22/11/2022
သတ္တိရှိလိုက်တာတဲ့... မကြောက်ဘူးလားတဲ့...
မကြောက်ဘူးများမှတ်နေလား?!
ကြောက်တတ်တာပေါ့... ကြောက်စိတ်အမျိုးမျိုးရှိပါတယ်...
အမှောင်ကြောက်တာ၊ မိုးခြိမ်းသံကြောက်တာ၊ မမြင်ရ ရှိမှန်းမရှိမှန်းမသေချာတဲ့ သရဲတစ္ဆေကြောက်တာ၊ လူဆိုးသူခိုးကိုကြောက်တာ၊ အလိမ်ခံရမှာကြောက်တာ၊ သစ္စာဖောက်ခံရမှာကြောက်တာ၊ အထီးကျန်မှာကြောက်တာ စသည်ဖြင့် ပုံစံမျိုးစုံနဲ့ မသိစိတ်မှာ ခိုအောင်းနေတဲ့ကြောက်စိတ်တွေ...
ကြောက်ရင်ဘာလို့တညလုံးဆက်နေလဲ?!
ညနှစ်နာရီထိုးမှ တခုခုမှားနေမှန်း ရိပ်မိတဲ့အချိန်မှာ ထွက်သွားဖို့ ၊ အိမ်မကြီးကိုပြန်ဖို့ဆိုရင် မတည်ငြိမ်တဲ့နိုင်ငံထဲ သူခိုးဓါးပြပေါများနေခိုက် ဉာဥ့်နက်သန်းခေါင် တစ်ယောက်ထဲကားမောင်းပြန်ဖို့က သိပ်နောက်ကျနေပြီလေ... ကားကိုဆူးကြိုးနဲ့တား ကားရပ်သွားတာနဲ့ သိုင်းဆို ကွင်းသိုင်းဖို့ ထမီတောင် တစ်ထည်မှမရှိတဲ့ကျွန်မ ကျားငစဥ်းလဲနွားပုလင်းကွဲတွေလက်ထဲ မိုးသည်းသွားမှာဆိုတဲ့ လူဆိုးသူခိုးကြောက်စိတ်ဟာ မြင်လည်းမမြင်ရ ရှိမရှိလည်းမသေချာတဲ့ ရုပ်ရှင်တွေထဲက Uniform အဖြူဝတ်ကောင်တွေကိုရွေးခြယ်ဖို့ တွန်းအားပေးလိုက်တာပါ...
နောက်တစ်ခုက ကျွန်မက အရမ်းစူးစမ်း(စပ်စု)တတ်တာပါ... သရဲဆိုတာတကယ်ရှိသလား… လူပုံစံလား… ဝတ်စရာအဖြူတစ်ထည် ဆံပင်ဖားလျားနဲ့ များသောအားဖြင့် မိန်းမသရဲတွေချည်းပဲလား... ကြောင်သရဲခွေးသရဲမရှိဘူးလား စသည်ဖြင့် အတွေးစုံအောင်နယ်ချဲ့တတ်သူမို့ စိတ်ထဲမသိုးမသန့်ဖြစ်လာချိန်မှာ ကြုံကြိုက်တုန်းစူးစမ်းစပ်စုချင်တဲ့ Courage က ထွက်မသွားဘဲ ရင်ဆိုင်ကြည့်ဖို့ တဆုံးထိပို့လိုက်တာပါပဲ...
