FREDA

FREDA Founded in 1996, FREDA is a non-political, non-profit and non-government organization in the forestry sector of Myanmar.

10/04/2026

"ကျွန်တော်တို့ ဘာကြောင့် စာသင်နေကြတာလဲ?"

ပညာသင်ကြားခြင်းဆိုတာ စာမေးပွဲအောင်ဖို့တင် မဟုတ်ပါဘူး။ လောကကြီးအကြောင်းကို ပိုမိုသိမြင်လာဖို့နဲ့ အရည်အချင်းရှိတဲ့ လူသားတစ်ယောက်ဖြစ်လာဖို့အတွက်ပါ။

ဗီဒီယိုအပြည့်အစုံကို အောက်က ပထမဆုံး Comment မှာရှိတဲ့ Link ကနေ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ 👇👇

"တယ်ဟုတ်ပါလား῎အရင်တပတ်က“ဟုတ်ရဲ့လား”ဆိုပြီးဆောင်းပါးလေးရေးခဲ့ပါတယ်၊အခုတပတ်တော့“တယ်ဟုတ်ပါလား῎ဆိုတဲ့ခေါင်းစဉ်ပေါ့၊ အခုတမျို...
02/04/2026

"တယ်ဟုတ်ပါလား῎

အရင်တပတ်က“ဟုတ်ရဲ့လား”ဆိုပြီးဆောင်းပါးလေးရေးခဲ့ပါတယ်၊အခုတပတ်တော့“တယ်ဟုတ်ပါလား῎ဆိုတဲ့ခေါင်းစဉ်ပေါ့၊ အခုတမျိုး၊ တော်ကြာတမျိုးလို့တော့မထင်ကြပါနဲ့ဦး။ “တယ်ဟုတ် ပါလား”ဆိုတဲ့ စကားမျိုးကို လုပ်ငန်းအောင်မြင်တဲ့အခါပြောလေ့ရှိတဲ့ မြန်မာစကားပါ။ ချီးမွမ်းတဲ့ အနေနဲ့ပြောတာပေါ့။ အခုဒီရေတောမှာ သစ် ၂-၃ မျိုးစိုက်တာ ဂေဟစနစ်မျှချေမရှိခြင်း (Ecosystem unbalance)အကြောင်းဖြစ်ပေမဲ့လို့ အဆိုပါအောင်မြင်နေတဲ့ ဒီရေတောစိုက်ခင်းထဲမှာ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းက ရွာသားတွေ စားဝတ်နေရေးအတွက် “ဂဏန်း” (Crab) မွေးမြူလို့ “အလုပ်ဖြစ်” နေကြတာသိရလို့ရေးမိတာပါ။

ဒီကနေ့ခေတ်မှာ စပါးစိုက်ပျိုးရေးလုပ်ငန်းက လယ်သမားတွေအတွက် အကျိုးအမြတ်သိပ်မရှိ တော့တာသိနေကြပါတယ်။ အကြောင်းရင်းက မြေဩဇာဖိုး၊ လုပ်အားခ၊ စက်၎ားခ စတာတွေအလွန် စျေးမြင့်လာလို့ပါ။

တဖက်မှာတော့ ဖြစ်ထွန်းပြီးသား ဒီရေတောစိုက်ခင်းအပင်တွေအောက်မှာ ဂဏန်းမွေးလို့အသက် မွေးဝမ်းကြောင်း အဆင်ပြေနေတာသိရပါတယ်၊ အခုနေအခါမှာအသက် မွေးဝမ်းကြောင်း အဆင် ပြေ နေရင်အတော်ဝမ်းသာရတာပါ။

စပါးနဲ့ဂဏန်း(၂)ခုကိစ္စကို ဒေသခံလယ်သမားရယ် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းက ဂဏန်း မွေးမြူးသူတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်၊ ၂၀၂၅ခုနှစ်ကပါ။

၁။ စပါးစိုက်ပျိုးခြင်း(၁)ဧက ကုန်ကျစရိတ်နဲ့အကျိုးအမြတ်ရငွေကို အောက်ပါအတိုင်းဖော်ပြ လိုက်ပါတယ်။
(က) စပါးမျိုး - ပေါ်ဆန်းမွှေး
(ခ) ‌ဒေသ - လပွတ္တာ၊ ပိုးလောင်းရွာ
(ဂ) ထွန်ယက်ခ - ၈၀၀၀၀/-
(ဃ) လုပ်အားခ - ၄၀၀၀၀/-(ကန်သင်းပြင်ခြင်းစသည်)
(င) မျိုးစပါး - ၆၀၀၀၀/-(၁တင်းခွဲ)
(စ) ဓါတ်မြေဩဇာ - ၈၅၀၀၀/- (၁၅ပတ်လည်မြေဩဇာ=၁အိတ်)
(ဆ) ရိတ်/ချွေ/လှေ့ - ၁၂၀၀၀၀/-
(ဇ) လုပ်အားခ(စပါးနေလှမ်းခြင်း)-၄၀၀၀၀/-
စုစုပေါင်း(၁)ဧက ကုန်ကျစရိတ် ၄၂၅၀၀၀/- ကျပ်

ဖော်ပြပါစရိတ်တွေက ၂၀၂၅ခုနှစ် စျေးနှုန်းပါ အခုအခါမယ် လုပ်အားခ ၁ ရက် ၂၀၀၀၀ိ/-နဲ့ မြေဩဇာ ၁ အိတ် (၁၇၀၀၀၀-၂၀၀၀၀၀)ထိဖြစ်နေပါပြီ။

စပါးအထွက် - ၁ ဧက (၃၀ မှ ၃၅ တင်း) ၃၅ တင်း x ၂၄၀၀၀/-= ၈၄၀၀၀၀/-(ဒေသအခေါ် ပေါ်ဆန်းမွှေးကို “ဆန်ချော”လို့ခေါ်ပါတယ်၊ ကျန်ဆန်တွေကို “ဆန်ကြမ်း”လို့ခေါ်ပါတယ်၊ ဆန်ချောစပါးက အထွက်နဲပါတယ်၊ စျေးကြကြီးပါတယ်။

အမြတ်ငွေ (၈၄၀၀၀၀-၄၂၅၀၀၀)=၄၁၅၀၀၀/-
ကြာချိန် - ၅(လ) = အမြတ်ငွေ (၁ လ) = ၈၃၀၀၀/ (၄၁၅၀၀၀÷ ၅)

၂။ ဂဏန်းမွေးမြူခြင်း(၁ ဧက) ကုန်ကျစရိတ်က အောက်ပါအတိုင်းဖြစ်ပါတယ်
(က)ဂဏန်းမျိုး (ပဲဂဏန်း ၁ ကီလို ၃၀၀၀/- x ၇၅ ကီလို) = ၂၂၅၀၀၀/-
(ခ) အစာဖိုး(ပထမ-လ)၁ရက် ၃ပိသာ= ၉၀၀၀(၁ရက်) x ၃၀ ရက် = ၂၇၀၀၀၀/-
(ဂ) အစာကျွေး (ဒုတိယ-လ), ၁ရက် ၆ပိသာ x ၃၀ ရက် = ၅၄၀၀၀၀/- (၁၈၀၀၀x၃၀)
(ဃ) လုပ်အားခ (၁) ရက် ၁၅၀၀၀ x ၉၀ ရက် = ၁၃၅၀၀၀/-(၃လ)
(င) ဂဏန်းကန်ဝန်းကျင်ကာရန်လိုသောပိုက်အစိမ်း = ၂၆၃၅၀၀၀/-
ဝင်ငွေ= ၁ဧက(၃)လကြာပြီးနောက် ၃၇၅ ကီလို x ၂၃၀၀၀ = ၈၆၂၅၀၀၀၀/-
(ဆ) ကြာချိန် = (၃) လ (ပြင်ဆင်ချိန်ကာလအပါအဝင်)
(ဇ) အမြတ်ငွေ (၈၆၂၅၀၀၀ - ၂၆၃၅၀၀/-)= ၅၉၉၀၀၀၀/-
(ဈ) ၁ လ အမြတ်ငွေ = ၁,၉၉၆,၆၆၆ ကျပ်
ဆိုပါစို့ (၁)လသိန်း(၂၀) ပေါ့။

