတ်ဆွေတို့ပဲ ပြန်စဉ်းစားကြည့်ပါ .... မျက်မှောင်ကြုတ်ထားသူနဲ့ ပြုံးနေသူ ... ဘယ်သူ့ဆီသွားပြီး စကားပြောချင်ပါသလဲ။

ကိုယ့်ရဲ့ အေးချမ်းတည်ငြိမ်မှုတွေ၊ မုဒိတာ စိတ်ထားတွေနဲ့သာ လူမှုပေါင်းသင်းဆက်ဆံရေးကို တိုးချဲ့ဖို့ ကြိုးစားရင်း ဘ၀မှာ လိုချင်တာတွေကို ရရှိနိုင်ကြပါစေ။

လွတ်လပ်စိုး
၂၆၊ ၂၊ ၂၀၂၀

10/02/2020

အယူအဆမတူသူကို ရင်ဆိုင်နည်း...........................
ဒီနေ့တော့ ပြီးခ့ဲတ့ဲတပတ်က ပြောခ့ဲတ့ဲ ကရုဏာစိတ်လေးအကြောင်းပဲ အကျယ် ထပ်ပြောချင်ပါသေးတယ်။
လွန်ခ့ဲတ့ဲ တလလောက်က အောက်စဖို့ ဆရာတော် ဒေါက်တာ အရှင် ဓမ္မသာမိရဲ့ တရားသင်တန်းတက်ခ့ဲတုန်းက မှတ်သားမိတာလေးကို ပြန်မျှေ၀ချင်တာပါ။
ဆရာတော်က သင်တန်းပထမနေ့မှာ ကရုဏာစိတ်ထားလေးနဲ့ နေတတ်ဖို့ အလေ့အကျင့်လေးတွေ ဘယ်လိုလုပ်ယူရမလဲဆိုတာလေး သင်ပြပေးတယ်။
ရိုးရိုးရှင်းရှင်း မှတ်မိလွယ်အောင် ပြန်ပြောပြပေးမှာမို့ ဆရာတော် ဟောကြားခ့ဲသလိုတော့ စကားလုံးတထပ်တည်း မရိှနိုင်ပါ။ ဒါပေမ့ဲ သဘောတရားက အတူတူပါပဲ။
ဆရာတော်က အရင်ဆုံး မိမိရဲ့အတိတ်ကို ပြန်တွေးခိုင်းပါတယ်။ အတိတ်မှာ မိမိ အောင်မြင်ခ့ဲတာတွေ၊ မိမိ ကြိုးစားခ့ဲတာတွေကို တွေးခိုင်းပါတယ်။ မိဘအပေါ် ပြုစုပေးခ့ဲတာ၊ သိတတ်ခ့ဲတာ၊ စာမေးပွဲအောင်ခ့ဲတာ၊ သူတပါးကို ကူညီခ့ဲတာ၊ ကိုယ့်မိတ်ဆွေတွေနဲ့ သင့်တင့်အောင် နေနိုင်ခ့ဲတာ စတ့ဲ သေးသေး ကြီးကြီး ကိုယ် စိတ်ကျေနပ်ခ့ဲတာလေးတွေကို ၅ မိနစ်လောက် တွေးခိုင်းပါတယ်။ တွေးနေရင်း မိမိကိုယ်ကိုယ် ကရုဏာတရားနဲ့ ကြည့်စေပါတယ်။ မိမိအနေနဲ့ ဒီလောက်ထိ လုပ်နိုင်ခ့ဲတာလေးတွေကို အသိအမှတ်ပြုစေပါတယ်။ ပြီးရင်တော့ ကိုယ့်မိဘပေါ့။ ခုန ကိုယ့်ရဲ့ အောင်မြင်မှု စိတ်ကျေနပ်မှုရဖို့ မိဘက မွေးလာလို့ ကိုယ်ဆိုတာ ဖြစ်လာရတယ်၊ မိဘနဲ့ ညီအကိုမောင်နှမတွေက ထောက်ကူပေးလို့ နားလည်မှု ပေးလို့ တွန်းအားပေးလို့ ဒီလိုအနေအထားလေးတခု ရလာတယ်ဆိုတာကို တွေးပြီး သူတို့ကို အသိအမှတ်ပြုခိုင်းပါတယ်။ နောက်တဆင့်က ကိုယ့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ သူတို့ရဲ့ အားပေးမှု စိတ်ခွန်အားပေးမှု အသိအမှတ်ပြုမှုကလည်း အရေးပါတာကို တွေးရပါတယ်၊ နောက် နံပတ်လေးအဆင့်မှာ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတ့ဲလုပ်ဖော်ကိုင်ဖက်တွေကို