14/10/2025
ဆလို့ထ်နဲ့ လီဗာပူးလ်တို့ အမှားတွေကို ပြင်ဆင်ပြီး ပြန်လာနိုင်မှာလား
လီဗာပူးလ်တို့အနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ ချဲလ်ဆီးတို့ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို နည်းပြ အာနယ် ဆလို့ထ်အနေနဲ့ ထွက်ခွာသွားတဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ လူးဝစ် ဒီယက်ဇ်နဲ့ ကွယ်လွန်သူ ဒီယိုဂို ဂျိုတာတို့နေရာတွေမှာ မှန်ကန်အောင် ဖြည့်ဆည်းနိုင်ခြင်း မရှိဘဲ သူ့ရဲ့ ကစားနေကျ နည်းစနစ်ကိုသာ အတင်းသွတ်သွင်းနေတာတွေက အသင်းကို ဟာကွက်တွေ များစွာနဲ့ ထိုးနှက်ခံခဲ့ရတာဖြစ်ပါတယ်။
ခံစစ်က မီလို့စ် ကာကက်ဇ်က အတက်အဆင်း မမှန်ဘဲ Problem တစ်ခုဖြစ်နေလို့ လူအိုခြေကျ အန်ဒီ ရောဘတ်ဆန်ကိုပါ ပြန်သုံးနေခဲ့ရသလို ယယ်ရမီ ဖရင်မ်ပေါင်ကတော့ ပရီးမီးယားလိဂ်နဲ့ အံမဝင်သေးဘဲ အကောင်သေးတာကို အနိုင်ကျင့်မယ့်သူမျိုးတွေကပါ စောင့်နေခဲ့လို့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကိုပါ ညာနောက်ခံမှာ ထားခဲ့ရတဲ့အထိ ရုပ်ပေါက်ခဲ့ပြီး တိုက်စစ်က ဖလိုရီယန် ဗစ်ဇ်ကတော့ ဒေါ်မြလေးရဲ့ ပြောကို မပြောချင်ဘူးနဲ့ပဲ တွဲမြင်မိတော့တာပါ။
ညာတောင်ပံက မိုဟာမက် ဆာလားရဲ့ ခြေကျလာမှုက သိသာနေတာကြောင့် လီဗာပူးလ်တို့ ဒီရာသီမှာ ပိုရုန်းနေခဲ့ရပြီး ဒါကို ဘယ်တောင်ပံသမားကောင်းလည်း တစ်ယောက်မှ ရှိမနေခဲ့တဲ့အခါ ဆလို့ထ်တစ်ယောက် ကိုဒီ ဂက်ခ်ပိုကိုပဲ မှီခိုနေရပြီး အလက်ဇန်းဒါး အီဆက်ခ်နဲ့ ဟျူဂို အက်ကီတီကေတို့ လူသစ်တွေကပါ တောင်ပံထွက်ကစားဖို့ လုပ်နေရတာကြောင့် အသင်းတိုက်စစ်က သဘာဝမကျဘဲ ဖြစ်နေခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ လီဗာပူးလ်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး သူတို့ကြားက တေွ့ဆုံမှုကတော့ အန်းဖီးလ်က အိမ်ရှင်တေွဘက်မှာ အသာရထားတာကြောင့် လန်ဒန်နှစ်သင်းဆက် ရှုံးပွဲတေွ့ပြီး ဇယားထိပ်က ဖယ်ပေးလိုက်ရတာကို တုံ့ပြန်နိုင်မလား စောင့်ကြည့်ရမှာဖြစ်သလို International Break အပြီး ဆလို့ထ်မှာ အဖြေရှိမလားဆိုတာလည်း တွေ့မြင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။