ပိုက်စိမ်းဖိုးကို(၁၆၀၀၀၀၀)ကျပ် ထဲ့တွက်ထားသော်လည်း ယင်းပိုက်စိမ်းမှာနောက်တကြိမ် ဂဏန်းမွေးလျှင်လည်း ဆက်၍သုံးနိုင်သေးသည်။

ဘာကြောင့်အမြတ်ကျန်ရသလဲဟု မေးကြည့်သော်ဂဏန်းကို ကျွေးရသောအစာများမှ ဆန်ကွဲကျို ထားသော ထမင်းပစ်နဲ့ငါးနူတ်ငါးဖွဲများသာဖြစ်သောကြာင့် အမြတ်ကျန်ရခြင်းဖြစ်ပါသည်။ ငါးနုတ်၊ ငါးဖွဲမှာ လပွတ္တာတွင် ၁ ပိသာ (၃၀၀၀/-) ဆန်ကွဲမှာလည်း ၁ ပြည်၃၀၀၀/- သာရှိပြီး အစာဖိုးသက်သာလာ သောကြောင့်ဖြစ်သည်။

မွေးဂဏန်းကိုပဲဂဏန်းဟုခေါ်ရခြင်းမှာ ပဲစေ့လောက်သာရှိပြီးသောကြောင့် ပဲဂဏန်းဟုခေါ်ကြပြီး ၁ ကီလိုဆိုလျှင် ဂဏန်းပေါက်များများပြားစွာပါဝင်သည်။ အဓိကအချက်မှာ ဒီရေတောဂေဟစနစ်ကို ဖန်တီးယူနိုင်ခြင်း၊ ဂဏန်းကလည်းဒီရေတောမှာ ပျော်မွေ့သော ဂဏန်းမျိုးဖြစ်ပြန်ခြင်းနဲ့၊ ဂဏန်းစျေး ကောင်းခြင်းတို့ကြောင့် ဤလုပ်ငန်းဖွံ့ဖြိုးရခြင်းဖြစ်သည်။

(၁)ဧက စပါးစိုက်ခြင်းထက် (၁)ဧက ဂဏန်းမွေးခြင်းက ပိုအကျိုးရှိသည်ကိုတွေ့ရသည်၊ ဒါကြောင့်ဒီလုပ်ငန်းက “တယ်ဟုတ်ပါလားပေါ့” တွေးမိတာပါ။ အကုသိုလ်တော့လည်းရှိတာပေါ့လေ။

Dr.စန်းဝင်း
FREDA

05/03/2026
၄/၃/၂၀၂၆                                                 ဟုတ်ရဲ့လား အသက်အရွယ်လေးရလာတော့ သမိုင်းကြောင်းကို လေ့လာလိုသော ဆန...
04/03/2026

၄/၃/၂၀၂၆
ဟုတ်ရဲ့လား
အသက်အရွယ်လေးရလာတော့ သမိုင်းကြောင်းကို လေ့လာလိုသော ဆန္ဒရှိလာသည်။ ရှေးဟောင်း နှောင်းဖြစ်အကြောင်းအရာတွေကို အသက်အရွယ်တူသော မိတ်ဆွေများနဲ့စကား ပြောတတ်သည် သစ်တောကဏ္ဍမှာတော့ သမိုင်းကိုစိတ်ဝင်စားလျှင်ဖတ်ရမည့် စာအုပ်များထဲတွင် Working Plan ခေါ်သော စာအုပ်များကိုမဖတ်မဖြစ်ဖတ်ရမည်၊ ၁၉၆၂ခုနှစ်ထိ မြန်မာနိုင်ငံသစ်တော စီမံအုပ်ချုပ်မှု အတွက် သစ်တောတိုင်းများ(Circles)ကို (က)အဏ္ဏဝါတိုင်း (Marime), (ခ)လှိုင်တိုင်း (Hlaing), (ဂ)ချင်း တွင်းတိုင်း(Chindwin), (ဃ)မြောက်ပိုင်းတိုင်း (Northern)ဟု ခွဲခြားပြီး အုပ်ချုပ်သည်။ သစ်တော ခရိုင်(Forest Division)က(၄၀)ရှိခဲ့သည်။ တစ်ခရိုင်လျှင်(၁၀)နှစ် (၁)ကြိမ် စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များကို စာအုပ်(၂) အုပ်ဖြင့် ရေးဆွဲရသည်။ စာအုပ်(၁) volume one ဟုခေါ်သည်၊ ယင်း volume one တွင် အတိတ်က ဆောင်ရွက်ခဲ့သော သစ်တောလုပ်ငန်း များကို ဖော်ပြသည်။ ယင်းကို Past Historyဟုလည်းခေါ်သည်။ ဧရာ၀တီ သစ်တော Delta Forest Division ၏ volume one ကိုနမူနာပြပါသည်။ Chapter(4) ခုပါရှိပါသည်။ (1) Description of the Forest Division (2) The Forest (Types) (3)Forest Products Utilization (4)Establishment and Labour ဟူ၍ ပါဝင်ပါသည်။

စာအုပ်(၂) Volume-II ဟုခေါ်သည်၊ ယင်းတွင် ရှေ့(၁၀)နှစ်မှာ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို ဖော်ပြပါသည်။ Chapter(9)ခုပါပြီး volume ရှိ chapter များရှိ အမှတ်စဉ်ကို ဆက်လက်သုံးထားသဖြင့် Volume-II တွင် Chapter V မှ XIII ထိ (၉)ခုပါရှိသည်။

Chapter(V)တွင် အရင်က ဆောင်ရွက်ခဲ့သော သစ်တောလုပ်ငန်းများကို အကျဉ်းအဖြစ်ဖော်ပြ ပါသည်။ Chapter (VI) တွင် ပေါက်ရောက်နေသာ သစ်မျိုး၊ အပင်အရေအတွက် လုံးပတ်တို့ကို ဖော်ပြသည်၊ Chapter (VII) တွင် ဆောင်ရွက်မည့် အစီအမံအဆိုပြုချက်များကို ရည်ရွယ်လျှက် ဆောင်ရွက်မည့်နည်းလမ်း၊ ကြာမည်နှစ်စသည့်တို့ကို ဖော်ပြသည်။ Chapter (VIII) တွင် အစဉ်အလိုက်ခုတ်လှဲမည့် အကွက်များ ခွဲခြားထားရှိခြင်း၊ ထွက်ရှိမည့် တောထွက်စသည်တို့ကို ရေးထားသည်၊ Chapter (IX) တွင် ကျောက်ကုန်းကြိုးဝိုင်း အတွက်ဆောင်ရွက်မည့် အစီအစဉ် Chapter(X)တွင် လဲပြောက်ကြိုးဝိုင်းအတွက် လာမည့်(၁၀)နှစ်အတွင်း ဆောင်ရွက်မည့် အစီအစဉ် (XI)တွင် ကြိုးဝိုင်းများကို ဆက်လက်တိုးချဲ့(သို့) တစိတ်တပိုင်းဖျက်သိမ်းခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ် စသည်တို့ကို ဖော်ပြပြီး (XII)တွင် ရံပုံငွေကိစ္စကုန်ကျမည့်စရိတ်၊ ရရှိမည့်အခွန်တော်တို့ကိုလည်း ရေးသား ဖော်ပြထားသည်(XIII) တွင် ငွေကြေးခန့်မှန်းချေတို့ကို ဖော်ပြထားသည်။

