01/06/2026
Multi-alignment Strategy
မြန်မာ့အနာဂတ်အတွက်
ဘက်စုံမျှခြေမူဝါဒသစ်
Multi-alignment Strategy
၁။ ကမ္ဘာ့စနစ် world system ဟာစီးပွားရေးကိုအခြေပြုပြီး ပထဝီနိုင်ငံရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေဖြစ်ပေါ်စေပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုတဲ့ ကိန်းရှင်သုံးခုရဲ့မှီခိုမှုအဆင့်သုံးဆင့်ကိုကြည့်ပါ။
(က) သာမန်အားဖြင့်လူတွေနေ့စဥ်စားသောက်နေထိုင်ဖို့စီးပွားရေးကိုအမှီပြုရတယ်။ ကမ္ဘာပေါ်မှာ စီးပွားရှာဖို့အတွက်ကိုပဲ ပညာရှင်များစွာက သီအိုရီများစွာထုတ်ခဲ့ကြတယ်။
(ခ) အဲ့ဒီစီးပွားရေး setting ပေါ်ကနေပထဝီနိုင်ငံရေးအခြေအနေလှုပ်ခတ် dynamics ဖြစ်လာတယ်။
(ဂ) ပထဝီနိုင်ငံရေးအခြေပေါ်မူတည်ပြီးနိုင်ငံခြားရေးမူဝါဒတွေချမှတ်ကြတယ်။
၂။ မြန်မာ့နိုင်ငံရေးသမိုင်းဟာလဲအထက် trend အတိုင်းလိုက်ပါလာတာပါ။ ကမ္ဘာ့စီးပွားရေးဟာ ဆိုဗီယက်မပျက်မီစစ်အေးခေတ်အတွင်းနဲ့ ဆိုဗီယက်ပျက်ပြီးကာလနောက်ပိုင်းမှာတော်တော်လေးပြောင်းလဲသွားတယ်။ မတူညီတဲ့ကာလနှစ်ခုရဲ့ မတူညီတဲ့စီးပွားရေးပြောင်းလဲမှုအတိုင်း ပထဝီနိုင်ငံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုလိုက်လျောညီထွေအောင်ပြောင်းလဲနိုင်တဲ့နိုင်ငံတွေဟာအများကြီး resilience ရှိမှု (ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း) မြင့်မားကြတယ်။
၃။ ဒီတော့ စစ်အေးခေတ်စီးပွားရေး၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။
--------------------------------
"စစ်အေးခေတ်ကမ္ဘာ့စီးပွားရေး၊နိုင်ငံရေးနဲ့ မြန်မာနိုင်ငံရဲ့မူဝါဒ"
၄။ စစ်အေးခေတ်ဟာဝင်ရိုးစွန်းအားနှစ်ခု နိုင်ငံရေးနဲ့စီးပွားရေးအခင်းအကျင်းပြိုင်တဲအခင်းအကျင်း Bipolar World ပါ။ အမေရိကန်ဦးဆောင်တဲ့ နေတိုး (NATO) အုပ်စုနဲ့ ဆိုဗီယက်ယူနီယံဦးဆောင်တဲ့ ဝါဆော (Warsaw Pact) အုပ်စုတို့ဟာကမ္ဘာကြီးကို နှစ်ခြမ်းခွဲထားတဲ့ခေတ်ဖြစ်ပါတယ်။
၅။ အဲ့ဒီခေတ်က ကမ္ဘာ့စီးပွားရေးပုံစံ pattern ဟာအပြန်အလှန်ချိတ်ဆက်မှု အားနည်းပါတယ်။ ကွန်မြူနစ်အုပ်စုက ကွန်မြူနစ်နိုင်ငံအချင်းချင်း (COMECON) နဲ့ကုန်သွယ်ကြပါတယ်။ အရင်းရှင်အနောက်အုပ်စုကလဲ သူတို့ဈေးကွက်နဲ့သူတို့ သီးခြားလည်ပတ်ကြတာပါ။ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ (အုပ်စုနှစ်စုလုံးနဲ့) အဆက်အသွယ်ပြတ်နေရင်တောင် ကိုယ့်မင်းကိုယ့်ချင်း စိုက်ပျိုးထုတ်လုပ်ပြီး ရပ်တည်လို့ရနေခဲ့တဲ့ isolationism ရပ်တည်နိုင်တဲ့ကာလပေါ့။