ခုစာဖတ်နေသူတချို့လိုပေါ့ ညဖက်ကြီး အိပ်ခါနီးပြီဆိုလာလာတင်တဲ့တစ်ယောက်နဲ့ ကြောက်ကလည်းကြောက် သိချင်စိတ်ကလည်းပြင်းပြနေတော့ နံရံကိုကပ်ထိုင်ရင်းတထိတ်ထိတ်နဲ့ဖတ်လိုက်တာမျိုး၊ ဖတ်နေရင်းအိမ်သာပေါ်ကမထရဲတဲ့လူ၊ ခြံထဲကနေအိမ်ပေါ်အမြန်ပြန်တက်လာတဲ့လူ၊ အောက်ထပ်မဆင်းရဲလို့အိပ်လိုက်ရတဲ့လူ၊ သူမအိပ်ရဲတော့ ကလေးပါသွားနှိုးပြီးနှောက်ယှက်တဲ့တစ်ယောက်၊ ဟိုကောင်လေးကိုသနားတဲ့အဖွဲ့၊ ဒါ မမရေးတာမဟုတ်လား ပြသနာတက်နေဦးမယ်လို့ လာပြောတဲ့ ကျွန်မညီမ၊ FA တွေကိုမှ မစာမနာ ကိုကို့ရင်ခွင်ထဲကမန့်လိုက်ပါတဲ့တစ်ယောက်နဲ့ ယောက်ျားရှိနေတုန်းမို့ဖတ်ရဲတာ အခန်းဆက်အမြန်တင်ပါတော့ဆိုသူတွေအတွက် လုပ်လက်စအလုပ်တွေပစ်ချရင်း...
⛔️That Apartment II⛔️
ကျွန်မဆင်းမလာခင် ရှိသမျှတံခါးအကုန်ပိတ်ခဲ့ပေမယ့် တိုက်အောက်ရောက်တဲ့အချိန် သူတို့ပြောသလို ပြတင်းပေါက်တံခါးများပွင့်နေမလားလို့ တွေးမိသေးတယ်... ပြတင်းပေါက်တွေက ကျွန်မမကြိုက်တဲ့ Sliding Door တွေမို့ French Door Window အမျိုးအစားတွေပြောင်းတပ်ချင်လို့ ကျွန်မမိတ်ဆွေတစ်ယောက်ရဲ့ Interior Decoration ဆိုင်ကိုသွားဖို့ဖုန်းဆက်ချိန်းရင်း ဗိုက်ကအရမ်းဆာတာနဲ့ ခြံဝန်းထဲပတ်ကြည့်လိုက်တော့ စားသောက်ဆိုင်တချို့တွေ့တာနဲ့ ဆင်းလိုက်တယ်... သားသက်လွတ်ထမင်းကြော်တစ်ပွဲလုပ်ပေးပါဆိုတာကို ဟုတ်ကဲ့အစ်မဆိုပြီး ကြက်ဥကြော်ကြီးပြူးနေအောင်ဖြန့်ထည့်လာတဲ့ အသက်မပြည့်ဘဲဝမ်းရေးအတွက် စားပွဲထိုးလုပ်နေပုံရတဲ့ ဆိုင်ကကောင်လေးကို သြဝါဒခြွေချင်တဲ့စိတ်နဲ့ လာ ဒီနားခဏလာဦး လို့ ခေါ်လိုက်တော့မှ ကျွန်မကိုသေချာကြည့်ပြီး
“ဟာ ညတုန်းကမကြီး” တဲ့...
“ဘာလဲညတုန်းက”
“ညကလေ ကားနားမှာ ဟို ဘိုကလေးလေးနဲ့လေ” တဲ့
“ဟမ် ဘယ်က ကလေးတုန်း ငါဘယ်တုန်းကမှကလေးမမွေးဖူးဘူး ဘာတွေပြောနေတာလဲ သားသက်လွတ်လို့သေချာမှာတာ ကြက်ကောင်လုံးကြော်လာချလို့ ဆူမလို့ခေါ်တာ အသစ်လုပ်ပေး ဒီပန်းကန်ဒီတိုင်းထားခဲ့ အသစ်လာမှပြန်ပေးမယ်” ဆိုတော့
“မကြီး သားညတုန်းက ကားထဲက ဘောလုံးလေးဝင်ယူပေးတာလေ ဟိုကလေးလေးနဲ့လေ ” တဲ့
“လူမှားနေပြီ သားသက်လွတ်ပဲပြုတ်ထမင်းကြော်၊ Espresso double-shot, ကောက်ညှင်းပေါင်းရသေးလား ခုနမေးတာ ဖြေမသွားဘူး ရရင် ယူသွားမယ် ထပ်မမှားနဲ့နော်”
“မကြီး ညတုန်းက မုန့်ထုတ်တွေကားထဲကယူတာလေ ဟိုအာလာဖတ်ကား (Alphard) ထဲက ကျနော့်ကိုဘောလုံးလေး ဝင်ယူခိုင်းတာလေ” တဲ့ ကျွန်မကားကိုလက်ညှိုးထိုးပြရင်း ရိုးရိုးစင်းစင်းမျက်လုံးလေးနဲ့ပြောတော့...