ထို Working Plan စာအုပ်များထဲတွင် ဒီရေတောသစ်မျိုးစုံစွာပေါက်နေခြင်းကို ကြည့်ခြင်း အားဖြင့် ဂေဟစနစ် ကောင်းစွာတည်ရှိနေကြောင်းခန့်မှန်းနိုင်သည်၊ အောက်ပါသစ်မျိုးတို့ကို တွေ့ရှိရ ပါသည်။ အပင်(၆၁)မျိုး၊ ဝါး(၄)မျိုး၊ ခြုံ(၁၅)မျိုး၊ နွယ်ပင်(၅)မျိုးစသည်ဖြင့် စုံလင်စွာမှတ်တမ်း တင်ထားသည်။ ရေချိုမျိုး(၄၀)နဲ့ ရေငန်/ရေချို ရေငံ(၂)မျိုးပေါင်း(၂၁)မျိုးတွေ့ရသည်။ ဧရာ၀တီတိုင်း ဒီရေတောဆိုသော်လည်း ဒီရေအရောက်နဲ့ပါးသော၊ ဒီရေမရောက်သောဒေသများတွင် ရေချိုပေါက် သစ်မျိုးစုံလင်စွာတွေ့ရသည်။ ရေချိုမှာ ပေါက်တာလား၊ ရေငန်မှာပေါက်တာလား၊ ရေချို/ရေငန် စပ်မှာ ပေါက်တာလားစသဖြင့် ခွဲခြားဖော်ပြထားသည်။ အောက်ပါဇယားကိုကြည့်ပါ။

အမည် အမျိုးအစား ရေချို/ရေငန်
အနန်းဖို သစ်ပင် ရေချို
အောက်ချင်းဇာ သစ်ပင် ရေချို
ဘိုင်းဒေါင့်ရှည် သစ်ပင် ရေငန်
ဘင်ဂ သစ်ပင် ရေချို
ဘိစပ် ခြုံပုတ် ရေချို
ဗြူးခြေထောက် သစ်ပင် ရေငန်
ဗြူးကြက်တတ် သစ်ပင် ရေငန်
ဗြူးဥတလုံး သစ်ပင် ရေငန်
ဓနိ ခြုံပုတ် ရေငန်
ဒနူန်း ခြုံပုတ် ရေငန်
ဆိတ်နွယ်ပင် နွယ်ပင် ရေငန်
နှော သစ်ပင် ရေချို
ငှက်ကြီးတောင် ခြုံပုတ် ရေငန်
ကနစို သစ်ပင် ရေငန်
ကန့်ပလာ သစ်ပင် ရေငန်
ကညင် သစ်ပင် ရေချို
ကသစ် သစ်ပင် ရေချို
ခရား ခြုံပုတ် ရေငန်
ကစောင်း သစ်ပင် ရေချို/ရေငန်
ကျန သစ်ပင် ရေငန်
ကြောင်လျှာ သစ်ပင် ရေချို
ကြက်ရိုး သစ်ပင် ရေချို/ရေငန်
ကျီးပင် သစ်ပင် ရေချို/ရေငန်
ကျူ မြက် ရေချို
လဘ သစ်ပင် ရေငန်
လမု သစ်ပင် ရေချို/ရေငန်
မဓမ သစ်ပင် ရေငန်
မလွှ သစ်ပင် ရေချို
မဏီဩဂ သစ်ပင် ရေချို
မိကျောင်းနွယ် နွယ်ပင် ရေချို/ရေငန်
မင်းဘော် သစ်ပင် ရေချို
မြယာ သစ်ပင် ရေချို
မျောက်ကြိမ် နွယ်ပင် ရေချို/ရေငန်
‌မျောက်ဥကသစ် သစ်ပင် ရေငန်
မြင်းဂ သစ်ပင် ရေချို/ရေငန်
နဂျီ သစ်ပင် ရေချို
နလင်ကျော် သစ်ပင် ရေချို
‌ညောင် သစ်ပင် ရေချို/ရေငန်
အုန်းနှဲ သစ်ပင် ရေချို
ဥသျှစ် သစ်ပင် ရေချို
ပိတောက် သစ်ပင် ရေချို
ပန်းမ သစ်ပင် ရေချို
ပန်းမောက်ခုံ သစ်ပင် ရေချို
ပန်းတံခါးဖို သစ်ပင် ရေချို
ပန်းတံခါးမ သစ်ပင် ရေချို
ဖက်သန်း သစ်ပင် ရေချို
ပင်လယ်အုန်း သစ်ပင် ရေငန်
ပင်လယ်ရှား ခြုံပုတ် ရေငန်
ပျဉ်းမ သစ်ပင် ရေချို
စကားလွန်း သစ်ပင် ရေချို
စလပ် ခြုံပုတ် ရေချို
စလူ ခြုံပုတ် ရေချို
ဆောက် နွယ်ပင် ရေချို
ရှား သစ်ပင် ရေချို
ဆင်နင်းသရက် သစ်ပင် ရေချို
စစ် သစ်ပင် ရေချို
တလပိ သစ်ပင် ရေချို/ရေငန်
တမာစင်္ကြာ ခြုံပုတ် ရေချို
တရှား သစ်ပင် ရေချို
ထောက်ကြံ့ သစ်ပင် ရေချို
ထောက်ရှာ သစ်ပင် ရေချို
တောကွမ်းသီး ခြုံပုတ် ရေချို
တောငှက်ပျော ခြုံပုတ် ရေချို
တယ် သစ်ပင် ရေချို
ထိန် သစ်ပင် ရေချို
သဘော့ ခြုံပုတ် ရေချို/ရေငန်
သပြေ သစ်ပင် ရေချို
သိုက် ဝါး ရေချို
သိုက်တူ ဝါး ရေချို
သိုင်း ခြုံပုတ် ရေချို
သမဲ့ သစ်ပင် ရေငန်
သံသတ် သစ်ပင် ရေချို
သရော သစ်ပင် ရေချို/ရေငန်
သရက် သစ်ပင် ရေချို
သင် ခြုံပုတ် ရေချို
သင်းပန်း ခြုံပုတ် ရေချို/ရေငန်
သင်ဘောင်း ခြုံပုတ် ရေချို/ရေငန်
သင်္ကန်း သစ်ပင် ရေချို
သမဲ့ကြီး သစ်ပင် ရေချို
သစ်ဖြူ သစ်ပင် ရေချို
ဝါးနက် ဝါး ရေချို
ဝါးယား ဝါး ရေချို
ဖက်ကြိမ် နွယ်ပင် ရေချို
ဖက်သနပ် သစ်ပင် ရေချို
ရုံး သစ်ပင် ရေချို
ဇီးဖြူ သစ်ပင် ရေချို
ဇင်ပြွန်း သစ်ပင် ရေချို
Source: Working Plan for the Delta Forest Division (1947-48 to 1956-57)-Volume-I