တွေးရတာပါ။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု မပါပဲ ကိုယ့်ရဲ့ အလုပ်တွေ ပြီးစီးအောင်မြင်နိုင်ပါ့မလား၊ ဒါကို အသိအမှတ်ပြုပေး ကျေးဇူးတင်ပေးရပါတယ်။ နောက်ဆုံးအဆင့်ကတော့ အခက်ခဲဆုံးလို့ ပြောရမှာပါ။ ကိုယ် မုန်းနေတ့ဲသူ ကိုယ် ကြည့်မရတ့ဲသူ ကိုယ့်ကို တိုက်ခိုက်နေသူ အတိုက်အခံလုပ်နေသူကို တွေးရတာပါ။ သူတို့ဟာလည်းပဲ ကိုယ် ကရုဏာထားရမယ့်သူတွေ ဖြစ်ပါတယ်တ့ဲ။ သူတို့ကြောင့် ကိုယ့်မှာ သည်းခံစိတ်တွေ မေံးဖြစ်တယ်၊ သူတို့ကြောင့် အခက်အခဲကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနိုင်တ့ဲအစွမ်းအစ ထွက်လာတယ်၊ သူတို့ကြောင့် အမြင်မတူသူတွေကို ဘယ်လို ပေါင်းသင်းဆက်ဆံရမယ် ညိှနိှုင်းရမယ်ဆိုတာ သိလာတယ်၊ ဒါကြောင့် သူတို့ကို အသိအမှတ်ပြုပေးဖို့ လိုတယ်လို့ သင်ပြပါတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံး သတ္တ၀ာဖြစ်တ့ဲအတွက် အဆင့် ၁ အလွယ်ကူဆုံးကို အရင်ဆုံးမှတ်စေတာပါ။ ကျန်အဆင့်တွေကို တဖြည်းဖြည်းချင်း တက်နိုင်ပေမယ့် ကျမအနေနဲ့လည်း နောက်ဆုံးအဆင့်ဟာ အခက်ခဲဆုံးဖြစ်ပါတယ်။ လူဆိုတာ ဘယ်လိုလုပ် ကိုယ်နဲ့ အဆင်မပြေသူကို အလွယ်တကူ ကရုဏာတရားနဲ့ အသိအမှတ်ပြုချင်ပါ့မလဲ။ ဒါပေမယ့် ဒီအလေ့အကျင့်လေးကို သင်တန်းမှာတင် ချန်မထားခ့ဲပဲ အမြဲတစေ လေ့ကျင့်တ့ဲအခါ အတော်လေး စိတ်ကျေနပ်စရာ ဖြစ်လာတာ ခံစားရပါတယ်။ တနေ့ထက် တနေ့ အမုန်းတရားတွေ လျော့ကျလာပြီး စိတ်လည်း ကြည်လင်လာပါတယ်။ ကိုယ်တွေးတ့ဲအတိုင်း သူ မတွေးနိုင်တာအပေါ် ဒေါသနဲ့ မမြင် မတုံ့ပြန်ဖြစ်တော့ပဲ အသိတခုအနေအထားမှာပဲ ရပ်တန့်အောင် ထားလိုက်နိုင်လာပါတယ်။ ဒီအခါ သူက ငါ့ကို မတရားပြောနေတာ၊ သူက ငါ့ကို နားမလည်ဘူး၊ ငါ့ကို မနာလိုဖြစ်နေတာ၊ ငါ့ကို နိှမ်တာ စတ့ဲအတွေးတွေထိ မသွားတော့ပဲ အော် ... သူ့အတွေးက ငါတွေးပုံနဲ့ လွဲနေတာပါ။ သူ ဒီလိုမြင်ပေမယ့် တကယ်တမ်း ငါ့မှာ ဒီလိုစိတ်၊ ဒီလိုအခြေအနေ အနေအထားမှ မဟုတ်တာကို ငါ သိနေတာပဲလေ ဆိုတာမျိုး တွေးမိသွားတ့ဲအခါ အရင်ကလို ရန်လိုတကြီး တုံ့ပြန်မှုတွေ မလုပ်ဖြစ်တော့တာ လက်ေ၂ွ့သိလာနိုင်ပါတယ်။
ဒါကြောင့် အင်မတန် ရိုးရှင်း လွယ်ကူပြီး ကရိကထ မများ အချိန်မပေးရတ့ဲ အလေ့အထလေးတွေနဲ့ စိတ်အေးချမ်းမှုလေးတွေ ရကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်
#လွတ်လပ်စိုး
Latt Soe
10. 2. 2020