ကျွန်မ ရင်ထဲဒိုင်းကနဲဖြစ်သွားပါပြီ...
ညက Almond နဲ့ Macadamia seeds တွေ အောက်ဆင်းယူပြီး အပေါ်ပြန်တက်တဲ့ထိ ကျွန်မနားမှာဘယ်သူမှမရှိခဲ့ပါဘူး... ဒီကောင်လေးကရော ညကြီးအချိန်မတော် ခြံဝန်းထဲဘာဆင်းလုပ်?...
Order ယူတုန်းက ကောင်မလေးပြန်ရောက်လာပြီး အစ်မရေ မှားပေးမိတာတောင်းပန်ပါတယ်နော် အသစ်ပြန်လုပ်ပေးပါ့မယ် ပြောနေတုန်း အိမ်ကဖုန်းဆက်လာလို့ အလုပ်အကြောင်းပြောရင်း ထမင်းတောင်ဘယ်လိုစားပြီးသွားတယ်မသိ... ဟိုကောင်လေးကိုလည်း ဘာမှထပ်မမေးဖြစ်သလို သိချင်စိတ်က လောလောဆယ်ရှိမနေဘူး...
အိမ်ရောက်တော့ ဒီဇိုင်းဆက်ရှာရင်း ညကအကြောင်း Café ကကောင်လေးအကြောင်း တွေးနေတုန်း ကျွန်မတူလေးကို Nursery ကျောင်းကြိုဖို့ သူ့အမေ ကျွန်မညီမကအိမ်ထဲကထွက်သွားပြီးမှ တစ်ခေါက်ပြန်ဝင်လာပြီး
“မမ Cyrus အရုပ်တွေကားထဲကထုတ်လိုက်သေးလား မနေ့က သမီးကားမှာ ဘုန်းကြီးတွေတင်သွားလို့ အရုပ်တွေမမကားထဲခဏရွှေ့လိုက်တာ... စပိုင်ဒါမန်းရယ် ဒိုင်နိုဆောရယ်မတွေ့လို့... သူ့ဟာတွေမမြင်ရင်ရစ်မှာ မနက်ကလည်းကျောင်းလိုက်ပို့တာမေးနေတယ် မတွေ့လို့” တဲ့
လာပြန်ပြီဒိုင်နိုဆော တအိမ်လုံးလည်း ဘယ်ကြည့်ကြည့် ဒိုင်နိုဆောတွေနဲ့ ပွစာကြဲ အိမ်ထဲဝင်လာတုန်းကတောင် ဒိုင်နိုဆောတစ်ကောင်တက်နင်းမိလို့ ခြေထောက်နာသွားသေးတယ်
“ဘောလုံးလေးလည်းမတွေ့ဘူး Grayden ကျန်ခဲ့တာ ကျောင်းကသူ့သူငယ်ချင်း... မမဘယ်နားသွားထားလိုက်တာလဲ” ဆိုလို့
“ရန်ကုန်ရောက်တာ၃ရက်ပဲရှိသေးတယ်... ကားနောက်ခန်းဖက် သေချာတောင်လှည့်မကြည့်ဖြစ်ဘူးဟ”
Wait! What? ဘောလုံး?