စိုက်ပျိုးမြေတိုးချဲ့ခြင်း၊ လောင်စာအတွက်ဖြည့်တင်းခြင်းများကြောင့် ဒီရေတောများ ပျက်စီး ခဲ့ရသည်။ ယခုအခါပျက်စီးသွားသော ဒီရေတောနေရာကို သစ်တောဦးစီးဌာနကလည်း ပြန်လည် စိုက်ပျိုးခြင်းဆောင်ရွက်နေသည်။ အစုအဖွဲ့ပိုင်စိုက်ခင်းနဲ့ပုဂ္ဂလိကတို့က ဖြည့်ဆီးစိုက်ပျိုးနေကြသည်။

FREDA ရုံး၏ ရနိုင်သမျှသောကိန်းဂဏန်းအချက်အလက်များကိုရှာရာတွင် (ဉပမာ-နှစ် ၃၀ Evaluation, နှစ် (၂၀) Evaluation စာအုပ်များ စိုက်သောခုနှစ်၊ စိုက်သောနေရာ၊ မြေပိုင်ဆိုင်မှု(ဉပမာ-အစုအဖွဲ့ပိုင်သစ်တော)စိုက်သောဧကတို့ကိုသာ ဦးစားပေးဖော်ပြခဲ့ကြသည်ကိုတွေ့ရသည်၊ မည်သည့် သစ်မျိုးကို အပင်မည်မျှဟုဖော်ပြထားသည်ကိုမတွေ့ရပါ။ သမဲ့(Avicennia Officinalis), ဗြူးအုပ်ဆောင်း (Bruguiera gymonrhiza), ဗြူးရွှေဝါ(Bruguiera Sexangula)တို့ကိုသာအများ အားဖြင့် စိုက်ပျိုးထားကြောင်းသိရသည်။ ယခင်က သစ်မျိုး၊ ဝါးမျိုး၊ ခြုံနွယ်မျိုး (၈၀) (ရေချို(၆၀)၊ ရေချို/ရေငန်၊ ရေချို(၂၀)မျိုးရှိသောနေရာကို ရေငန်သစ်မျိုး(၂-၃)မျိုးသာ စိုက်နေခြင်းသည် ဒီရေတော ဂေဟစနစ်ကိုထိန်းတာလား၊ တဖက်စောင်းနင်းဖြစ်အောင် လုပ်နေတာလားဟုတွေးမိသည်၊ ဦးစားပေး စိုက်နေသော အပင်(၃)မျိုးတို့၏ ရွက်ကြွေများကို ကြိုက်နှစ်သက်သော ရေနေသတ္တဝါတို့သာ ပွားများ လာပြီး ကျန်သောရေနေသတ္တဝါတို့ သူတို့ကြိုက်သော ရွက်ကြွေများမစားရ၍ ပျောက်ကွယ် ပေလိမ့်မည်။ “တို့လုပ်နေတာဟုတ်ရောဟုတ်ရဲ့လား”လို့ ပြန်လည်တွေးမိနေသည်။

ထို့ကြောင့် ငွေကြေးအကုန်အကျခံပြီး ပျောက်ကွယ် လျော့ပါးနေသော အပင်တို့ကို ပြန်လည်စိုက်ပျိုး နိုင်အောင် သုတေသနအခန်းကဏ္ဍပါထည့်သွင်းပြီး တတ်နိုင်သမျှ ပြန်လည်ဖြစ်ထွန်းအောင် ဆောင်ရွက်လိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ အရေးတကြီးလိုနေကြောင်း တွေးမိပါသည်။

ဒေါက်တာစန်းဝင်း
FREDA

FYI :::::: MERA မှ ခေါ်ယူသည့် VC များဖြစ်ပါသည် စိတ်ပါဝင်စားသူမည်သူမဆို လျှောက်ထားနိုင်ပါသည်။
27/02/2026

FYI ::::::

MERA မှ ခေါ်ယူသည့် VC များဖြစ်ပါသည် စိတ်ပါဝင်စားသူမည်သူမဆို လျှောက်ထားနိုင်ပါသည်။

🌳 [Free Webinar] စိုက်ပျိုးမြေတွေကနေ ဝင်ငွေလည်းတိုး၊ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းရအောင် "Agroforestry" အကြောင်း လေ့လာက...
23/02/2026

🌳 [Free Webinar] စိုက်ပျိုးမြေတွေကနေ ဝင်ငွေလည်းတိုး၊ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းရအောင် "Agroforestry" အကြောင်း လေ့လာကြစို့ ✨

စိုက်ပျိုးရေး ဝါသနာရှင်များ၊ သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း! 📢
မြန်မာနိုင်ငံရဲ့ သစ်တောကဏ္ဍနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဝါရင့်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစန်းဝင်း (Chairman, FREDA) မှ Agroforestry ရဲ့ အနှစ်သာရတွေနဲ့ လက်တွေ့အသုံးချနည်းစနစ်တွေကို Zoom မှတစ်ဆင့် အခမဲ့ မျှဝေဟောပြောပေးသွားမှာ ဖြစ်ပါတယ်။

📝 ဒီ Seminar မှာ ဘာတွေ လေ့လာရမလဲ?
ဒီဟောပြောပွဲဟာ ရိုးရိုးရှင်းရှင်း အသိပညာပေးရုံတင်မကဘဲ စုစုပေါင်း မိနစ် ၁၂၀ ကျော်ကြာမြင့်မည့် Course တစ်ခုလုံးရဲ့ အနှစ်ချုပ်တွေကို သိရှိနိုင်မှာဖြစ်ပြီး အောက်ပါ အဓိကအချက်တွေကို ဆွေးနွေးသွားမှာပါ -
• ✅ Agroforestry စနစ်အမျိုးမျိုး: မိမိမြေနဲ့ ကိုက်ညီမယ့် စိုက်ပျိုးနည်းစနစ်များ။
• ✅ ဝင်ငွေတိုးလမ်း: အနာဂါတ် Agroforestry ၏ရှုထောင့်များ။
• ✅ အပူပိုင်းဒေသ နိုင်ငံအချို့နှင့် ဗီယက်နမ်နိုင်ငံ၏ Agroforestry ဉပမာများ

🗓️ ဟောပြောပွဲ အစီအစဉ်
• 📅 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် (စနေနေ့)
• 🕖 အချိန်: ည (၇:၀၀) နာရီမှ ည (၉:၀၀)
• 📍 နေရာ: Zoom Online Platform
• Link-https://us05web.zoom.us/j/7325865920?pwd=D8aEKsHtbnP5vSkfybaO7PvYePzcOQ.1
• ID - 732 586 5920
• Passcode - 13111983
• (အိမ်ကနေတင် တက်ရောက်နိုင်ပါပြီ)
"သစ်ပင်လည်းစိုက်၊ ဝင်ငွေလည်းတိုးစေမယ့် Agroforestry ပညာရပ်ဟာ အနာဂတ်စိုက်ပျိုးရေး အတွက် မရှိမဖြစ်ပါပဲ"

"တောဓလေ့"ဒီတပတ်မှာတော့ တောဓလေ့ရဲ့ မှတ်သားဖွယ်ရာအကြောင်းပါ။ တောဓလေ့ဆိုသော်လည်း မျိုးရိုးစဉ်ဆက်များနှစ်ပေါင်း စွာလေ့လာမှတ်...
09/02/2026