03/02/2020

ဒီ Lut Latt Soe ပေ့ချ်လေးမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေမယ့် အကြောင်းအရာ အချက်အလက်လေးတွေကို မျှဝေသွားဖို့၊ ပျော်ရွှင် ပေါ့ပါးပြီး အေးချမ်းတဲ့ဘဝတစ်ခုကို ရရှိစေမယ့် ခံယူချက် စိတ်နေစိတ်ထားလေးတွေကို ဘယ်လို တည်ဆောက်ရမယ်ဆိုတဲ့ အပိုင်းလေးတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အောင်မြင်ရေး ပေ့ချ်လို့ အမည်မတပ်ပေမယ့် ဝင်ရောက် ကြည့်ရှုကြသူတွေ အနေနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ် လိုလားတဲ့ အောင်မြင်မှုကို ရရှိဖို့ မခက်ခဲတော့ပဲ အလွယ်တကူ ရရှိလာတာမျိုး၊ အရင်ကထက် ဘဝမှာ နေရ ထိုင်ရတာ သက်သောင့်သက်သာ ဖြစ်လာတာမျိုးစတဲ့ အကျိုးကျေးဇူးလေးတွေ ရရှိဖို့ ရည်ရွယ်ရင်းပါ။
ခုလို ဘဝနဲ့ ဆိုင်တဲ့ အတွေးအခေါ်ဆောင်းပါး၊ အက်ဆေးလေးတွေသာ မကပဲ အပြန်အလှန် ဆွေးနွေးလို့ရတဲ့ ဗီဒီယိုဖိုင်လေးတွေလဲ အဆင်ပြေသလို တင်ပေးသွားဖို့ ရည်ရွယ်ပါတယ်။
မျှဝေစေချင်တဲ့ အကြောင်းအရာလေးတွေကို အကြံပြုရင်း Likes, comments and share လုပ့်ပေးကြမယ်ဆိုရင်တော့ မိတ်ဆွေတွေကို ပိုချစ်သွားပြီပေါ့နော် 😍😍😍
ချစ်ခင်စွာဖြင့်
မလတ်
လွတ်လပ်စိုး