ကျွန်မညီမကို ညကအကြောင်းပြောပြဖို့ စဥ်းစားပေမယ့် သူကအဲ့အခန်းကိုဝယ်မယ်ပြောတည်းက No vote. ကိုယ့်စိတ်နဲ့ကိုယ်လုပ်ချင်ရာလုပ်ခဲ့တော့ ပြောလိုက်ရင် သူတသက်လုံးမှန်ပါတယ်လို့ ခေါင်တိုင်ထိတက်လောင်တော့မှာသိလို့ ပြောချင်စိတ်ကိုမရှိတာပါ...
ဟိုကောင်လေးပြောတဲ့ ဘောလုံး ဘိုကလေးလေးဆိုတာ ဘာလဲ ဘယ်သူလဲ ခုခေါတ်ကလေးတွေက ဘိုနာမည်တွေနဲ့ဆိုတော့ Grayden က ရော ဘိုလား မြန်မာလား ဆိုတဲ့ အတွေးနဲ့ အဲ့အိမ်ဆီပဲပြန်သွားကြည့်ချင်စိတ်တွေဖြစ်နေပါပြီ... သရဲကားတွေလည်းကြည့်ဖူးတော့ the other side of the world ဆီရောက်သွားပြီး ပြန်မလာနိုင်ရင် တိုင်ပတ်ပြီ... မသွားလို့လည်းမရဘူး... ကျွန်မက အဲ့အခန်းကို ညွန့်နေအောင်ပြင်ပြီး ပြန်အငှားတင်မယ်စဥ်းစားထားတာပါ... Decoration လက်သွေးချင်တာလည်းပါပါတယ်…
အရုပ်၂ရုပ်ကကားနောက်ပိုင်းကခုံအောက်ညပ်နေတာ ပြန်တွေ့ပြီး ဘောလုံးရှာမတွေ့လို့ ကျွန်မကိုလောင်ရင်းအားမရတော့ သူ့ယောက်ျားကိုပါဖုန်းဆက်ရင်းလောင်ပါတယ် နင့်ကားထဲ ကလေးဘောလုံးပါသွားသေးလားတဲ့... ဟိုကလည်း မမကားထဲမှာလေ မနေ့က နင်ပဲ အရုပ်တွေဟိုကားအကြီးထဲထည့်ဆိုလို့ ငါပြောင်းထည့်လိုက်တာတဲ့...
ကျွန်မလည်းအဲ့ဘောလုံးကိုတွေ့အောင်ရှာမှဖြစ်မယ်...
“ကလေးကြိုပြီး သမီးက ၃နာရီခွဲလောက်ပြန်ရောက်ပြီး site ထဲပြန်သွားမှာ... ကလေးကိုသူ့အဘွားအိမ်ဝင်ပို့ခဲ့မှာ... မမဘယ်သွားဦးမှာလဲ” ဆိုတော့
“ဟိုအိမ်ပြန်သွားမှာ layout ချနေတာ မပြီးသေးဘူး Cyrus ကို ခေါ်သွားရမလား... နင်တို့ site ထဲမှာပြီးရင် လိုက်ခဲ့ကြလေ” ဆိုတော့ သူကတော့လိုက်မှာ ခေါ်သွား အရမ်းမိုးမချုပ်စေနဲ့ အဲ့လမ်းကညဖက်သိပ်မကောင်းဘူး” တဲ့
သူထွက်သွားပြီး နေ့လည်စာကို အိမ်ကအကူအစ်မက ပြင်ပေးတော့ စကားပြောကြရင်း
“မလှိုင်သရဲတို့ ဘာတို့ ကြောက်တတ်လား” လို့ မေးကြည့်လိုက်တယ်
“အမယ်လေးကြောက်တယ်” ဆိုပြီး သူကြားဖူးနားဝရှိတာတွေထိုင်ပြောတာ အတော်ပျင်းစရာကောင်းပါတယ်...