၆။ အဲ့ဒီအားသာချက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ဘက်မလိုက်အဖွဲ့ဝင်အဖြစ် ၁၉၅၅ ဗန်ဒေါင်းညီလာခံကတည်းက NAM ရဲ့ အခြေခံမူတွေကိုတက်ကြွစွာချမှတ်လိုက်နာနိုင်ခဲ့ပါတယ်။ ပါဝါကြီးနှစ်ခုလုံးရဲ့ စစ်ရေးမဟာမိတ်အုပ်စုတွေထဲ မဝင်ဘဲနေနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းဆိုရင် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ" အောက်က စီးပွားရေးတံခါးပိတ်ဝါဒကိုကျင့်သုံးနိုင်ခဲ့ပါတယ်။ (အခုဆောင်းပါးမှာကောင်းခြင်းဆိုးခြင်းတွေမပါပါ)
--------------------------------
၇။ စစ်အေးခေတ်လွန်ကာလဟာတနည်းအားဖြင့်ကမ္ဘာပြုမှု globalization ကာလပါပဲ။ ဒီကာလကိုမောင်းနှင်နေတဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးနှင့် မြန်မာ့မူဝါဒကိုဆက်ကြည့်ပါမယ်။
၈။ Globalization ခေတ်ကမ္ဘာ့စီးပွားရေးဟာ အရင်ခေတ်ကလိုသီးခြားရပ်တည်မနေတော့ပါဘူး။ နိုင်ငံတိုင်းကမိမိအားသာရာကုန်ချောပစ္စည်းတစ်ခုတည်းကိုဇောက်ချထုတ်လုပ်ကြပါတယ်။ user လက်ဝယ်အရောက်ကုန်ချောတစ်ခုထုတ်ဖို့ ကုန်ချောအခွဲ ၃၀ ရှိရင် production အရမ်းကောင်းဖို့ နိုင်ငံ ၃၀ က ကုန်တစ်မျိုးတည်းကိုပဲ intensive ထုတ်ကြတယ်။ ပြီးရင် ကုန်ချောထုတ်မဲ့ဗဟိုစက်ရုံ Hub factory မှာ နိုင်ငံ ၃၀ က ကုန်ချောအခွဲ ၃၀ လာစုပြီးမှ တစ်ခုတည်းသောကုန်ချောအဖြစ်တပ်ဆင်ကြတယ်။
၉။ ဥပမာစမတ်ဖုန်းတစ်လုံးထုတ်ဖို့လိုတဲ့ သတ္တုတွေကို တရုတ်မှာထုတ်မယ်၊ ထိုင်ဝမ်မှာ တစ်ပိုင်းလျှပ်ကူးသီးသန့်ထုတ်မယ်၊ မှန်ကို ကိုရီးယားမှာထုတ်မယ်။ အားလုံးထုတ်ပိုးပြီးအမေရိကန်ကိုတင်ပို့ကာ အမေရိကန်မှာ Apple တံဆိပ်စမတ်ဖုန်းကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချီပါတယ်။ ဒီလို စီးပွားရေးကမ္ဘာပြုမှု Globalization of economy ဖြစ်လာပါတယ်။ နိုင်ငံတွေဟာကုန်ထုတ်ဌာနခွဲတွေဖြစ်လာပါတယ်။ စီးပွားရေးရောယှက်လာတော့ နိုင်ငံရေးလဲကူးလူးလာတယ်။ နိုင်ငံခြားရေးမူတွေလဲ ချောမွေ့အောင်ချမှတ်လာကြရတယ်။ အဲ့ဒီနည်းအတိုင်းကမ္ဘာကြီးဟာ
Global supply chain
Global value chain
Global Trade
Global energy
Global Technology
Cyberspace
Global security စတာတွေဖြစ်လာတယ်။