"တောဓလေ့"

ဒီတပတ်မှာတော့ တောဓလေ့ရဲ့ မှတ်သားဖွယ်ရာအကြောင်းပါ။ တောဓလေ့ဆိုသော်လည်း မျိုးရိုးစဉ်ဆက်များနှစ်ပေါင်း စွာလေ့လာမှတ်သားခြင်းနဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတာမို့ စိတ်ချရမှုယုံကြည်စွာ အသုံးပြုနိုင်ဖို့ ၁၀၀% စိတ်ချရပါတယ်။

တောဓလေ့တွေထဲက ပထမဦးဆုံးအနေနဲ့ အညာဒေသက အချိန်နဲ့ ပတ်သက်ပြီးပြောချင် ပါတယ်။ အညာဒေသမှာ ထန်းပင်တွေပေါလို့ ထန်းပင်ကို အခြေခံပြီး ဖော်ထုတ်ကြတာရှိပါတယ်။ “နေခြည်ထန်းတဖျား”ဆိုတဲ့စကားကိုပါ၊ နေခြည်ထန်းတဖျားမှာ တောသမား (တောမှာအလုပ် လုပ်သူများ) ကို လဘက်ရည်တို့ ထမင်းတို့ပို့ကြတဲ့ အချိန်ကိုဆိုလိုတာပါ။ မနက် ၇-၈နာရီလောက်ကို ဆိုလိုတာပါ။

ထိုနည်းတူဘဲ ကြက်တွေက ၁ နာရီဝန်းကျင် တစ်ခါ တွန်တတ်တာမို့ ဒီကြက်တွန်သံကို ကြည့်ပြီး သူငယ်အိပ်ချိန်၊ သန်းခေါင်ယံချိန်၊ မိုးသောက်ချိန်တို့ကို အကြမ်းဖျဉ်းခန့်မှန်းနိုင်ကြပါတယ်။

အောက်ပြည်အောက်ရွာမှာကတော့အညာလို ထန်းပင်မရှိ၊ မိုးများလွန်းလို့ ကြက်မွေးတာနဲပါးပါတယ်၊ သို့သော်လည်း သူတို့ဝန်းကျင်မှာက ဒီရေတက်ချိန်၊ ကျချိန်ကိုမူတည်ပြီး သူတို့ဓလေ့အရ လေ့လာမှတ်သားတာကို စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။ လဆန်းလဆုတ်ပေါ်ကြည့်ပြီး ဒီရေအတက်အကျပြောတာပါ။ လဆန်း၊ လဆုတ်ရက်များအပေါ်ကြည့်ပြီး ရေတက်၊ ရေကျချိန် ပြောပြတာဆိုတော့၊ ဤအဆိုကတော့ ပျောက်ကွယ်စရာမရှိပါဘူး၊ ပြောရရင် အဂၤလိပ်ပြက္ခဒိန်က ၁ ကနေ ၃၀/၃၁ ထိပဲ၊ ရက်ကိုကြည့်ပြီး ရေတက်ရေကျခန့်မှန်းလို့ မရပါဘူး။

ဉပမာ-နေဝင်ရေတက် (၁၃)ရက်၊ မိုးလင်းရေတက်(၁၃)ရက်၊ ဒါကတော့လဆန်းဖြစ်ဖြစ် လဆုပ် ဖြစ်ဖြစ်(၁၃)ရက်မှာတော့ မိုးလင်း/မိုးချုပ်မှာရေ“စ”တက်မှာပဲ၊ လဆန်းလား၊ လဆုပ်လားဘဲကြည့်ဖို့ ရှိတော့တယ်။ အဲဒီရက်တွေမှာ မိုးလင်းတာနဲ့ ရေ“စ”တက်ပါပြီ။ နေဝင်တာနဲ့ ရေ “စ”တက်ပါပြီ။

နောက်တခါ မိုးလင်းရေတက်(၁၃)ရက်မှာတော့ “ပုဇွန်ဖမ်း၊ ငါးဖမ်းမီ(၆)နာရီလို့” ဆိုထား ပြန်သေးတယ်။ လဆန်းလဆုပ်(၁၃)ရက်ရက်တွေမှာ ငါး၊ပုဇွန်ဖမ်းချင်ရင် မနက်(၆)နာရီမှာ ထဖမ်းပါလို့ ပြောတာပါ၊ အဲဒီအချိန်ရေတက်နေပါပြီ။ တံငါသည်များ အတွက်အတော်ဟန်ကျတဲ့ မှတ်နည်းပါ။ ဒါကြောင့် ဒီရေအတက်အကျကို အသေးစိတ် ပြောပြထားတာတွေမှတ်လို့လွယ်အောင် အောက်ပါအတိုင်း ရေးထားမိပါတယ်။

လဆန်း/လဆုတ် ရေတက်/ရေကျ မှတ်ချက်
၁။ ၇ နာရီ “ရေထ”ရက် ရေ “စ” တက်ခြင်း
၂။ ၈ နာရီ “ရေထ”ရက်
၃။ ၉ နာရီ “ခေါင်”ရေ (အမြင့်ဆုံးရေတက်ခြင်း)
၄။ ၉:၃၀ နာရီ ခေါင်ရေနီးပါး
၅။ ၁၀:၃၀ နာရီ ရေသေဦး
၆။ ၁၁ နာရီ ရေသေ (ရေစကျလာပြီ)
၇။ ၁၂ နာရီ ရေသေ
၈။ ၁၂:၄၈နာရီ ရေသေ
၉။ ၁:၃၀ ရေစင်းစင်းသေ(အနိမ့်ဆုံးရေမှတ်)
၁၀။ ၂:၃၀ ရေနုထ(ရေ “စ” တက်)
၁၁။ ၃:၁၅ ရေနုထ(ရေ “စ” တက်)
၁၂။ ၄:၀၀ ရေနုထ(ရေ “စ” တက်)
၁၃။ ၅:၀၀
၁၄။ ၅:၃၀ ရေ - တက်ရက်
၁၅။ ၆:၃၀ ရေထဦးရက်များ

ဒီဇယားလေးကို ကြည့်တာနဲ့ ရေတက်၊ ခေါင်ရေ၊ ရေကျ စတာတွေကိုဆိုနိုင်ပါတယ်။ ကမ္ဘာကြီးနဲ့လမင်းကြီးတည်ရှိနေသ၍ ဒီအတိုင်းရေတက်ရေကျဖြစ်နေမှာပါ။

ဒီရေရောက် အရပ်ဒေသမှာနေတဲ့လူများက အထက်ပါ ရေတက်ရေကျကြည့်ပြီး အလုပ်လုပ်ကြရတာပါ၊ ရေတက်ချိန် ငါးဖမ်းပေါ့၊ ရေကျချိန်မှာကတော့ လွန်းပြင် (အသေးစား လှေပြင်တာ) သစ်ခွဲ၊ ထင်းခွဲပေါ့၊ ဗဟုသုတအနေနဲ့ကတော့ ဒီရေတောဧရိယာမှာ ဆားငံနှုန်း (the salinity of the water) ဟာရာသီအလိုက်အငံ၊ အပေါ့ ကွာခြားပါတယ်။ ဧရာ၀တီမြစ်ကြီးကနေဖြာထွက်လာတဲ့ မြစ်ငယ်၊ ချောင်းငယ်အသွယ်သွယ်က တဆင့် စီးဆင်းလာတဲ့ ရေချိုပမာဏပေါ်မူတည်ပြီး အငံအပေါ့ ဖြစ်လာပါတယ်။ ရေချိုဆင်းလာချိန်နည်းပါးတဲ့ နွေရာသီမှာတော့ရေပိုငံပါတယ်။