03/02/2020

ပြီးပြည့်စုံခြင်းဆိုတာ........................
ဒီရက်ပိုင်းမှာ တိဘက် ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်ကြီး ဒလိုင်းလားမားရဲ့ The Little book of Wisdom စာအုပ်လေးထဲက အကြောင်းအရာတွေက ခေါင်းထဲရောက်နေတယ်။
အဲဒီထဲကမှ ဘ၀ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိစေဖို့ ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေထဲက တခုကို မျှဝေချင်ပါတယ်။
သူပြောထားတာက ကျမတို့ရဲ့ ကရုဏာစိတ်ဟာ ကျမတို့တတွေရဲ့ စိတ်သဏ္ဍာန်တွေကို အေးမြစေတယ်။ အဲဒီ ကရုဏာစိတ် အခြေခံမရှိပဲ ငွေကြေး ကြွယ်ဝချမ်းသာမှု၊ ရာထူး ဂုဏ်ရှိန် ကြီးမြင့်မှု၊ သြဇာအာဏာကြီးမားမှုတွေက လူတစ်ဦးရဲ့ စိတ်တွေကို အေးချမ်း တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ပါဘူး လို့ ဆိုတယ်။ ရုပ်ဝတ္ထုတွေ အများအပြား ပိုင်ဆိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ရှိနေပေမယ့် လူတစ်ဦးဟာ စိတ်လက်မချမ်းသာနေရင် သူ့အတွက် ဘ၀က အဓိပ္ပာယ်မဲ့နေတတ်တယ်။
ပျော်ရွှင်မှုဟာ ဒေါသတရားနဲ့ မနာလို ၀န်တိုခြင်း၊ ပြိုင်ဆိုင်လိုစိတ်ရှိခြင်း၊ ပညာမာန်၊ ဥစ္စာဓနမာန်မာနကြီးခြင်းကနေ ရရှိတာမဟုတ်ပဲ သနားကြင်နာခြင်း ပေးကမ်းစွန့်ကြဲခြင်းနဲ့ ကရုဏာတရားဖြင့် ဥပက္ခောပြုခြင်းတွေကတဆင့်သာ လာတယ် ဆိုတဲ့အတွက်ကြောင့် လက်ရှိအချိန်နဲ့ အနာဂတ်လက်ကျန်ဘ၀အတွက် ပျော်ရွှင်မှုရဲ့ သော့ချက်အဖြစ် ကရုဏာစိတ်ကို မွေးမြူဖို့ပဲ ဖြစ်တယ်လို့ မျှဝေ အကြံပြုချင်ပါတယ်။
စိတ်ထဲမှာ စွဲမြဲသွားစေချင်တဲ့အတွက် အချက် ၁ ချက်ကိုပဲ တိုတိုတုတ်တုတ် ရေးဖြစ်ပါတယ်။ အဆင်ပြေကြမယ် ထင်ပါတယ်နော်။
ချစ်ခင်စွာဖြင့်
လွတ်လပ်စိုး
၃၊ ၂၊ ၂၀၂၀

02/02/2020

ဘ၀ထဲကို ၀င်ခွင့်မပြုသင့်တဲ့ အရာတွေ....................................................
ကျမကို မိတ်ဆွေတချို့က အကြံပေးကြတယ်။ ဘ၀ကို ကြောင့်ကြကင်းကင်း၊ အပူအပင်နည်းပါးပြီး အေးအေးချမ်းချမ်း ဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့ ဆောင်းပါးမျိုး၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေမယ့် ဆောင်းပါးမျိုးတွေ ဖတ်ချင်ပါတယ်လို့ အကြံပြုကြပါတယ်။
ဟုတ်ပြီ၊ ဒီလိုဆိုတော့ ကျမက ဒီလို ဘ၀လမ်းညွှန်မှုတွေ လုပ်နိုင်နေတဲ့ ဂုရုကြီးလား၊ ပညာရှုင်ကြီးလား၊ celebrity လား၊ မဟုတ်ပါဘူးနော်။
ခု လူလတ်ပိုင်းအရွယ်အထိ ဖြတ်သန်းလာခဲ့တဲ့ ဘ၀တလျှောက်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေအပေါ်မှာ ကျမအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုး တည်ဆောက်ပြီး ရုန်းကန်ခဲ့တာတွေ၊ ဖတ်မှတ်ခဲ့ရတဲ့ စာပေတွေ၊ ရရှိလာတဲ့ သင်ခန်းစာတွေပေါ်မှာ မူတည်ပြီး တဆင့် ပြန်လည် ဆွေးနွေးမျှဝေသွားချင်တာပါ။
ဒီပေ့ခ်ျလေးကို စထောင်တာကလည်း ကျမရဲ့ အသက်အရွယ်အရ လူလတ်ပိုင်းအရွယ်ရောက်တဲ့အချိန်ထိ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ ဆုံးဖြတ်ချက် ချခဲ့ရတဲ့အခြေအနေတွေ၊ အမှားတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေ ဒါတွေအပေါ် ထင်မြင်ယူဆချက်တွေကို ပြန်ပြီး မျှဝေချင်စိတ်တစ်ခုကြောင့် ဖြစ်ပြီး ဘာမှ မမျှဝေဖြစ်ခဲ့ရင် ကိုယ့်ဘာသာ အပြစ်ရှိသလို တခုခု ဆုံးရှုံးသလို ကတိမတည်သလို ခံစားရတဲ့အတွက်ပါ။
ဒီဆောင်းပါးလေးမှာတော့ ဘ၀ကို ချိန်ခွင်လျှာ ညီအောင် ဖြတ်သန်းချင်သူတွေအနေနဲ့ ခွင့်မပြုသင့်တဲ့ အရာ (၃) ခုကို မျှဝေသွားချင်ပါတယ်။