ကျွန်မတူလေးပြန်ရောက်လာတော့ ခဏနားခိုင်းပြီး လိုက်မလားမေးတော့ Okie တဲ့... ghosts တွေသိလားဆိုတော့ သိတယ်တဲ့ သူကြည့်တဲ့ကလေးသရဲကာတွန်းတွေရှိတယ်ဆိုပြီး iPad ယူပြီးပြပါတယ် YouTube မှာ ကလေးသရဲကားတွေရှိတာ ကျွန်မလည်းအဲ့ကျမှသိတယ်... ကြောက်လားဆိုတော့ မကြောက်ပါဘူး They’re cute တဲ့... I guess there’s a ghost living temporarily in my new apartment, you know? Come with me if you want to experience how it looks like? လို့သူ့ကိုပြောတော့ နားလည်မလည်တော့မသေချာဘူး Of course! တဲ့ ပြတ်သားတယ်
ကြောက်တတ်တဲ့လှိုင်လှိုင့်ကိုရော မကြောက်တတ်တဲ့၄နှစ်သားကိုပါ ခေါ်သွားလိုက်တယ်
အမှန်တော့ ကျွန်မက ရန်ကုန်မှာ ၇ရက်ပဲနေပြီးပြန်မှာ၊ နောက်၂လလောက်မှထပ်လာမှာဆိုတော့ တူလေးနဲ့တွေ့ချိန်သိပ်မရှိမှာစိုးလို့ ခေါ်သွားတာပါ... ၈နာရီလောက်သူ့အဖေအမေရောက်လာရင် အတူပြန်ကြပြီး မြို့ထဲမှာညစာသွားစားကြမယ်ပေါ့...
လမ်းမှာ Grayden ဆိုတဲ့ သူ့သူငယ်ချင်းအကြောင်းပြောပြတယ်... သူ့ best friend ဖြစ်ကြောင်း၊ သူ့မှာညီမလေးတစ်ယောက်ရှိကြောင်း သူတို့ play-date တုန်းက အိမ်လာဆော့ပြီး ဘောလုံးလေး မာမီ့ကားထဲကျန်ခဲ့ကြောင်း စသည်ဖြင့် ဘာတွေမှန်းမသိ စုံနေအောင်ပြောပါတယ်... သူ့မှာအကျင့်တစ်ခုရှိတယ်... တခုခုကိုမပြောချင်ဘူး အဆူခံရမှာစိုးတာမျိုးဆို တစ်ယောက်ယောက်ကမေးရင် “အဲ့အကြောင်းမပြောနဲ့ တော်တော့” “Don’t talk about that. I don’t want to talk about it.“ လို့ version နှစ်မျိုးနဲ့ ပြောလေ့ရှိတယ်...
ကျွန်မမိတ်ဆွေရဲ့ရုံးခန်းက အိမ်နဲ့ ၁၀မိနစ်လောက်ပဲဝေးတော့ ခဏဝင်ပြီး သူ့ဆီက Interior design တွေကြည့်ပါတယ်... ပြောထားပြီးသားမို့သာ ဝင်ရပေမယ့် ဟိုအိမ်ရောက်ရင် ညဖက်အရမ်းမိုးချုပ်ထိမနေချင်လို့ နောက်ရက်မှအေးဆေးလာမယ် ခုက ကလေးနဲ့မို့ဆိုပြီး သူ့ရုံးက ကြွေပြား sample, Curtain အစတချို့ယူ မိနစ်၂၀လောက်နဲ့ ပြန်ထွက်လာပြီး ကျွန်မအတွက် Question mark တွေ ပြည့်နှက်နေတဲ့ That Apartment ဆီသို့...
ရေးသားပေးပို့ပါသည်