နောက်တခါ အချိန်နဲ့မဆိုင်ပေမဲ့ သဘာဝကို အကောင်းဆုံးသုံးထားတဲ့ နည်းလေးမျှ ဝေချင်ပါတယ်။ ဒါကတော့ ရေတက်/ရေကျတာကို အသုံးပြုသုံးထားတဲ့ စိတ်ဝင်စားစရာကိစ္စလေးပါ။ လှေတစ်စင်း ရေမြုတ်သွားတယ် ဆိုပါစို့၊ ချက်ချင်းမဆယ်သေးဘူး၊ (ရေတက်မှာ ရေအနက်မှာ လှေဆယ်ဖို့ခက်ပါတယ်) ရေကျတဲ့အခါကြမှ အဲဒီမြုတ်နေတဲ့ လှေကိုကြိုးနဲ့ချီ၊ ကြိုးစကို ရေပြင်ပေါ်မှာရှိတဲ့ လှေ(၂)စင်းနဲ့ တွဲချီထားလိုက်၊ ရေလည်းတက်လာရော အပေါ်က လှေ(၂)စင်း က ဒီရေနဲ့အတူ မြင့်တက်လာပြီး အောက်ဖက်မြုတ်နေတဲ့လှေကို ဒီရေအားနဲ့ဆွဲဖော် သလိုဖြစ်သွားကာ လှေပြန်ဆယ်လို့ ရသွားပါတယ်။ လူသားကသဘာဝကို အသုံးချတာပေါ့။

ဒီရေကနေတဆင့်လျှပ်စစ်ထုတ်တာ (Electricity Generation through tides) ကလည်း ဒီရေလှုပ်တဲ့လှိုင်း အနိမ့်အမြင့် အပေါ်မှာ Floating buyor ထားပြီး buyor လှုပ်ခတ်တော့ သူနဲ့တွဲထားတဲ့ဝင်ရိုး (shaft) ကိုလည်စေတာပါ၊ လည်ရာမှဆင့် Dynamo ကိုလည်စေပြီး မီးထွက် (လျှပ်စစ်ထွက်အောင်) လုပ်ကြတာပါ၊

တခြား တနည်းလည်းစဉ်းစားမိပါသေးတယ်၊ခေါင်ရေ(လဆန်း/လဆုပ်-၃ရက်)မှာ တက်လာသော အမြင့်ဆုံးရေ(ဝါ)ခေါင်ရေကို ကန်တကန်ထဲထဲ့ထားပြီး ရေကျတဲ့အခါ အဲဒီကန်ကမှ တဆင့်ရေပိုက်(၁)ခုနဲ့ ရေထွက်စေကာ Turbine ကိုလှည့် စေရင်လည်း လျှပ်စစ်ထွက်နိုင်မယ်လို့ တွေးမိပါတယ်။ ဒီရေအတက် အကျရဲ့ အမြင့်ပေက ၁၀-၁၂ ပေထိရှိတာကို တွေ့ရပါတယ်။

ရေ“ထ”ရက်မှာ ဆားကျင်းထဲရေလှောင်ထားပြီး နေလှန်းဆားထုတ်လုပ်တာကို ကြည့်ပြီးတွေးမိတာပါ။

နောက်တကြိမ်မှာတော့ ရေတက်ရေကျမှာ ဒီရေတောပင်တွေသဘာဝအတိုင်း မျိုးပွားတာတင်ပြပါဦးမယ်။

ဒေါက်တာစန်းဝင်း
FREDA

သမဲ့သည်သာအားကိုးရာငယ်ငယ်ကလေးဘဝတုန်းကပထဝီဝင်ဘာသာရပ်မှာမြန်မာပြည်မြေပုံဆွဲခဲ့ရတယ်။ဧရာဝတီမြစ်ဆွဲတဲ့အခါမေခ နှင့် မေလိခ မြစ်၂...
02/02/2026

သမဲ့သည်သာအားကိုးရာ

ငယ်ငယ်ကလေးဘဝတုန်းကပထဝီဝင်ဘာသာရပ်မှာမြန်မာပြည်မြေပုံဆွဲခဲ့ရတယ်။ဧရာဝတီမြစ်ဆွဲတဲ့အခါမေခ နှင့် မေလိခ မြစ်၂ သွယ်ကို အရင်ရေးဆွဲပြီနောက်၊မြစ်မကြီးဖြစ်လာတဲ့အခါ အထက် ကနေအောက်ဖက်ပင်လယ်စပ်ရောက်ခါနီးကျတော့ မြစ်မွှားလေးတွေကို ညအခါ လက်နှိပ်ဓါတ် မီးရောင်ဖြာထွက်သလိုမြစ်မွှားလေးတွေကိုဆွဲချင်သလိုဆွဲခဲ့တာသတိရတယ်။

အခုဒီရေတောစိုက်ပျိုးရေးခရီးစဉ်မှာတော့အဲဒီမြစ်မွှားလေးတွေဆီကိုသွားရောက်ရတာပါ။

အမှန်ပြောရရင်တော့ မြစ်မွှားလေးတွေကို ဆွဲချင်သလိုဆွဲခဲ့တာဆိုတော့မမှတ်မိတော့ပါ။ တမြို့ဖြတ်ကျော်သွားတိုင်းမြစ်တစ်စင်းပေါ်ကိုတံတားတစ်ခုဖြတ်တာဆိုတော့လေနော့။အခုကိုယ်တိုင်ရောက်တော့မှ ဧရာမြစ်၊ ရွေးမြစ်၊ ပြာမလော့မြစ်စသည်ဖြင့် ကွဲပြားသွားတာကိုမျက်မြင်ကိုယ်တွေ့မြင်ခဲံရတော့တယ်။ ဒေသအခေါ်ကတော့ မြစ်တွေကို မြို့နာမည်နဲ့ကပ်ပြီးတော့ခေါ်ကြသေးတယ်၊ ဉပမာ-ဖျာပုံမြစ်ပေါ့

ဒေးဒရဲ၊ဖျာပုံ၊ ဘိုကလေး၊မော်ကျွန်း၊ဝါးခယ်မ၊အိမ်မဲ၊မြောင်းမြ ကနေလပွတ္တာဆိုတော့မြစ်တွေကိုဖြတ်လိုက်ရတာ။

လပွတ္တာရောက်ပြီနောက်တရက်၊ ရွေးမြစ်ကိုစုံဆင်းကာ ကရင်မချောင်းရွာဘက်ကအစုအဖွဲ့ပိုင်ဒီရေတောစိုက်ခင်းတွေကိုကြည့်ဖို့မော်တော်လေးနဲ့ထွက်လာပါတယ်။ မနက် ၇ နာရီထွက်တာ သစ်ပုတ်ကုန်းစခန်းက သမဲ့ စိုက်ခင်းကို ၁၀ နာရီလောက်ရောက်ပါတယ်။ အသက် ၅၀ ဝန်းကျင်ရွာသား ကိုသက်ဆွေ (အမည်လွဲ) ၊ ကိုပေါလျှံ(အမည်လွှဲ) တို့နဲ့သူတို့စိုက်ခင်းကို ရောက်တော့ ရှေးဟောင်းနောင်ဖြစ်စကားတွေပြောဖြစ်ကြပါတယ်။နာဂစ်အကြောင်းလည်းပါတာပေါ့။