ဟုတ်ပြီ
မိတ်ဆွေတို့ အနေနဲ့ကော ဘ၀ကို ဘယ်လို ဖြတ်သန်းကြသလဲ ပြန်တွေးကြည့်ကြရအောင်။

လူအများစုက သူတို့ဘ၀တွေကို သနားကရုဏာသက်စရာ အနေအထားတွေဖြစ်အောင်လုပ်ကြတယ်။ တခြားသူတွေက သူတို့ကို သနားကရုဏာသက်စေချင်တယ်။ သူတို့ဟာ ပစ္စုပ္ပန်မှာ မနေကြဘူး။ သူတို့ရဲ့ အတိတ်တွေကို ပြန်လှည့်တွေးနေတတ်ကြတာများတယ်။ ငါ အတိတ်မှာ အမှားတွေ အများကြီးလုပ်ခဲ့တယ်၊ ဒီတော့ ငါ ဘာလုပ်လုပ် အောင်မြင်ဖို့က နည်းနေပြီ၊ လူတွေက ငါ့ကို မထောက်ခံကြတော့ဘူးထင်တယ်။ ဒါမှမဟုတ်လဲ ငါက ခုမှသာ ပိုက်ဆံမရှိတာ အရင်ကဆို ဒါမျိုးတွေ ငါ လုပ်ခဲ့၊ သုံးခဲ့တာ၊ သူတို့က အဲဒီအချိန်တုန်းက ဘာမှကို မဟုတ်တဲ့လူတွေ …. စသည် စသည်ဖြင့် အတိတ်က အကြောင်းအရာတွေ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်အပေါ်ကနေ မခွာထုတ်နိုင်ကြဘူး။ အင်္ဂလိပ်လိုပြောမယ်ဆိုရင် stuck in the prison of their past မြန်မာလိုဆို အတိတ်ရဲ့ အကျဉ်းသားတွေ … ဒီလို နေထိုင်ကြတယ်၊ ဒါဟာ လုံးဝ မှားယွင်းတဲ့ ခံယူချက်ဖြစ်တယ်။
ဒီတော့ ကိုယ့်ဘ၀ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းချင်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် ပယ်ဖျက်ရမယ့် ရှောင်ရှားရမယ့် အချက် ၃ ချက်ကို ပြောပြသွားပါမယ်။..........................
နံပတ် ၁ အချက်ကတော့ Your PAST
ခုန ပြောတဲ့ အတိတ်ပါ။
ကိုယ့်အတိတ်က ကိုယ့်ရဲ့ ပစ္စုပ္ပန် လက်ရှိအခြေအနေနဲ့ ကိုယ့်အနာဂတ်ကို ပြန်ပြီး ထိန်းချူပ်တာ control လုပ်တာမျိုး အဖြစ် မခံပါနဲ့။
မိတ်ဆွေရဲ့ အတိတ်မှာ နာကျင်ရတာတွေကို ထားပစ်ခဲ့လိုက်ပါ။ ဒါတွေကို သယ်ဆောင်လာရင် မိတ်ဆွေရဲ့ အနာဂတ်ကို ဖျက်ဆီးရာကျပါလိမ့်မယ်။ အတိတ်က အမှောင်ထုကို ယူဆောင်မလာရင် မိတ်ဆွေရဲ့ အနာဂတ်အလင်းရောင်ကို ဖုံးအုပ်လို့ ရမှာ မဟုတ်ပါဘူး။
အတိတ်ဆိုတာ ပြီးခဲ့ပြီ။ အဲဒီအတိတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ရက်စက်တာ၊ ထိခိုက်နာကျင်ရတာ၊ ဆုံးရှုံးရတာ၊ သိက္ခာကျဆင်းခဲ့တာ၊ ကိုယ်က သူတပါးကို ထိခိုက်အောင် လုပ်ခဲ့မိတာတွေ အားလုံး အားလုံးဟာ မိတ်ဆွေရဲ့ အနာဂတ်မှာ ကောင်းမွန်အောင် ဘာမှ လုပ်ပေးနိုင်မှာမှ မဟုတ်ပဲ။
မိတ်ဆွေက မုန်းတဲ့သူကို ဆက်မုန်းနေမယ်၊ သူ့ကို လက်စားချေဖို့ အမြဲပဲ စဉ်းစားနေမယ်၊ သူ့ မကောင်းကွက်တွေ၊ ပျော့ကွက်တွေကို တချိန်လုံး စဉ်းစားနေမယ်ဆိုရင် သူက မိတ်ဆွေကို လွှမ်းမိုးသွားပြီ၊ လွှမ်းမိုးနေပြီ၊ သူက မိတ်ဆွေကို နိုင်နေပြီ။