၁၀။ ဒီကနေ့ခေတ်လို AI နဲ့နည်းပညာ hyper developed အခြေအနေမှာ ဘက်စုံ ကွန်ရက်ကမ္ဘာ Interconnected World ဖြစ်လာပြီး ပိုမိုရှုပ်ထွေးလာပါတယ်။ Cloud Computing၊ AI၊ Big Data နဲ့ စွမ်းအင်ကွန်ရက်တွေကြောင့် ဘယ်နိုင်ငံမှ သီးခြားခွဲထွက်နေလို့ မရတော့ပါဘူး။
၁၁။ စီးပွားရေးနဲ့အတူပထဝီနိုင်ငံရေးမောင်းနှင်အားဖြစ်တဲ့ စစ်ပွဲတွေပါ စစ်မြေပြင်သာမက စီးပွားရေးပိတ်ဆို့မှု Economic Sanctions၊ ကုန်သွယ်ရေးစစ် trade war၊ ဆိုက်ဘာစစ် Cyber Warfare နဲ့ သတင်းအချက်အလက်စစ်ပွဲ Information Warfare အထိ ကျယ်ပြန့်လာခဲ့ပါပြီ။
--------------------------------
၁၂။ ခေတ်ဟောင်းစစ်အေးကာလမြန်မာရဲ့ နိုင်ငံခြားရေးမူဝါဒဟာ "ငြိမ်သက်နေတဲ့ဘက်မလိုက်ဝါဒ(တင်စားခေါ်ဝေါ်ခြင်း)" ပါ။ ခေတ်သစ် စစ်သစ်မှာဘယ်လိုကျင့်သုံးသင့်သလဲ။ "တက်ကြွပြီး လိုက်လျောညီထွေရှိတဲ့ ကြားနေဝါဒ" Active & Dynamic Neutrality ကျင့်သုံးသင့်သလားဆိုတာမျိုး မူဝါဒပိုင်းဆိုင်ရာအဆင့်တွေမှာ brainstorming လုပ်ကြည့်ဖို့လိုပါတယ်။
၁၃။ NAM ဘက်မလိုက်ခေတ် ဆိုရှယ်လစ်တံခါးပိတ်စနစ်ဟာရေတိုမှာပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မှုဒဏ်ကိုသက်သာစေတယ်လို့ထင်ရပေမဲ့ ရေရှည်မှာနည်းပညာ ဖွံ့ဖြိုးမှုနောက်ကျတာ၊ နိုင်ငံတကာ ကုန်သွယ်မှုကွန်ရက်တွေကနေ ဖယ်ထုတ်ခံလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။ Non-Aligned Movement - NAM နဲ့ အထီးကျန်ဝါဒ Isolationism တချို့ဟာ Globalization အောက်မှာ ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့တာ တော့အမှန်ပါပဲ။ ဒီတော့ကျွန်တော်တို့ဘယ်လိုသွားသင့်သလဲ။
ဘက်မလိုက်ဝါဒအနှစ်သာရပြန်လည်ဆန်းစစ်ခြင်း
၁၄။ ဘက်မလိုက်ဝါဒဆိုတာ အရင်လိုတံခါးပိတ်ထားတာမဟုတ်ဘဲ အင်အားအားလုံးနဲ့ မျှခြေရှိတဲ့ဆက်ဆံရေး Equidistance ကို တည်ဆောက်တာဖြစ်ဖို့လိုပါတယ်။ အုပ်စုတစ်စုတည်းအပေါ်စီးပွားရေးအရရော၊ စစ်ရေးအရပါ အလုံးစုံပုံအောမထားဘဲ အန္တရာယ်မျှဝေခြင်း Risk Diversification လုပ်ရပါမယ်။
ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty)
၁၅။ AI နဲ့ Cloud computing ခေတ်မှာ နည်းပညာအရ သူတစ်ပါးအပေါ် လုံးဝမှီခိုနေရရင်အမျိုးသားလုံခြုံရေးနဲ့ resilience ထိခိုက်နိုင်ပါတယ်။ ဒေတာလုံခြုံရေးဥပဒေတွေခိုင်မာဖို့ ကိုယ်ပိုင် Cyber Security အင်အားစုကို မဖြစ်မနေတည်ဆောက်ရပါမယ်။
Global Supply Chain မှာနေရာဝင်ယူခြင်း