"တိုက်လိုက်တဲ့မုန်တိုင်း၊တနာရီ မိုင် ၁၂၀ ကျော်"

"တက်လိုက်တဲ့ရေ၊ ပုံမှန်ချောင်းရေအမြင့်ထက်ပိုပြီး ၁၂ ပေတက်၊ လှိုင်းအမြင့်ပါထည့်တွက်ရင် ဆို ၁၄ပေ-၁၅ ပေတက်ခဲ့တာပေါ့်။ ညပိုင်းလေ မုန်တိုင်းကျလာတော့ ကိုသက်ဆွေက ရောက်ရာနေရာမှာရှိတဲ့သမဲ့ပင်ကို ဖက်တွယ်ထားတယ်။ ညပိုင်းရောက်လာလေ၊ လေရော မိုးရော ပိုပြင်းထန်လာလေတဲ့။
ကြာတော့ကြောပြင်တွေ လေနဲ့မိုးပေါက်ဒဏ်ကြောင့်စပ်ဖျင်းဖျင်းနဲ့မခံနိုင်တော့"။
သို့ပေမဲ့သမဲ့ပင်ကိုဖက်ထားရာကနေ အသက်ရှင်ရေးအတွက် လက်မလွတ်နိုင်သေး။ ဒီရေကလည်းတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှ လူကလည်းအပေါ်ဖက်ကိုရွှေ့တက်လိုက်လာရတယ်။ အပင်အမြင့် ၁၆-၁၇ ပေထိပေါ့။

နောက်တော့လေရောမိုးရောတအားပြင်းလာတော့ လေပြင်းမုန်တိုင်းလာရာဖက်ကို ပင်စည်နဲ့ကွယ်ထားပြီးပုန်းသလိုနေနေရတာပေါ့။
ကိုပေါလျှံကတော့ ၂ နှစ်အရွယ် သားကလေးနဲ့အမျိုးသမီးကိုဘယ်ဖက်နဲ့အတင်းဖက်ထား၊ ညာဖက်ကသမဲ့ပင်စည်ကိုဖက်တွယ်ထားပြီးအံကြိတ်ကာနာဂစ်ဒဏ်ကိုညလုံးပေါက်
တုံ့ပြန်ခဲ့ရတယ်။ အစပိုင်းမှာအမျိုးသမီးကိုလက်ချင်းချိတ်ပြီးထားနိုင်ခဲ့ပေမဲ့၊ ညပိုင်း မှောင်မိုက်ပြီးလေရောမိုးရောပြင်းထန်တော့အမျ်ုးသမီးနဲ့တွယ်ဖက်ထားတဲ့လက်ကလွတ်သွားပြီ သားကလေးကိုသာ လွတ်မထွက်ရေးကိုကြိုးပမ်းလိုက်ရတော့တယ်၊ အမျိုးသမီးအသက်ကိုတော့ မကယ်နိုင်တော့ဘူးတဲ့။ အဲဒီအချိန်ကစပြီးတော့ အမျိုးသမီးနဲ့ ရာသက်ပန်ကွဲကွာသွားခဲ့ရတာပါတဲ့။

“သမဲ့ပင်တွေကကျနော်တို့အသက်တွေကယ်လိုက်တာပါဆရာတဲ့”။

“ကန့်ပလာပင်ကရောဗျလို့ ကျနော်မေးမိသည်။ ကန့်ပလာပင်ကို ပိုးတွေက အလွန်ကြိုက်ပြီးအမြစ်ကလည်းတိမ်တော့အပင်လဲလွယ်ပါသည်တဲ့”။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကိုပေါလျှံရဲ့မိသားစုဆွေမျိုး ၂၅ ယောက်မှာ ၅ ယောက်သာကျန်တော့သတဲ့။ သူတို့နားကရွာဆို တရွာလုံး ကျန်ရစ်သူ ၇ ယောက်သာရှိသတဲ့။
ကြားရတာစိတ်မကောင်းရုံကလွဲ၍ ဘာမှလည်းမတတ်နိုင်တော့ပါ။
ဒီလိုနဲ့သူတို့ရဲ့ဒီရေတောစိုက်ခင်းတွေ့ကြည့်ပြီးနောက် ဒရယ်ဖြူချောင်းစိုက်ခင်း၊ မြယာကုန်းစိုက်ခင်းတွေဆက်စစ်ပြီး ညနေ ၃:၃၀နာရီမှာကွကွကြီးချောင်းကနေ တဆင့်လပွတ္တာကိုပြန်လာခဲ့တယ်။ ရွေးမြစ်နဲ့ ထွက်လာသည့် ချောင်းဆုံတဲ့နေရာရောက်တော့ ညနေပိုင်းလေထန်လာတယ်။ ရွေးမြစ်ပြင်မှာလှိုင်းလေထလာတယ်။ လှေဦးက နိမ့်ချီမြင့်ချီပေါ့။ မြစ်လယ်ရောက်လာလေလှိုင်းကပိုပြင်းထန်လာလေပေါ့။

အတူပါသူတစ်ဦးက လှိုင်းကြက်ခွတ်ဆိုတာဒါမျိုးလားမသိဘူးတဲ့။ ဒါလောက်လှေဦးခါနေတာ ၊ အနိမ့်အမြင့်လှုပ်ခါကြမ်းနေတာ ကြက်ခွတ်သလိုလှိုင်းကအိမ်ကြက်တော့မဖြစ်နိုင်၊ ဟိမဝန္တာက ကြက်ဖြစ်မှာလို့ကြောက်နေတဲ့ကြားကနေပြောမိလိုက်သေးတယ်။ဘေးဘီမြင်ချင်လို့လှေအပေါ်ထပ်တက်စီးလိုက်လာတာဆိုတော့ သက္ကယ် life jacket နဲ့ကလည်းအလှမ်းဝေး။ တခုခုဖြစ်လို့ ကမ်းဘက်ကို ကူးပြေးဖို့ကလည်း ရွေးမြစ်ရဲ့ အလယ်နေရာရောက်နေတော့ ဘယ်ဖက် ကူးကူး ၄ ဖာလုံ(ပေ ၂၆၀၀) ကတော့ကူးရတော့မှာ။ တလမ်းလုံးသောက်လာပြီးအခွံပဲကျန်တဲ့ ရေသန်ဘူးခွံ၂ခုကိုမျက်စေ့ကျ ထားရတယ်။ သေချာအောင်အဖုံးလေးတွေကျပ်လိုက်ရသေးတယ်။ ရေသန့်ဘူးခွံ၂ခွံကိုရင်မှာပိုက်ပြီ ကူးလိုက်နားလိုက်ဖို့ ကြံစည်ထားတယ်။

ကြောက်နေပါတယ်ဆိုတဲ့ကြားထဲက ကိုယ့်ထက်ကြီးတဲ့ စပါးတင်ဖားကူးလှေကြီးက အသံ တဘူးဘူး နဲ့ကပ်ပြီးရှောင်သွားတော့လှိုင်းပိုကြီးလာပြီးလှေကပိုလူးလာတယ်။ ကျွန်တော်တို့ လှေနဲ့ဖာကူးလှေကြီး ၂ စင်းကြားက တံငါလှေ လေးကတော့ ကျနော်တို့လှေထက်ပို လူးနေတာပေါ့၊ ဒါပေမဲ့ဖခင်လို့ ထင်ရတဲ့သူက အနိမ့်အမြင့်ကြမ်းနေတဲ့လှေဦး ပိုက်ကွန်မှာမိနေတဲ့ငါးတွေကို အဖြုတ်မပျက်သလို ခန့်မှန်း ၇-၈ နှစ်အရွယ်သားလေးကလည်းလှေကိုသူကျွမ်းကျင်သလိုတက်နဲ့ထိန်းနေရှာတယ်။