အဲဒီလို မဟုတ်ပဲ မိတ်ဆွေက ဒါတွေကို လျစ်လျူရှုလိုက်မယ်။ ရှေ့ဆက်ပြီး အကောင်းဆုံးကိုပဲ ဦးတည် လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ စိတ်က အရင်ဆုံးစပြီး အေးချမ်းသွားမယ်။ သူ့အဆိုးတွေကို မတွေးတဲ့အတွက် မိတ်ဆွေရဲ့စိတ်ပေါ်မှာ သူ့လွှမ်းမိုးမှုကလည်း ရှိတော့မှာ မဟုတ်ဘူး။
အတိတ်ကို ပြန်ပြန်တွေးနေတာကလေ ဘာနဲ့တူသလဲဆိုတော့ မိတ်ဆွေရဲ့ ကျောပေါ်မှာ ကျောပိုးအိတ်အကြီးကြီးကို လေးလေးလံလံ သယ်ထားရတာနဲ့ တူတယ်။ အဲဒီ အတိတ်ကျောပိုးအိတ်ကြီးကို သယ်ပြီး လျှောက်နေသရွေ့ ရှေ့ကို အားစိုက်ပြီး အတင်းရုန်းကန်သွားနေသလောက် ခရီးက သိပ်ရောက်မှာ မဟုတ်သလိုပဲ။ အဲဒီ အတိတ်ကျောပိုးအိတ်ကြီးကို ဖယ်ချလိုက်တဲ့အခါမှာ မိတ်ဆွေ ခွန်အားအပြည့်နဲ့ ရှေ့ကို မြန်မြန်လျှောက်နိုင်မယ် ဟုတ်တယ် မဟုတ်လား။
ဒါကြောင့် လက်ရှိအချိန်ဟာ မိတ်ဆွေအတွက် အကောင်းဆုံးပါ။ အပျော်ဆုံးနေပါ၊ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရှေ့မှာေ၇ာက်လာတဲ့အရာမှန်သမျှကို ရဲရဲ ရင်ဆိုင် ဖြေရှင်းပါ။
လုပ်ရမှာက အဲဒါပါပဲ။
နောက်တခုက
Other people’s opinions and judgements.
တခြားသူတွေရဲ့ ထင်မြင်ချက်တွေ၊ ဆုံးဖြတ်ချက်ချမှုတွေကို သိပ်ပြီး အလေးမထားပါနဲ့။
တချို့က ပြောချင်မယ်၊ တခြားသူတွေ ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ ရမလား၊ ပတ်ဝန်းကျင်ထဲမှာနေတာ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှာပေါ့ လို့ ။ ဟုတ်ပါတယ်။ သို့သော် ကျမ ပြောချင်တာက တရားလွန် ဂရုတစိုက်မလုပ်ဖို့၊ ကိုယ်ပိုင်အတွေးအခေါ် ခံယူချက်နဲ့သာ ဆုံးဖြတ်ဖို့ပါ။ အဲဒီလို မဟုတ်ပဲ ပတ်ဝန်းကျင် ပြောတိုင်း ကျမတို့ ဂရုစိုက်ပြီး လွှမ်းမိုးမှု ခံနေမယ်ဆိုရင် ကိုယ့်ရဲ့ လိုချင်တဲ့ အရာ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ကွေ့ကောက်သွားပါလိမ့်မယ်၊ နှောင့်နှေးပြီး လမ်းကြောင်း ချော်သွားပါလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးပါ။ ငါ ဒီအလုပ် ဒီအပြုအမူကို လုပ်တာ၊ ငါက လုပ်ချင်စိတ်လို့လား၊ တခြားသူတွေက ငါ့ကို လုပ်စေချင်လို့ ငါကိုယ်တိုင် ဆန္ဒမပါပဲ လုပ်နေရတာလား။ သူတို့က မိတ်ဆွေကို အပြစ်တင်မှာကြောက်လို့ ဒီအလုပ်မျိုး ဒီအပြုအမူမျိုး မပြုမူရင် ကဲ့ရဲ့ခံရမှာ ကြောက်လို့ လုပ်နေရတာဆိုရင် … အိုကေ .. သင်ဟာ သူတို့အတွက် အသက်ရှင်နေသူလား … ပြန်စဉ်းစားပါ။ မိတ်ဆွေဟာ သူတို့နဲ့ တသီးတခြား လူသားတယောက်အဖြစ် ရပ်တည်နေတာလေ၊ သီးခြားရပ်တည်မှုနဲ့ လူတယောက်ဖြစ်တယ်။ ဒီအတွက် သူတပါးရဲ့ သြဇာလွှမ်းမိုးမှု၊ သူတပါးရဲ့ ထင်မြင်ယူဆချက်အပေါ် အမြဲတစေ မှီခိုပြီး ကိုယ့်ဆန္ဒတွေ၊ ကိုယ့်ရည်မှန်းချက်တွေ ချိုးနှိမ်ထားဖို့ လိုသလား။