၁၆။ ကမ္ဘာ့လုပ်ငန်းစုကြီးတွေဟာ တရုတ်နိုင်ငံတစ်ခုတည်းအပေါ် မမှီခိုတော့ဘဲ China Plus One မဟာဗျူဟာကို သုံးလာကြပါတယ်။ ဥပမာအရင်ကတရုတ်အခြေစိုက်ဖုန်းကုမ္ပဏီတွေဗီယက်နမ်ဘက်ပြောင်းရွေ့အခြေစိုက်ကြတာမျိုးပါ။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း ပထဝီဝင်တည်နေရာ Geolocation ကောင်းမွန်မှုကိုအသုံးချပြီး Global Supply Chain ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဆုံချက် Logistics Hub အဖြစ်၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့အပိုင်းအစတစ်ခုအဖြစ် ဖြစ်လာအောင် အခြေခံအဆောက်အအုံ မြှင့်တင်ရပါမယ်။
--------------------------------
မြန်မာ့အနာဂတ်အတွက်သော့ချက်
၁၇။ Big 3 +1 ။ အင်အားကြီး တရုတ်၊ အိန္ဒိယ၊ ရုရှား (၃) နိုင်ငံကြားမှာ မြန်မာနိုင်ငံဘယ်လိုရပ်တည်ရမလဲဆိုတာကလဲ မြန်မာ့အနာဂတ်နိုင်ငံရေးလမ်းပြမြေပုံအတွက် သော့ချက်မေးခွန်းပါပဲ။
၁၈။ သူတို့ဟာသူတို့မြန်မာနိုင်ငံဟာသိပ်အရေးမပါဘူးပြောပြောလက်တွေ့မှာ မြန်မာနိုင်ငံဟာ အင်အားကြီး (၃) နိုင်ငံရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ခံနေရတဲ့နေရာဖြစ်ပါတယ်။
၁၉။ Big 3 ကြားညှပ်မသွားစေဘဲအမျိုးသားအကျိုးစီးပွားကို အမြင့်ဆုံးကာကွယ်နိုင်မယ့် "သုံးပွင့်ဆိုင် မျှခြေဗျူဟာ" Triangular Balancing Strategy ကို သုံးသင့်ပါတယ်။
(က) တရုတ်နိုင်ငံနဲ့ဆက်ဆံရေး
၂၀။ တရုတ်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်းသာမကဘဲ စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့ "ရပ်ဝန်းနဲ့လမ်းကြောင်း" (BRI) အတွက် ကုန်းတွင်း-ပင်လယ်ထွက်ပေါက် (CMEC) အဖြစ် မြန်မာကိုအရေးစိုက်တာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းရော၊ အခုချိန်အထိပါ သက်သေထူပြီးသားပါ။ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်လို့ မရပါဘူး။ သို့သော်အရမ်းရေပန်းစားတဲ့ "ကြွေးမြီးထောင်ချောက်" Debt Trap နဲ့ စီးပွားရေးအကျိုးစီးပွားဝါးမြိုခံရမှု Economic Dominance မဖြစ်အောင် စီမံကိန်းတွေ၊ စာချုပ်တွေကို နိုင်ငံတကာစံနှုန်း Global Norms တွေနဲ့အညီ စိစစ်ရပါမယ်။ တစ်နိုင်ငံတည်းအပေါ် ရာနှုန်းပြည့်မှီခိုမှုကို လျှော့ချဖို့ အခြားဝင်ရိုးစွန်းတွေကိုပါ ဆွဲသွင်းရပါမယ် (အခုကာလတော့ ကာလံ၊ ဒေသံအရမဟုတ်သေးပါ)။
(ခ) အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေး
The Counter-Weight