ကိုယ်လည်းအဲဒါကိုမြင်တော့မှဘာကြောက်ရမလဲပေါ့ဆိုပြီ၊ အားတက်မိတယ်။ နာဂစ်တုံးက ကိုပေါ်လျှံ ရဲ့ ၂နှစ်သားအရွယ်သားကလေးဘယ်လောက်တောင်ကြောက်နေရှာမလဲလို့ ကိုယ့်အဖြစ်နဲ့ ယှဉ်ပြီးတွေး လိုက်သေးတယ်။ ကလေးငယ်တွေနာဂစ်ဆိုတဲ့ငှက်ဆိုးကြီးအောက်မှာ အမေရေ လို့ကြောက်ကြောက်နဲ့ အော်ရင်းဟစ်ရင်းလေနောက်ရေနောက်ပါသွားပြီးအသက်ပေးလိုက်ကြရရှာမှာ။ လေပြင်း ရေစီးပြင်း လှိုင်းပြင်းထန်တွေအကြားသူတို့လေးတွေ တိုက်မိချင်ရာနဲ့တိုက်မိပြီးသေသွားကြရရှာမှာ။ ကိုသက်ဆွေက ပြောသေးတယ်၊ ကလေးတွေအသေအပျောက်အများဆုံးတဲ့။ ဉတုရာသီကလည်း ပြောင်းနေပြီမို့ ရာသီဉတုဘေးရန်ကကာကွယ်ပေးန်ုင်ဖို့စိုက်ထားတဲ့ သမဲ့ပင်တွေကြီးထွားကြပါစေ။
မိုးလေဝသကြိုတင်သတိပေးစနစ်ကောင်းမွန်ပြီး၊လုံခြုံတဲ့နေရာမှာဘဝသစ်နဲ့နေနိုင်ကြပါစေ ကလေးတို့ရေ။

Dr.San Win
Chairman, FREDA

31/01/2026

ယနေ့ည ၇ နာရီတွင် ကျင်းပနေသော ဆရာဒေါက်တာသိန်းအောင် ဆွေးနွေးပွဲတွင် တက်ရောက်သူ လူဉီးရေ ၁၀၀ ပြည့်သွားပြီဖြစ်ပါသဖြင့် ထပ်မံဝင်ရောက်လိုသူများအား ဆက်လက်လက်ခံလို့မရတော့ပါကြောင်း တောင်းပန်အပ်ပါသည် ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် လူဉီးရေ ပမာဏများပြားမည့်မထင်သည့်အတွက် အစဉ်မပြေဖြစ်သွားသည့်အတွက် ထပ်မံတောင်းပန်အပ်ပါသည်ရှင့် နောက်အခါအစည်းအဝေးများဒီထက်ပိုအစဉ်ပြေအောင်ဆောင်ရွက်ပေးပါမယ်ရှင့်

းလေးစားစွာဖြင့်

ဖရီဒါအသင်းကိုယ်စား တင်ပြအပ်ပါသည်ရှင့်

⏳ ငှက်ဝါသနာရှင်များအတွက် Webinar ကျင်းပရန် (၃) ရက်သာ လိုပါတော့တယ်! 🐦🔭"ငှက်တို့၏ဘဝကို နားလည်ခြင်းဖြင့် သဘာဝတရားကို အတူတကွ...
28/01/2026

⏳ ငှက်ဝါသနာရှင်များအတွက် Webinar ကျင်းပရန် (၃) ရက်သာ လိုပါတော့တယ်! 🐦🔭
"ငှက်တို့၏ဘဝကို နားလည်ခြင်းဖြင့် သဘာဝတရားကို အတူတကွ ကာကွယ်ကြပါစို့။" 🌏🤝
ဖရီဒါအသင်း (FREDA) မှ ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော "ငှက်ကြည့်ခြင်း (Bird Watching)" အသိပညာပေး Webinar ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်လို့ ထပ်မံသတင်းစကားပါးလိုက်ရပါတယ်ရှင်။ ✨
📝 ဒီ Webinar မှာ ဘာတွေ ဟောပြောသွားမှာလဲ? 🔹 ငှက်သတ္တဝါဆိုသည်မှာ၊ ကမ္ဘာအနှံ့နှင့် မြန်မာ့ Avian Diversity (ငှက်မျိုးစုံမျိုးကွဲ)။ 🔹 ငှက်တို့၏ နေထိုင်မှုဘဝ၊ စားကျက်ဒေသနှင့် ဂေဟစနစ်။ 🔹 ငှက်တို့၏ သဘာဝ ဂေဟဝန်ဆောင်မှု။ 🔹 ငှက်မျိုးစိတ် အခြေခံ လေ့လာခွဲခြားနည်း။
🎁 တက်ရောက်သူများ ရရှိမည့် ရလဒ်ကောင်းများ - ✅ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်၌ ကျက်စားသည့် ငှက်များကို သိရှိနိုင်ခြင်း။ ✅ ငှက်တို့၏ နေထိုင်လှုပ်ရှားမှု ဂေဟစနစ်ကို တွေ့မြင်လေ့လာနိုင်ခြင်း။ ✅ ငှက်ကြည့်ခြင်း၏ အကျိုးကျေးဇူးနှင့် သဘာဝဂေဟစနစ် ဝန်ဆောင်မှုအကျိုးများကို သိရှိခြင်း။ ✅ ငှက်စားကျက်၊ အတူနေသတ္တဝါတို့၏ အစာကွင်းဆက်နှင့် အစာကွန်ယက်များကို လေ့လာနိုင်ခြင်း။ ✅ ငှက်တို့၏ဘဝကို နားလည်ခြင်းဖြင့် သဘာဝနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတွင် ပါဝင်လာခြင်း။

________________________________________
🗓 ကျင်းပမည့်ရက်: ၂၀၂၆၊ ဇန်နဝါရီလ ၃၁ ရက် (စနေနေ့) ⏰ အချိန်: ည ၇:၀၀ မှ ည ၉:၀၀ အထိ 🎓 ဟောပြောသူ: ဒေါက်တာသိန်းအောင် (FREDA ဗဟိုကော်မတီဝင်)
💻 Zoom မှတစ်ဆင့် အခမဲ့ တက်ရောက်ရန် - 🔗 Join Link: https://us05web.zoom.us/j/7325865920?pwd=D8aEKsHtbnP5vSkfybaO7PvYePzcOQ.1 🆔 Meeting ID: 732 586 5920 🔑 Passcode: 13111983
သဘာဝကိုချစ်မြတ်နိုးသူများ၊ ငှက်ဝါသနာရှင်များနှင့် ကျောင်းသား/သူများအားလုံး တက်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🌳🦅
#ငှက်ကြည့်ခြင်း

Address

Suite 707, 7th Floor, MWEA Tower, 288-290 Shwedagon Pagoda Road, Dagon Township
Yangon

Alerts

Be the first to know and let us send you an email when FREDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FREDA:

Share