သူတပါးရဲ့ ထင်မြင်ချက်တွေကြောင့် မိတ်ဆွေဘ၀ရဲ့ အလင်းရောင်ကို မှေးမှိန်အောင် လုပ်မလား၊ Shine bright AS YOU ARE သင့်ကို တကယ်ချစ်ခင်သူတွေဆိုရင် မိတ်ဆွေရဲ့ တောက်ပလာတဲ့ အလင်းရောင် မိတ်ဆွေရဲ့ ကောင်းသော ယုံကြည်ချက်ကြောင့် ပေါ်ထွက်လာတဲ့ လုပ်ရပ်အပေါ် ချီးကျူးဂုဏ်ပြုပြီး မိတ်ဆွေနဲ့အတူ ပျော်ရွှင်မှုတွေကို မျှဝေကြပါလိမ့်မယ်။ တခြားအရာတွေအပေါ် မိတ်ဆွေက တရားလွန် ကြောက်ရွံ့စိုးထိတ်နေဖို့ မလိုအပ်ပါဘူး။
နောက်ဆုံးတချက်က
မိတ်ဆွေရဲ့ ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေကို မကန့်သတ်လိုက်ပါနဲ့။ ဒါဟာ အေ၇းကြီးဆုံးအချက်ဖြစ်လို့ သတိပေးပါရစေ။ တခါတလေ အဲဒီရည်မှန်းချက်တွေက မြင်သာထင်သာတယ်၊ အသိစိတ်ထဲမှာ ပေါ်လွင်တယ်။ တခါတရံ အဲဒီ ရည်မှန်းချက်တွေက မြင်သာ ထင်သာမရှိဘူး။ အတွင်းစိတ်ထဲမှာပဲ တွေးပြီး ကိုယ့်အတွင်းစိတ်ကပဲ ဒါဟာ မဖြစ်နိုင်ပါဘူးလို့ ပြန်ကန့်သတ်ပြီး အပြင်ပန်းကို စွမ်းအားအနေနဲ့ ထွက်ပေါ်မလာတတ်ကြတာများတယ်။ တခု ပြန်စဉ်းစားကြည့်ရအောင် … ကျမတို့ ငယ်စဉ်တုန်းက ဆရာဝန်ကြီး ဖြစ်ချင်တယ် … အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ တွေးခဲ့ ပြောခဲ့စိတ်ကူးခဲ့ကြတယ်။ လက်တွေ့မှာ တကယ်တမ်း ဖြစ်လာခဲ့သူက အရေအတွက် နည်းပါးလွန်းတယ်။ ဒီလိုပဲ ဘ၀မှာ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ပြောခဲ့ လုပ်ခဲ့တာအကုန်လုံး မဖြစ်လာတာတွေ ကြုံရတဲ့အခါ ရည်မှန်းချက် အကြီးကြီး ဒါမှမဟုတ် စိတ်ကူးအကြီးကြီးကို လူကြားထဲ ချပြဖို့ မပြောနဲ့ ကိုယ့်အတွေးထဲတောင် ကြာရှည် မတွေးတော့တဲ့သူက များတယ်။ နည်းနည်းလေး တွေးပြီး မဖြစ်နိုင်ပါဘူးလို့ ပယ်ချလိုက်ကြတာ များတယ်မဟုတ်လား။ မယုံရင် သင့်ဘေးပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ကူးအိပ်မက် အတွေ့အကြုံတွေကို လှည့်ပတ် မေးကြည့်လိုက်ပါဦး။ ဒါဆို ကျမတို့ ဘာလုပ်သင့်သလဲ၊ အဲဒီ အကန့်အသတ်နဲ့ပဲ တွေးတတ်တဲ့အကျင့်ကို ပြုပြင်လိုက်ရုံပါပဲ။ တွေးပါ အကြီးကြီးတွေ တွေးစမ်းပါ။ မိတ်ဆွေ မလုပ်နိုင်တာ ဘာမှ မရှိပါဘူး၊ မိတ်ဆွေ မပိုင်ဆိုင်နိုင်တာဆိုလို့လည်း ဘာမှ မရှိပါဘူး။ အရာ အားလုံးက ဖြစ်နိုင်ပါတယ်။ မဖြစ်သေးတာပဲ ရှိတယ်။ မိတ်ဆွေရဲ့ လုပ်နိုင်စွမ်းက အတားအဆီးမရှိပါဘူး။ အဲဒါကို တားဆီးဖို့လည်း ရန်သူ မရှိပါဘူး။ ဒီတော့ အကြီးကြီး မတွေးရသေးရင် အသက်ကို ပြင်းပြင်းရှုသွင်း ရှုထုတ်လုပ်ရင်း ခုချက်ချင်း အိပ်မက်အကြီးကြီး တွေးပစ်လိုက်ပါ။
သင့်မှာ မယုံနိုင်တဲ့ စိတ်ခွန်အားနဲ့ လုပ်နိုင်စွမ်းတွေ ရရှိလာမှာပါ။

