01/08/2026
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ် ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံများအား ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်၍ ကမ္ပည်းမော်ကွန်းတင်ခြင်း အခမ်းအနားများ ကျင်းပ
ရန်ကုန်၊ [ဇူလိုင် ၂၈]
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ် ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံ (၁၅၃) လုံးကို ရှေးဟောင်းအဆောက်အအုံ အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ရာ ၎င်းတို့အနက် ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့တွင် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကို ၂၈-၇-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာ အဆောက်အအုံများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၊ ရခိုင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရှေးဟောင်းအဆောက်အအုံ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အောင်သပြေခက်နှင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။