၂၁။ အိန္ဒိယဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာပြီး စီးပွားရေးအရှိန်အဟုန်နဲ့ တက်နေပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာလွှမ်းမိုးမှုကိုထိန်းညှိဖို့ မြန်မာနိုင်ငံကို လိုအပ်ပါတယ်။ အိန္ဒိယရဲ့ "Act East Policy" ကို အသုံးချပြီး ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းလို ကိစ္စရပ်တွေကို ဂရုပြုရပါမယ်။ အိန္ဒိယဟာ တစ်ဦးတည်း ဩဇာလွှမ်းမိုးမှုကို ထိန်းညှိပေးမယ့် Counter-Weight အနေနဲ့ အကောင်းဆုံး အသုံးချရမယ့် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ပါတယ်။ စစ်ဘက်၊ နည်းပညာဘက် ဆက်ဆံရေးကို အိန္ဒိယနဲ့ ပိုမိုမြှင့်တင်သင့်ပါတယ်။
(ဂ) ရုရှားနိုင်ငံနဲ့ဆက်ဆံရေး Technological & Military Partnership
၂၂။ ရုရှားဟာ ပထဝီတည်နေရာအရ မြန်မာနဲ့ မနီးစပ်ပေမဲ့ စစ်ဘက်နည်းပညာ၊ အဏုမြူစွမ်းအင်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ အားသာချက်ရှိပါတယ်။ ရုရှားဟာ အာရှအင်အားကြီးနှစ်ခုရဲ့ဖိအားကို လျှော့ချပေးနိုင်မယ့် "ပြင်ပအင်အားစု ဟန်ချက်ထိန်းကိရိယာ" ဖြစ်လာနိုင်ပါတယ်။ စစ်ဘက်နည်းပညာ တိုးတက်ရေး၊ လောင်စာစွမ်းအင်ဖူလုံရေးနဲ့ အရပ်ဘက်သုံး နျူကလီးယားနည်းပညာ (ဥပမာ-ဆေးပညာ၊ စိုက်ပျိုးရေး) တွေမှာ ရုရှားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်ပါတယ်။ သို့သော် ရုရှားအပေါ် အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ချက်တွေ မြန်မာ့ဘဏ်စနစ်ထဲ ကူးစက်မလာစေဖို့ ကမ္ဘာ့ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ချိန်ညှိဖို့တော့လိုအပ်ပါမယ်။
၂၃။ ခြုံပြောရရင် မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ "အမှီအခိုကင်းခြင်း" အနှစ်သာရ ထက် "အပြန်အလှန်မှီခိုနေရတဲ့ ကမ္ဘာကြီးထဲမှာ မိမိအချုပ်အခြာအာဏာကို စမတ်ကျကျ ဘယ်လိုကာကွယ်မလဲ" ဆိုတာပြောင်းလဲလာပါပြီ။ မထိတွေ့လို့မရတော့တဲ့ globalized world ပေါ်က
အင်အားကြီးနိုင်ငံတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြားထဲမှာ မြန်မာနိုင်ငံဟာ ဘယ်ဘက်ကိုမှ ပုံအောမပါဝင်ဘဲ၊ မိမိနိုင်ငံရဲ့ ပထဝီဝင်အားသာချက်ကို "ဝှက်ဖဲဖြစ်အောင်ဖန်တီးပြီး "ကမ္ဘာရဲ့ နည်းပညာနဲ့ စံနှုန်းတွေကိုလည်းအမီလိုက်နိုင်မယ့်" ဘက်စုံမျှခြေမူဝါဒ Multi-alignment Strategy ကို ကျင့်သုံးမှသာကမ္ဘာပြုခေတ်သစ်မှာ ရေရှည်ရှင်သန်ဖွံ့ဖြိုးနိုင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
၃၁-၅-၂၀၂၆
Geopolitics Admin