အားလုံးကို ချစ်ခင်စွာဖြင့်
လွတ်လပ်စိုး
၂၊ ၂၊ ၂၀၂၀
Latt Soe

22/01/2020

ကျမရဲ့ Lut Latt Soe Page အသစ်ကို မနေ့က စပြီး ဖန်တီးလိုက်တယ်။ မနေ့က တနေ့ထဲတင်ပဲ Page Likes တွေ ရာကျော်တက်သွားတာမို့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ၀မ်းသာကြောင်း ပြောချင်ပါတယ်။
ဒီ ပေ့ခ်ျလေးမှာ ကျမအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေမယ့် အကြောင်းအရာ အချက်အလက်လေးတွေကို မျှဝေသွားဖို့၊ ပျော်ရွှင် ပေါ့ပါးပြီး အေးချမ်းတဲ့ဘ၀တစ်ခုကို ရရှိစေမယ့် ခံယူချက် စိတ်နေစိတ်ထားလေးတွေကို ဘယ်လို တည်ဆောက်ရမယ်ဆိုတဲ့ အပိုင်းလေးတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အောင်မြင်ရေး ပေ့ခ်ျတစ်ခု မဟုတ်ပေမယ့် ကိုယ် စိတ် ကြံ့ခိုင်တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ် လိုလားတဲ့ အောင်မြင်မှုကို ရရှိဖို့ မခက်ခဲတော့ပဲ အလွယ်တကူ ရရှိလာတာမျိုး၊ အရင်ကထက် ဘ၀မှာ နေရ ထိုင်ရတာ သက်သောင့်သက်သာ ဖြစ်လာတာမျိုးစတဲ့ အကျိုးကျေးဇူးလေးတွေ ရရှိဖို့ ရည်ရွယ်ရင်းပါ။
အပေါ်မှာ ပြောခဲ့တဲ့အရာတွေထဲက ဘယ်အကြောင်းအရာကို အရင်ဆုံး နားထောင်ချင်ကြသလဲဆိုတာလဲ ကွန်မန့်ပေးခဲ့မယ်ဆိုရင်တော့ မိတ်ဆွေတွေကို ပိုချစ်သွားပြီပေါ့နော် 😍😍😍
ချစ်ခင်စွာ
မလတ်
လွတ်လပ်စိုး
၂၂. ၁. ၂၀

Address

36th Street
Yangon

Website

Alerts

Be the first to know and let us send you an email when Lut Latt Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Lut Latt Soe:

Share

Category