26/08/2026
🟩 Urine Microalbumin ဆိုတာ ကျောက်ကပ် ပျက်စီး၊ ထိခိုက်နေခြင်းကို အစောဆုံး အဆင့်မှာတင် ကြိုတင် သိရှိနိုင်တဲ့ အလွန်အရေးပါတဲ့ ဆီးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။
🔍 Urine Microalbumin ဆိုတာ ဘာလဲ
အယ်လ်ဗျူမင် (Albumin) ဆိုတာ သွေးထဲမှာရှိတဲ့ အဓိက ပရိုတင်း (Protein) တစ်မျိုး ဖြစ်ပါတယ်။ ပုံမှန် ကျောက်ကပ်ရဲ့ စစ်ထုတ်စနစ် (Glomerulus) မှာ အလွန်သေးငယ်တဲ့ သွေးကြောမျှင်တွေနဲ့ ဖွဲ့စည်းထားပြီး အယ်လ်ဗျူမင်လိုမျိုး ပရိုတင်းဓာတ်တွေကို ဆီးထဲ မစိမ့်ထွက်အောင် တားဆီးပေးထားပါတယ်။ ကျောက်ကပ် စတင်ထိခိုက်လာပြီဆိုရင် သွေးကြောမျှင်လေးတွေ ပေါက်ပြဲ၊ ကျယ်လာတတ်ပြီး အလွန်သေးငယ်တဲ့ အယ်လ်ဗျူမင် ပမာဏ (Micro-amount) စတင် စိမ့်ထွက်လာပါတယ်။
အဲဒါကို ပုံမှန် ဆီးစစ်ချက် Urine RE နဲ့ စစ်ဆေးပါက မပေါ်နိုင်ဘဲ Urine Microalbumin Test နဲ့သာ စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ Urine Albumin (Microalbuminuria) Test ဆိုတာ ဆီးထဲမှာ အယ်လ်ဗျူမင် (Albumin) အနည်းငယ် စိမ့်ထွက်နေခြင်းကို စစ်ဆေးပေးတဲ့ Test ဖြစ်ပါတယ်။
🎯 ဘာလို့ စောစောစစ်ဆေးဖို့ လိုတာလဲ
Chronic Kidney Disease (CKD) ဆိုတာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြသနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ရောဂါရင့်လာမှသာ လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ အစောပိုင်းအဆင့်မှာ မောပန်းခြင်း၊ ခြေထောက်ရောင်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှား မပြသတတ်ပါဘူး။
ဆီးထဲမှာ Microalbumin စောစောစီးစီး တွေ့ရှိပြီး သင့်တော်တဲ့ ကုသမှုနဲ့ သွေးချို၊ သွေးတိုး ထိန်းချုပ်မှုကောင်းမွန်ပါက Albuminuria လျော့နည်းလာနိုင်ပြီး ကျောက်ကပ်ပျက်ဆီးမှုကို နှေးကွေးစေနိုင်ပါတယ်။ Albuminuria များလာခြင်းက CKD Progression Risk တိုးလာကြောင်း ဖော်ပြနိုင်ပြီး အချိန်မီ မကုသပါက Advanced CKD နဲ့ Kidney Failure အထိ ဖြစ်ပွားနိုင်ပါတယ်။
🔷 ဘယ်သူတွေ မဖြစ်မနေ စစ်ဆေးသင့်လဲ
အောက်ပါ ရောဂါ သို့မဟုတ် အခြေအနေ ရှိသူတွေက ကျောက်ကပ် ထိခိုက်နိုင်ခြေ မြင့်မားလို့ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် Urine Microalbumin စစ်ဆေးသင့်ပါတယ်။
Type 2 ဆီးချို သမားများ - ရောဂါ စတင် တွေ့ရှိတာနဲ့ စစ်ဆေးရပါမယ်။
Type 1 ဆီးချို သမားများ - ရောဂါ ဖြစ်ပြီး ၅ နှစ် အကြာမှ စ၍ အဓိက စစ်ဆေးရပါမယ်။
သွေးတိုး ရောဂါရှိသူများ (Hypertension) - သွေးတိုးကြောင့် ကျောက်ကပ် သွေးကြောများ ပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးရန်။
ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်နေသူများ (Diabetic Nephropathy)။
အဝလွန်သူများ နှင့် နှလုံး၊ သွေးကြော ရောဂါ ရှိသူများ။
မိသားစုထဲတွင် နာတာရှည် ကျောက်ကပ် ရောဂါ ရာဇဝင် ရှိသူများ။
✅ ဆီးစစ်ဆေးနည်း အမျိုးအစားများ
Urine Albumin-to-Creatinine Ratio (UACR) - အကောင်းဆုံးနဲ့ အသုံးအများဆုံး နည်းလမ်း ဖြစ်ပါတယ်။ မနက်ခင်း ပထမဆုံး စွန့်ထုတ်တဲ့ ဆီးကို အသုံးပြုပြီး အယ်လ်ဗျူမင် နှင့် ခရီအေတီနင်း (Creatinine) အချိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။
🟩 မိမိမှာ ဆီးချို၊ သွေးတိုး ရောဂါရှိပါက ကျောက်ကပ် မပျက်စီးမီ ကြိုတင်ကာကွယ်နိုင်ဖို့ နီးစပ်ရာ ဆရာဝန်ကြီးများနဲ့ ပြသလို့ Urine Microalbumin ကို အချိန်မှန် စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကျန်းမာရေးဗဟုသုတတွေကို ကိုယ်ချစ်ရသူများပါ သိရှိနိုင်ဖို့အတွက် ဒီ Post လေးကို Share ထားနိုင်ပါတယ်။
ိုဂရုစိုက်ပါတယ်
Copy/Credit